Sunday, April 26, 2020

Health Mistakes to Stop Before You’re 40

အသက် (၄၀)အရွယ်မတိုင်ခင် ရပ်တန့်သင့်သော ကျန်းမာရေးဆိုင်ရာ အမှားအယွင်းအချို့ (Health Mistakes to Stop Before You’re 40)



‘ဘ၀ဆိုတာ အသက် လေးဆယ်မှစတာ’ သည်စကားကိုကြားဖူးနေကြဖြစ်လိမ့်မယ်ထင်ပါတယ်။ ကိုယ်ဘာလုပ်နေတယ်၊ လုပ်မိတယ် ဆိုတာ သတိပြု သတိမူမိချိန်မယ် အဆိုပါစကားလေးကို ဂရုထားသင့်တယ်ပေါ့ခင်ဗျာ။

အသက်အရွယ်ငယ်ရွယ်စဉ်တုန်းကတော့ ကိုယ်ဟာ တစ်သက်တာလုံး လန်းဆန်းတက်ကြွစွာ ရှင်သန်သွားနိုင်မယ်လို့ ခံစားကြတာပါ။ မည်သို့ပင်ဖြစ်စေ အချိန်ကာလတွေကိုဖြတ်သန်းလာပြီးနောက် အဆိုပါအမြင်ဟာ မစစ်မှန်ကြောင်း လက်တွေ့သိရပါတယ်။ အထူးသဖြင့် ကိုယ့်ကျန်းမာရေးကို ရောဂါအခြေအနေတစ်ခုခုလာရောက်မရိုက်ခတ်ခင်အခြေအနေမှာ လက်တွေ့အဖြစ်မှန်ကို သေသေချာချာ သတိမူ မိဖို့တော့ ကောင်းတာလေ။ မသိသားဆိုးရွားစွာ ပြုကျင့်ဖြစ်သော အမူအကျင့်ဆိုးအချို့ရယ်၊ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရတယ်လို့ လက်ခံကျင့်သုံးနေတဲ့အချက်တစ်ချို့ရယ်ဟာ ကိုယ်တွေကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ ကိုယ့်ဘ၀က လူလတ်ပိုင်းဘ၀ အဖြစ်စတင်ချိန်မှာ ကျန်းမာရေးနှင့် ဘ၀နေထိုင်မှုဟန်ပန်တွေရဲ့ အကျိုးသက်ရောက်ခွင့်မပြုသင့်ဘူးပေါ့။

ဒါကြောင့် ကိုယ်ခန္ဓာအတွက် အကျိုးကျေးဇူးများသော အပြောင်းအလဲအချို့ကို အသက်အရွယ်ပိုပိုပြီး မအိုမင်းလာခင်ပြင်ဆင်နိုင်ဖို့ ပြောပြပါရစေ။

(၁) အပြာရောင်အလင်း (Avoid Blue Lights)
၂၀၁၁ ခုနှစ် Harvard ရဲ့လေ့လာဆန်းစစ်မှုအရ TVs တွေ၊ Mobile Device တွေ၊ လက်နဲ့ကိုင်တွယ်ပြီးအသုံးပြုရတဲ့ Remote Control လိုပစ္စည်းတွေမှာသုံးတဲ့ blue lights လေးတွေဟာ ရောဂါအတော်များများရဲ့ အခြေအနေအချို့ကိုဖြစ်ပေါ်တိုးပွားစေပါတယ်။

အောက်ပါရောဂါအချို့အပါအ၀င်ဖြစ်ပါတယ်။

အမျိုးအစား (၂) ဆီးချို (Type 2 diabetes)၊
နှလုံးရောဂါ (Heart disease)၊
အ၀လွန်ရောဂါ (Obesity)၊
အိပ်မပျော်သည့်ရောဂါ (Insomnia)၊
တစ်ချိန်လုံး တီဗီထိုင်ကြည့်နေတာမျိုး၊ ဂိမ်းကစားနေ စာဖတ်နေတာမျိုး အလုပ်တစ်ခုကိုစွဲစွဲမြဲမြဲလုပ်နေတာမျိုးစတဲ့ လုပ်လက်စအလုပ် တွေကိုရပ်တန့်လို့ မတ်တပ်ရပ်ကာ အိမ်မှုဗာဟီရအလုပ်အချို့ကို အချိန်တစ်နာရီကြာတိုင်း ဆယ်မိနစ်လောက်ထထလုပ်ဆောင်ပေးပါ။

(၂) အိပ်စက်ချိန်လုံလောက်ပါစေ (Not making sleep a priority)
ကိုယ်တွေကိုင်တွယ်နေကြ မိုဘိုင်းဖုန်းတွေလိုပါပဲ ကိုယ်တွေခန္ဓာကိုယ်နဲ့ ဦးဏှောက်ဟာ ပြန်လည်စတင်ဖို့ (reboot) ၊ ပြန်အားဖြည့်ဖို့ (recharge) လိုပါတယ်။ အသက် ၁၈နှစ်မှ ၆၄နှစ်အတွင်း အရွယ်ရောက်သူလူကြီးတွေဟာ တစ်ညကို အနည်းဆုံး ၇နာရီကနေ ၉နာရီထိ လုံလုံလောက်လောက်အိပ်စက်ဖို့ဖြစ်ပါတယ်။ မျက်စိမမှိတ် အိပ်ချိန်တွေကိုကျော်လွှားပစ်ခြင်းဖြင့် ကိုယ်တွေကျန်းမာရေးကို အရေအတွက်တစ်ခုထိ ရိုက်ခတ်ချက်တွေရှိလာမှာပါ။ သွေးတိုး (hypertension) ပိုတက်လာခြင်း၊ လေဖြတ်ခြင်း (stroke) နှင့် အ၀လွန်ခြင်း (obesity) တွေအပါအ၀င်ဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်းဖြစ်စဉ်အတွက် အကြောင်းအရာတစ်ရပ်ဖြစ်နေနိုင်သလို အိပ်ချိန်နည်းပါးခြင်းဟာ ဇီဝကမ္မအရ အိုမင်းရင့်ရော်လာဖို့ ထောက်ကူအားပေးတဲ့ အချက်တစ်ခုလည်းဖြစ်နိုင်တာပါ။ ရှိရင်းစွဲ အသက်ထက်ပိုအိုသလိုဖြစ်နေခြင်း မျိုးပေါ့နော်။

သက်သောင့်သက်သာအိပ်စက်မှုတစ်ခုဖြစ်နိုင်အောင် ဖန်တီးပါ။ လက်ကိုင်ဖုန်းတွေ ကြိုးဖုန်းတွေ အိပ်ရာအနီးအနားမှာ တစ်လုံးမှ မထားဘူး၊ အလုပ်အကြောင်း စီးပွားရေးကိစ္စ လူမှုရေးရာတွေ အားလုံး မသက်ဆိုင်သလိုမျိုးထားလိုက်မယ်၊ အိပ်စက်မရ ဗိုက်ပြည့် အင့်နေအောင် ညစာမစားသောက်ထားဘူး စသည့်အချက်အလက်တွေ သေချာပြင်ဆင်ပြီးအိပ်စက်ရင် အနည်းဆုံး သက်သောင့် သက်သာဖြစ်တဲ့ အိပ်စက်ခြင်းတစ်ခုပိုင်ဆိုင်ရမှာပါ။

(၃) သွားသေချာတိုက်ပါ (Brush Your Teeth AND Floss)
လူအတော်များများသူတို့ရဲ့သွားတွေကို ဘရပ်ရှ်နဲ့သွားတိုက်ကြပေမယ့် သွားကြားကိုသန့်စင်စေရန်အသုံးပြုတဲ့ ချည်ကြိုးနဲ့ သန့်စင်တဲ့ အဆင့်ကို ကျော်လွှားသွားတတ်ကြပါတယ်။ သွားအကျိုအကြားကိုသန့်ရှင်းစေတဲ့ အဲသည့်အဆင့်ကို ကိုယ်လုပ်နေကြ လုပ်ရိုးလုပ်စဉ် ကိစ္စရပ်တွေရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ထားရပါမယ်။ စားကြွင်းစားကျန်တွေဟာ မာခဲလာပြီး ချိုး(ဂျိုး)ဖြစ်လာရင်း အင်္ဂတေလို အဆိုင် အခဲဖွဲ့သွားနိုင်လို့ပါ။ သွားဖုံးဆိုင်ရာရောဂါတွေကို များသောအားဖြင့်လူတွေဟာ သူတို့ရဲ့အသက်လေးဆယ်အစပိုင်းတွေမှာ စတင်ခံစား ကြရပါတယ်။ အချို့ကတော့ အသက်သုံးဆယ်ဝန်းကျင်ကတည်းက စတင်ခံစားနေကြရပါပြီ။ လေ့လာမှုများစွာအရ သွားဖုံးရောဂါနဲ့ နှလုံးရောဂါတို့ဟာ တစ်ခုနှင့်တစ်ခု ဆက်စပ်ဆက်နွယ်နေတတ်ကြကြောင်း သက်သေပြပြီးဖြစ်ပါတယ်။

(၄) အစားရှောင်ခြင်း (Stop Fasting)
ကိုယ်အလေးချိန်လျော့ချနေချိန်မို့ပဲဖြစ်ဖြစ်၊ နေ့အချိန် အလုပ်ကိစ္စများနေလို့ပဲဖြစ်ဖြစ် အစားအစာတွေကို ခပ်မြန်မြန်ပဲစားသောက်လိုကြ မစားဘဲနေကြတာမျိုးလုပ်ကြပါတယ်။ ကံဆိုးချင်တော့ အစားအစာစားသောက်ချိန်ကျော်ပစ်တာမျိုး မစားတော့တာမျိုးတွေဟာ ကိုယ်ခန္ဓာ သွယ်လျရေးလုပ်ငန်းစဉ်ကို အကူအညီမဖြစ်ပါဘူး။ သည်လိုလုပ်ခြင်းဖြင့် အစားအစာစားသောက်ချိန်မှာ ပိုမိုစားသောက်မိဖို့၊ အဟာရ မဖြစ်တဲ့ သွားရေစာတွေကို စားသောက်မိဖို့ ကြီးမားတဲ့အခွင့်အလမ်းတစ်ခုဖြစ်စေနိုင်တာပေါ့။ ထပ်ပေါင်းပြောရရင် အစားအစာမစား သောက်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဖြစ်စဉ်ပြောင်းလဲမှု (metabolism) ကိုနှေးကွေးသွားစေပြီးနောက် ဆီးချို အမျိုးအစား (၂) ဖြစ်ဖို့ ဦးတည် သွားစေပါတယ်။ အနည်းဆုံး အသက် (၄၀)နှစ်နဲ့အထက် ၆၆%သော အရွယ်ရောက်လူကြီးတွေမှာ ဆီးချိုဖြစ်ဖို့ အခြေအနေတွေက နည်းစပ်နေတယ်ဗျ။ ဖြေရှင်းဖို့ကတော့ အလွယ်လေးပါပဲ။ ရိုးရှင်းပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ နံနက်စာကို စားသောက်ခြင်းဖြင့် ကိုယ်အလေးချိန်လျော့ချရေးမှာ အကူအညီဖြစ်သလို ကိုယ်တွင်းစွမ်းအင်နဲ့ အာရုံစူးစိုက်နိုင်မှုကို တိုးပွားစေနိုင်ပါတယ်။

(၅) ကျန်းမာရေးအချက်ပြမှုတွေကို လစ်လျူရှုခြင်း (Ignoring health warning signs)
ရှုံ့မဲ့ရသည်အထိ နာကျင်ကိုက်ခဲမှုတစ်ခုခုခံစားရသလား၊ လေဟာနယ်ထဲရောက်နေသလို မူးဝေမှုတစ်ခုခံစားရဘူးလား။ တစ်စုံတစ်ရာမှာ အလွဲလွဲအချော်ချော်ဖြစ်ခြင်းဖြင့် ကိုယ်ခန္ဓာက သံလွန်စအဖြစ် အချက်ပြတာအပေါ် ဂရုတစိုက်ရှိရမှာပါ။ ဘယ်လိုအချက်လေးတွေက ဘယ်ရောဂါလက္ခဏာဖြစ်နိုင်တယ် ဘယ်လိုခံစားချက်ကဘာကြောင့်ဆိုသော ကျန်းမာရေးပြဿနာတွေကို ခပ်စောစောအဖြေရှာနိုင်ခဲ့ ပါက ကုသမှုကောင်းကောင်းလုပ်နိုင်သလို ဆင့်ပွားရောဂါတွေကြီးမလာအောင်လည်း တားနိုင်ပါတယ်။ Dr. Taber ပြောတာကတော့ ‘မပြောမဆိုနဲ့ သူတို့ရင်သားထဲအကြိတ်တစ်ခုတွေ့လို့ အံအားတသင့်ရောက်လာတဲ့ အမျိုးသမီးအရေအတွက် အတော်များပါတယ်’တဲ့။ ‘သူတို့ပြသတိုင်ပင်မယ့်သူဟာ ယုံကြည်လို့ရမယ့်သူလို့ သိရှိချင်ကြသေးတာ’ဆိုပဲ။ လူနာအများအပြားဟာ ကြောက်လန့်စိတ်၊ ရှက်ရွံ့စိတ်၊ သို့မဟုတ် သူတို့ထင်မြင်ချက်မှားယွင်းနေတယ်လို့ တွေးတတ်ကြတယ်လို့ ဒေါက်တာကပြောပါသေးတယ်။

ဆရာဝန်နဲ့ တွေ့ဆုံပြသမှုမပြုလုပ်ခင် မေးမြန်းတိုင်ပင်ချင်တဲ့ မေးခွန်းတွေကို စာရွက်ပေါ်မှာပဲဖြစ်ဖြစ် သေချာရေးခြစ် စာရင်းတို့ထားပါ။

(၆) စီးကရက်လေးတစ်ဖွာ နှစ်ဖွာ [Sneaking a cigarette (or two)]

တစ်ဖွာရှူရှိုက်မိရင် စွဲလမ်းသေးဆိုတဲ့ စာသားပါ မူးယစ်ဆေးပညာပေးတေးသီချင်းကိုကြားဖူးကြမယ်ထင်ပါတယ်။ တစ်နေ့လုံးကိုမှ စီးကရက် တစ်လိပ်သောက်တာပါတို့ တစ်ဖွာနှစ်ဖွာရယ်ပါတို့ ဆင်ခြေလက်ခြေပေးကြပေမယ့် တစ်ခါတရံ တကယ့်ကိုမှ တစ်ဖွာလေးပဲ ဆိုသူမှလွဲလို့ စီးကရက်၊ဆေးလိပ်တစ်မျိုးမျိုးကို သောက်သုံးတတ်သူဖြစ်ပါက ဆေးလိပ်သောက်သုံးခြင်းဖြင့် နှလုံးရောဂါဖြစ်မယ့်နှုန်း၊ အဆုတ်ကင်ဆာ၊ လေဖြတ်ခြင်းနှင့် မသိသားဆိုးရွားသော အခြားကျန်းမာရေးအခြေအနေဖြစ်ပွားခြင်းအမှု မြင့်တက်စေနိုင်ပါတယ်။ အသက် လေးဆယ်မတိုင်ခင်အထိ စီးကရက်၊ဆေးလိပ်သောက်သုံးခြင်း ဆက်နွယ်ပတ်သက်ခြင်းမကင်းဆိုပါလျှင် အရွယ်မတိုင်ခင် သေဆုံးဖို့ ၉၀ ရာခိုင်နှုန်းလောက် အခွင့်အလမ်းရှိတယ်ဆိုတာသိထားရပါမည်။ တကယ်လို့ အသက်အရွယ် လေးဆယ်ကျော်လို့ ငါးဆယ်နှစ် အစောပိုင်းမှာပဲ ဆေးလိပ်ဖြတ်လိုက်ပါလျှင် ကျန်းမာရေးအန္တရာယ် သုံးပုံနှစ်ပုံခန့်လျော့ချနိုင်ပါလိမ့်မယ်။ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ခန္ဓာ မပျက်စီးမယိုယွင်းအောင် မိမိကိုယ်တိုင်ထိန်းသိမ်းလို့ရသေးတယ်ဆိုတာပါပဲ။

“ဆေးလိပ်ကင်းမဲ့ရေးဇုံ”သတ်မှတ်ထားတဲ့ အပန်းဖြေနေရာတွေပဲဖြစ်ဖြစ်၊ အစိုးရက ကြပ်မတ်ဖော်ဆောင်ပေးနေတဲ့ ဆေးလိပ်ဖြတ်နိုင်တဲ့ ဆေးဖြတ်စခန်းတွေကို သွားလို့ပဲဖြစ်ဖြစ် နီကိုတင်းနဲ့ဝေးရာနေရာမှာ ခဏတာရှောင်နေလိုက်ပါ။

(၇) အငန်ဓာတ်စားလွန်းခြင်း (Eating too much sodium)
ဆိုဒီယမ်ဆိုတဲ့ ဆားမှာအဓိကပါဝင်တဲ့ဓာတ်ဟာ ကိုယ်အလေးချိန်လျော့ချသူများ စားသောက်သုံးစွဲနေတဲ့ အစားအသောက်ပစ္စည်း အချို့မှာပါ မသိမသာပါဝင်နေတတ်တာကို သတိမူရပါမယ်။ ပေါင်မုန့်တွေ၊ အသင့်ချက်ပြုတ်နိုင်တဲ့ အသားလွှာတွေ၊ အသားတွေ၊ စွပ်ပြုတ်၊ ဒိန်ခဲ၊ ဆော့စ်နဲ့ အသုပ်လုပ်ရာမှာထည့်တဲ့ စားမြိန်ရည်တွေ၊ ပြီးတော့ အခြားသော အတွဲအစပ်သုံးပစ္စည်းတွေမှာ ဆိုဒီယမ်က ပါဝင်နေပါတယ်။ လူအများစုဟာ မိမိခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆိုဒီယမ်ပမာဏထက်ပိုပြီး စားသောက်သုံးစွဲနေကြတာပါ။ နေ့တစ်နေ့ အတွက် အမြင့်ဆုံးစားသုံးနိုင်တဲ့ ပမာဏသည် လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်သာလို့ ထောက်ခံပြောဆိုထားပါတယ်။ လိုအပ်သည် ထက်ပိုမိုသုံးစွဲပါက သွေးဖိအားတိုးခြင်း၊ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါရဲ့ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်စေနိုင်တယ်ဗျ။

ကိုယ်စားသောက်မယ့်အစားအသောက်ရဲ့ ထုပ်ပိုးထားတဲ့ပစ္စည်းပေါ်က အညွှန်းစာသားတွေကို အရင်ဆုံး ဂရုတစိုက်သေချာဖတ်ရှုကာ တစ်ရက်တာအတွက်ဆိုလျှင် ၂၃၀၀ မီလီဂရမ်အောက် (ကိုယ့်မှာ သွေးဖိအားများတတ်တဲ့ အခြေအနေရှိပါက ၁၅၀၀ မီလီဂရမ်) ရောက်နေဖို့တွက်ချက်ပြီး ပြင်ဆင်စားသုံးရပါမယ်။

(၈) ရေသိပ်မသောက်ခြင်း (Being dehydrated all the time)
ရေဟာ ကိုယ်ခန္ဓာကိုဖုံးအုပ်ထားတဲ့ အရေပြားအပါအ၀င် ကိုယ်တွင်းအင်္ဂါများနဲ့ ဆဲလ်တိုင်း (cells)ကို အားအင်ဖြစ်စေ အဟာရအဖြစ် အထောက်အကူဖြစ်စေပါတယ်။ ကိုယ်တွေအသက်အရွယ် ခန္ဓာကိုယ်မှာ ရေဓာတ်ပိုမိုပြည့်ဝနေဖို့ဆိုတာ အဓိကအရေးကြီးတဲ့အချက် တစ်ချက် ဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ အရွယ်ရောက်လူကြီးတွေဟာ သူတို့လုပ်ကိုင်ဆောင်ရွက်နေတဲ့ အလုပ်အချို့ကြောင့် ရေဓာတ်ဆုံးရှုံးဖို့ အမြဲအခွင့်အလမ်းရှိနေလို့ပါ။ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်လို့ မောနင်းပက် တစ်ခွက် ဒါမှမဟုတ် ရေဆာတာကိုမသိဘဲ အချိုရည်တွေ သောက်သုံးခြင်းတို့ဟာ ရေဓာတ်လုံလုံလောက်လောက် မရစေနိုင်ပါဘူး။ ရေဆာခြင်းကို ရေသောက်ခြင်းဖြင့် ကော်ဖီတို့ သကြားမပါဖျော်ရည်တို့ သောက်မိတာကိုလျော့ပါးစေမှာပါ။

ဆီးသွားချိန်မှာ ဆီးအရောင်ဟာ အ၀ါရင့်ရောင်ဖြစ်နေပါလျှင် ကိုယ်ခန္ဓာအတွင်း H2O သွင်းဖို့ အချက်ပြနေပြီဖြစ်ကြောင်း သတိမူရပါမယ်။

(၉) နို့ထွက်ပစ္စည်းတွေကိုရှောင်ခြင်း (Avoiding dairy products)
ကိုယ်အလေးချိန်လျော့ချဖို့ ကယ်လိုရီတွက်ချက်စားသောက်နေကြသော အမျိုးသမီးများ သို့မဟုတ် လေပူထတာမျိုးနဲ့ ရင်ပြည့်ရင်ကယ် ဖြစ်နေတတ်သူအများစုဟာ နို့ထွက်ပစ္စည်းကို ရှောင်ကြဉ်ဖို့ကြိုးစားကြပါတယ်။ သူတို့ကိုယ်ခန္ဓာဟာ အရိုးပဒေသာဖြစ်နေခြင်း မဖြစ်ခြင်း သိပ်ဂရုမပြုတတ်ကြပါဘူး။ Lisa Larkin (MD, director of the University of Cincinnati Women's Health Center) ပြောတာက တော့ ‘အသက်အရွယ် ၂၀နှစ်နဲ့ ၃၀နှစ်တွေမှာ အရိုးကျန်းမာရေးအတွက် ကယ်လ်ဆီယမ်ဓာတ်များများမှီဝဲဖို့ တကယ် တကယ့်ကို အရေးကြီးပါတယ်။ အသက်အရွယ် သုံးဆယ်ပြည့်ပြီးနောက်ပိုင်းမှာ အရိုးသိပ်သည်းဆတဖြည်းဖြည်း လျော့နည်းလာတတ်လို့ပါပဲ။’

‘အမျိုးစုံသော အစားအသောက်တွေကတစ်ဆင့် တစ်ရက်ကို ကယ်လ်ဆီယမ်ဓာတ် ၁၀၀၀ မီလီဂရမ် (1000 mg) လောက် စားသောက်/ ရရှိခြင်းမဖြစ်နိုင်ပါက ကယ်လ်ဆီယမ်ဓာတ်ဖြည့်စွက်ဖို့ calcium supplement တစ်ခုခုမှီဝဲရပါမယ်’ လို့ Dr. Larkin က အကြံဉာဏ်ပေး ပါတယ်။

(၁၀) ဆရာဝန်များကို လိမ်ညာခြင်း (Lying to your doctor)
လူနာတွေက လိမ်ညာသလို ဆရာဝန်တွေကလည်း သိနေပါတယ်။ လေ့လာမှုစစ်တမ်းတစ်ခုအရ ၇၇ ရာခိုင်နှုန်းသော ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များပြောကြားတာက လူနာလေးယောက်မှာ အနည်းဆုံးတစ်ယောက်လောက်ကတော့ သူတို့ကျန်းမာရေးနဲ့ပတ်သက် လို့ အကြောင်းအရာအချို့ကိုထိန်ချန်ခြင်း သို့မဟုတ် လိမ်လည်ထားခြင်းမျိုး ၊ ၂၈ ရာခိုင်နှုန်းကတော့ တစ်ဝက်လောက် သို့မဟုတ် အပြည့်အ၀ အမှန်လို့ယုံကြည်ရနိုင်ပါသတဲ့။ ကိုယ်တွေအရွယ်မှာ ကျန်းမာရေးဆိုင်ရာကိစ္စရပ်အချို့ကို ပြဿနာတစ်ခုအသွင်ရင်ဆိုင်ရစ အချိန်မယ် မုသားဖြူပဲဖြစ်ဖြစ် အနည်းငယ်လောက်ပဲဖြစ်ဖြစ် လိမ်လည်ဖြေကြားလိုက်ခြင်းဖြင့် ကျန်းမာရေးအတွက် အန္တရာယ်တစ်ခု ယူဆောင်လာနိုင်တဲ့အခြေအနေပါ။ သတိထားဖို့လိုပါတယ်။

မိမိခံစားနေရသော ရောဂါအခြေအနေကို ရှင်းရှင်းလင်းလင်း အကောင်းမွန်ဆုံးပြောကြား သို့မဟုတ် ဖြေကြားပေးဖို့လိုပါတယ်။ ‘သမားတော်များဟာ သူတို့သိလိုက်ရတဲ့အခြေအနေ၊အကြောင်းအရာတွေအပေါ်မူတည်၍သာ အကောင်းဆုံးညွှန်ကြားကုသနိုင်ကြတယ်’ လို့ Dr. Larkin ကပြောပါတယ် ခင်ဗျ။

(၁၁) ကိုယ်အလေးချိန်ကို သတိမမူခြင်း (Skipping the weight room)
ကောင်းမွန်ပြည့်စုံလှပါတယ်ဆိုတဲ့ ကိုယ်ကာယလေ့ကျင့်စဉ် အစီအစဉ်တွေမှာ strength training မပါလျင်မပြည့်စုံဘူးလို့ပြောလို့ရ ပါတယ်။ အဆိုပါလေ့ကျင့်စဉ်ဟာ ကြွက်သားတွေကို ကျစ်လစ်တောင့်တင်းစေတယ်၊ ကိုယ်တွင်းပြောင်းလဲမှုဖြစ်စဉ်ကို တွန်းအားပေး တယ် (boost metabolism) ၊ အရိုးတွေကို ခိုင်မာကျစ်လစ်စေတယ်လေ။ လေ့လာချက်များအရ အဆိုပါလေ့ကျင့်စဉ်ဟာ သက်သောင့် သက်သာ လိုက်လျောညီထွေပြောင်းလဲနိုင်မှု (flexibility) ၊ ဟန်ချက်ညီမှု (balance) နဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏ လည်း တိုးတက်ကောင်းမွန်စေပါတယ်။ သည်လို ကိုယ်ကာယ ကြံ့ခိုင်ကျန်းမာရေး အကျိုးကျေးဇူးတွေဟာ ကိုယ်တွေလို အသက် ၄၀ ၀န်းကျင် တွေအတွက် အတော်အရေးပါပါတယ်။ အသက် ၅၀နှစ်ဝန်းကျင်ရှိ အမျိုးသမီးများရဲ့ တစ်ဝက်လောက်မှာ တင်းပါးဆုံ၊ ခါး သို့မဟုတ် ကျောရိုးနဲ့ပတ်သက်တဲ့ နာကျင်တာ ကျိုးပဲ့တာမျိုးတွေ သူတို့ဘ၀သက်တမ်းတလျောက် ခံစားဖူးကြတယ်ပြောတယ်။ သို့သော်လည်း အရိုးတွေကို ကျစ်လစ်စေ သန်မာစေတဲ့ strength exercises တွေဟာ အရိုးကျွတ်ဆတ်တဲ့ရောဂါ (brittle-bone disease) ဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ် ခင်ဗျ။

Gym ကိုမသွား အိမ်မှာတင်လုပ်ဆောင်လို့ရတဲ့ ကိရိယာလွတ်လေ့ကျင့်ခန်းတွေ၊ အဆင်သင့်အလေးတွေတပ်ဆင်ပြီးသား weight machines တွေ၊ မျော့ကြိုးတွေ (elastic bands) သို့မဟုတ် မိမိကိုယ်အလေးချိန်ကို အသုံးပြုပြီး လုပ်ဆောင်ရတဲ့ resistance training (အဲ….ဒိုက်ထိုးတာတို့ ထိုင်ထလေ့ကျင့်ခန်းတို့လိုမျိုး)များကို ကိုယ်ကာယကြံ့ခိုင်ရေး လုပ်ရိုးလုပ်စဉ် အစီအစဉ်ထဲမှာ အသေအချာ ထည့်သွင်းဖော်ဆောင်လို့ရနေတာ ဂရုပြုကြရပါမယ်။

(၁၂) လိင်ဆက်ဆံမှုမပြုလုပ်ခြင်း (Not having sex)
အသက် ၃၀နှစ်များမယ် ကိုယ်တွေရဲ့ ကလေးငယ်များနဲ့ များမြောင်လှသော အလုပ်ကိစ္စများရဲ့ ခြေချုပ်ထားမှုကြောင့် လိင်မှုကိစ္စဆိုတာ ကို ဘေးတွန်းပို့ခြင်းခံထားရပါတယ်။ ကလေးတွေလည်း တဖြည်းဖြည်းအသက်ပိုကြီးလာ အလုပ်တွေလည်းအတော်အသင့်ချောင်လည် လာမယ့် အသက်ကာလအပိုင်းအခြားမှာတော့ လိင်မှုကိစ္စအား အလျင်စလိုလုပ်ဆောင်ရမယ့်စာရင်းထဲ ပြန်လည်ထည့်သွင်းသင့်တယ်လို့ Dr. Taber ကဆိုပါတယ်။ လူလတ်ပိုင်းအရွယ်ထဲ ၀င်ရောက်စပြုတဲ့ အသက်အပိုင်းအခြားမယ် ကျန်းမာပျော်ရွှင်ဖွယ် လိင်မှုဘ၀တစ်ခုကို သေချာထိန်းသိမ်းနိုင်ခြင်းသည် ရင်းနှီးနွေးထွေးတဲ့ ပေါင်းသင်းဆက်ဆံရေးရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ် ခင်ဗျ။ ‘တစ်ကြိမ်တစ်ခါလောက် လစ်လျူရှုလိုက်တာနဲ့ ကျန်းမာပျော်ရွှင်ဖွယ်လိင်မှုဘ၀တစ်ခု ပြည်လည်ခိုင်ခံ့ဖို့ အခက်အခဲဖြစ်နိုင်ပါတယ်’ လို့ သူမကဆိုပါတယ်။

‘လိင်ဆက်ဆံရာမှာ သက်သောင့်သက်သာမဖြစ်ဘူးလို့ ခံစားရလျှင် ဆရာဝန်နဲ့ ပြောဆိုတိုင်ပင်ရပါမယ်။ ဆေးဝါးကုသမှုတွေပြုလုပ်လို့ လဲရနိုင်ပါပြီ’လို့ Dr. Larkin က ထပ်လောင်းပြောကြားသေးတာပါ။ စာတွေဖတ်ချင်သေးတယ်ဆိုရင် ’10 ways to deal with painful sex’ လို ခေါင်းစဉ်တွေကို အင်တာနက်မှာ ရှာဖွေလို့လည်းရတယ်နော်။

(၁၃) နေပူဆာလှုံခြင်း (Sunbathing)
အခင်းလေးခင်းလို့ နေရောင်ကျတဲ့နေရာမှာ လှဲလျောင်းခြင်း သို့မဟုတ် နေရောင်ပြင်းထန်တဲ့ အရိပ်မရှိနေရာမှာ တနေကုန် အလုပ်လုပ် ခြင်းသည့် Ultraviolet ရောင်ခြည်သင့်ကာ အသက်မကြီးရင့်သေးသော အရေးပြားသော်မှ ပျက်စီးစေနိုင်သလို အရေပြားကင်ဆာ ဖြစ်ပွားဖို့ အခွင့်အလမ်းပိုများစေပါတယ်။ တင်းတိပ်ကျခြင်းနဲ့ အနာရောဂါဖြစ်ခြင်းရဲ့ အဆိုးဆုံးအခြေအနေ တိုးမြင့်လာခြင်းတွေလည်း ပါဝင်ပါတယ်။ နေရောင်ကာလိမ်းဆေး (sunscreen)သုံးတာရယ်၊ အမှန်တကယ် ဖုန်းကာပေးနိုင်တဲ့ အ၀တ်အစားများဝတ်ဆင်တာရယ် က အထောက်အကူဖြစ်တယ်ခင်ဗျ။ ‘အတိတ်မှာပြုလုပ်ခဲ့တဲ့အမှားတွေကြောင့် ပျက်စီးခဲ့တာကို ဖျက်ပစ်လို့မရပေမယ့် နောင်မှာမဖြစ်ပျက် ဖို့ ကာကွယ်လို့ရပါတယ်၊ ဥပမာ ဆေးလိပ်ဖြတ်ပစ်တာမျိုးပေါ့’ လို့ နယူးယောက်မြို့က အရေးပြားဆိုင်ရာ အထူးကုဆရာဝန်ကြီး Ronal Brancaccio မှပြောထားတာရှိပါရဲ့။

နေလောင်ခံအသားအရေ သို့မဟုတ် ကြေးနီရောင်အသားအရောင်မျိုးလိုချင်တယ်ဆိုရင် နေလောင်မခံပါနဲ့ အလှကုန်ပစ္စည်းတွေနဲ့ လှည့်စားနိုင်ပါကြောင်းပြောပါရစေ။

(၁၄) အချိုရည်လေးတွေ တစ်ကျိုက်နှစ်ကျိုက်(Sipping sweet drinks)
ဆိုဒါအချိုရည်တွေနဲ့ အခြားသော သကြားကဲ သောက်စရာတွေဟာ ကိုယ်အလေးချိန်တက်ဖို့ နည်းလမ်းတွေထဲကတစ်ခုဆိုတာ ကိုယ်တွေသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ သကြားမပါ အချိုမပါတဲ့ အချိုရည်(soft drinks)တွေကို ဖန်တီးထားတဲ့ အချိုတုတွေလိုပဲ ဆင်ခြင်သင့် တဲ့စာရင်းထဲတို့ထားသင့်ပါတယ်။ နောက်ဆုံးလေ့လာချက်များအရ diet soda သောက်ခြင်းသည်လည်း ကိုယ်အလေးချိန် တက်ခြင်း၊ အင်ဆူလင်ဓာတ်အပေါ်တုန့်ပြန်မှုမရှိခြင်း (insulin resistance) နဲ့ ဆီးချိုသွေးချို (diabetes) ရောဂါများနှင့် နှီးနွယ်နေတတ်ပါသတဲ့။ Tuffs University ရဲ့ လေ့လာချက်တစ်ခုမှာ diet ပဲဖြစ်ဖြစ် regular cola ပဲဖြစ်ဖြစ် အမြဲသောက်နေတဲ့ အမျိုးသမီးတွေမှာ အရိုး သိပ်သည်းကျစ်လစ်မှု လျော့ပါးနေကြောင်းတွေ့ရပါတယ်။ Johnson City ရှိ Nutrition-In-Sight ပိုင်ရှင် Monique Richard အပြောက ‘ခင်ဗျား ကိုယ်ခန္ဓာအတွင်းက အဟာရဓာတ်တွေကို ဖျက်ဆီးပစ်သလိုဖြစ်နေတာပဲ’တဲ့ ခင်ဗျ။

အချိုရည်ဆိုတာထက် သကြားကိုမရှောင်နိုင်လျင် သဘာဝသစ်သီးတွေကရတတ်တဲ့ အချိုမျိုးကိုသာနှစ်သက်သင့်သလို ဆိုဒါအချိုရည် သောက်မှဆိုပါက diet soda မျိုးရွေးချယ်ပြီး တတ်နိုင်ရင်တော့ သန့်စင်တဲ့ရေကိုသောက်သုံးတာ အကောင်းဆုံးဖြစ်ပါတယ်လို့။

(၁၅) အရန်သင့်အစားအစားတွေ အများအပြားစားသောက်ခြင်း (Eating too much processed food)
Gym မသွားခင် အာလူးကြော်လေးတစ်ထုတ်လောက်ဆွဲပြီးစားတာက ကိုယ်ခန္ဓာအတွက် အကောင်းဆုံးသော အဟာရ… အဲ … လောင်စာကောင်းတစ်ခု မဟုတ်ပါဘူး။ ပြုပြင်ပြင်ဆင်ထားတဲ့ processed foods တွေမှာ အရသာပိုကောင်းအောင်ပြုလုပ်မှုရဲ့ လျို့ဝှက် ချက်က သကြား၊ အဆီနဲ့ ဆိုဒီယမ်ဓာတ်တွေကို အချိန်အတော်များများမှာ ထပ်ပေါင်းအသုံးပြုကြခြင်းဖြစ်ပါတယ်။ သည်အရာတွေက ကိုယ်တွေရဲ့ ခါးကိုပိုတုတ်စေသလို ကျန်းမာရေးအတွက်လည်း အရေအတွက်တစ်ခုထိ သက်ရောက်တယ်ပေါ့။ သည်လိုအစားအစာ တွေအစား microwave meals လို့ပြောနိုင်တဲ့ အသားငါး၊ သွားရေစာနဲ့ လတ်လတ်ဆတ်ဆတ်ချက်ပြုတ်နိုင်အောင် ပြင်ဆင်ပေးထားတဲ့ အသား(အသားလွှာတွေ၊ အမွှေးနှုတ်ထားတဲ့ ကြက်ကောင်လုံးတွေ)၊ ဟင်းသီးဟင်းရွက်တွေကို အစားထိုးသင့်ပါ တယ်။ ကိုယ်နေတဲ့ တိုက်ခန်းကနေဆင်းပြီး လက်တစ်ကမ်းမှာသွားဝယ်လို့ရတဲ့ ရပ်ကွက်ဈေးပဲဖြစ်ဖြစ်၊ ကားလေးမောင်းပြီး ငါးမိနစ် ဆယ်မိနစ်လောက်နဲ့ ရောက်မယ့်ဈေးပဲဖြစ်ဖြစ် လတ်လတ်ဆတ်ဆတ်သွားဝယ်ကာ ချက်ပြုတ်ကြော်လှော်စားလိုက်တာက ကျန်းမာရေး အတွက် ပိုကောင်း ကြောင်း Richard ကပြောပါတယ်။

ရေခဲသေတ္တာထဲမယ် မီးဖိုချောင်ဝယ်မရှိမဖြစ်လိုအပ်မယ့် အစားအစာ အမျိုးနှစ်ဆယ်လောက်ကို သပ်သပ်ရပ်ရပ် ထုပ်ပိုးကာ ထည့်ထား သင့်ပါတယ် ခင်ဗျ။

(၁၆) အရက်သေစာ သောက်စားပျော်ပါး (Bingeing on alcohol)
ကိုယ်တွေအများစုသိပြီးသားဖြစ်တဲ့ အယ်လ်ကိုဟော ပမာဏခပ်များများလေး သောက်စားလိုက်မယ်ဆိုရင် ကိုယ်ခန္ဓာအတွက် အဆိပ်အတောက်ဖြစ်စေတယ်ဆိုတဲ့ ကိစ္စမှာ အဓိကအကျဆုံးကတော့ ရေဓာတ်ခန်းခြောက်စေတာပါတဲ့။ ‘ရေဓာတ်ကုန်ခန်းခြင်းပါ။ ခန္ဓာကိုယ်အနေနဲ့ နဂိုအခြေပြန်ဖြစ်အောင်လုပ်ဆောင်တဲ့ ဖြစ်စဉ်မှာ အသက်အရွယ်ရလာပါက ထင်သလောက်မမြန်ဆန်တော့ပါဘူး။’ လို့ Richard ကပြောပါတယ်။ လျော့သောက်ခြင်းက သော့ချက်တစ်ခုဖြစ်ပါတယ်။ အမျိုးသမီးဆိုပါလျှင် တစ်နေ့တစ်ခွက်ထက်ပိုမသောက် သင့်သလို အမျိုးသားဖြစ်ပါက တစ်နေ့ နှစ်ခွက်ထက်ပိုမသောက်သင့်ပါဘူး။

တစ်ခွက်ဆိုရာမှာ ၅ အောင်စ ၀ိုင်တစ်ခွက်၊ ၁၂ အောင်စ ဘီယာတစ်ခွက်၊ သို့မဟုတ် ၁.၅ အောင်စ ၀ီစကီတစ်ခွက်လောက်ပေါ့နော်။

(၁၇) သူငယ်ချင်းကိစ္စနဲ့ပဲ အချိန်ကုန် ("Friending" instead of socializing)
ကိုယ့်စိတ်ခံစားချက်ကို ကိုယ့်ဘာသာကိုယ် လိမ်လည်လှည့်ဖြားဖို့ Facebook နဲ့ Twitter တို့လိုလူမှုကွန်ရက်တွေကတစ်ဆင့် ထွက်ပေါက်အဖြစ် အသုံးပြုဖြစ်နေသလား ဆန်းစစ်ပါ။ ‘မိမိရဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးအတွက် လူ့ပတ်ဝန်းကျင်မှာပဲ နေထိုင်အသက် ရှင်ဖို့ဆိုတာ အလွန်အရေးပါပါတယ်၊ သည်အချက်ဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း ရိုက်ခတ်မှုရှိပါတယ်’ လို့ Provino ကပြောပါတယ်။ အလုပ်မအားလို့ပဲဖြစ်ဖြစ် တစ်ယောက်တည်းနေကျင့်ရှိလို့ပဲဖြစ်ဖြစ် တကယ့်လူမှုအ၀န်းအ၀ိုင်းထဲမှာ နေထိုင်အသက် မရှင်ဘဲ အင်တာနက် အွန်လိုင်းပေါ်မှာပဲ အချိန်မကုန်သင့်တာကို အဓိကပြောလိုခြင်းဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာတွေသုံးတာကို ခဏရပ်တန့်လိုက်ပြီး သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေရယ် အပြင်ထွက်ကာ မုန့်သွားစားတာ၊ ဈေးဝယ်ထွက်တာပြုလုပ်ပါ။ ဒီဂျစ်တယ် detox တွေကနေ ခဏတာကင်းလွတ်ခွင့်ရယူသင့်တာပေါ့ဗျာ။

(၁၈) မိသားစုကျန်းမာရေးရာဇ၀င်ကို မြေလှန်ခြင်း (Failing to discuss family health history)
အထက်ပါအကြောင်းအရာကို သဘောကျ သို့မဟုတ် သဘောမကျဆိုသော်ငြား ကိုယ်တွေရဲ့မျိုးရိုးဗီဇဟာ ကျန်းမာရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အဓိကအချက်ထဲမှာပါကြောင်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ကိုယ်တွေအသက်အရွယ်ဟာ သုံးဆယ်ဝန်း ကျင်ပဲရှိသေးတယ်ဆိုပါလျှင် ရင်သားကင်ဆာ သို့မဟုတ် သားဥအိမ်ကင်ဆာမျိုး ကိုယ်တွေမိသားစုကျန်းမာရေးရာဇ၀င်မှာ ရှိခဲ့ကြောင်း သမားတော်အနေနဲ့ သတိပြုမိဖို့ခဲယဉ်းပါတယ်။သူမအနေနဲ့ ကိုယ်တွေအရွယ်မှာ သည်ရောဂါတွေရဲ့ အစောပိုင်းလက္ခဏာကိုပါ ထည့်သွင်းဆန်းစစ်ဖို့ အာရုံမစိုက်မိခြင်းမျိုးဖြစ်တတ်တာကိုး။ သိရှိမှသာ ခပ်စောစောလေးကုသပျောက်ကင်းနိုင်တယ်မဟုတ်လား။

ဒါကြောင့် မိမိ မိသားစုရဲ့ ကျန်းမာရေးရာဇ၀င်ကို သေချာလေ့လာသင့်ပြီး သည်အကြောင်းခြင်းရာတွေကို ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးရာ မှာထည့်သွင်းပြောပြဖို့ အရေးပါတာ သတိပြုပါ။

(၁၉) ကုသဖို့ထက် ကာကွယ်ဖို့ကို အာရုံမကပ်ခြင်း (Not making time for preventive care)
အသက်သုံးဆယ်အရွယ် အမျိုးသမီးအတော်များများဟာ သူတို့ကိုယ်သူတို့ ဂရုစိုက်ဖို့အချိန်သိပ်မယူမိကြတာ အမှန်ပါပဲ။ အဲဒါကြောင့်လဲ အချို့သောကိစ္စရပ်တွေမှာ အရှုံးပြကြတာဖြစ်ပါတယ်။ ကိုယ်တွေခန္ဓာကိုယ်ထဲမယ် ကိုယ်လက်စထရောဘယ်လောက်ရှိနေသလဲ စောင့်ကြည့်စစ်ဆေးတာမျိုး မလုပ်ကြတော့ အသက်အရွယ် ၄၀နှစ်နဲ့ ၅၀နှစ်တွေမှာ နှလုံးရောဂါခံစားရစေဖို့ မိမိဘာသာအထိုင်ချနေဟန် မျိုးဖြစ်နေပါပြီ။ ကဲ ရင်သားမယ် အကျိတ်ရှိမရှိစစ်ဆေးတာမျိုး၊ သားအိမ်ခေါင်းကင်ဆာရှိမရှိ ဆေးစစ်တာမျိုး၊ အခြားသော ကျန်းမာရေး စစ်ဆေးမှုတွေ ခပ်စောစောပြုလုပ်ထားမယ်ဆိုရင် ကင်ဆာရောဂါလိုမျိုးအတွက် ခပ်စောစောအဆင့်မှာတင် ကုသဖို့လွယ်ကူသွားနိုင် တာပေါ့ဗျာ။

အရွယ်ရောက် လူလတ်ပိုင်းတွေအတွက်က ကာကွယ်ထားခြင်းသည် ကျန်းမာပျော်ရွှင်စွာအသက်အရွယ်ကြီးဖို့ဆိုတဲ့မျှော်မှန်းချက်အဖြစ် အထောက်အကူကောင်းပေးပါတယ်။

(၂၀) ကာကွယ်ဆေးများ မထိုးနှံခြင်း (Skipping recommended vaccines)
ကလေးသူငယ်တွေသာ ကာလအပိုင်းအခြားအလိုက် ကာကွယ်သင့်သောရောဂါများအတွက် ကာကွယ်ဆေးထိုးနှံကြရတာမဟုတ်ပါဘူး။ လူကြီးတွေအတွက်လည်း ထိုးနှံသင့်သောကာကွယ်ဆေးတွေရှိကြပါတယ်။ အသက်ငယ်စဉ်ကတော့ တုတ်ကွေးကာကွယ်၊ ရေကျောက် ကာကွယ်၊ ၀က်သက်ကာကွယ်ဆေး စသဖြင့်ထိုးကြတယ်မဟုတ်လား။ အသက်အရွယ်ရလူကြီးများအဖို့တော့ မိမိတို့အသက်ရှင်လုပ်ကိုင် နေရတဲ့ ဘ၀ဟန်ပန် လုပ်ငန်းခွင်အလိုက် ကာကွယ်ဆေးထိုးရတဲ့အမျိုးအစားတော့ အနည်းငယ်ကွာတာပေါ့။ အရွယ်ရောက်သူ ၅သောင်း လောက်ဟာ ကာကွယ်ဆေးဖြင့်ကာကွယ်လို့ရတဲ့ရောဂါများကြောင့် နှစ်စဉ်သေဆုံးနေကြရပါတယ်။

ဒါကြောင့် ကိုယ်တွေလည်း ဖျားနာခြင်းအန္တရာယ်နဲ့ အခြားသောရောဂါအန္တရာယ်တွေ မကူးစက်ခံ၊ မဖြစ်ပွားရစေဖို့ လျော့ချဖို့ ကာကွယ်ဆေးတွေထိုးထားကြပါစို့လို့။

Alex Aung (20 April 2020)

Credit: https://health.com 

No comments: