Wednesday, February 12, 2020

လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် (အပိုင်း ၁)

လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အပိုင်း(၁)


★ ဒီနေ့ သာသနာတော်သက္ကရာဇ် ၂၅၅၉ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇ရခုနှစ် ၀ါခေါင်လဆန်း ၉-ရက် တနင်္လာနေ့၊ သြဂုတ်လ ၂၄ရက် ၂၀၁၅ မန္တလေးမြို့ မင်္ဂလာမန္တလေး shopping center မှာ ဟောကြားတဲ့ “လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင်” တရားတော်။

★ ဒီနေ့ #လူကြိုက်နတ်ကြိုက် #စီးပွားရေးလုပ်ငန်းရှင်ဆိုတာ သာမန်အနေနဲ့ ကြည့်တယ်ဆိုရင် ဗုဒ္ဓဘာသာကို ဟောကြားတဲ့ အဓိက သင်ကြားပေးတဲ့ ပုဂ္ဂိုလ်တွေက ဆရာတော်တွေ သီလရှင်ဆရာတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ ဆရာတော်တွေ သီလရှင် ဆရာကြီးတွေ ဆရာလေးတွေက စီးပွားရေးလုပ်ဖို့ မလိုဘူး။

★ လုပ်ဖို့မလိုယုံတင် မကဘူး စီးပွားရေးလုပ်တဲ့ လူတွေရဲ့ way of life နေမှုထိုင်မှု ပုံစံမျိုး မနေရဘူး။ ၀ိနည်းစည်းကမ်းရှိတယ်၊ သေခိယသိက္ခာပုဒ်တွေရှိတယ်၊ နောက် အရေးကြီးက ပစ္စဝက္ခဏာလေးပါးဆိုတာ ရှိတယ်။ အဲဒါတွေတော့ ဒီနေ့ ရှင်းမပြတော့ပါဘူး။

★ အဲတော့ ဆိုလိုချင်တာက အမြဲတမ်းနှလုံးသွင်းတဲ့တရားတော်တွေက သီလ သမာဓိ ပညာ တိုက်ရိုက်အကျိုးဖြစ်စေတဲ့ တရားတွေကို ဟောကြားတာများတယ်။ ဒီနေ့ကျတော့ ဒီ shopping mall ထဲမှာ တရားဟောဖို့ ပင့်တယ်ဆိုတော့ ဘုန်းကြီးက ဘာလေးစဉ်းစာမိတုန်းဆို #လူ့လောကမှာ #ဗုဒ္ဓတရားတော်နဲ့အညီနေနိုင်ဖို့အတွက် #အရေးကြီးတဲ့အကြောင်း ဟောရရင်ကောင်းမှာပဲ ဒီလိုနှလုံးသွင်းလာခဲ့တယ်။

★ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည့်နှက်နေတဲ့ မန္တလေးမြို့မှာ ဗုဒ္ဓဘာသာရဲ့စီးပွားရေးအမြင် ဟောကြားရင် ကောင်းမှာပဲ ဒီလိုလည်း စဉ်းစားမိတယ်။ ဒီနေ့ ဟောကြားတဲ့ခေါင်းစည်း ဘုန်းကြီးက ပြီးခဲ့တဲ့ ၂၁နှစ်လောက်ကစပြီးတော့ ဆောင်းပါးရေးဖူးတယ်။

★ အခုလက်ရှိမှာလည်းပဲ နယူးယောက်က Dungeon stock market မှာ ဘာသာပေါင်းစုံ ethics ကော်မတီဆိုတာ ရှိတယ်။ အဲဒါကတော့ ဘာသာရေးအကြံပေးအဖွဲ့လို့ ဆိုရမယ်ထင်တယ်။ ခရစ်ယာန်လည်း သူ့အဖွဲ့နဲ့သူရှိတယ်၊ သူ့အကြံပေးအဖွဲ့နဲသူ ရှိတယ်။

★ လိုအပ်တယ်ဆိုရင် အဲဒီမှာ ရင်းနှီးမြှုပ်နံတဲ့ ပုဂ္ဂိုလ်တွေ အကြံဉာဏ်ယူဖို့အတွက်၊ ဘာသာရေးနဲ့ပတ်သတ်တဲ့ အကြံဉာဏ်ယူဖို့အတွက်၊ အစ္စလာန်ဘာသာနဲ့ ပတ်သတ်ပြီးတော့လည်းပဲ အကြံပေးပုဂ္ဂိုလ်တွေ ရှိတယ်လို့ ဘုန်းကြီးသိရတယ်။

★ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာ အကြံပေးပုဂ္ဂိုလ် နောက်ပိုင်းကျမှ ဖွဲ့ဖြစ်တာ။ အဲဒီ ဖွဲ့တဲ့အခါမှာ သူတို့က အောက်စဖို့ဒ်တက္ကသိုလ် ဘုန်းကြီးနေတဲ့ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်ရောက်လာပြီးတော့ အဲ့မှာရှိတဲ့ ပါမောက္ခတစ်ဦးနဲ့ ဘုန်းကြီးကို ဖိတ်ကြားပါတယ်။ ဒီကော်မတီထဲမှာ လိုအပ်တဲ့အခါမှာ အကြံပေးဖို့အတွက် ဒီကော်မတီထဲ ပါဝင်ပေးပါဆိုပြီးတော့ လျှောက်လို့ အခု ဘုန်းကြီး Dungeon stock market ရဲ့ Buddhist Ethics Committee မှာ ပါပါတယ်။

★ နောက်ပြီးတော့ ဒီနေ့ ဟောကြားတဲ့တရားကိုလည်း အင်္ဂလိပ်ဘာသာနဲ့ ဘန်ကောက်ရှယ်ယာမားကတ်မှာ ဟောဖူးပါတယ်။ ဒါပေမဲ့ မြန်မာလိုမဟောဖူးတဲ့အတွက်ကြောင့်မို့လို့ မြန်မာလို ဒီနေ့ ပထမဆုံးအကြိမ် ဒီတရားကိုဟောတယ်ဆိုတော့ နည်းနည်း ဝေါဟာရတွေ ချက်ချင်းထွက်မလာတာမျိုးတွေ ဖြစ်ရင်ဖြစ်မယ်။ ကြားထဲမှာ အင်္ဂလိပ်စကားညှပ်သွားတာမျိုးတွေ ရှိရင်ရှိတယ်။ အဲဒါ ကြိုတင်ပြီးတော့ တောင်းပန်ထားပါတယ်။

★ စီးပွားရေးက လူ့ဘောင်အခြေခံပါ၊ လူ့ဘောင်အတွက် အင်မတန်အရေးကြီးတယ်။ ရှေးခေတ်က စပြီးတော့ ပြီးခဲ့တဲ့ နှစ်ပေါင်း သုံးထောင်၊ သုံးထောင်ကျော်လောက်ကစပြီးတော့ စီးပွားရေးဆိုတာ ရှိခဲ့တာပဲ၊ စီးပွားရေးလုပ်ငန်းရှင်ဆိုတာ ရှိခဲ့တာပဲ။ အတိုင်းအတာပဲ ကွာတယ်၊ စကေးပဲကွာတယ်။

★ အဲဒီတုန်းကတော့ ဒီနေ့ နိုင်ငံတကာမှာရှိနေတဲ့ cooperate ပုံစံမျိုး ကုမ္ပဏီအကြီးစားတွေ ရှိချင်မှရှိမယ်၊ ဒီနေ့ကျတော့ Business school တွေ နိုင်ငံအသီးသီးမှာ ပေါ်လာပြီးတော့ စီးပွားရေးကို တခါမှမမြင်ဖူးတဲ့အတိုင်းအတာနဲ့ တစ်ကမ္ဘာလုံးနဲ့ချီးပြီးတော့လုပ်ကြတယ်။ ရန်ကုန်မှာရော မန္တလေးမှာရော international company တွေရှိတယ်။

★ တမ္ဘာလုံးမှာ ဒီလိုပဲ လုပ်နေကြတယ်၊ အဲတော့ ဒီလိုလုပ်တဲ့နေရာမှာ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ သိထားရမှာက #စီးပွားရေးလုပ်ငန်းဆိုတာ ဒါ #ဗုဒ္ဓဘာသာတရားတော်နဲ့ #မဆန့်ကျင်ဘူးလို့ #အခြေခံယူဆထားရမယ်။

★ #ဗုဒ္ဓတရားတော်က #လောဘပယ်ဖို့၊ #ဒေါသပယ်ဖို့၊ #မောဟပယ်ဖို့ ဟောတဲ့အခါကျတော့ #စီးပွားရေးလုပ်ငန်းလုပ်ရင် ငါတို့ #ဗုဒ္ဓတရားတော်များ #ဆန့်ကျင်ရာရောက်မလား ဒီလို တွေးမိတဲ့ ပုဂ္ဂိုလ်တွေ ရှိကောင်းရှိနိုင်တယ်။ အမှန်ကတော့ တွေ့လည်းတွေ့ဖူးပါတယ်။

★ ဒါပေမဲ့ #လူလောကကြီးက #စီးပွားရေးနဲ့ကင်းပြီးတော့ #နေလို့မရဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ စားဝတ်နေရေး ရှိတယ်လေ။ ဒီခန္ဓာကိုယ် အစာအာဟာရ ဖြည့်ဆည်းပေးရတယ်၊ အစာအာဟာရ ရရှိမှ တည်နိုင်တဲ့ ခန္ဓာကိုယ် မနေ့ကတောင်ကြီးမှာ ကိုယ်ရောစိတ်ပါ အာဟာရဖြစ်စေတဲ့ ထမင်းတစ်လုတ်ဆိုပြီးတော့ အာဟာရအကြောင်း ဟောခဲ့တယ်။ ဒီနေ့တော့ အာဟာရအကြောင်း မဟောတော့ဘူး။

★ ပြောမယ်ဆိုရင် ထမင်းတစ်ထပ်စားလိုက်တယ်ဆိုရင် ငါးနာရီ ခြောက်နာရီကြာရင် ထမင်းပြန်ဆာရင် ပြန်စားရတယ်။ အဲဒီလို စားမှပဲ ဒီခန္ဓာကိုယ် မျှတမှုရှိမယ်။ မပင်မပန်း နေနိုင်တယ်ပေါ့။

🍃 ဒါကြောင့် #ဒီခန္ဓာကိုယ်ရဲ့ #လိုအပ်ချက်ဖြည့်ဆည်းဖို့အတွက် #အစားအစာနဲ့ပတ်သတ်ပြီးတော့ #ပုံမှန်စားနိုင်ဖို့အတွက် #လိုအပ်တဲ့အစာအာဟာရတွေ #စားနိုင်ဖို့အတွက် #စီးပွားရေးလိုအပ်တယ်။

★ တချို့စီးပွားရေးလုပ်တာ မိမိအတွက် လုံလောက်တယ်၊ တချို့လုပ်တာ မိသားစုအတွက် လုံလောက်တယ်၊ တချို့လုပ်တာကျတော့ တရွာလုံးတရပ်ကွက်လုံးအတွက် လုံလောက်တယ်။

★ တချို့ကျတော့ macro economy ဆိုတာ micro နဲ့ macro အသေးစားနဲ့အကြီးစား အဲလို macro economics thinking ဒီအကြီးစားစီးပွားရေးလုပ်ငန်းတွေ တွေးတယ် လုပ်တယ်၊ အဲဒီလိုနဲ့ လူပေါင်း သန်းချီးပြီးတော့  အလုပ်ပေးနိုင်တဲ့ လူတွေလည်းရှိတယ်။

★ သူတို့ရဲ့ ၀န်ထမ်းတွေကို တိုက်ရိုက်အလုပ်ပေးယုံတင်မကဘူး သူတို့ကိုယ်တိုင် အခွန်ပေးတယ်၊ သူတို့ဝန်ထမ်းတွေ အခွန်ပေးတယ်၊ အဲဒီကနေတဆင့် သွယ်ဝိုက်တဲ့နည်းနဲ့ နိုင်ငံတော်အကျိုး၊ နိုင်ငံတော်ရဲ့ ယန္တရားတွေဖြစ်တဲ့ လူမူရေး  ပညာရေး ကျန်းမာရေး အဲဒီ နယ်ပယ်တွေကို အကျိုးပြုတဲ့ ပုဂ္ဂိုလ်တွေလည်း မရှားပါဘူး။

★ စားဝတ်နေရေး ဒီအတွက်လိုအပ်လို့ သဘာဝအားဖြင့် စီးပွားရေးဆိုတဲ့လုပ်ငန်း၊ စီးပွားရေးဆိုတဲ့ ပညာရပ် ရှိဖို့ လိုအပ်တယ်။ ဒီနေ့ #စီးပွားရေးအရေးကြီးပုံကို #ဒီစီးပွားရေးက #လူ့အသိုင်းအဝိုင်းကို society ကို community ကို #အကျိုးပြုပုံကို #လူမူရေးရှု့ထောင့် #အကျင့်စာရိတ္တရှု့ထောင့် #နောက်တိုင်းပြည်အုပ်ချုပ်ရေးရှု့ထောင့် အဲဒီရှု့ထောင်ကနေပြီးတော့ အကျဉ်းမျှ ဘုန်းကြီး ဟောကြားပေးပါမယ်။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာဓမ္မသာမိ
🙏🙏🙏

“လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် (၂၄.၈.၂၀၁၅ မန္တလေး)” တရားအသံတော်မှ ကူးယူရေးသားပူဇော်ပါသည်။

တိုင်းပြည်စီပွားရေးက လူ့အသိုင်းအဝိုင်းကို အကျိုးပြုပုံ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် - အပိုင်း(၂)

★ ဒီနေ့ #စီးပွားရေးအရေးကြီးပုံကို ဒီစီးပွားရေးက လူ့အသိုင်းအဝိုင်းကို society ကို community ကို အကျိုးပြုပုံကို #လူမူရေးရှု့ထောင့် #အကျင့်စာရိတ္တရှု့ထောင့် နောက် #တိုင်းပြည်အုပ်ချုပ်ရေးရှု့ထောင့် အဲဒီရှု့ထောင်ကနေပြီးတော့ အကျဉ်းမျှ ဘုန်းကြီး ဟောကြားပေးပါမယ်။

★ လူမှုရေးရှု့ထောင့်ကနေကြည့်မယ်ဆိုရင် စီးပွားရေးလုပ်ငန်း အဆင်ပြေတဲ့အခါကျမှ လူ့ဘောင်တစ်ခု သူ့မှာလိုအပ်တဲ့ မိသားစုရေးရာ ပညာရေး ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေး အဲဒါတွေ အဆင်ပြေမယ်။ ပိုက်ဆံရှိမှ အဲဒါတွေ ပြီးတယ်။

★ နောက်တစ်ခုက အလယ်ဥရောပ central and eastern europe ဘုန်းကြီး နှစ်စဉ် သာသနာသွားပြုတာ ၉နှစ်ရှိပါပြီ၊ ဆိုရှယ်လစ်နိုင်ငံအဟောင်းတွေဖြစ်ပါတယ်။ သူတို့က အခု နိုင်ငံကို ဖွင့်လစ်လိုက်ပြီဆိုပေမဲ့ ရှေးဟောင်းအတွေးအခေါ်တွေ လက်ကိုင်ထားတဲ့ ပုဂ္ဂိုလ်လည်း ရှိသေးတယ်။

★ အဲဒါကြောင့် စီပွားရေးလုပ်ငန်းရှင်ဆိုရင် လောဘကြီးတယ် သူများကို အသုံးချစားတယ် ဒီလိုမြင်တဲ့အမြင်တွေ ရှိသေးတယ်။ အဲလိုမြင်တဲ့အခါကျတော့ စီးပွားရေးလုပ်ငန်းရှင်တွေ သူတို့မှာ လူ့အသိုင်းအဝိုင်းအတွက် အကျိုးဆောင်သလောက် သူတို့မှာ သိပ်ပြီးတော့ တန်ဖိုးထားခြင်း မခံရဘူး appreciate မခံရဘူး။

★ ကလေးတွေကိုလည်း အဲဒီလိုပဲ အတန်းကျောင်းမှာ ပြောတယ် “ဟာ ဘယ်သူကတော့ဖြင့် စီးပွားရေးသမား” အဲဒီလို ပြောလိုက်ရင် သူက negative connotation စီးပွားရေးသမားလို့ ပြောလိုက်တာနဲ့ အလိုလိုနေရင်း မကောင်းတဲ့လူဆိုပြီးတော့ မြင်အောင် အဲဒီနိုင်ငံတွေမှာ အဲဒီအယူအဆတွေ ထိန်းသိမ်းထားတာမျိုး ရှိသေးတယ်။

★ စီးပွားရေးလုပ်ငန်းကို အားပေးတဲ့ နိုင်ငံတွေကျတော့ အတန်းကျောင်းမှာတည်းက ကလေးတွေ စီးပွားရေးနဲ့ပတ်သတ်ပြီးတော့ ပိုက်ဆံနဲ့ပတ်သတ်ပြီးတော့ သူ့တို့ကိုယ်သူတို့ အားကိုးနိုင်အောင် ပညာရေးထဲမှာ ထည့်ထားတယ်။

★ ရန်ကုန် မန္တလေးမှာရှိတဲ့ Int’l School တွေ အဲဒီအတွေးတွေနဲ့ ကလေးတွေကို သင်ပေးတာ၊ သူတို့ဟာသူတို့ ပိုက်ဆံရှာရတယ်၊ သူတို့လုပ်အားလေးနဲ့ ရှာရတယ်၊ အဲလို ရှာရတဲ့အတွက်ကြောင့်မို့လို့ ပိုက်ဆံတန်ဖိုး ပိုသိတယ်။ ပိုက်ဆံလည်း ပိုပြီးတော့ သုံးတဲ့နေရာမှာ ဆင်ခြင်စဉ်းစားမှုရှိတယ်။

★ တခါတခါ ကလေးတွေ စုပေါင်းပြီးတော့ ပြက္ခဒိန်လုပ်ပြီး မိဘတွေကိုလာပြီးတော့ ရောင်းတယ်၊ ရန်ပုံငွေရှာတယ်၊ တချို့ကျောင်းတွေဆိုရင် ရေဘေးဒုက္ခသည်တွေအတွက်တောင်မှ ဒေါ်လာသုံးလေးရာ လေးငါးရာ ကလေးတွေလေ ပိုက်ဆံရှာပြီးတော့ လှူဒါန်းတာမျိုးတွေရှိတယ်။

★ ဒါ ကလေးတွေ အစောပိုင်းကတည်းက Economics ethics ခေါ်မှာပေါ့ ၀င်ငွေထွက်ငွေနဲ့ ပတ်သတ်တဲ့ အကျင့်စာရိတ္တ၊ ပိုက်ဆံအလကား မသုံးရဘူး၊ ပိုက်ဆံဒီလိုရှာတတ်ရတယ်၊ ဒီလိုဟာမျိုး ငယ်ကတည်းက သင်ပေးတာ။

★ အဲဒီလို သင်ပေးလို့ အတန်းကျောင်းထဲမှာ အဲဒီလိုသင်ပေးလို့ လူတွေက စီးပွားရေးအကြောင်းတွေးပြီး တချို့က တက္ကသိုလ်မှာ စီးပွားရေးပညာသင်ကြားတယ်၊ တချို့ကျတော့ သူတို့ရဲ့အမျိုးသားဘဏ်တွေမှာ ၀င်အလုပ်လုပ်ကြတယ်၊ တချို့ကျတော့ ကုမ္ပဏီကြီးတွေမှာ economics အနေနဲ့ ၀င်လုပ်ကြတယ်။ အဲဒါတွေကတော့ စီးပွားရေးပညာရှင်တွေပေါ့။

★ စီးပွားရေးပညာရပ်နဲ့ပတ်သတ်ပြီး နိုဘယ်လ်ဆုရတဲ့နိုင်ငံအများဆုံး အမေရိကန်နိုင်ငံ ရာခိုင်နှုန်း ၆၀ ကျော်တယ်။ သူတို့နိုင်ငံပဲ ရတယ်။ အဲဒါကြောင့် သူတို့ထက်လူဦးရေးများပေမဲ့ သူတို့ထက် သယံဇာတပေါပေမဲ့ သူတို့လောက် ပိုက်ဆံမချမ်းသာတာ သူတို့က ငယ်ငယ်ကတည်းက စီးပွားရေးပညာရပ်သင်ပေးလို့။

★ လူမှုရေးရှု့ထောင်ကနေပြောမယ်ဆိုရင် ဒါ ဘုန်းကြီးက sociologist အနေနဲ့ လူမူရေးသိပ္ပံပညာရှင်အနေနဲ့ ပြောတာ မဟုတ်ပါဘူး ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးအနေနဲ့ နောက်ပြီးတော့ နိုင်ငံခြားတက္ကသိုလ်တော်တော်များမှာ ဗုဒ္ဓတရားတော်သင်ကြားနေတဲ့ ပညာရှင်ရဟန်းတော်တစ်ပါးအနေနဲ့ ဝေဖန်ဆန်းစစ်ပြမှာဖြစ်ပါတယ်။

★ လူမှုရေးရှု့ထောင်အနေနဲ့ကြည့်မယ်ဆိုရင် အခု စိတ်ဝင်စားတဲ့ ရဟန်းတော်လေးတွေ သီလရှင်ဆရာလေးတွေ စာသင်နေတဲ့ဆရာလေးတွေ လေ့လာနိုင်ဖို့အတွက် ဘုန်းကြီးက စာအုပ်လေးယူလာတယ်။ ဒါ သုတ္တံပိဋကတ် ဒီဃနိကာယ် ပါထိကဝဂ် သုတ်သုံးကျမ်းထဲမှာ ပါပါတယ်။ ဒီထဲမှာ စက္ကဝတိသီဟနာဒသုတ် ဆိုတာ ရှိတယ် စကြဝတေးမင်းအကြောင်းပြောတာ။

★ ဒီထဲမှာ ဘာစိတ်စားစရာလေးပါတုန်းဆိုတော့ ဆဋ္ဌမူ စာမျက်နှာ ၅၆မှာ တခါကျတော့ တိုင်းပြည်တစ်ပြည်မှာ အလုပ်မလုပ်ရလို့ အလုပ်မရှိလို့ ၀င်ငွေမရှိလို့ ဆင်းရဲမွဲတေမှုတွေ တစ်ဆထက်တစ်ဆ များလာတယ်တဲ့။ ဆင်းရဲမှုတွေ များလာတယ်။

★ များလာတော့ ဘာလုပ်တုန်း? စားဝတ်နေရေးက မစားဘဲနေမှ မနေနိုင်တာ မဝတ်ဘဲနေမှ မနေနိုင်တာ။ အဲဒီတော့ လူတွေ    ကျင့်ပျက်ပြီးတော့ ခိုးကြတာပေါ့။ Survive ဖြစ်ဖို့ အတွက် အသက်ရှင်ဖို့အတွက် ခိုးရတာ။ တော်ရုံတန်ရုံလူ မခိုးရဲဘူး။ စိတ်ထဲမှာ ဒီမကောင်းတာ လုပ်ရမယ့် အရှက်အကြောက် လူတွေမှာ ပါလာတယ်။

★ "ဟိရီ သြတ္တပ္ပ" ခေါ်တာပေါ့ အင်္ဂလိပ်လို conscious လို့ခေါ်တယ်၊ အဲဒီတော့ စားစရာမရှိလို့ ခိုးရတဲ့ အခြေအနေမျိုး၊ ခိုးတဲ့အခါကျတော့ ပလိပ်က ဖမ်းမိတယ်တဲ့။ ဖမ်းမိပြီးတော့ စစ်တယ် ဟိုတုန်းကတော့ centralization ပုံစံမျိုး မြတ်စွာဘုရားခေတ်တုန်းက မြတ်စွာဘုရားဟောထားတာ နှစ်ပေါင်း ၂၆၀၀ centralization လုပ်တယ်ဆိုတော့ ဒါ ဘာအမှုဘဲဖြစ်ဖြစ် ဘုရင့်ဆီရောက်သွားတယ်။

★ ဘုရင်က အမှုစစ်တယ်တဲ့ ဘာဖြစ်လို့ ခိုးတာတုန်း? “န ဇီဝါမ” “ကျွန်တော် မခိုးရင် အသက်မရှင်နိုင်လို့ပါ။ အသက်ရှင်ဖို့အတွက် ခိုးတာ။ သူများပစ္စည်းဥစ္စာ မလေးစားလို့ မဟုတ်ပါဘူး၊ သူ့ဥစ္စာ ပျက်စီးစေ ဒီလို မဟုတ်ပါဘူး၊ သူ့ပိုက်ဆံရှိတာ မနာလိုလို့ မဟုတ်ပါဘူး၊ ကျွန်တော်ဝမ်းစာအတွက် ခိုးရတာပါ။”

★ အဲဒီလိုပြောတော့ ဘုရင်ကြီးက သနားပြီးတော့ ဒီတိုင်းဆိုရင် ရော့ပိုက်ဆံယူသွား ပိုက်ဆံပေးလိုက်တာ။ အရေးလည်း မယူဘူး၊ ပိုက်ဆံလည်း ပေးလိုက်တယ်၊ အဲဒီလိုပဲ နောက်တစ်နေရာ စားစရာမရှိလို့ လူတစ်ယောက် ထပ်ခိုးပြန်တယ်။ သူ့ကိုလည်း ဖမ်းမိတယ်၊ ဘုရင်ရှေ့ရောက်သွားတယ်။

★ “ဟေ့ နင်ဘာလို့ ခိုးတာတုန်း” “ကျွန်တော် စားစရာမရှိလို့ပါ ကျွန်တော်ရဲ့ကလေး ကျွန်တော်ရဲ့မိသားစု စားစရာမရှိလို့ ဒါကြောင့် ကျွန်တော် ခိုးရတာပါ” ဘုရင်ကြီးလည်း သနားပြီးတော့ နင်လည်း ပိုက်ဆံယူသွား။

★ ဟာ ခိုးတယ်ဆိုရင် ဘုရင်က ပိုက်ဆံပေးတယ်။ လူတွေက သတင်းကြားရော။ သတင်းကြားတော့ သူတို့က ၀ိုင်းခိုးကြတယ်။ အဲဒီလို ခိုးတဲ့လူကို ဖမ်းမိပြီးတော့ ဘာလို့ခိုးတာတုန်း? ခိုးလို့ ဖမ်းမိတယ်ဆိုရင် ဘုရင်မင်းမြတ်က ပိုက်ဆံချီးမြှင့်တယ်ကြားလို့ ကျွန်တော်မျိုးလည်းခိုးတာ။

★ ဘုရင်မင်းမြတ်ဆီကနေပြီးတော့ ပိုက်ဆံလိုချင်လို့ ကျွန်တော်ခိုးတာ၊ ဘယ်လောက်စိတ်ဝင်စားစရာကောင်းတုန်း? အမှန်အတိုင်းပြောတာ။ သိက္ခာပုဒ်ငါးပါးထဲမှာ “အဒိန္နာဒါန” သိက္ခာပုဒ်တစ်ခုပဲ ပျက်တယ်၊ “မုသာဝါဒ” သိက္ခာပုဒ် မပျက်ဘူး။ ကျွန်တော် ဒါကြောင့်ခိုးတယ်။ အဲဒီလိုပြောတာ။

★ အဲဒါကို ဘုန်းကြီးက ဒီ story ကို အရမ်းကြိုက်တယ်။ အဲတော့ ဘုရင်နဲ့ သူရဲ့အမတ်တွေက စဉ်းစားတယ် ဟာ ဒီတိုင်းဆိုရင်တော့ ဒီကောင် ပိုက်ဆံပေးပြီးတော့ လွတ်လိုက်လို့ မရဘူးထင်တယ်။ လွတ်လိုက်ရင်တော့ ၀ိုင်းပြီးတော့ ခိုးကြမှာ။ နောက်ပြီးတော့ ငါ့မှာ ရှိတဲ့ဘဏ္ဍာတွေ အကုန်ကုန်သွားမှာပဲ ပေးလို့ မလောက်ဘူး။

★ ဘာလုပ်တုန်ုး? အဲဒီ ခိုးတဲ့လူ ခေါင်းဖြတ်လိုက်တယ်၊ ဒဏ်ပေးတယ်ပေါ့ အဲ့တုန်းကတော့ အရှေ့အလယ်ပိုင်းမှာ အများဆုံးတွေ့ရတဲ့ ခေါင်းဖြတ်မှုမျိုး အဲလိုရှိပုံရတယ်။ ဒါကြောင့် ဒီထဲမှာ ခေါင်းဖြတ်တယ်လို့ ဆိုထားတယ်၊ ဒဏ်ပေးတယ်။ ခိုးတယ် “အဒိန္နာဒါန” ဖြစ်တယ် အခုခေါင်းဖြတ်တယ် “ပါဏာတိပါတ” ဖြစ်တယ် နှစ်ခုကျိုးသွားပြီ သိက္ခာပုဒ် ငါးပါးသီလ သိက္ခာပုဒ်။

★ အဲဒီလိုနဲ့ နောက်တခါထပ်ဖမ်းမိတဲ့အခါကျတော့ သူခိုးက ဘာကြောင့်ခိုးတာတုန်း မေးတဲ့အခါကျတော့ “ကျွန်တော် တကယ်မခိုးရပါဘူး ဒါ ကျွန်တော့်ဟာပါ” ဆိုပြီး ဟိုလှည့်ပြော ဒီလှည့်ပြော ကြံဖန်ပြီးတော့ ဟိုလူသက်သေခေါ် ဒီလူသက်သေခေါ် ဘုရင်ပြောပြတယ်။

★ “အဒိန္နာဒါန” ပျက်သွားပြီ၊ “ပါဏာတိပါတ” နိုင်ငံတစ်ခုအနေနဲ့ ၀င်လာပြီ၊ “မုသာဝါဒ” ပေါ်လာပြီ။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာဓမ္မသာမိ
🙏🙏🙏

“လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် (၂၄.၈.၂၀၁၅ မန္တလေး)” တရားအသံတော်မှ ကူးယူရေးသားပူဇော်ပါသည်။

စီးပွားရေးကျဆင်းမှုကြောင့် လူ့အသိုင်းအဝိုင်းတစ်ခု
နိုင်ငံတစ်ခုဟာ အကျင့်သီလလည်းပျက်တယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် - အပိုင်း(၃)

★ သူခိုးတွေများတဲ့အခါကျတော့ စီးပွားရေးလုပ်တဲ့လူတွေလည်းပဲ ဒီတိုင်းဆို မဖြစ်ဘူး၊ ငါတို့ လက်နတ်နဲ့စောင့်မှဖြစ်တယ် guard ရှိရယ် security ရှိရမယ်  သေနတ်ကိုင်တယ်။ အဲဒီလိုနဲ့ လာခိုးတဲ့လူတွေလည်းပဲ စားစရာမရှိလို့ လာခိုးတဲ့လူတွေလည်းပဲ သေနတ်နဲ့လာတယ်။ ဒီလိုနဲ့  crime ဆိုတဲ့ မူခင်းတွေ ပေါ်လာတယ်။

★ အဲဒီလို လိမ်လည်းလိမ်တယ်၊ ခိုးလည်းခိုးတယ်၊ အကြမ်းလည်းဖက်တယ်။ ခိုးတဲ့လူလည်း အကြမ်းဖက်တယ်၊ ပိုက်ဆံရှိပြီးတော့ ကိုယ့်ရဲ့ပိုက်ဆံကိုစောင့်စည်းတဲ့ပုဂ္ဂိုလ် ထိန်းသိန်းရတဲ့ပုဂ္ဂိုလ်လည်း အကြမ်းဖက်တယ် အုပ်ချုပ်တဲ့ဘုရင်ကလည်းပဲ အကြမ်းဖက်ပြီးတော့ အဲဒီသူခိုးကို ဓားမြကို နှိမ်နင်းတယ်။ အကုန်အကြမ်းဖက်တွေကြည့်ပဲ။

★ အဲဒီလိုဖြစ်လာတာများရင်တဲ့ ဒီတရားတော်ကဆိုတယ် အသက်တွေတိုလာတယ်။ ကြောက်ကြောက်နဲ့နေရတာ ပိုက်ဆံရှိတဲ့သူလည်း သေနတ်နဲ့ ကြောက်ကြောက်နဲ့နေရတာ အိမ်ထဲမှာ။

★ အိမ်ကြီးဟိန်းနေအောင် ဆောက်ထားတယ် ဘေးနားမှာ slum ဆိုတာရှိတယ်မို့လား အိန္ဒိယရုပ်ရှင်ကြည့်ဖူးမှာပေါ့ slumdog အဲလိုအိမ်တွေပဲ ကိုယ့်ရဲ့နားမှာ ရှိတယ်ဆိုရင် သူဌေး အိမ်ထဲကနေ ထွက်ရဲမှာမဟုတ်ဘူး ။

★ အိပ်တာတောင်မှလေ alarm တွေ အမျိုးမျိုး တပ်ဆင်ပြီးတော့မှ အိပ်ရဲမှာ security လည်းထားမယ် alarm တွေထားမယ် cctv ကင်မရာတွေ အလုံးပေါင်းမြောက်များစွာ ထားပြီးတော့မှ အိပ်နိုင်မှာ။ ဒါတောင်မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာ မဟုတ်ဘူး။

★ ဘာဖြစ်လို့တုန်းဆိုတော့ ကိုယ်တစ်ယောက်တည်း ချမ်းသာပြီးတော့ ဘေးကလူတွေမချမ်းသာဘူး။ ခိုးမှု သတ်မှုဖြတ်မှု လိမ်လည်မှု ရပ်ကွက်ထဲမှာ မတည်မငြိမ် ဆူဆူပူပူဖြစ်မှုဆိုတဲ့ ဒီလူမှုရေးပြဿနာတွေ တချို့ကျတော့ #အကျင့်စာရိတ္တဘာမှ #ဂရုမစိုက်နိုင်တော့ဘူး။

★ မိမိခန္ဓာကိုယ်ကို ရောင်းစားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်၊ ယောက်ျားလည်းရှိတယ်၊ မိန်းမလည်းရှိတယ်။ တချို့ကျတော့ ခန္ဓာကိုယ်မရောင်းစားဘူး အကျင့်စာရိတ္တရောင်းစာတယ်၊ တချို့ကျတော့ နာမည်ရောင်းစားတယ်။ အဲဒီလို လုပ်တဲ့အခြေအနေမျိုးအထိ ရှိလာတယ်။

★ ဒါကြောင့်မို့လို့ စကြဝတေးမင်းဖြစ်ချင်တယ်ဆိုရင်တဲ့ စကြဝတေးမင်းဆို ideal administrator တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာမှာ အကောင်းဆုံးပုဂ္ဂိုလ်။ သူရှိရမယ့် အင်္ဂါရပ်တွေထဲမှာ စီးပွားရေးတော်ရမယ် စီးပွားရေးကောင်းရမယ် စီးပွားရေးနားလည်ရမယ် အဲဒီလိုပါတယ်။

★ စီးပွားရေးနားမလည်လို့ ဒီဝင်ငွေ generate မလုပ်နိုင်ဘူး အဲဒီလိုဖြစ်တယ်ဆိုရင် ကျန်းမာရေးထိခိုက်မှာပဲ၊ ကျန်းမာရေးနဲ့ပတ်သတ်ပြီးတော့ ပြီးခဲ့၈နှစ်လောက်က ဘုန်းကြီးရဲ့မယ်တော်ကြီးနေမကောင်းတော့ ဘန်ကောက်မြို့မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ ခေါ်ပြီးတော့ ဆေးသွားကုတယ်။

★ ဘုန်းကြီးက ဘုန်းကြီးဆိုတော့လေ ပိုက်ဆံမရှိဘူး။ အဲဒါ ပိုက်ဆံတတ်နိုင်တဲ့ ဒကာဒကာမတွေက ၀ိုင်းပြီးတော့ ထောက်ပံ့တဲ့အခါကျတော့ အဲမှာ နိုင်ငံခြားပြန် ဆရာဝန်ကြီးငါးယောက် တစ်ရက်တည်း မယ်တော်ကြီးတွေ့နိုင်တယ်။ အရမ်းကျေးဇူးတင်လိုက်တာ။ ဒါပိုက်ဆံရှိလို့ ဖြစ်နိုင်တာပဲ ဆိုပြီးတော့ ကူညီထောက်ပံ့တဲ့ဒကာတွေကို ဘုန်းကြီး ကျေးဇူးတင်လို့ မဆုံးဘူး။

★ အဲဒီအထဲမှာ ဘုရင့်ကိုကုသတဲ့ Mahidol တက္ကသိုလ်က ဌာနမှုးပါမောက္ခပါပါသေးတယ်။ မယ်တော်ကြီး ဘာရောဂါတွေဖြစ်တယ်၊ အဲဒီလို စစ်ဆေးလို့ရအောင် ဆရာဝန်တွေနဲ့တွေ့လို့ရအောင်။ ပိုက်ဆံမရှိဘူးဆိုရင် လူမူရေး စီးပွားရေး အကုန်လုံးနောက်ကျတယ်။

★ အဲတော့ အခုစက္ကဝတ္တိသီဟနာဒသုတ်က ဘာထောက်ပြတာတုန်းဆိုတော့ #စီးပွားရေးမကောင်းဘူးဆိုရင် #လူ့အသိုင်းအဝိုင်းတစ်ခု #နိုင်ငံတစ်ခုဟာ #အကျင့်သီလလည်းပျက်ပါတယ်တဲ့။ #လူမူရေးပြဿနာတွေလည်း #အများကြီးဖြစ်တယ်။

★ အဲဒါကိုပဲ ဒီသုတ္တံထဲမှာရှိတဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမကိုပဲ အခြေခံပြီးတော့ မြန်မာလိုဘယ်လိုပြန်တုန်းဆိုတော့ “အူမတောင့်မှ သီလစောင့်နိုင်တယ်” တဲ့။ သီလဆိုတာ ethics ကိုပြောတာ။ သီလဆိုတာ သူက ပုံမှန်အလေ့အကျင့်လို့ပြောတာ။ ပုံမှန်ဆို လူတွေက တစ်ယောက်နဲ့တစ်ယောက်မရိုက်ဘူး။

★ တစ်ယောက်ပစ္စည်းတစ်ယောက် မခိုးဘူး၊ တစ်ယောက်နဲ့တစ်ယောက် မလိမ်ဘူး။ အဲဒါကိုပဲ သီလလို့ခေါ်တာ၊ ပုံမှန်အကျင့် normal behaviour အဲဒါကို သီလခေါ်တာ။ အဲဒီ ပုံမှန်လူတွေရဲ့ ပြုမူပုံကနေ ဖောက်ပြီးတော့ ပြုမူတဲ့ပုဂ္ဂိုလ်တွေ သူတို့ကိုကျတော့ သီလချိုးဖောက်တဲ့ပုဂ္ဂိုလ်လို့ခေါ်တာ။

★ ဒါကြောင့် သီလဆိုတာ အထူးစောင့်စည်းရတာ မဟုတ်ဘူး။ "ပါဏာတိပါတ" သူ့အသက်ကိုသတ်တဲ့လူနဲ့ သူ့အသက်ကို မသတ်တဲ့လူဆိုရင် သူ့အသက်ကိုမသတ်တဲ့သူက အများကြီးပိုများတယ်။ လူသတ်သမားက နဲနဲပဲရှိတယ်။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် နိုင်ငံတိုင်းမှာတော့ရှိတယ် ဒါပေမဲ့ နိုင်ငံတိုင်းမှာ လူနည်းစုပဲ တကယ့်လူနည်းစုပဲ။

★ ဒါကြောင့် သူများရဲ့အသက်ကို မလေးမစား အကြမ်းဖက်တယ် ခြိမ်းခြောက်တယ်ဆိုတာ လူတွေရဲ့ ပုံမှန်အလေ့အကျင့် မဟုတ်ပါဘူး။ သူများရဲ့ပစ္စည်းဥစ္စာကို မလေးမစားပြုမူတယ်ဆိုရင် ဒါ ပုံမှန်အလေ့အကျင့်မဟုတ်ပါဘူး။

★ ဒီတိုင်းပဲ သိက္ခာပုဒ်ငါးပါး သီလဆိုတာ ပုံမှန်အကျင့် အထူးလေ့ကျင့်ရတဲ့ဟာ မဟုတ်ပါဘူး။ ဒါပေမဲ့ #ပုံမှန်အကျင့်ကို #မကျင့်နိုင်အောင် #လာပြီးတော့နှောင့်ယှက်တဲ့အရာထဲမှာ#အရေးကြီးတဲ့အရာတစ်ခုက #စီးပွားရေးကျဆင်းမှုပဲ။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာဓမ္မသာမိ
🙏🙏🙏

“လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် (၂၄.၈.၂၀၁၅ မန္တလေး)” တရားအသံတော်မှ ကူးယူရေးသားပူဇော်ပါသည်။


နိုင်ငံအုပ်ချုပ်ရေးရှု့ထောင့်ကနေ
စီးပွားရေးပြေလည်စေဖို့ ဆောင်ရွက်ချက်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် - အပိုင်း(၄)

★ ကြုံလို့ ဗဟုသုတအရ ဥရောပ EU နိုင်ငံတွေ အလည်သွားမယ် အမေရိကတိုက် အလည်သွားမယ် သူတို့က လူတွေကို ဘယ်လိုကြည့်တုန်း စီးပွားရေးမျက်စိနဲ့ကြည့်တယ်။ ဘယ်နိုင်ငံက စုပေါင်းဝင်ငွေ GDP ဘယ်လောက်ရှိလဲ ပျမ်းမျှဝင်ငွေဘယ်လောက်ရှိတယ်။

★ ပျမ်းမျှဝင်ငွေ နှစ်သောင်းလောက် အဲဒီနိုင်ငံမှာ လူတိုင်းပျမ်းမျှဝင်ငွေနှစ်သောင်းလောက် ရှိတဲ့နိုင်ငံဆိုရင် ဗီဇာတောင်းဖို့ မလိုတော့ဘူး။ လေးစားတယ်ပေါ့။ ဒါ သူတို့နိုင်ငံသွားပြီးတော့ အကြမ်းဖက်ဖို့လည်း မဟုတ်ဘူး၊ သူတို့ပစ္စည်းကိုသွားပြီးတော့ ခိုးယူမဲ့သူလည်း မဟုတ်ဘူး။

★ နောက်တစ်ခုက #နိုင်ငံအုပ်ချုပ်ရေးရှု့ထောင့်ကနေ #စီးပွားရေးကိုကြည့်မယ်ဆိုရင် အခုခေတ်မှာ ဘာသာရပ်တစ်ခုရှိတယ်၊ တက္ကသိုလ်တွေမှာ political economy ဆိုတာရှိတယ်။

★ အခုပြောမဲ့ သုတ္တံ အခုပြမယ့်သုတ္တံ ဒါဓမ္မာစရိယတန်းဖြေတဲ့ သံဃာတော်တွေ သီလရှင်တွေ လေ့လာရတဲ့ စာအုပ်ပါ။ သီလက္ခန်ကျမ်းလို့ခေါ်တယ်။ သူတို့လေ့လာရတဲ့ ကျမ်းတစ်ကျမ်းဖြစ်ပါတယ်။ ဘုန်းကြီးကိုယ်တိုင် အသက်၁၈နှစ်၁၉နှစ်နဲ့ ဒီကျမ်းကိုလေ့လာပြီးတော့ ဓမ္မာစရိယဘွဲ့ရရှိထားပါတယ်။

★ ဒီထဲမှာ နံပါတ်(၅)ခုမြောက် သုတ္တံ "#ကူဋဒန္တ" ဆိုတဲ့ သုတ္တံရှိတယ်။ ဘာလေးစိတ်ဝင်စားစရာကောင်းတုန်းဆိုတော့...

တစ်နေ့တော့တဲ ဘုရင်ကြီးက သူ့မှာ ဘုရင်ဆိုတော့သူများထက်လည်းပဲ ပညာတတ်တယ် ကျောင်းကောင်းကောင်းနေခဲ့ရတယ်။ သူများထက်လည်းပဲ ဗဟုသုတပိုများတယ်၊ အတွေ့အကြုံပိုများတယ်၊ ခရီးပိုသွားရတယ်၊ နောက် ဘုရင်ဆိုတော့ သူ့မိဘရဲ့ အရိုက်အရာကို အမွေဆက်ခံထားတဲ့ဟာတွေလည်း အများကြီးရှိတယ်။

★ ဒါကြောင့် ဒီဘုရင်က ပိုက်ဆံရှိတယ်။ ပညာတတ်တယ် စိတ်ကောင်းရှိတယ်။ အကျင့်သီလကောင်းတယ်။ တစ်နေ့ကျတော့ သူဘာစဉ်းစားတုန်းဆိုတော့ ငါ့မှာ လူလောက စည်းစိမ်ဥစ္စာ ပိုက်ဆံတွေအများကြီးရှိတယ်။ နောက်ပြီးတော့ နယ်မြေတွေကိုလည်းပဲ အောင်နိုင်ထားတာ အခုအများကြီး ငါ့လက်ထဲမှာ ရှိတယ်။ ငါ့နိုင်ငံလည်း အကြီးကြီး။

★ သူ့နာမည်ကကိုက မဟာဝိဇိတ အောင်နိုင်သူတဲ့။ အောင်နိုင်သူဘုရင် တစ်နေ့တော့ ဘာစဉ်းစားမိတုန်းဆိုတော့ ငါ့မှာရှိတဲ့ပစ္စည်းဥစ္စာတွေ ဆုတ်ယုတ်မှုမရှိအောင် ငါဗေဒင်ယတြာလေးချေရင်ကောင်းမှာပဲ။ ဗေဒင်ယတြာချေဖို့ ။ အိန္ဒိယနိုင်ငံ ပုဏ္ဏားတွေရဲ့ အသုံးနဲ့ ပြောမယ်ဆိုရင်တော့ ယဇ်ပူဇော်ရရင်ကောင်းမှာပဲပေါ့။ ယဇ်ပူဇော်တာ နည်းနည်းနောနော မဟုတ်ဘူး။

★ ဘုန်းကြီးတို့လည်း ယတြာချေဖူးတယ်။ ရဟန်းမကြီးက ယတြာချေခိုင်းတာ၊ ဓမ္မာစရိယတန်းဖြေတဲ့အခါကျတော့ ရဟန်းဒကာမကြီးက ဗေဒင်သွားကြည့်ပေးတယ်။ အဲတုန်းက ကိုရင်ပဲရှိသေးတယ်။ ကိုရင် ဗေဒင်သွားကြည့်ပေးတယ်တဲ့ စာမေးပွဲဖြေတော့မယ်ဆိုလို ကြက်ဥမဘုန်းရဘူးနော်တဲ့။ ကြက်ဥမစားရဘူး အဲ့နေ့။ ကြက်ဥကပ်လည်း မစားရဘူး။

★ နောက်ပြီးတော့ စာအုပ်ထဲမှာ အုန်းညွှန့်လေးထည့်သွားပါတဲ့ ယတြာချေတဲ့အကြောင်းလေးပြောတာ၊ မန္တလေးမြို့မှာ ယတြာချေဆရာတွေ အများကြီးရှိတယ် နာမည်ကြီးတွေ။ ဒီဘုရင်ကြီးကလည်း ယတြာချေမယ်တဲ့။

★ ဒါပေမဲ့ သူယတြာချေတာ အိန္ဒိယနိုင်ငံ နီပေါနိုင်ငံတွေမှာတွေ့ရတဲ့အတိုင်း တချို့ Facebook မှာ တွေ့မှာပဲ နှစ်နှစ်သုံးနှစ်တစ်ကြိမ် လူတွေယတြာချေကြတာလေ နတ်သမီးတစ်ပါးကို ဆက်သတဲ့အနေနဲ့ ကျွဲအကောင်ပေါင်း ငါးထောင်လောက်သတ်တယ်ဆိုတာ နီပေါနိုင်ငံမှာ။ ဒါ ဗုဒ္ဓခေတ်ကတည်းက ရှိခဲ့တာ။ ဗုဒ္ဓခေတ်မတိုင်ခင်တည်းက ရှိတယ်လို့ ဆိုရမှာ။

★ အဲတော့ ဒီဘုရင်ကြီးက ကျွဲတွေ ဒီနွားလားတွေ နွားပေါက်စလေးတွေ နွားမတွေ ဆိတ်တွေ သိုးတွေပေါ့နော် အဲလိုအမျိုးမျိုးပေါ့ တစ်မျိုးမျိုးကို ခုနှစ်ရာစီ ခုနှစ်ရာစီ သူက နံပါတ် (၇) ကလည်းကြိုက်တယ်။ ခုနှစ်ရာစီ ယဇ်ပူဇော်မယ်။ ယဇ်ပူဇော်တယ်ဆိုတာ သတ်တာ ဒီတိုင်း အလကားသတ်ပစ်တာ။

★ အဲဒီလိုလုပ်ရင်တော့ ငါ့မှာရှိတဲ့ စည်းစိမ်ဥစ္စာတွေ မပျောက်မပျက်ခိုင်မြဲမှာပဲ သူက ဒီလိုယူဆထားတယ်။ အဲဒီလို လုပ်ချင်တဲ့အခါကျတော့ သူရဲ့မင်းတိုင်ပင်အမတ် အကြံပေးအမတ်ကို ၀န်ကြီးပေါ့နော် ခေါ်ပြီးတော့ မေးတယ်၊

"ဟေ့ ၀န်ကြီး ငါ ဒီလို ဒီလို ရှိတယ် ယဇ်ပူဇော်ချင်တယ်။"

★ ယဇ်အကြီးအကျယ်ပူဇော်ချင်တယ်။ ယဇ်ကြီး #မဟာယည ဆိုတဲ့ ယဇ်ကြီးပူဇော်ချင်တယ်။ ယတြာအကြီးကြီး ချေချင်တယ်။ အဲဒီပရောဟိတ်က သာမန်ပရောဟိတ်မဟုတ်ဘူး။

★ အရှေ့နောက် ထောက်ဆတတ်တဲ့ ပရောဟိတ်၊ လက်တွေ့ကျတဲ့ ပရောဟိတ်။ ထစ်ခနဲ ပြဿနာရှိရင် ယတြာချေဖို့ တွေးတဲ့ ပရောဟိတ်မဟုတ်ဘူး။ သူက စီးပွားရေးပညာနဲ့ စဉ်းစားတယ် အုပ်ချုပ်ရေးပညာနဲ့ စဉ်းစားတယ်။ လူမူရေးပညာနဲ့ စဉ်းစားတယ်။ အဲဒီလိုအမတ်မျိုး။

★ ဒီအမတ်က ဘာပြောတုန်းဆိုတော့ ဘုရင်မင်းမြတ်က ဘဏ္ဍာတော်တွေ အများကြီးရှိတယ်။ ဒါ ဟုတ်ပါတယ်။ ဒါပေမဲ့ တိုင်းသူပြည်သားတွေကြည့်ပါအုန်း ရွာတွေထဲမှာ မြို့တွေထဲမှာ စီးပွားရေးအဆင်မပြေလို့ တစ်ယောက်ကိုတစ်ယောက် လိမ်တာတွေရှိတယ်၊ တစ်ယောက်ကိုတစ်ယောက် နှိပ်စက်တာတွေရှိတယ်။ နှိပ်စက်လို့မှ လိုချင်တဲ့ ပိုက်ဆံမရသေးရင် သတ်ဖြတ်တာတွေလည်း ရှိတယ်။

★ ဒါကြောင့်မို့လို့ သူတို့မှာ ဒီလောက်ထိစားဝတ်နေရေး အခက်အခဲရှိပါရဲ့နဲ့ ဘုရင်ကြီးက ယဇ်ပူဇော်မယ်ဆိုရင်တော့ တိုင်းသူပြည်သားတွေ It’s not going to go down very well. သူတို့က စိတ်ထဲမှာ သိပ်ပျော်မှာ မဟုတ်ဘူး။ ဘုရင်ကြီးကို အဲလိုပြောတယ်။

★ ကျွန်တော် ဘုရင်မင်းမြတ်ကို လျှောက်ထားချင်တာကြတော့ ဒီလိုပါ။ တိုင်းသူပြည်သားတွေ သူတို့မှာရှိနေတဲ့ လူမူရေးပြဿနာ တစ်ယောက်ကိုတစ်ယောက် တစ်ယောက်ရဲ့ဥစ္စာ တစ်ယောက်ခိုးယူလို့ မှုခင်းတွေ ဖြစ်တဲ့ဟာ အဲဒီကိစ္စ မဖြေရှင်းဘူးဆိုရင် မဖြေရှင်းဘဲနဲ့ ဘုရင်မင်းမြတ်က ဒီလိုပွဲကြီးလမ်းကြီး ယဇ်ပူဇော်မှုလုပ်တယ်ဆိုရင်တော့ တိုင်းပြည်တော့ ဆူပူနိုင်တယ်လို့ အဲဒီလို ဘုရင်ကို လျှောက်ထားပါတယ်။

★ ဒါဖြင့် ဘယ်လိုလုပ်ရမှာတုန်းဆိုတော့ လယ်ယာလုပ်ငန်းလုပ်တဲ့သူတွေကို မျိုးစေ့ထောက်ပံ့ပါ၊ သူတို့စိုက်ပျိုးနိုင်အောင် ကောင်းကောင်းစိုက်ပျိုးနိုင်အောင် မျိုးစေ့ပေးပါ။ မြေသြဇာပေးပါ မြေနေရာလေးပေးပါ။ သူတို့ agricultural #လယ်ယာလုပ်ငန်းတွေမှာ #ကောင်းကောင်းမွန်မွန်လုပ်နိုင်အောင် #ထောက်ပံ့ပေးပါ နံပါတ်(၁) အကြံ။

★ နံပါတ်(၂) #စီးပွားရေးလုပ်ချင်တဲ့ပုဂ္ဂိုလ်တွေကို #ပိုက်ဆံအရင်းအနှီးထုတ်ပေးပါ၊ နိုင်ငံတိုင်းမှာ ဗဟိုဘဏ်က နိုင်ငံတိုင်းမှာရှိတဲ့ တခြားဘဏ်တွေကို ပိုက်ဆံချေးတာရှိတယ် ဒီပုံစံမျိုးပဲ။ ဒီကျမ်းစာ နှစ်ပေါင်း ၂၆၀၀ ရှိပြီ။ အခုမှ ပေါ်လာတဲ့ Economics ပညာရပ်မဟုတ်ပါဘူး။

★ နောက်ပြီးတော့ #အစိုးရဝန်ထမ်းလုပ်ချင်တဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲ #သူတို့နေနိုင်ထိုင်နိုင်အောင်စောင့်ရှောက်ပါ #လခနဲ့စောင့်ရှောက်ပါ။ အဲဒီလို လုပ်တယ်ဆိုရင် စီးပွားရေးမပူရတဲ့ အခါကျတော့ တစ်ယောက်ကိုတစ်ယောက် ခိုးတာ မရှိတော့ဘူး။ အိမ်တံခါးတောင်မှ ပိတ်ဖို့ မလိုတော့ဘူး။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာဓမ္မသာမိ
🙏🙏🙏

“လူကြိုက်နတ်ကြိုက် စီးပွားရေးလုပ်ငန်းရှင် (၂၄.၈.၂၀၁၅ မန္တလေး)” တရားအသံတော်မှ ကူးယူရေးသားပူဇော်ပါသည်။

No comments: