မိန်းကလေး သူငယ်ချင်းနှစ်ယောက် ရှိတယ်။ ကျောင်းပြီးတော့လည်း အတူ၊ အလုပ်တွေ စလုပ်တော့လည်း အတူ၊ အိမ်ထောင်ပြုတော့လည်း အတူ။ ဒါပေမဲ့ ရွေးလိုက်တဲ့ အိမ်ထောင်ဘက်ချင်းတော့ မတူဘူး။
တစ်ယောက်က သူ့မိန်းမ လုပ်သမျှကို ကူညီပေးတယ်။ သူ့အလုပ်သူလည်း ကြိုးစားတယ်။ မိန်းမ ကြိုးစားတာကိုလည်း ကူပေး၊ လစ်ဟင်းသွားတဲ့ အိမ်အလုပ်တွေလည်း လုပ်ပေး။ နှစ်ယောက်တူတူ အောင်မြင်ဖို့ကို ဦးစားပေးတယ်။
နောက်တစ်ယောက်ကကျ သူ့မိန်းမကို နားလည်မပေးဘူး။ အလုပ်ထွက်ခိုင်းတယ်။ နောက် အိမ်ထောင်ရေး ဖောက်ပြန်တယ်။ စိတ်ပိုင်းဆိုင်ရာအရ နှိပ်စက်တယ်။ ဒီတော့ အမျိုးသမီးက သူ့အလုပ်၊ သူ့ပညာကို ဦးစားမပေးအားဘဲ ဒီအိမ်ထောင်ရေး ပြဿနာတွေကိုပဲ ရှင်းနေရတဲ့အခါ အောင်မြင်ဖို့က နှောင့်နှေးလာတယ်။
ပြောချင်တာက ကိုယ် ရွေးချယ်လိုက်တဲ့ လက်တွဲဖော်ဟာ ကိုယ့်အောင်မြင်မှု အတက်အကျအပေါ် လွှမ်းမိုးမှု ရှိတယ် ဆိုတာပဲ။ မိန်းကလေးမှ မဟုတ်ဘူး။ ယောက်ျားတွေမှာလည်း မိန်းမနှိပ်စက်လို့၊ ပိုက်ဆံတွေ ဖြုန်းပစ်လိုက်လို့ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ရသူတွေ အများကြီး ရှိပါတယ်။
လူငယ်ဘဝမှာ ရည်းစားထားတာက ထားလို့ရတယ်။ သို့သော် အဲဒီချစ်သူက ကိုယ့်ကို စာမကျက်နိုင်အောင် တစ်ချိန်လုံး ပြဿနာ ရှာနေမယ်။ ဟိုနေရာ သွားမယ်၊ ဒီဟာ စားမယ်နဲ့ ပူဆာနေမယ်။ သူလည်း မကြိုးစား၊ ကိုယ့်ကိုလည်း ကြိုးစားလို့ မရအောင် လုပ်နေမယ်ဆို ရေရှည် အဆင်မပြေဘူး။
မိန်းကလေးတွေမှာဆို ချစ်သူက အတင်းတောင်းဆိုလို့ လိင်ကိစ္စကို လိုက်လျောလိုက်မယ်၊ အဲဒီကနေမှတစ်ဆင့် ခြိမ်းခြောက် အရှက်ခွဲခံရတာ၊ ကိုယ်ဝန်ရသွားလို့ ယူလိုက်ရတာ၊ ဒါမှမဟုတ် ပိုပြီး ဇာတ်နာရရင် ငယ်ငယ်လေးနဲ့ Single mother ဖြစ်သွားတာ၊ ကိုယ်ဝန် ဖျက်ချရင်း အသက်သေဆုံးရတာတွေထိ ဖြစ်သွားနိုင်တယ်။ ကိုယ် မကြိုးစားဘူးလားဆို ကြိုးစားတာပဲ။ ဒါပေမဲ့ ချစ်သူအရွေးမှားရင် အဲ့လိုတွေ လမ်းမှားရောက်သွားတတ်တယ်။ ဒါကြောင့် အချစ်ဟာ ကိုယ့်ဘ၀ တိုးတက်ရေးမှာ တစ်စိတ်တစ်ပိုင်း လာပတ်သက်နေတယ် ဆိုတာလေးကို မြင်စေချင်တယ်။
သိပ်တော်၊ သိပ်ထက်မြက်၊ သိပ်ကို လိုက်ဖက်တဲ့ စုံတွဲတွေ မြင်ဖူးတယ်။ ပြောတာ၊ ဆိုတာ၊ တွေးတာ၊ ခေါ်တာ၊ ပြုမူတာ အကုန်လုံးက ပညာတတ်ဆန်တယ်။ သဘောထား ပြည့်ဝတယ်။
တစ်ယောက်ရဲ့ ထက်မြက်မှုက နောက်တစ်ယောက်အတွက် ကြိုးစားဖို့ တွန်းအားဖြစ်စေတယ်။ တစ်ယောက်ရဲ့ အရည်အချင်းက နောက်တစ်ယောက်ရဲ့ အားနည်းချက်ကို ဖြည့်ပေးတယ်။ တစ်ယောက်ရဲ့ အသိုင်းအဝိုင်းက နောက်တစ်ယောက်အတွက် အဆက်အသွယ်တွေ ဖြစ်လာတယ်။ တစ်ယောက်ရဲ့ အောင်မြင်မှုကို နောက်တစ်ယောက်က ဂုဏ်ယူတယ်။ ပိုအောင်မြင်သထက် အောင်မြင်အောင် ပံ့ပိုးတယ်။ အပြန်အလှန် နားလည်ပေးတယ်။ ဒီတော့ တစ်ယောက်တည်းထက် နှစ်ယောက် ပေါင်းစပ်လိုက်ခြင်းက ပိုပြီး အောင်မြင်စေတယ်။
ရှားမယ်ဆိုတာတော့ သိပါတယ်။ နောက်ပြီး အချစ်ရေးတို့၊ အိမ်ထောင်ရေးတို့ ဆိုတာကလည်း မဟာဗျူဟာတွေ ချပြီး စီစဉ်လို့ ရတာ မဟုတ်ဘူး။ ကြိုလည်း မမြင်နိုင်ဘူး။ ချစ်သူရွေးလိုက်ရင်၊ အိမ်ထောင်ပြုလိုက်ရင် အကောင်းဆုံး ဖြစ်မယ်လို့ပဲ မျှော်လင့်ကြတာပဲ။ လူတိုင်းသာ ဖြစ်မလာကြတာ။ သို့သော် သေချာစဉ်းစားပြီးမှ ရွေးချယ်တာနဲ့ စိတ်ခံစားချက်ကို အလိုလိုက်တာက အနည်းနဲ့အများတော့ ကွာမှာပဲ။
ကျွန်တော်တို့ ဘဝတွေဆိုတာ ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားတာ။ ဒီဆုံးဖြတ်ချက် အမှန်အမှားပေါ် မူတည်ပြီး ဘဝတွေ ကွာခြားလာတယ်။ အောင်မြင်ကြတယ်။ ကျရှုံးကြတယ်။ ဒီတော့ ဆုံးဖြတ်ချက်တွေ မှန်ဖို့ လိုတယ်။
အဲ့လိုမှန်ုဖို့မှာ အရေးကြီးတဲ့ အချက် ၃ ချက် ရှိတယ်။ ပထမတစ်ခုက သတင်းအချက်အလက် (Information)။ ဥပမာပေးရရင် ချစ်သူအဖြစ် လက်မတွဲခင် သူ့အကြောင်း များများသိလေလေ၊ ကိုယ့်ဆုံးဖြတ်ချက်က အမှန်နဲ့ နီးစပ်လေလေ။
နောက်တစ်ချက်ကတော့ ကြောင်းကျိုးဆက်စပ် တွေးခေါ်နိုင်စွမ်း (Logical thinking)။ ဘယ်လောက်ပဲ အချက်အလက်တွေ သိထား သိထား၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိရင်လည်း ဆုံးဖြတ်ချက်က မှားတာပဲ။ အဲဒီ တွေးခေါ်နိုင်စွမ်းကို ကျဆင်းစေတာ၊ ကိုယ့်ဦးနှောက်ကို အမှောင်ကျသွားသည်အထိ ဖြစ်စေနိုင်တာကတော့ တတိယတစ်ချက်ဖြစ်တဲ့ စိတ်ခံစားချက် (Emotion) ပဲ။
လူဆိုတာ စိတ်လှုပ်ရှားမှု (Excitement) ကို ကြိုက်တယ်။ အသစ်အဆန်းဆို သဘောကျတယ်။ မုန့်ဟင်းခါး ဆိုတာ မထိတွေ့ဖူးသေးဘဲ ဆန်ပြုတ်ကို အကောင်းဆုံးလို့ ထင်တတ်တယ်။ အဲဒါတွေက လူငယ်ဘဝမှာ ပိုဆိုးတယ်။ လောကဓံဆိုတာကို မကြုံဖူးသေးတဲ့အရွယ်ဆိုတော့ ဘာမဟုတ်တာလေးကို အကြီးကြီး ခံစားပစ်တတ်တယ်။ ဘဝအတွေ့အကြုံက နည်းသေးတဲ့အချိန်မှာ အချစ်ဆိုတာကို ကိုးကွယ်ပစ်လိုက်တယ်။ Excitement တွေကို တစ်သက်တာ တည်မြဲမယ်ထင်ပြီး ရွေးချယ်ပစ်လိုက်တယ်။ အဲ့လိုနဲ့ ဘဝမှာ ဖြစ်သင့်သလောက် ဖြစ်မလာကြတော့ဘူး။
မိဘက ဂရုမစိုက်လို့ ဆိုပြီး အရွဲ့တိုက်တဲ့အနေနဲ့ ကျောင်းထွက်လိုက်တယ်။ စာမေးပွဲ တမင်ကျအောင် ဖြေတယ်။ မူးယစ်ဆေးတွေ သုံးလိုက်တယ်။ မိဘက သဘောမတူပါဘူးဆိုတဲ့သူကိုမှ ရွေးတယ်။ အများက လက်ညှိုးထိုး ကဲ့ရဲ့နေကြတဲ့ကြားထဲကမှ လက်တွဲရဲတာကို အချစ်စစ်လို့ မြင်ကြတယ်။ ဒါတွေ မလုပ်သင့်ဘူးဆိုတာ သိနေတာပဲ။ အဲဒီအချိန်မှာတော့ စိတ်ခံစားချက်က လွန်ကဲနေတော့ အမှန်မမြင်နိုင်ဘူး။ ဘယ်သူပြောပြော နားမဝင်ဘူး။ နောင်တစ်ချိန်ကျမှ အဲ့လို လုပ်ခဲ့မိတာ မှားမှန်း သိလာကြတာ။
ဒါကြောင့်လည်း လူငယ်ဘဝမှာ အရေးကြီးဆုံး အရည်အသွေးတစ်ရပ်ကို ပြောပါဆိုရင် Emotional intelligence ပဲ။ ကိုယ့်ခံစားချက်တွေကို သိမယ်၊ အကောင်းဆုံး ထိန်းချုပ်နိုင်မယ်ဆိုရင် ဆုံးဖြတ်ချက်တွေက အမှန်များလာမှာပဲ။ ကိုယ့်ရဲ့ ပညာရေး၊ လူမှုရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ အချစ်ရေးတို့မှာ အဆင်ပြေလာမှာပဲ။
ဒီတော့ ချစ်တာက ချစ်ပါ။ ရှေ့တန်းတော့ မတင်ပါနဲ့။ ငယ်ငယ်တုန်းက ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ၊ အချစ်သူရဲကောင်းအဖြစ် ဂုဏ်ယူခဲ့တာတွေဟာ အသက်ကြီးလာတဲ့အခါ နောင်တရစရာ ဖြစ်လာပါလိမ့်မယ်။ ငွေကြေးပြည့်စုံသူကို ကိုယ့်ဘ၀ တိုးတက်ဖို့ ရွေးယူရမယ် ပြောတာ မဟုတ်ပါဘူး။ လက်တွဲဖော် ရွေးတဲ့အခါ ကိုယ့်အောင်မြင်မှုကို ပံ့ပိုးပေးနိုင်မယ့်သူကို ရွေးပါ။ အဲ့လိုပဲ ကိုယ်ကလည်း သူ့အတွက် ပါရမီဖြည့်ဘက်ကောင်း ဖြစ်ပါစေ။
ဘယ်လောက်တန်ဖိုးကြီးတဲ့ လက်ဆောင်ကို ပေးနိုင်သူလဲ ဆိုတာထက် ကိုယ့်ဘ၀ ရည်မှန်းချက်တွေကို ဘယ်လောက် တန်ဖိုးထားပေးသလဲ၊ ဘယ်လောက်ထိ ကိုယ့်တန်ဖိုးကို မြင့်တက်လာအောင် လုပ်ပေးနိုင်တဲ့သူ ဖြစ်သလဲဆိုတာကိုသာ ဦးစားပေး စဉ်းစားစေချင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
(မှတ်ချက် - အခွင့်အလမ်းဂျာနယ်ပါ ဆောင်းပါးကို အနည်းငယ် တည်းဖြတ်ထားပါသည်)
No comments:
Post a Comment