Sunday, July 2, 2017

Cardio တစ်မျိုးထဲ၊ ဥပမာ Gym မှာ ပုံမှန်ပြေးရုံနဲ့ အဆီချနိုင်သလား ???


ဘယ် Gym ပဲသွားသွား အရင်ဆုံးမြင်ရမှာက ပြေးစက်မှာ ဖြစ်ဖြစ်၊ စက်ဘီးနင်းစက်မှာ ဖြစ်ဖြစ် အပတ်စဉ် ပြေးနေ၊ စက်ဘီးနင်းနေတဲ့ လူတွေပဲ မဟုတ်လား။ Cardio ဆိုတာ အဆီချချင်သူတွေအတွက် မရှိမဖြစ် လေ့ကျင့်ခန်းလို့ ဆိုသူကဆို၊ ဖတ်ဖူးသူကလဲ ဖတ်ဖူးနေတာမို့ အဆီချချင်သူတွေ Cardio လုပ်ကျတာ မဆန်းပါဘူး။ ဒါပေမယ့် Cardio ပုံစံ တစ်မျိုးထဲ တစ်ပတ်လာလဲ ဒါ၊ နောင်တစ်ပတ်လာလဲ ဒါ၊ လုပ်နေသူတွေ စိတ်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာတတ်ပါတယ်။ ဒီမေးခွန်းက ဘာကြောင့်ပေါ်လာလေ့ ရှိသလဲဆိုတော့ အချိန်အတိုင်းအတာ တစ်ခုကြာတဲ့အခါမှာ အဆီထပ်ကျသွားတယ်လို့ မခံစားရတော့တဲ့ အခါပါပဲ။

တစ်ပတ်၊ တစ်လ Cardio လုပ်ပြီးအကြာမှာ အဆီကျတာလေးတွေ မြင်တယ်။ ဒါနဲ့ပဲ ပိုကြိုးစားလုပ်၊ အချိန်ပိုတိုးပြီးလုပ်။ ဒါပေမယ့် မထင်ထားတာတစ်ခုက အချိန်အတိုင်းအတာ တစ်ခုအကြာမှာ ပိုတိုးပြီးလုပ်ပေမယ့် အဆီထပ်မကျတော့တာပါပဲ။ ဒီလိုအချိန်မျိုးမှာ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ဟာ Gym သွားပြီး အဆီချလိုသူတွေ စိတ်ထဲမှာ ပေါ်လာတော့တာပါပဲ။

" Cardio လုပ်ရုံနဲ့ အဆီကျရဲ့လား " ဆိုတဲ့ သံသယစိတ်ပါပဲ။

Cardio လုပ်ရင် အဆီကျစေတယ် ဆိုပြီး ဆောင်းပါးပေါင်းများစွာမှာ ဖတ်ရင်လဲ တွေ့ရ၊ Trainer မေးတော့လဲ ဟုတ်တယ်လို့ ပြောကြ၊ ဒါပေမယ့် လက်တွေ့ ကိုယ့်အဖြစ်ကျ အဆီကျတာတန့်သွားတဲ့အခါ ဘာဆက်လုပ်ရမှန်းမသိပဲ သံသယ၀င်လာတာ မဆန်းပါဘူး။

" ကိုယ်နဲ့ပဲ ကံမပါလို့လား၊ ကြိုးစားတာပဲ မလုံလောက်လို့လား။ ဒါ့ထက်လဲ ပိုမလုပ်နိုင်၊ ဒါဆိုရင် ဒီအလေးချိန်ကနဲ့ ဘယ်လိုမှ မကျနိုင်တော့ဘူးလား ??? "

ဒီလို သံသယတွေကြားမှာ ချောင်ပိတ်မိနေသူတွေအတွက် ဒီဆောင်းပါးလေးကို ရေးလိုက်ပါတယ်။

**************
ပထမဆုံးအနေနဲ့ အခုမှ ဒီ Page ကို စဖတ်ဖူးသူတွေအတွက် အစားအစာ အကြောင်း အခြေခံလေးနဲ့ စလိုက်ရအောင်။

အစားအစာဟာ အဆီကျဖို့ ကြိုးစားရာမှာ ပထမ အဓိကအချက်ပါပဲ။

တစ်ချို့လာမေးကြသူတွေမေးလေ့ရှိတဲ့ မေးခွန်းကတော့

"ဒီလို ပုံစံလေ့ကျင့်ခန်းတွေ လုပ်တယ်၊ ဘာပြီးရင်ဘာ၊ ဘယ်နှကြိမ်လုပ်တယ်။ အဲဒါမှန်လားဟင် ။ "

"ရပါတယ်။ မှန်ပါတယ် "

"ဒါပေမယ့် အဲတာတွေလုပ်နေတာ အဆီလဲမကျဘူး။ ဘာတွေထပ်လုပ်ရမလဲ"

" ဘာတွေ ပုံမှန်စားလဲ "

ဒီလိုမျိုးလာမေးသူတွေ အရင်ဆုံးဖြေလေ့ရှိတာက အစာကတော့ ဒီလိုပဲ ထမင်းပဲ များများစားပြီး ပုံမှန်ပါပဲ ဆိုတဲ့ အဖြေပါပဲ။

အစားအစာဟာ အဆီကျချင်သူတွေရော၊ ကြွက်သားလှချင်သူတွေရော၊ Bodybuilding နဲ့ မဆိုင်ပဲ ကျန်းမာချင်ရုံသက်သက် လူတွေအတွက်ရောမှာ နံပတ် ၁ အရေးကြီးဆုံးအရာပါ။ ဒီလောက် အရေးကြီးပါတယ်လို့ ဆောင်းပါးပေါင်းများစွာမှာ ရေးနေပေမယ့် ဒီအချက်ကို ဖယ်ပြီး ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ရမလဲ မေးနေလို့ မရပါဘူး။ အစားအသောက်ကို မဆင်မခြင်သရွေ့ ဘယ်လေ့ကျင့်ခန်းကမှ အဆီကျစေ၊ အသားတက်စေမှာ မဟုတ်ပါဘူး။

တစ်ချို့ ၀တဲ့လူတွေ အတွက်ဆို လေ့ကျင့်ခန်းမလုပ်ပဲ အစာထိန်းရင်ကို အဆီကျစေပါတယ်။ ဒဏ်ဖြစ်နေသူတွေ၊ ကလေးအမေတွေ၊ လေ့ကျင့်ခန်း လတ်တလော မလုပ်နိုင်သူတွေ အတွက်တောင် အစားအစာကို မှန်ကန်စွာ စားရင် အဆီကျစေမှာပါ။ ဘယ်လို စားသင့်လဲဆိုတဲ့ အကြောင်းကို Golden dreams ဒီ Page ထဲမှာ ဆောင်းပါးပေါင်းများစွာ ရှိသလို မကြာသေးခင်က တင်ထားတဲ့ " 6 pack abs ရအောင် လက်တွေ့ကျကျ ဘယ်လိုစားသောက်ရမလဲ " ဆိုတဲ့ ဆောင်းပါးမှာ ဖတ်လို့ရပါတယ်။

အစားအစာ အကြောင်းပြီးရင် ခေါင်းစဉ်လေးကို ပြန်ဆက်လိုက်ရအောင်။

Cardio စလုပ်စဉ် ပထမလတွေမှာ အဆီကျပေမယ့် နောင်လတွေမှာ မကျတော့ဘူးဆိုတာက သင်ဟာ လေ့ကျင့်ခန်းတစ်ခုမှာ ကျင့်သားရလာ၊ ပိုတော်လာလို့ပါပဲ၊ အရင် ၁၀မိနစ်ပြေးရတာ မလွယ်ပေမယ့် အခုဆို မိနစ်၂၀လောက်ပြေးရတာ သင်အပန်းမကြီးတော့ပါဘူး။ ဒါဟာ Cardio တစ်ခုထဲ လုပ်ပြီး အဆီချခြင်းရဲ့ အားနည်းချက်ပါပဲ။

အဆီချဖို့ တစ်ခုထဲမဟုတ်ပါဘူး။ ကြွက်သားလှအောင် အလေးမတဲ့ အခါမှာလဲ သဘောတရားတူတူပါပဲ။ သင်ဟာ လေ့ကျင့်ခန်းတစ်ခုလုပ်တဲ့ အခါမှာ အသားကျလာတယ်၊ လုပ်ရမှာ အေးဆေးဖြစ်လာပြီး သက်သက်သာသာ ဖြစ်လာတယ် စသဖြင့် ဖြစ်နေလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ဟာ သူ့ကို အမြဲတမ်း စိန်ခေါ်မှု မပေးနေရင် မဖွံ့ဖြိုး မပြောင်းလဲပဲ ဖြစ်သွားလေ့ရှိတာမို့ တိုးတက်ဖို့ စိန်ခေါ်မှု အမြဲရှိနေရမယ်လို့ အချက်ပေးနေဖို့ လိုတာမို့ပါပဲ။

ဒီအချက်ဟာ Cardio လုပ်တာကြာရင် အဆီမကျတော့တာ၊ အလေးမနေပြီး အပြောင်းအလဲ (အလေး ထပ်မတင်တာ) မရှိတော့ရင် တိုးတက်မှု မရှိတော့တာရဲ့ အဖြေပါပဲ။

ဒါဆို ဘယ်လို လုပ်ရမလဲ ???

Cardio တစ်ခုထဲနဲ့ အဆင်မပြေဘူးဆိုရင် ဘယ်လိုတွေလုပ်ရမလဲဆိုတာကို အဖြေရှာဖို့လိုလာပါပြီ။ အစားအစာမှန်ကန်စွာ စားနေပြီဆိုရင် အဆီကျဖို့ အတွက် ဘယ်လေ့ကျင့်ခန်းမဆို " Challenging ၊ စိန်ခေါ်မှု " ရှိရင် အဆီကျစေမှာပါပဲ။

ဒီလို ခန္ဓာကိုယ်ကို Challenge လုပ်ဖို့ နည်းတွေကတော့ 

၁။ Joint အဆစ်တွေကို ဖိအားပေး စိန်ခေါ်ခြင်း
၂၊ ကျောရိုး ပင်မကို ဖိအားပေး စိန်ခေါ်ခြင်း
၃၊ အာရုံကြောပိုင်းဆိုင်ရာကို ဖိအားပေး စိန်ခေါ်ခြင်း
၎။ အချိန်ကြာကြာ ဖိအားပေး စိန်ခေါ်ခြင်း

စတဲ့ နည်းတွေပဲဖြစ်ပါတယ်။ အလွယ်နားလည်အောင် ပြောရရင်

၁။ Joint အဆစ်တွေကို ဖိအားပေး စိန်ခေါ်ခြင်း

အားသွန်ခွန်စိုက်ပြေးခြင်း၊ ကြိုးခုန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း စတာတွေဟာ အဆစ်တွေအပေါ်အဓိက ဖိအားပေးလေ့ရှိတာမို့ ဒီလိုလေ့ကျင့်ခန်းတွေကို တစ်ရက်ပေးပြီး လုပ်နိုင်ပါတယ်။

၊ ကျောရိုး ပင်မကို ဖိအားပေး စိန်ခေါ်ခြင်း

Squat ထိုင်ထလုပ်ခြင်း၊ Deadlift မခြင်း စတာတွေဟာ ပင်မကြွက်သားတွေ အပေါ် အဓိက ဖိအားပေး စိန်ခေါ်တာမို့ ဒီလိုလေ့ကျင့်ခန်းတွေကို နောက်တစ်ရက်မှာ လုပ်ပြီး အဆီကျစေနိုင်ပါတယ်။

၊  အာရုံကြောပိုင်းဆိုင်ရာကို ဖိအားပေး စိန်ခေါ်ခြင်း

အာရုံကြောပိုင်းဆိုင်ရာကို စိန်ခေါ်နိုင်တာတွေကတော့ တအားလေးလေး မခြင်းပါပဲ။ 20kg ကို ပုံမှန် ၇ခေါက်လောက် မနိုင်တယ်ဆိုရင် 25kg ကို ၃ခေါက်လောက်မတာကို တအားလေးလေး မတယ်လို့ ခေါ်ပါတယ်။ ဒီလို လေးလေးမခြင်းဟာ အာရုံကြောပိုင်းဆိုင်ရာကို ဖိအားပေး စိန်ခေါ်တာမို့ နောက်တစ်ရက်မှာ လုပ်နိုင်ပါတယ်။

၎။ အချိန်ကြာကြာ ဖိအားပေး စိန်ခေါ်ခြင်း

ဒါမျိုးကတော့ အချိန်ကြာကြာလုပ်တဲ့ ပုံစံမျိုးပါ။ အချိန်ကြာကြာဆိုတာ 30 seconds ကနေ 3 minutes လောက်ထိလုပ်နိုင်တဲ့ လေ့ကျင့်ခန်းမျိုးပါ။

ရေကူးတယ်ဆိုရင် 30 seconds ဆက်တိုက်ကူးနိုင်သလို ၁မိနစ်ကြာကြာ၊ တစ်ချို့ဆို ၂ မိနစ်ဆက်တိုက် စသလောက် ကူးနိုင်တယ် မဟုတ်လား။ ဖြေးဖြေးမှန်မှန်ပြေးတာ၊ စက်ဘီးနင်းတာ စတာတွေကလဲ သင့်သလောက် အရှိန်နဲ့ ဆို ၃၀ seconds ကနေ ၃ မိနစ်လောက်ထိ တစ်ဖြတ်နင်းလိုက်၊ နားလိုက်၊ နောက်တစ်ဖြတ်နင်းလိုက် အချိန်ကြာကြာ လုပ်နိုင်ပါတယ်။ ဒါဟာလဲ ခန္ဓာကိုယ်အတွက် စိန်ခေါ်မှု အဆန်းတစ်ခုပါပဲ။

ဒါဆိုရင် " Gym ရောက်ရင် ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ရမှာလဲ ဟင်" ဆိုတဲ့ မေးခွန်းကို မေးစရာမလိုတော့ဘူးထင်ပါတယ်။

အလေးမရင်လဲ အဆီကျတယ်၊ Cardio လုပ်ရင်လဲ အဆီကျတယ် ရေးနေကျပေမယ့် အကောင်းဆုံးနည်းကတော့ အပေါ်ကပြောတဲ့ နည်းတွေအတိုင်း ခန္ဓာကိုယ်ကို အလှည့်ကျ စိန်ခေါ်ပေးတာ အကောင်းဆုံးပါပဲ။ ဘယ်လို အချိန်မှာ အကောင်းဆုံးဆိုရင် အဆီကျတာ တန့်သွားတဲ့ အခါမှာ ဒီလို အလှည့်ကျ စိန်ခေါ်ပေးတာထပ် ကောင်းတဲ့ နည်းမရှိတာမို့ သုံးရင် အကောင်းဆုံးပါပဲ။

အားလုံးပဲ ဒီလို အဆီမကျပဲ တန့်နေတဲ့ အခက်အခဲကနေ အမြန်ဆုံး ကျော်ဖြတ်နိုင်ပါစေ။


Share if you love ❤️
Credit:  Golden_Dreams ´ Page 💕

No comments: