Sunday, July 30, 2017

လိမ္မော်သီး၏ အာဟာရနှင့်ကျန်းမာရေး

....................................
 လိမ္မော်သီးဟာ ရှောက်သီး၊ သံပရာသီး၊ သံပရိုသီး၊ ကျွဲကောသီး၊ ဂရိတ်ဖရု (Grape Fruit) တို့နှင့်အတူ အရည်ရွှမ်းပြီး ချိုချဉ်အရသာရှိတဲ့ Citrus Fruits သစ်သီး အုပ်စုမှာ ပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာ လိမ္မော်သီးအမျိုး အစားတွေက များလှပါတယ်။  မြန်မာနိုင်ငံမှာပင် အရသာချဉ်တဲ့လိမ္မော်၊ ချိုတဲ့လိမ္မော်၊ ပျားရည်လို အလွန်ချိုတဲ့ (ပျား) လိမ္မော်ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အရသာခါးတဲ့ လိမ္မော် (Bitter Orange) မျိုးလည်းရှိပါတယ်။အခွံဝါတဲ့ လိမ္မော်၊ အခွံစိမ်းတဲ့လိမ္မော်၊ အခွံထူတဲ့လိမ္မော်၊ အခွံပါးတဲ့လိမ္မော်၊ အခွံကြမ်းတဲ့လိမ္မော်၊ အခွံချောတဲ့လိမ္မော် စသဖြင့်လည်း မျိုးစုံရှိပါတယ်။ အသီးရဲ့ အရွယ်အစားကလည်း အကြီးအသေး အမျိုးမျိုးရှိပါတယ်။ ပုံသဏ္ဌာန်အားဖြင့်လည်း ဘောလုံးလိုလုံးနေတဲ့  လိမ္မော်သီးတွေရှိသလို ဘောလုံးလိုလုံးမနေဘဲ အပေါ်အောက် ခပ်ပြားပြားလေး ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ ဒါတွေက သာမန်မျက်စိနဲ့ မြင်နိုင်တာတွေကို ပြောတာပါ။ ရုက္ခဗေဒပညာနဲ့ ပြောမယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ လိမ္မော်သီးအမျိုးပေါင်း ဒီထက်မကအဆများစွာ ပိုများပါတယ်။

-ချက်စူလိမ္မော် (Navel Orange)
 Navel Orange ဆိုတဲ့ လိမ္မော်သီးအမျိုးအစားကို ချက်စူလိမ္မော်လို့ခေါ်ရင် သင့်တော်မယ်ထင်ပါတယ်။ လြေေူ ဆိုတာ ]ချက်} လို့ အဓိပ္ပာယ်ရလို့ဖြစ်ပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း လိမ္မော်သီးရဲ့ ပုံမှန်အမြွှာတွေပေါ်မှာ အပိုပါနေတဲ့ အမြွှာလေးတွေက ချက်ကလေးလို စူနေပါတယ်။ တကယ်တော့ ချက်ကလေးလို  စူနေတာလေးဟာ အသီးအမြွှာပူး(Twin Fruit) ကလေးသာဖြစ်ပါတယ်။ ချက်စူ လိမ္မော်သီးတွေက အခွံထူပြီး နွှာရတာလွယ်ပါတယ်။ အရည်သိပ်မရွှမ်းပါဘူး။ အချိုအရသာလည်း ပေါ့ပါတယ်။ Limonin နဲ့ Limonoid ဓာတ်ပေါင်းတွေ ပါဝင်မှုများတာကြောင့် အရသာနည်းနည်းခါးပါတယ်။ ဒါကြောင့် လိမ္မော်ရည် (Juice) ထုတ်ဖို့ သိပ်မသင့်လျော်ပါဘူး။ နေရာအနှံ့ စိုက်ပျိုးလို့ရတာရယ်၊ အသီးပေါ်တဲ့ ရာသီချိန် ရှည်တာရယ်ကြောင့် လိမ္မော်စိုက်ပျိုးသူတွေကြားမှာ ပေါ်ပြူလာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လိမ္မော်သီးပေါ်ချိန်ဟာ နိုဝင်ဘာလမှ ဧပြီလထိ ကြာရှည် ပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတို့မှာ  ပိုပြီးပေါပါတယ်။

-ကြက်သွေးရောင် လိမ္မော်သီး (Blood Orange)
 ကြက်သွေးရောင် လိမ္မော်သီးတွေဟာ C.sinensis မျိုးနွယ် လိမ္မော်သီးတွေကနေ ဗီဇဖောက်ပြန် ပြောင်းလဲ (Mutation) ဖြစ်ပြီး ဖြစ်ပေါ်လာတာပါ။ ခုတော့ အခြားလိမ္မော်တွေနဲ့လည်း အမျိုးစပ်ပြီး ကပြားတွေ အတော်များများရှိနေပါပြီ။ အနီရောင် လိမ္မော်သီးတွေကို အေဒီ ၁၅ ရာစုအတွင်း စစ္စလီကျွန်းမှာ စတင်တွေ့ရှိပြီး စိုက်ပျိုးခဲ့တာလို့ သိရပါတယ်။ ကမ္ဘာတစ်လွှား ပျံ့နှံ့နေပြီဖြစ်တဲ့ အနီရောင်လိမ္မော်တွေကို ခုခါမှာ စပိန်နဲ့ အီတလီနိုင်ငံမှာ အများဆုံးစိုက်ပျိုးပါတယ်။ ဒီလိုလိမ္မော်မျိုးကို စပိန်မှာ Sanguine လို့ခေါ်ပြီး၊ အီတလီမှာတော့ Sanguinello  လို့ခေါ်ပါတယ်။ အမြွှာတွေ နီနေတာ၊ လိမ္မော်ရည် အနီရောင် ဖြစ်နေတာဟာ အသီးမှာ ပါဝင်နေတဲ့ အဲင်သိုဆိုင်ယာနင် (Anthocyanin) ဓာတ်ပေါင်းတွေကြောင့် ဖြစ်ပါတယ်။

 အဲင်သိုဆိုင်ယာနင် (Anthocyanin) ဓာတ်ပေါင်းတွေဟာ သစ်ပင်၊ သစ်ရွက်နဲ့ အသီးအချို့မှာ ပါဝင်နေပြီး လူရဲ့ကျန်းမာရေးကို အကျိုးပြုတဲ့အတွက် ဖိုက်တိုခယ်မီ ကယ် (Phutochemical) ဆိုတဲ့အမည်ကို ရထားတဲ့ ဒြပ်ပေါင်းတွေဖြစ်ပါတယ်။ အနီရောင် အင်သိုဆိုင်ယာနင်တွေဟာ မာလကာသီး အူနီ၊ စပျစ်သီးအနီစတဲ့ အသီးတွေ နဲ့ အနီရောင်သစ်ရွက်နုကလေးတွေမှာလည်း ပါဝင်နေပါတယ်။ စားသုံးသူတွေကို နှလုံးရောဂါ၊ သွေးကြောရောဂါ နဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေမှ ကာကွယ်ပေးနိုင်တဲ့ အာနိသင် အဲင်သိုဆိုင်ယာနင်တွေမှာ ရှိပါတယ်။

-အချဉ်ဓာတ် မရှိတဲ့ လိမ္မော်သီး (Acidless Orange)
 ဒီလိမ္မော်သီးမျိုးတွေမှာ အက်ဆစ် (အချဉ်)ဓာတ် အလွန်နည်းပါတယ်။ အရသာအလွန်ချိုပါတယ်။  အသီးပေါ် ချိန်ဟာ အခြားလိမ္မော်တွေထက်စောပါတယ်။ ဒီလိမ္မော် သီးမျိုးတွေကို အမေရိကန် ပြည်ထောင်စုမှာ Sweet Orange လို့ ခေါ်ကြပါတယ်။ ပြင်သစ်မှာ Douce၊ စပိန်မှာ Sucrena၊ ဘရာဇီးမှာ Lima၊ အီတလီမှာ Dloce လို့ခေါ်သလို Maltese လို့လည်း ခေါ်ပါတယ်။ အာဖရိကမြောက်ပိုင်းမှာ Meski လို့ခေါ်ပြီး တူရကီမှာ Seker Portakal လို့ ခေါ်ပါတယ်။ Sugar Orange (သကြားလိမ္မော်) လို့ အဓိပ္ပာယ်ရပါတယ်။ လိမ္မော်သီးမှာပါတဲ့ အက်ဆစ်ဓာတ်က လိမ္မော်ရည်ကို မပျက်စီးဘဲ အချိန်ကြာကြာခံအောင် လုပ်ပေးပါတယ်။ အက်ဆစ်ဓာတ်နည်းတဲ့ လိမ္မော်ရည် (Juice) ဟာ ပျက်စီးလွယ်ပါတယ်။  ကြာကြာမခံပါဘူး။ ဒါကြောင့် သူတို့ကို အရည်ထုတ်မယူဘဲ အသီးကိုသာ စားကြပါတယ်။ အသီးတွေကို နိုင်ငံရပ်ခြား ပို့ဖို့ မလွယ်ပါဘူး။ လမ်းမှာ ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရာ နိုင်ငံအတွင်းမှာပဲ စားသုံးကြတာများပါတယ်။

-လိမ္မော်သီး စိုက်ပျိုး စားသုံးမှု
 ခရစ်နှစ် ၁၉၈၇ ခုနှစ်လောက်ကစပြီး လိမ္မော်သီးဟာ ကမ္ဘာတစ်ဝန်းမှာ စိုက်ပျိုးထုတ်လုပ် စားသုံးမှုအများ ဆုံး သစ်သီးဖြစ်နေပါပြီ။ အရသာချိုတဲ့ လိမ္မော်သီးတွေကို ကမ္ဘာ့အပူပိုင်း (Tropical) နှင့် သမနွေးပိုင်း(Sub-tropical)  နိုင်ငံတွေမှာ အများဆုံး စိုက်ပျိုးပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းက ထွက်ရှိတဲ့ လိမ္မော်သီးပမာဏဟာ ချိုချဉ်အရသာရှိတဲ့ အရည်ရွှမ်းအသီး (Citrus Frurt) တွေ အားလုံးရဲ့  ၇၀ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ထုတ်ပြန်တဲ့စာရင်းအရ ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ လိမ္မော်သီးအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံတွေကို ပမာဏအများအနည်းအလိုက် ပူးတွဲပါဇယားမှာ ဖော်ပြထားပါတယ်။

 လိမ္မော်သီးအကြောင်းကို တရုတ်စာပေတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၃၀ဝ ကျော် (ဘီစီ ၃၁၄ ခုနှစ်လောက်) ကတည်းက တွေ့ရပါတယ်။ ခုခါမှာ ကမ္ဘာပေါ်မှာ လိမ္မော်သီး အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံ ၆ နိုင်ငံရှိပါတယ်။ ဘရာဇီး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယ၊ အမေရိကန် ပြည်ထောင်စု၊ စပိန်နဲ့ အီဂျစ်နိုင်ငံတို့ ဖြစ်ပါတယ်။ အများဆုံး စိုက်ပျိုးတဲ့ဘရာဇီးနိုင်ငံမှာ ၂၀၁၁ ခုနှစ်အတွင်း လိမ္မော်သီး တန်ချိန် ၁၇ သန်းလောက်ထွက် ရှိပါတယ်။ ဘရာဇီးနိုင်ငံဟာထွက်သမျှ လိမ္မော်သီးတွေရဲ့ ၉၉ ရာခိုင်နှုန်းလောက်ကို လိမ္မော်ရည် (Orange Juice) အဖြစ် နိုင်ငံရပ်ခြားကို တင်ပို့ရောင်းချပါတယ်။ ကမ္ဘာတစ်ဝန်း နိုင်ငံအများအပြားမှာ ရောင်းချနေတဲ့ လိမ္မော်ရည် ၅၃ ရာခိုင်နှုန်းလောက်ဟာ ဘရာဇီးနိုင်ငံမှ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှထွက်တဲ့ လိမ္မော်သီး ၈၀% လောက်ကို နိုင်ငံရဲ့ တောင်ပိုင်း São Paulo ဒေသမှာ စိုက်ပျိုးတာဖြစ်ပါတယ်။ နိုင်ငံရဲ့ အနောက်ဖက်ပိုင်းမှာရှိတဲ့ Minas Gerais ဒေသမှာလည်း လိမ္မော်သီး အများအပြား စိုက်ပျိုးပါတယ်။

 တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက လိမ္မော်သီးတန်ချိန် ၇ သန်းကျော်စီနဲ့ ဒုတိယလိုက်ပြီး အမေရိကန်ပြည် ထောင်စုက တန်ချိန် ၆ သန်းကျော်နဲ့ တတိယနေရာမှာ ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ကယ်လီဖိုးနီးယား၊ တက္ကဆပ်နဲ့ ဖလော်ရီဒါပြည်နယ်တို့ဟာ လိမ္မော်သီး အများဆုံးစိုက်ပျိုးတဲ့ ဒေသတွေဖြစ်ပါတယ်။ ကယ်လီဖိုး နီးယားက လိမ္မော်သီးတွေကို အသီးအနေနဲ့  လတ်လတ်ဆတ်ဆတ် စားသုံးကြတာများပြီး၊ ဖလော်ရီဒါက လိမ္မော်သီးတွေကိုတော့ လိမ္မော်ရည်ထုတ်လုပ်တာများပါတယ်။ ဖလော်ရီဒါမှာ အိန္ဒိယမြစ် (India River) မြစ်ဝှမ်းတစ်လျှောက်ထွက်တဲ့ လိမ္မော်ရည်ဟာ အရည်အသွေး ကောင်းတယ်လို့ နာမည်ရတဲ့အတွက် လတ်လတ်ဆတ်ဆတ် ရောင်းကြ၊ သောက်သုံးကြပါတယ်။

အိန္ဒိယမြစ် (India River) မြစ်ဝှမ်းတစ်လျှောက်က ထွက်တဲ့ လိမ္မော် သီးတွေဟာ အရသာချိုပြီး ပမာဏများများစားစား မထွက်တဲ့အတွက် အခြားဒေသတွေက ထွက်တဲ့ လိမ္မော်ရည်တွေနဲ့ အရောအနှောတွေလုပ်ပြီး ရောင်းတာတွေ ရှိပါသတဲ့။ ဘရာဇီးနိုင်ငံ São Paulo ဒေသကထွက်တဲ့ လိမ္မော်ရည်နဲ့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါက ထွက်တဲ့လိမ္မော်ရည်နှစ်မျိုးကို ပေါင်းလျှင် တစ်ကမ္ဘာလုံးကထွက်တဲ့ လိမ္မော်ရည်စုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ဘရာဇီးကထွက်တဲ့ လိမ္မော်ရည် ၉၉ ရာခိုင်နှုန်းလောက်ကို ပြည်ပကိုတင်ပို့ရောင်းချပြီး ဝင်ငွေရှာပါတယ်။ အမေရိကန် ဖလော်ရီဒါကထွက်တဲ့ လိမ္မော်ရည် ၉၉ ရာခိုင်နှုန်းလောက်ကိုတော့ ပြည်တွင်းမှာပဲ သောက်သုံးကြပါတယ်။ လိမ္မော်ရည်ကို ပြည်ပသို့ တင်ပို့ရောင်းချတဲ့အခါ သယ်ပို့စရိတ်သက်သာအောင် တတ်နိုင်သမျှ ပျစ်နှစ်အေးခဲနေအာင်ပြုပြင်ပြီး (Frozen, Concentrated Orange Juicetae)နဲ့ တင်ပို့ကြပါတယ်။


-လိမ္မော်သီး၏ အာဟာရ
 လိမ္မော်သီးမှာ အများဆုံးပါနေတဲ့ ပင်မအာဟာရဓာတ်က ကာဗိုဟိုက်ဒရိတ် (Carbohydrate) ဖြစ်ပါတယ်။ လိမ္မော်သီးမှာပါနေတဲ့ ကာဗိုဟိုက်ဒရိတ်အများစုဟာ သကြား (Sugar) တွေအနေနဲ့ ပါဝင်နေတာပါ။ ကျန်တဲ့  ကာဗိုဟိုက်ဒရိတ်တွေက အစာမျှင် (Fibre) တွေဖြစ်ပါတယ်။ လိမ္မော်သီး ၁၀ဝ ဂရမ်မှာ ကာဗိုဟိုက်ဒရိတ် ၁၂ ဂရမ်လောက်ပါတဲ့အနက် သကြားတွေက ၉ ဂရမ်ကျော်ပြီး အစာမျှင်က ၂ ဂရမ်ကျော်ပါတယ်။ လိမ္မော်သီးမှာ ပရိုတင်း နှင့်အဆီ ပါဝင်မှုကတော့ အလွန်နည်းပါတယ်။ လိမ္မော်သီး ၁၀ဝ ဂရမ်မှာ အဆီ ဝ . ၁၂ ဂရမ်နှင့် ပရိုတင်း ဝ . ၉၄  ဂရမ် လောက်သာ ပါဝင်ပါတယ်။

 လိမ္မော်သီးမှာ ဗီတာမင်မျိုးစုံပါပေမယ့် ဗီတာမင်စီကလွဲရင် ကျန်တဲ့ဗီတာမင်တွေဟာ ပမာဏအားဖြင့် မများကြပါဘူး။ ဥပမာ လိမ္မော်သီး ၁၀ဝ ဂရမ်မှာ ဗီတာမင်အေက ၁၁ မိုက်ခရိုဂရမ်သာ ပါပါတယ်။ ဒါဟာ လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်ချက်ရဲ့ ၁ ရာခိုင်နှုန်းသာရှိပါတယ်။ လိမ္မော်သီး ၁၀ဝ ဂရမ်မှာပါဝင်နေတဲ့ အခြား ဗီတာမင်တွေရဲ့ ပမာဏတွေကို ဆက်ပြောပါမယ်။ လက်သည်းကွင်းထဲက တန်ဖိုးတွေဟာ တစ်နေ့တာလိုအပ် ချက်ရဲ့ ရာခိုင်နှုန်းတွေဖြစ်ပါတယ်။ ဗီတာမင်ဘီဝမ်း ဝ . ဝ၈၇ မီလီဂရမ် (၈ ရာခိုင်နှုန်း)၊ ဘီတူး ဝ . ဝ၄ မီလီဂရမ် (၃ ရာခိုင်နှုန်း)၊ နိုင်ယာစင် ဝ . ၂၈၂ မီလီဂရမ် (၂ ရာခိုင် နှုန်း)၊ဗီတာမင် ဘီဆစ် ဝ . ဝ၆ မီလီဂရမ် (၅ ရာခိုင်နှုန်း)၊ ဖိုးလိတ် ၃၀ မိုက်ခရို ဂရမ် (၈ ရာခိုင်နှုန်း) ဖြစ်ပါတယ်။ ဗီတာမင်စီကတော့ လိမ္မော်သီး ၁၀ဝ ဂရမ်မှာ ၅၃ . ၂ မီလီဂရမ်လောက်ပါပြီး တစ်နေ့တာလိုအပ်ချက်ရဲ့  ၆၄ ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်း ပေးပါတယ်။

 လိမ္မော်သီးမှာ သတ္တုအာဟာရ (Minerals) တွေလည်း မျိုးစုံပါနေပေမယ့် ပမာဏအားဖြင့် မများကြပါ ဘူး။ လိမ္မော်သီး ၁၀ဝ ဂရမ်မှာ ကယ်လစီယမ်က ၄၀ မီလီဂရမ်သာ ပါပါတယ်။ ဒါဟာ လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်ချက်ရဲ့ ၄ ရာခိုင်နှုန်းသာရှိပါတယ်။ လိမ္မော်သီး ၁၀ဝ ဂရမ်မှာပါနေတဲ့ အခြားသတ္တုအာဟာရ တွေက သံဓာတ် ဝ.၁ မီလီဂရမ် (၁ ရာခိုင်နှုန်း)၊ မက်ဂနီစီ ယမ်၁၀ မီလီဂရမ် (၃ ရာခိုင်နှုန်း)၊ မင်းဂနီးစ် ဝ . ဝ၂၅ မီလီ ဂရမ် (၁ ရာခိုင်နှုန်း)၊ မီးစုန်း၁၄ မီလီဂရမ် (၂ ရာခိုင် နှုန်း)၊ပိုတက်စီယမ် ၁၈၁ မီလီဂရမ် (၁ ရာခိုင်နှုန်း) နှင့် ဇင့် (သွပ်)ဝ .ဝ၇ မီလီဂရမ် (၁ ရာခိုင်နှုန်း) ဖြစ်ပါတယ်။

-လိမ္မော်သီးနှင့် ဗီတာမင်စီ
 လိမ္မော်သီး ၁၀ဝ ဂရမ်မှာ ဗီတာမင်စီ ၅၃ မီလီဂရမ် လောက်ပါပါတယ်။ ဒါဟာ လူတစ်ယောက်အတွက် တစ်နေ့တာ ဗီတာမင်စီလိုအပ်ချက်ရဲ့ ၆၄ ရာခိုင်နှုန်းလောက် ရှိပါတယ်။ တစ်နည်းအားဖြင့် လိမ္မော်သီး ၁၄၀ ဂရမ် လောက်စားလျှင် လူတစ်ယောက်အတွက် တစ်နေ့တာ ဗီတာမင်စီလိုအပ်ချက် အပြည့်အဝရနိုင်တဲ့ သဘောဖြစ်ပါတယ်။ အခွံနွှာပြီး အမြွှာသက်သက် အမြင့် ၂ လက်မခွဲ လောက်ရှိတဲ့ လိမ္မော်သီးတစ်လုံးဟာ အလေးချိန် ၁၅၀ ဂရမ်လောက်ရှိပါတယ်။ စကာဗီ (Scurvy) ဆိုတဲ့ ဗီတာမင်စီ ချို့တဲ့ရောဂါရဲ့ စိတ်ဝင်စားဖွယ်သမိုင်းကြောင်းမှာ လိမ္မော်သီးနဲ့ လိမ္မော်ရည်တို့ဟာ အလွန်အရေးပါခဲ့ပါတယ်။

-ဗီတာမင်စီ ချို့တဲ့မှုနှင့် လိမ္မော်သီး
 ဗီတာမင်စီချို့တဲ့လို့ ဖြစ်ရတဲ့ရောဂါကို စကာဗီ (Scurvy) လို့ ခေါ်ပါတယ်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၁၅၀ဝ ကျော် (ဘီစီ ၁၅၀ဝ) လောက်က ရေးခဲ့တဲ့ အီဂျစ်ဆေးပညာရပ်ဆိုင်ရာ စာတမ်းတွေမှာ စကာဗီရောဂါရဲ့ ထင်ရှားတဲ့လက္ခဏာတွေအနေနဲ့ သွားဖုံးတွေဖောင်းကြွ ပြီး သွေးထွက်တယ်၊ အရေပြားမှာသွေးခြည်ဥတယ်လို့ ရေးသားထားပါတယ်။ စကာဗီရောဂါမဖြစ်အောင် အသီး အရွက်တွေ လတ်လတ်ဆတ်ဆတ် စားဖို့လိုတယ်ဆိုတာ သိခဲ့ကြတာလည်း ကြာပါပြီ။ ဘီစီ ၄၀ဝ ပတ်ဝန်းကျင်မှာ ဆေးပညာရဲ့ ဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ သမားတော်ကြီး ဟစ်ပိုခရေးတီးစ်က (ခုခေတ်မှာ ဗီတာ မင်စီြွကယ်ဝတယ်လို့ သိထားတဲ့)  အသီးအရွက်တွေ မှန်မှန်စားသုံးခြင်းအားဖြင့် စကာဗီရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သင်ကြားပို့ချခဲ့ပါတယ်။

 ခရစ်နှစ် ၁၅၂၀ ပြည့်နှစ် ပတ်ဝန်းကျင်က Ferdinand Magellan ဆိုသူ ပေါ်တူဂီလူမျိုး သင်္ဘောကပ္ပတိန် ဦးဆောင်တဲ့ ပင်လယ်ရေကြောင်းခရီးစဉ်အတွင်းမှာ စကာဗီရောဂါ (ဗီတာမင်စီ အပြင်းအထန် ချို့တဲ့မှု) ကြောင့် သင်္ဘောသား ၈၀ ရာခိုင်နှုန်းလောက် အသက်ဆုံးရှုံးခဲ့ရ ဖူးပါတယ်။ အလားတူ ပေါ်တူဂီလူမျိုး ဗတ်စကိုဒဂါးမား (Vasco de Gama) ကလည်း ၁၄၉၂ ခုနှစ်မှာ  ဥရောပကနေ အာဖရိကကမ်းခြေကိုပတ်ပြီး အိန္ဒိယနိုင်ငံကို ပထမဆုံး ပင်လယ်ရေကြောင်းခရီးထွက်ခဲ့ရာမှာ သင်္ဘောသား ၁၆၀ အနက် ၁၀ဝ ဟာ စကာဗီရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။ အဲဒီအချိန်က ရေတပ်သားတွေ၊ ပင်လယ်ခရီးရှည် ထွက်သူတွေ အများအပြားဟာ စကာဗီရောဂါကြောင့် အသက်ကို စွန့်ခဲ့ကြရပါတယ်။ ရှည်လျားလှတဲ့ ပင်လယ် ရေကြောင်း ခရီးစဉ်တွေအတွင်း မှာ သင်္ဘောသားတွေဟာ အသီးအရွက်တွေ ပြတ်လတ်သွားတဲ့အခါ ကောက်နှံတွေနဲ့ သိုလှောင်ထားတဲ့ အသားငါးရိက္ခာတွေကိုသာ စားသုံးနေခဲ့ကြရတာပါ။ အသီးအရွက်တွေ ရက်လကြာရှည် မစားဘဲနေရလို့ စကာဗီ ရောဂါဖြစ်ရတယ်ဆိုတာ သူတို့မသိခဲ့ကြပါဘူး။

 ဗတ်စကိုဒဂါးမား (Vasco de Gama) က ၁၄၉၇ ခုနှစ်အတွင်း သူ့ရဲ့ပင်လယ်ရေကြောင်းခရီးမှာ သူ့ရဲ့ သင်္ဘော အာဖရိကတိုက် အရှေ့တောင်ဘက်ကမ်းခြေကို ရောက်တဲ့အချိန်မှာ သင်္ဘောသား အမြောက်အမြားမှာ စကာဗီရောဂါ စွဲကပ်နေတာကို မှတ်တမ်းတင်ခဲ့ပါတယ်။ အာဖရိကအရှေ့ ဘက်ကမ်းတစ်လျှောက်ဆက်ပြီး ရွက်လွှင့်ခဲ့တဲ့အခါမှာတော့ တိုင်းရင်းသားတွေ လာရောက် ရောင်းချတဲ့ လိမ္မော်သီးလတ်လတ်ဆတ်ဆတ်တွေ စားကြရပါတယ်။ အဲဒီလိုစားလို့ရပြီး ခြောက်ရက်အတွင်းမှာပဲ စကာဗီရောဂါလက္ခဏာတွေပျောက်ပြီး သင်္ဘောသားတွေ နာလန်ထလာကြတော့တာပါပဲ။

 ခရစ်နှစ် ၁၇၂၀ ပြည့်နှစ်ရောက်တဲ့အခါမှာတော့  လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ လိမ္မော်သီးလို အသီးတွေကို စားသုံးခြင်းအားဖြင့် စကာဗီရောဂါကို ပျောက်အောင် ကုသနိုင်တယ်ဆိုတာ J.G.H Kramer ဆိုသူ ဆရာဝန်တစ်ယောက်က တွေ့ရှိခဲ့ပါတယ်။ ၁၇၄၆ ခုနှစ်မှာ ဗြိတိသျှ ရေတပ်သင်္ဘော H.M.S Salisbury မှ ဆရာဝန်တစ်ဦးဖြစ်သူ  James Lind ဟာ စကာဗီရောဂါ ကာကွယ်ကုသရေးမှာ ချိုချဉ်အရသာရှိတဲ့ အရည်ရွှမ်းသီး (Citrus Fruits) တွေရဲ့ အစွမ်းထက်ပုံကို ခိုင်ခိုင်လုံလုံ တင်ပြခဲ့တဲ့အတွက် ၁၇၉၅ ခုနှစ်မှာတော့ ဗြီတိသျှရေတပ်ဟာ သံပရာသီးဖျော်ရည် (Lime Juice) နဲ့ လိမ္မော်သီး၊ သံပရာသီးစတဲ့ အသီး (Citrus Fruits) တွေကို စကာဗီ ရောဂါကာကွယ်ကုသရေးအတွက် သုံးရမယ်ဆိုတဲ့ အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။

-လိမ္မော်သီးနှင့်ဆီးချိုသွေးချို
 သစ်သီးဝလံတွေဟာ ဗီတာမင်အမျိုးမျိုးကြွယ်ဝခြင်း၊ လူ့ကျန်းမာရေးကိုအကျိုးပြုတဲ့ ဖိုက်တိုခယ်မီကယ် (Phytochemicals) တွေနဲ့ အစာမျှင် (Dietary Fibre)တွေ ပါဝင်ခြင်းတို့ကြောင့် လူတိုင်းနေ့စဉ်စားသုံးသင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေကို ဆီးချိုဝေဒနာရှင်တွေလည်း ရရှိခံစားသင့်တာကြောင့် ဆီးချို ဝေဒနာရှင်တွေလည်း သစ်သီးဝလံတွေကို စားသုံးရပါမယ်။ လိမ္မော်သီးဟာ အရသာချိုတယ်၊ သကြားပါ တယ်ဆိုပေမယ့် လိမ္မော်သီး ၁၀ဝ ဂရမ်မှာ ကာဗိုဟိုက် ဒရိတ် ၁၀ ဂရမ်လောက်သာ ပါပါတယ်။ (အလေးချိန်တူ ထမင်း ၁၀ဝ ဂရမ်မှာ ကာဗိုဟိုက် ဒရိတ် ၃၀ ဂရမ်လောက် ပါနေတာနဲ့ ယှဉ်ကြည့်ပါ။)

လိမ္မော်သီးဟာ အရည်ရွှမ်းလို့ (ရေများလို့) ဖြစ်ပါတယ်။  အခွံနွှာပြီး အမြွှာသက်သက် ၂ လက်မ ခွဲလောက်မြင့်တဲ့ လိမ္မော်သီးတစ်လုံး (၁၅၀ ဂရမ် ခန့်) မှာ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်လောက် ပါပါတယ်။ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်ပါတဲ့ သစ်သီးပမာဏကို တစ်ခါပြင်၊ တစ်ခါစား (One Serving) လို့ သတ်မှတ်ပါတယ်။  လူတစ်ယောက်ဟာ တစ်ရက်မှာ သစ်သီးနှစ်ခါပြင်၊ နှစ်ခါစား (Two Servings)မှ လေးခါပြင်၊ လေးခါစား (Four Servings) လောက် စားသုံးသင့်တယ်လို့ ပညာရှင် တွေက ထောက်ခံထားပါတယ်။ လိမ္မော်သီးဟာ သွေးချို တက်နှုန်းလည်း နှေးပါတယ်။ (GI = 40 ± 3)။ ဂလူးကို့စ် သကြားရဲ့ သွေးချိုတက်နှုန်းရဲ့ ၄၀ ရာခိုင်နှုန်း လောက်သာ ရှိတယ်လို့ ဆိုလိုပါတယ်။ သကြားလိမ္မော်လို အသီးမျိုးကိုတော့ ဆင်ခြင်ရမှာပေါ့။

 လိမ္မော်သီးကို မကြိုက်သူ ရှားမယ်ထင်ပါတယ်။ လိမ္မော်သီးမကြိုက်သူတွေ၊ ကလေးတွေနဲ့ ရာသီချိန် မဟုတ်တဲ့အခါမျိုးတွေမှာ သောက်သုံးဖို့ လိမ္မော်ရည် အမျိုးမျိုးရှိပါတယ်။ ကမ္ဘာပေါ်မှာထွက်သမျှ လိမ္မော်သီး အများစုကို ဖျော်ရည်အဖြစ် သောက်သုံးကြတာဖြစ်ပါ တယ်။ ပုလင်း လိမ္မော်ရည်၊ စည်သွပ်လိမ္မော်ရည်၊ ဘူး လိမ္မော်ရည် စသဖြင့် အမျိုးမျိုးရှိပါတယ်။ လိမ္မော်ရည် ဖန်ခွက်ကြီးတစ်ဝက် (၁၂၀ မီလီလီတာ= တစ်လီတာ ရေ သန့်ပုလင်းရဲ့ ရှစ်ပုံတစ်ပုံ) ဟာ တစ်ခါပြင် (One Serving) ဖြစ်ပါတယ်။
..............................
ဒေါက်တာလှကြည်
Credit: Myanmar Food Magazine 

No comments: