Friday, July 14, 2017

ဗီတာမင် ထမင်းထုပ် - အမဲသားလွှာနဲ့ ပန်းငရုတ်ပွကြော် - မရမ်းပြားအမဲသားနပ်

မရမ်းပြားအမဲသားနပ်
...........................


 မော်လမြိုင်က သူငယ်ချင်းရဲ့ အမေက သူကိုယ်တိုင်လုပ်ထားတဲ့ မရမ်းပြားလေးကို ကျွန်တော်ချက်စားဖို့ လက်ဆောင်ပေးလိုက်ကတည်းက မရမ်းပြားနဲ့ချက်တဲ့ဟင်းတွေ ဆက်တိုက်ချက်စားဖြစ်တယ်။ ချဉ်စပ်လေးမို့ မအီဘဲအရမ်းကိုစားလို့ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ
♦   အမဲသားပေါင်သား   -    ၆၀ဝ ဂရမ် ( ၄၀ ကျပ်သား)
♦   ဂေါ်ရင်ဂျီမဆလာအစပ်     -   စားပွဲဇွန်း ၂ ဇွန်းခွဲ
♦   ဆား   -   လက်ဖက်ရည်ဇွန်း တစ်ဝက်
♦   အသားမှုန့်   -   စားပွဲဇွန်း တစ်ဝက်
♦   ချင်း   -   ၅၀ ဂရမ်
♦   ကြက်သွန်ဖြူ   -   ၂၅ ဂရမ်
♦   ဆီ   -   စားပွဲဇွန်း ၁၀ ဇွန်း
♦   ရေ   -   ၇၀ဝ မီလီ
♦   ကြက်သွန်နီ    -   ၂၇၀ ဂရမ် (ပါးပါးလှီးထားပါ)
♦   မရမ်းပြား

  ပြုလုပ်နည်းအဆင့်ဆင့်
၁။ အမဲသားကို ရေဆေးပြီး စစ်ထားပါ။
၂။ ချင်း၊ ကြက်သွန်ဖြူကို ရောပြီးထောင်းပါ။
၃။ အမဲသားထောင်းထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊ မဆလာ၊ ဆား၊ အသားမှုန့်တို့နှင့် ရောပြီးနယ်ထားပါ။
၎။ ပြီးရင် ပါးပါးလှီးထားတဲ့ ကြက်သွန်နီကို နီညိုရောင်သန်းလာအောင်အရင်ကြော်ပါ။
၅။ ကြက်သွန်ကြော်တစ်ဝက်ကို ဆယ်ယူထားပါ။
၆။ အိုးထဲမှာ ကျန်တဲ့ကြက်သွန်နီကြော်နှင့် နယ်ထားထားတဲ့အမဲသားကို ရောမွှေပေးပါ။
၇။ ပြီးရင်ရေထည့်ပြီးဆူအောင်တည်ပါ။ ဆူသည်နှင့် မရမ်းပြားထည့်ပါ။ အဖုံးဖုံးပြီး မီးလျော့ပြီးချက်ပါ။
၈။ မိနစ် ၃၀ ခန့်ကြာတဲ့အခါမှာ ဆယ်ထားတဲ့ ကြက်သွန်နီကြော်ထည့်ပြီး မီးထပ်လျော့ ပြီးနှပ်ထားပါ။
၉။ ၁ နာရီ (သို့) ၁ နာရီခွဲဆိုရင် အမဲသားနူးပါပြီ။
.....................................
MyintOoTha


အမဲသားလွှာနဲ့ ပန်းငရုတ်ပွကြော် 
(Stir Fried US Beef Fillet with Peppers in Asian Sauce)
.............................................


ပါဝင်ပစ္စည်းများ
• အမဲသားလွှာ - ၂၀ဝ ဂရမ်
• ဆား - အနည်းငယ်
• သကြား - အနည်းငယ်
• ဂျပန်ပဲငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 (အသားကိုဆား၊ သကြား၊ ပဲငံပြာရည်တို့ဖြင့် အရသာသွင်းထားပါ)
• ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
• ပန်းငရုတ်ပွအနီ - ၁ လုံး (ပါးပါးလှီးပြီး)
• ပန်းငရုတ်ပွအဝါ  - ၁ လုံး (ပါးပါးလှီးပြီး)
• ချင်း (ထောင်းပြီး)  - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်သွန်နီ - ၁ ဥ
 (ငရုတ်ပွအရွယ်အတိုင်းလှီး)
• ခရုဆီ - စားပွဲဇွန်း ၁ ဇွန်း
• နှမ်းဆီ - အနည်းငယ်
• နှမ်း - အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်
၁။ အရသာသွင်းထားသော အသားကို ဒယ်အိုးမှာ ဆီ ၁ ဇွန်းအပူပေးပြီး မီးပြင်းနှင့် ကြော်ပေးပါ။
၂။ အသားများကို သတ်သတ်ဖယ်ထားပြီး ချင်း၊ ကြက်သွန်နီ များကို ဆီသတ်ပါ။ ပန်းငရုတ်ပွလှီးပြီးသားများ ထည့်ပေး ပြီး ဖယ်ထားသောအသားများ ထည့်ကြော်ပေးပါ။
၃။  ခရုဆီထည့်မွှေပေးပြီး နောက်ဆုံးတွင် နှမ်းဆီ ၂ စက်ခန့် ထည့်ပေးပြီး နှံ့အောင်မွှေပေးပါ။ နှမ်းဖြူးအဆုံးသတ် ပေးပြီးလျှင် သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။
....................
သစ်ထူး
(My Foodies)

ဗီတာမင် ထမင်းထုပ်
...........................


 ဒီထမင်းထုပ်လေးက ဖက်၊ ငှက်ပျောရွက်တို့နှင့် ထုပ်ထားတာမဟုတ်ဘဲ မုန်ညင်း ဖြူရွက်နှင့် ထုပ်ထားပြီး အဆာပလာမျိုးစုံပါဝင်တာကြောင့် တစ်နပ်ထဲနှင့် ဗီတာမင်ပေါင်း စုံရရှိနိုင်လို့ အထူးဟင်းလျာအနေနှင့် တင်ဆက်ပေးလိုက်ပါသည်။ ပါဝင်တဲ့ အသီးအရွက်တွေကို တစ်ညကြိုပြီး လှီးဖြတ်ထားနိုင်လို့ မနက်ရုံးသွားခါနီး အချိန်တိုတိုနှင့် ပြင်ဆင်သွားနိုင်မှာပါ။

  ပါဝင်ပစ္စည်းများ
-   ပုစွန်   -   ၁၀ ကျပ်သား
    (ကျောခွဲ၊ ချေးကြောင်းထုတ်)
-   ထမင်း (ဆန်လုံးညို)   -   ၁၅၀ ဂရမ်
    (၉ ဇွန်းစာ)
-   မုန်လာဥနီ   -   ၁ လုံး
    (လေးထောင့်ပုံ သေးသေးလှီးထားပါ)
-   ဂေါ်ရခါးသီး   -   ၁ လုံး
-   မုန်ညင်းဖြူရွက်   -   ၅ ရွက်
-   ပဲပင်ပေါက်   -   ၁၀ဝ ဂရမ်
-   ငရုတ်သီးစိမ်း   -   ၅ တောင့်
-   ပဲငံပြာရည်   -   စားပွဲဇွန်း ၅ ဇွန်း
-   ကြက်သွန်ဖြူ   -   ၃ တက်
    (နုပ်နုပ်စဉ်းထားပါ)
-   ဆား   -   အနည်းငယ်
-   ငရုတ်ကောင်း   -   အနည်းငယ်
-  ဆီ   -   စားပွဲဇွန်း ၁ ဇွန်း

   ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဂေါ်ရခါးသီးနှင့် မုန်လာဥကို အခွံခွာပြီး လက်မဝက်ခန့် အတုံးငယ်များ တုံးထားပါ။
၂။ ထမင်းကို တစ်ညကျိုချက်လျှင် ပိုကောင်းပါသည်။
၃။ မုန်ညင်းဖြူရွက်များကို ရေဆူဆူတွင် ၂ မိနစ်ခန့်ပြုတ်ပြီး ပြန်ဆယ်ကာ ရေခဲရေဖြင့် ခေတ္တစိမ်ပြီး ရေစစ်ပေး ထားပါ။
၎။ ထမင်းစကြော်ပါမည်။
၅။ ဆီကို အပူပေးပြီး ဆီပူလာလျှင် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပေးပါ။
၆။ မွှေးလာရင် မုန်လာဥနီနှင့် ဂေါ်ရခါးသီးထည့်ကြော်ပါ။
၇။ အသီးအရွက်များ နူးလာလျှင် ပုစွန်ထည့်ကြော်ပါ။ ငရုတ်သီးထည့်ပါ။
၈။ ပုစွန်ကွေးလာရင် ထမင်းထည့်ပြီး သမအောင်ရောမွှေပေးပါ။ ဆားဖြူး၊ ပဲငံပြာရည်ထည့်မွှေပါ။
၉။ ထမင်းကြော်ကျက်ခါနီးရင် ပဲပင်ပေါက်များကို ရောထည့်ပေးပြီး ငရုတ်ကောင်းဖြူးပြီး အဆုံးသတ်ပေးပါ။
၁၀။ ထမင်းထုတ်ဖို့ ပြင်ဆင်ပါမည်။
၁၁။ ရေနွေးဖျောထားသည့် မုန်ညင်းဖြူရွက်ပေါ်တွင် ကြော်ထားပြီးသား ထမင်းကိုတင်ပြီး အစတစ်ဖက်ကို ဆွဲလိပ်ကာ သွားကြားထိုးတံဖြင့် ထိန်းပြီးလျှင် ဗီတာမင် ထမင်းထုပ်ကို ရရှိပါပြီ။

  အာဟာရပါဝင်မှုတန်ဖိုးများမှာ ဤဟင်းလျာတစ်ပွဲလုံးအတွက်
-   ကယ်လိုရီ   -   ၄၁၈ ဂရမ်
-   ကာဗွန်ဟိုက်ဒရိုက်   -   ၁၅၀ ဂရမ်
-   ပရိုတင်း   -   ၃၈ ဂရမ်
-   အဆီ   -   ၆ ဂရမ်
-   အမျှင်ဓာတ်   -   ၁၂.၇ ဂရမ်
-   ကိုလက်ထရောဓာတ်   -   ၁၈၉ ဂရမ်
................
 Davy

Credit: Food Magazine (Myanmar) 

No comments: