Wednesday, July 26, 2017

Olive Yang သို့မ​ဟုတ် ဘိန်းဘုရင်မ

စီအိုင်အေ - အိုလစ်ဖ်ယန်း နှင့် ၀ါဝါ၀င်းရွှေ
======================


အခု တင်ပြမယ့် အကြောင်းကတော့ ဒီနေ့ထုတ် The New York Times သတင်းစာမှ ဖေါ်ပြလာတဲ့ Olive Yang ဆိုတဲ့ ကိုးကန့် ဘိန်းဘုရင်မကြီးရဲ့  အကြောင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဂျူလိုင် ၁၃ ရက် နေ့ အသက် ၉၀ မှာ
ကွယ်လွန်သွားတဲ့ အိုလစ်ဖ်ယန်းသည် ကိုးကန့် စော်ဘွား၏ သားသမီး ဆယ်တစ်ယောက်ထဲက သမီးတော်တပါး ဖြစ်ပါတယ်။ သို့သော်လည်း ယောက်ကျားစိတ် ပေါက်နေတဲ့ သူမအဖို့ စော်ဘွားသမီးတော် ဘ၀တွင် မပျော်ပိုက်
နိုင်ပဲ ရွှေတိဂံဒေသတွင် စီအိုင်အေ အထောက်အပံ့နဲ့ ကျော်ကြားလှတဲ့ ဘိန်းဘုရင်မကြီး တပါး ဖြစ်လာခဲ့ပြီး က္ဈန်တော်တို့ အားလုံး သိခဲ့ကြတဲ့ လော်စစ်ဟန်က ထိုအချိန်က သူရဲ့ လက်ထောက်တဦးသာ ဖြစ်ပါတယ်။

သူမ ဘ၀တလျောက်လုံး ရာပေါင်း များစွာသော လက်နက်ကိုင်တပ်ကြီးကို ဦးဆောင်ခဲ့သူ၊ ထောင်အကြိမ် ကြိမ်ကျ နှိပ်စက်ညှင်းပန်း ခံခဲ့ရယုံမက မြန်မာရုပ်ရှင် မင်းသမီးတဦးကိုပါ အချစ်တော် ထားခဲ့တဲ့ သူမ ဘ၀က စိတ်ဝင်စရားတွေနဲ့ ပြည့်နှက်နေပါတယ်။

အိုလစ်ဖ်ယန်းသည် ငယ်စဉ်ဘ၀ထဲက ယောက်ကျားစိတ်ပေါက်နေသူ ဖြစ်သဖြင့် ယောကျာ်းလို ၀တ်ဆင်ပြီး အကိုတွေရဲ့ ရည်းစားတွေကို လိုက်လံ ပိုးပန်းသူ ဖြစ်
လာပါတယ်။ အခုလို ဟော့ဟော့ရမ်းရမ်း နေထိုင်လာတဲ့ သမီးတော် အတွက် ရတက်မအေး ဖြစ်လာတဲ့ မိဘများက သူမထက် အသက်ငယ်တဲ့ မောင်တ၀မ်းကွဲ တော်သူ နှင့် လက်ဆက်ထိမ်းမြားစေခဲ့ ပါတယ်။

ကိုယ်ဝန်ရှိလာပြီး မကြာမီကပဲ စွန့်စားတာကို ၀ါသနာပါတဲ့ အိုလစ်ဗဖ်ယန်းက အိမ်ထောင်သည် ဘ၀ကို စိတ်ကုန်ပြီး လင်ယောက်ျားဖြစ်သူကို ထားခဲ့ကာ မူးယစ်ဆေးဝါး ကုန်ကူးတဲ့ ဓါးပြကြီး ဘ၀ကို ခံယူခဲ့ပါတယ်။ သူမရဲ့ သားဖြစ်သူကိုတော့ မိသားစုတွေကပဲ စောင့်ရှောက်က္ဈေးမွေး ခဲ့ရပါတယ်။

အသက် ၂၅ နှစ် အရွယ်မှာ စစ်ခေါင်းဆောင်ကြီး ဖြစ်လာပြီး သူမရဲ့ လက်အောက်မှာ စစ်အင်အားက ရာချီပြီး များပြားလာကာ လားများနှင့် ဘိန်းတွေ သယ်ပြီး တောအထပ်ထပ် တောင်အထပ်ထပ် ဖြတ်ကာ
ထိုင်းနိုင်ငံထဲထိ သယ်ယူ ရောင်းချ လာခဲ့ ပါတယ်။

သူမ ကိုယ်တိုင် ရှာဖွေ ဖေါက်ထွက်ခဲ့တဲ့ လမ်းကြောင်းက နောက်ပိုင်းမှာ ရွေတြိဂံ ဒေသတွင် ထင်ရှားခဲ့တဲ့ မူးယစ်ဆေး သယ်ယူရာ လမ်းကြောင်းကြီး ဖြစ်လာခဲ့ပြီး အမေရိကန် နဲ့ ဥရောပ ဈေးကွက်များ အတွက် အဓိက ကုန်ကြမ်းတွေ ထောက်ပံ့ရာ ဈေးကွက်ကြီး ဖြစ်လာပါတယ်။

အိုလစ်ဖ်ယန်း အဖို့ ထိုအချိန်က မြန်မာနိုင်ငံ အတွင်း ခိုလှုံနေကြတဲ့ ကူမင်တန် တရုတ်ဖြူ တွေနဲ့ အကျိုးတူ ပူးပေါင်း လာတဲ့ အတွက် မြန်မာအစိုးရမှ ရန်စူး ရန်ညှောင့်တခု အဖြစ် စတင်ရှုမြင်လာပါတယ်။

စစ်အေးတိုက်ပွဲကြီးရဲ့ ပွဲဦးထွက် ကာလလည်း ဖြစ်နေတာမို့ ကွန်မြူနစ် တရုတ်များရဲ့ရန် ပြန့်ပွားမလာအောင် တွန်းလှန်နေပါတယ်လို့ ကြွေးကြော်ခဲ့တဲ့ ကူမင်တန် တရုတ်ဖြူများကို စီအိုင်အေ က လျစ်လျူ ရှု့မနေပဲ ထောက်ပံ့လာခဲ့ ပါတယ်။ စီအိုင်အေက တရုတ်ဖြူ များနဲ့ သဘောတူညီချက် ရယူပြီး Operation Paper လို့ အမည်ပေးထားတဲ့ လျို့ဝှက် စစ်ရေးလှုပ်ရှားမှု အဖြစ် ၎င်းတို့ ပိုင် လေယာဉ်များနဲ့ လက်နက်တွေကို တရုတ်ဖြူ များထံ ပို့ပေးခဲ့ပါတယ်။ တဖက်ကလည်း တရုတ်ဖြူများ နဲ့ အိုလစ်ဖ်ယန်းတို့က ဘိန်းကုန်ကူးမှု များဖြင့် သူတို့ရဲ့ တပ်တွေ အတွက် ရံပုံငွေ ရှာခဲ့ကြပါတယ်။

စီအိုင်အေ က ပံ့ပိုးတဲ့ လက်နက်တွေ အိုလစ်ဖ်ယန်း လက်ထဲ ရောက်နေပြီဆိုတဲ့ အထောက်အထားတွေကို ၁၉၅၂ က မြန်မာအစိုးရမှ တရုတ်ဖြူများ ကျုးကျော် လာနေမှုအား ကုလသမဂ္ဂကို တိုင်တန်းရာမှာ တင်ပြ ခဲ့ပါတယ်။

အိုလစ်ဖ်ယန်းရဲ့ တပ်တွေ နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံရှိ လေယာဉ်ကွင်းသို့ သွားရောက်ကာ အမှတ်တံဆိပ် မပါရှိပဲ တိုင်ဝမ်မှ ဆိုက်ရောက်လာတဲ့ C-47 လေယာဉ်နဲ ပါလာတဲ့ လက်နက်တွေကို သွား
ရောက် လက်ခံခဲ့ကြတာ တွေ့ခဲ့ကြရပါတယ်။

သိတ်မကြာခင်မှာပဲ အိုလစ်ယန်း နဲ့ လက်ထောက်ဖြစ်သူ လော်စစ်ဟန်တို့ နှစ်ဦးသား ထိုင်း နယ်စပ်မှ ကားနှင့် ပြန်လာစဉ် မြန်မာရဲ အဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပြီး မြန်မာနိုင်ငံအတွင်းသို့ တရုတ်ဖြူစစ်သားများ ခိုးသွင်းသည်ဟု ဆိုကာ မန္တလေးထောင်မှာ ငါးနှစ် စံမြန်းခဲ့ရပါတယ်။ ယင်းသည်ကား သူတို့နှစ်ဦး အဖို့ ပထမဦးဆုံး အကြိမ် ထောင်ရဲ့ အရသာ ကို မြည်းစမ်းခွင့် ရခဲ့ခြင်းပင် ဖြစ်ပါတယ်။

လော်စစ်ဟန်က တော့ နောက်ပိုင်းမှာ "အရှေ့တောင်အာရှ ရဲ့ ဘိန်းဘုရင်ကြီး" ဘွဲ့ကို အမေရိကန် မူးယစ်ဆေးဝါး ထိမ်းချုပ်တားဆီးရေး အရာရှိများက ပေးခဲ့ကြပါတယ်။ လော်စစ်ဟန်က မြန်မာ အစိုးရမှ သူပုန်များ ကို တိုက်ခိုက်ရာမှာ အကူအညီပေးတဲ့ အတွက် အပြန်အလှန် အနေနဲ့ မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖေါက်ကားခွင့် ပြုလိုက်တဲ့ အတွက် အခုလို တဟုန်ထိုး ထင်ရှားလာရတာ လည်း ဖြစ်ပါတယ်။

၁၉၅၉ မှာ အကို ဖြစ်သူ ကိုးကန့်စော်ဘွားက ရှမ်းပြည်နယ်ရှိ အခြားစော်ဘွားများလို ထီးနန်း စွန့်လွှတ်ပေးခဲ့ရပြီးနောက်မှာ အိုလစ်ယန်းက ကိုးကန့် တပ်တွေကို ဆက်လက် ဦးဆောင်ခဲ့တဲ့ အတွက် ကိုးကန့်ဒေသမှာ အကြီးအကဲ လို ဖြစ်လာခဲ့ရပါတယ်။


သူမရဲ့ ဆွေမျိုးသားချင်းတွေ အဆိုအရ ထိုကာလများမှာ ရုပ်ရှင်မင်းသမီး ၀ါဝါ၀င်းရွှေ နဲ့ ဇာတ်လမ်းစခဲ့ပြီး ၀ါဝါ၀င်းရွှေကို ပိုးကြေးပန်းကြေး အဖြစ် အဖိုးတန် လက်ဆောင်တွေ တနင့်တပိုးကြီး ပေးခဲ့တဲ့ အပြင် နောက်ဆုံးမှာ သူမ ပိုင်တဲ့ ခြံ နဲ့ တိုက် ဂရန်ကိုပါ သူမနာမည် နောက်မှာ ၀ါဝါ၀င်းရွှေ ကိုပါ ထည့်သွင်း ပေးခဲ့တယ်လို့ သိရပါတယ်။

အိုလစ်ယန်း ရဲ့ မိသားစုဝင်တွေကတော့ သူတို့နှစ်ယောက်ကို အတွဲ အဖြစ် သဘောထားခဲ့ကြပြီး ၀ါဝါ၀င်းရွှေ က အခုထက်ထိ ထို အိမ် မှာပဲ ဆက်လက်နေထိုင်ဆဲ ဖြစ်ပါတယ်။ သို့သော် ၂၀၁၅ မှာ ဒေါ်ဝါ၀ါဝင်းရွှေ နဲ့တွေ့ဆုံမေးမြန်းခန်း တခုတွင်မတော့ အိုလစ်ယန်း နဲ့ သူမ ဘာမှ မပါတ်သက်ဖူးလို့ ဒေါ်ဝါ၀ါဝင်းရွှေ က ငြင်းဆိုခဲ့ ပါတယ်။ မည်သို့ပင် ဖြစ်စေ သူတို့နှစ်ဦး တွေ့ဆုံ ပါတ်သက်ခဲ့တယ်ဆိုတဲ့ အကြောင်းက ၁၉၆၃ မှာ မပြောမဆိုနဲ့ တစ်ခန်းရပ်သွားခဲ့ရပါတယ်။ အာဏာသိမ်းပြီးကာစ ပူပူနွေးနွေးသာ ရှိသေးတဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့ ရဲအဖွဲ့ က အိုလစ်ယန်း ကို ဖမ်းဆီးလိုက်တာကြောင့် အင်းစိန်ထောင်မှာ ခြောက်နှစ် ကျခံခဲ့ရပြီး နှိပ်စက်ညှင်းပမ်းမှု မျိုးစုံ ခံခဲ့ရတယ်လို့ သတင်းများ ထွက်ခဲ့ပါတယ်။

၁၉၈၉ မှာတော့ အိုလစ်ယန်း ရဲ့ ဘ၀မှာ မမျှော်လင့်တဲ့ အလှည့်အပြောင်းတခု ကြုံလာခဲ့ရပါတယ်။ ထိုအချိန်က အသက်ကလည်း ၆၀ ကျော်လာပြီ ဖြစ်လို့ စစ်ဘုရင် ကြီး အဖြစ်က အနားယူသွားခဲ့ပေမယ့် ကိုးကန့်ဒေသရှိ လက်အောက်ငယ်သားများရဲ့ လေးစားမှုကို ခံနေရဆဲ ဖြစ်တဲ့ သူမ နဲ့ ယခင်လက်ထောက် ဖြစ်ခဲ့တဲ့ လော်စစ်ဟန်ကို ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်က ချည်းကပ်ခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးအား သူပုန်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိဖို့ ဆွေးနွေးရာမှာ အကူအညီပေးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။ ဒီအတွက် အိုလစ်ယန်း နဲ့ ဆွေနီးမျိုးစပ်တော်တဲ့ ဖုန်ကြားရှင် ရဲ့ ကိုးကန့် သူပုန် အဖွဲ့နဲ့ မြန်မာ အစိုးရ သဘောတူညီချက် ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့ အချိန်အထိ တည်မြဲခဲ့ပါတယ်။

မသေဆုံးမှီ အချိန်အထိ ဘီးတပ်ကုလားထိုင်ပေါ်မှာ ဘ၀ကို ဖြတ်သန်းရင်း ခင်ပွန်းဖက်က ပါလာတဲ့ သားဖြစ်သူနဲ့ ကိုးကန့် ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ စောင့်ရှောက်ပေးမှု ဖြင့် မူဆယ်က ခြံဝင်းကြီးတခုထဲမှာ ဇာတ်မြုပ်နေထိုင်ခဲ့ပါတယ်။

၂၀၁၅ အတွင်း လေဖြတ်ရောဂါ ခံစားခဲ့ရပြီးနောက် သိတ်မကြာခင်မှာပဲ သွားရောက်တွေ့ဆုံ ဖြစ်ခဲ့ရာမှာ အခုလို မိမိအပေါ် ရိုသေလေးစားကြဆဲ ဖြစ်တဲ့ တပ်ဖွဲ့တွေနဲ့ အတူ နေရတာ ပျော်ရွှင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒေါ်ဝါ၀ါဝင်းရွှေရဲ့ သူမ အိမ်မှာ ရိုက်ထားတဲ့ ဓါတ်ပုံကို ထုတ်ပြတော့ ကျေနပ်တဲ့ အပြုံးနဲ့ သဘောကျ သွားပြီး လက်တဖက်က စီးကရက်ကို ကိုင်ရင်း ကျန် လက်တဖက်နဲ့ ဓါတ်ပုံကို ထောက်ပြကာ  "That whole property was mine" လို့ ပြောခဲ့ပါတယ်။

ဂျုလိုင်လ ၁၃ ရက်နေ့ က ကွယ်လွန်သွားတဲ့ အိုလစ်ယန်း တွင် ညီမ နှစ်ယောက်နဲ့ သားဖြစ်သူတို့ ကျန်ရစ်ခဲ့ပါတယ်။ ယခင် ကိုးကန့်တပ်ရဲ့ တပည့်တပန်း များ အကူအညီနဲ့ မူဆယ် မြို့ အနီးမှာ ဂူသွင်း သင်္ဂြိုလ်ဖို့ စီစဉ်နေကြပြီ ဖြစ်ပါတယ်။



ရည်ညွှန်း ။  ။ နယူးယောက် တိုင်းမ် သတင်းစာကြီးတွင် ဂျုလိုင် ၂၁ ရက်နေ့ က ပါရှိသော Gabrielle Paluch နဲ့ ရန်ကုန်ရှိ Alice Dawkin တို့ ရေးသားသော "The female warlord who had C.I.A connections and opium routes" ဆောင်းပါးကို ပြန်ဆိုရေးသားခြင်း ဖြစ်ပါတယ်။

( Copy from Myat Zaw Ko's face book)

Credit: Brain Wave

ဆက်စပ်သတင်း:
https://www.google.com/amp/s/mobile.nytimes.com/2017/07/21/world/asia/burmese-warlord-olive-yang.amp.html

No comments: