Tuesday, July 11, 2017

ဆေးလိပ်ဖြတ်နည်း


" ဟူး ... "

ခပ်ပြင်းပြင်း စုပ်ယူလိုက်ပြီး တဖြေးဖြေးချင်း မှုတ်ထုတ်လိုက်တော့ ဆေးလိပ်ငွေ့တွေက အလုံးလိုက်ထွက်လာသည်။ အလုံးလိုက်ထွက်လာတယ်ဆိုသော်လည်း ဖြတ်တိုက်သွားတဲ့ လေတွေကြောင့် ခဏအတွင်းမှာပဲ ပြန့်ကျဲသွားတာပါပဲ။ တကယ်တော့ နေ့လည်စာ ထမင်းစားပြီးချိန်၊ ရုံးပိတ်ရက်မလို့ သူငယ်ချင်းက ဝရန်တာ ဆေးလိပ်ထွက်သောက်နေတာ။ Admin ကတော့ ဘေးကနေ ကြည့်ပေါ့။

သူငယ်ချင်းက မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကို မကြည့်အား။ သူက မေးစေ့လေး ရှေ့ပြစ်၊ စီးကရက်ကို လက်မနဲ့ လက်ညှိုးကြား ဖိကိုင်ပြီး  ကြည့်နေသည်။ သောက်လက်စ ဆေးလိပ်ကို ကိုင်ပြီး မျက်လုံးလေးမှေး တွေးနေပုံရသည်။ ကိုယ်ကတော့ ဘေးကနေထိုင်ပြီး ထမင်းလုံးစီရင်း မျက်စိရှေ့မြင်ရာ သူ့ကိုကြည့်ပေါ့။

" ငါလဲ ဆေးလိပ်ဖြတ်တော့ရင် ကောင်းမယ် "

သူက ဆေးလိပ်လဲ သောက်ရင်း၊ တွေးနေရင်းနဲ့ ရုတ်တရက်ပြောသည်။

" ဒီတစ်ဗူး ကုန်ရင်ပေါ့ "

ပြောအပြီး လက်ထဲက ဆေးလိပ်ကို တစ်ချက်ဖွာသည်။ ပြီးတော့ လေထဲကို အလုံးလိုက်ထပ်မှုတ်ချလိုက်ပြန်သည်။

"ဖြတ်ချင်ပါတယ်၊ ပြတ်သွားသေးတယ်။ တကယ်ဖြတ်တော့မှာ။ "

ပြောလိုက် ပြန်သောက်ဖြစ်လိုက်နဲ့ သံသရာလည်နေတဲ့ သူ့ရဲ့စကား၊ သူ့ရဲ့ ဆေးလိပ်ငွေ့တွေကြား Admin တစ်ယောက်သာ ဆေးလိပ်နဲ့ ပတ်သက်မိသမျှ အတိတ်တွေ ပြန်မြင်မိတယ်။ ဆေးလိပ်နဲ့ ကိုယ့်ရဲ့ ဇာတ်လမ်း။ အထူးသဖြင့် ဘယ်လိုဖြတ်ခဲ့ရသလဲပေါ့။

ဒါ့ကြောင့်ပဲ ကိုယ့်အရှေ့မှာ ထိုင်နေတဲ့ ကိုယ့်သူငယ်ချင်းလို၊ ဒါမှမဟုတ် Golden_Dreams page ကို Follow ထားတဲ့အထဲကမှ ဖြတ်ချင်သူတွေအတွက် ဒီအကြောင်းကို ရေးလိုက်ရတာပါပဲ။

*************

ပထမဆုံးတွေးမိတာက ကိုယ်တို့ ဆေးလိပ်ဘယ်လို စသောက်မိတဲ့ အကြောင်းပါပဲ။

ဒီအကြောင်း စဉ်းစားတော့ အတွေးတွေက ဟိုးးးး ဆယ်ကျော်သက်အရွယ်ကို ပြန်ရောက်သွားတယ်။

အမှန်တော့ ဆေးလိပ်မသောက်ခင်က ဆေးလိပ်ကို အရမ်းကြောက်၊ ရွံ့ခဲ့တာ။ ကိုယ်ငယ်စဉ်က ကိုယ့်အစ်ကို ကိုယ့်ရှေ့မှာ ပထမဆုံး ဆေးလိပ်စသောက်စဉ်ကဆို စိတ်ထဲမှာ ငိုချင်သလိုကြီးကို ဖြစ်လို့။

သူကလဲ အမှန်တော့ အမေ မသိအောင် ခိုးသောက်၊ ဒါကို ကိုယ်က ပြန်မတိုင်ရတော့

"ကိုယ့်အစ်ကို ပျက်စီးနေတာကို အားပေးအားမြှောက်ပြုမိပြီ။ ငါ့အစ်ကိုတော့ ဆေးသမားဖြစ်ပါပြီ" ဆိုပြီး ဝမ်းနည်းတာပါ။ အဲလောက်ထိ ဆေးလိပ်ကို ကြောက်စရာကြီးလို့ ထင်ခဲ့တယ်။ တီဗီက သတိပေးကြေငြာတွေကြောင့်လဲ ပါတယ်။

ဒီလိုနဲ့ ဆယ်တန်းပြီး၊ တက္ကသိုလ်စတက်ခါစ အရွယ်ကိုရောက်ပေါ့။ အဲအချိန်မှာ ကိုယ့်အဖွဲ့ထဲက တစ်ယောက်စ၊ နှစ်ယောက်စ စသောက်လာပြီ။

ငါးယောက်ရှိတဲ့ အဖွဲ့မှာ နှစ်ယောက်က စသောက်လာပြီ။ ဒီနှစ်ယောက်က ဘယ်လိုပုံစံလဲဆိုတော့ ဂျစ်ကန်ကန်၊ ခပ်မိုက်မိုက်၊ လူရှိန်တာခံချင်တဲ့ ပုံစံမျိုး။ ဒါကလဲ အဲအချိန်တုန်းက တက္ကသိုလ် အချစ်ဝတ္တုတွေ၊ မြန်မာ ရုပ်ရှင်တွေမှာ ပါတဲ့ မင်းသား စရိုက်မျိုးကိုး။

ဒီတော့ စပြီး မကောင်းတာမျိုးကို စမ်းချင်လာတယ်။ ဒါနဲ့ပဲ ၂ ယောက်က စသောက်ဖြစ်ပြီး ကျန်တဲ့ လိမ္မာတဲ့ ၃ ယောက်က မသောက်ဖြစ်သေးတာပါပဲ။ မသောက်ဖြစ်တဲ့ ၃ ယောက်မှာ ကိုယ်လဲပါတယ်။

ဒါပေမယ့် လေးငါး ခြောက်လကြာတော့ တက္ကသိုလ်ထဲက ကန်တင်းတွေထိုင်တဲ့အခါ ကိုယ်နဲ့ ရွယ်တူဘဲတိုင်း နည်းပါး ဆေးလိပ်သောက်တာ တွေ့ရတာပါပဲ။

ဂျင်းဘောင်းဘီဝတ် ရွယ်တူကောင်တွေ ညဘက် လက်ဖက်ရည်ဆိုင်ရဲ့ မီးအပြာ မှောင်မှောင်အောက်မှာ အုပ်စုလိုက် ဟေးလားတိုက်လိုက်၊ ဆေးလိပ်မီးခိုးငွေ့တွေကြား စကားတွေပြောလိုက်နဲ့။ ကုန်သွားပြီလား၊ နောက်တစ်လိပ်ကို နှုတ်ခမ်းနဲ့ တေ့ရုံလေးတေ့၊ မျက်လုံးလေးမှေးပြီး မီးပြန်ညှိပေါ့။ ဒါနဲ့ပဲ ဆေးလိပ်သောက်ခြင်းဟာ ကိုယ်တို့မျက်စိရှေ့မှာ အထာကျတဲ့ အလေ့တစ်ခုလို ဖြစ်ဖြစ်လာပါရော။

" လူတိုင်း လုပ်နေကြတာပါပဲကွာ။ ငါ့အဘိုးတောင် အသက် ၇၀၊ သောက်တုန်း "

ဒီလိုပြောသံတွေကြားတော့ ဆေးလိပ်ဆို ရွံတဲ့နေရာကနေ ထင်သလောက်လဲ မဆိုးလောက်ပါဘူး ဖြစ်လာတယ်။ လူအများမှားနေတော့ အမှားလို့ မထင်ဖြစ်တော့ဘူး။ ဒါနဲ့ပဲ တစ်လိပ်စမ်းကြည့်တယ်။

" ဟွတ် ၊ အဟွတ် "

ခါးကလဲ ခါး၊ သီးကလဲ သီး။ ပြီးဆေးလိပ်ငွေ့တွေက မျက်စိထဲ ပြန်ဝင်တော့ စပ်ပြီး မျက်ရည်ပါကျလာသလိုလို။

" မင်းဟာကြီး မကြိုက်ပါဘူးကွာ၊ ထွီ "

ခါးနေတဲ့ ပါးစပ်က တံတွေးလဲ ထွေး၊ သူငယ်ချင်းကိုလဲ ဆေးလိပ်ပြန်ပေးပေါ့။

" တအား မစုပ်ရဘူးကွ၊ မသောက်တတ်သေးခင် ခပ်ဖြေးဖြေးပဲ ဖွာကြည့်၊ တစ်ဝက်လောက်သောက်ရင် တက်သွားလိမ့်မယ် "

ဒီလိုနဲ့ သူပြောသလို ဆက်ဖွာတယ်။ အဲ .. ဒီလိုဆိုတော့လဲ ဟုတ်သား။ ဒါနဲ့ တစ်ဖွာ၊ နှစ်ဖွာ အပြီးမှာ စိတ်တွေ ငြိမ်ကျသွားတယ်။ လှိုင်းတွေ ရိုက်နေတဲ့ ကမ်းခြေပုံစံကနေ ရေသေ ရေပြင် ဖြစ်သွားသလိုမျိုး။ အကုန်ငြိမ်သွားတယ်။

" တယ်ကောင်းပါလား "

အဲ တစ်လိပ်ကနေ ကိုယ်ဟာလဲ ဆေးလိပ်ကျွန် စဖြစ်ခဲ့တာပါပဲ။

******************
* အိပ်ရာထထချင်းလဲ သောက်တာပဲ။

* မနက်စာ စားဖြစ်ရင် မနက်စာအပြီးမှာ သောက်မယ်။ မစားဖြစ်ရင် မနက်စာအစားသောက်မယ်။

* ဘတ်စ်ကားဂိတ် လမ်းလျှောက်မလား၊ တစ်လိပ်။ ကားစောင့်မလား၊ တစ်လိပ်။

* ကားပေါ်က ဆင်းပြီလား၊ တစ်လိပ်။

* စာမသင်ခင်/ အလုပ်တစ်ခုခုမစခင် တစ်လိပ်၊ အပြီးမှာလဲ တစ်လိပ်။

* ရေမချိုးခင် တစ်လိပ်။ ညစာစားပြီး တစ်လိပ်။ မအိပ်ခင် တစ်လိပ်။

အရက်သောက်လဲ မပါမဖြစ်၊ လက်ဖက်ရည်သောက်လဲ မပါမဖြစ်။

ပျော်သလား၊ အသည်းကွဲသလား။ မိုးရွာသလား၊ နေပူလား။ ဗိုက်ဆာလား၊ ဗိုက်ပြည့်လား။ ပျင်းသလား၊ ရုပ်ရှင်ကြည့်ရင်းလား။ ဂိမ်းဆော့ရင်းလား။ ကိစ္စတစ်ဖြတ် တစ်ဖြတ်ပြီးသွားတိုင်း ဆေးလိပ်သောက်ပြီး ဇိမ်ခံရမယ်ဆိုပြီး Program သွင်းမိသလို ပုံစံမျိုးကို ဖြစ်လို့။ အရာရာတိုင်းကို ဆေးလိပ်က ပိုပြီးပြည့်စုံစေသည်။ အရာရာတိုင်းမှာ ဆေးလိပ်ပါသည်။

ဆေးလိပ်မပါရင် တစ်ခုခုကို လိုသလိုမျိုး။ မိုးသည်းကြီး မည်းကြီး ရွာသလား၊ မိုးရေထဲ ဆေးလိပ်ပြေးဝယ်ဖို့ ဝန်မလေး။ ဆိုင်တွေပိတ်သွားပြီလား၊ ဘယ်တုန်းက သောက်ထားပြီး ကုန်နေတဲ့ ဆေးလိပ်ဖင်တိုကို မရွံမရှာ မီးပြန်ညှိဖို့ ဝန်မလေး။ အဲလောက်ထိ သူမရှိရင် မမိုက်၊ မနေတတ်သလိုမျိုး။

ဆေးလိပ်ဖြတ်မယ့် အကြောင်းမစခင် ဒီလိုအကြောင်းတွေပြောနေရတာက Admin လဲ ခင်များတို့လို ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်ခဲ့ဖူးပြီး ဘယ်လိုခံစားရလဲ၊ ရင်ဘတ်ဘယ်လိုတူလဲဆိုတာကို သိစေချင်လို့ပါ။

ဘယ်လောက်ပဲ ဆေးလိပ်ကို ငယ်စဉ်က ကြောက်ခဲ့ပါစေအုန်း၊ တက္ကသိုလ်ကျောင်းသား အရွယ်မှာ ဆေးလိပ်သောက်ရင် လန်းတယ်လို့ အထင်ရောက်စေတာ မြန်မာပြည်မှာပါပဲ။ သိပ်ဆိုးပါတယ်။ နောင်တစ်ချက်က အပေါင်းအသင်းမှားရင် အဆိုးတွေ လုပ်မိတာပါပဲ။

***************

ဒီလိုနဲ့ တခြားနိုင်ငံရောက်တော့ ဆေးလိပ်သောက်ရတာ အဆင်မပြေပါဘူး။ ဟိုနေရာမသောက်ရ၊ ဒီနေရာမသောက်ရ။ ဒါတင်မကသေး၊ ကိုယ့်အသက်အရွယ်နဲ့ ဆေးလိပ်သောက်တယ်လို့များ သိသွားရင် သနားစရာမျက်ဝန်းတွေနဲ့ အကြည့်ခံရသလိုမျိုးကို ခံစားရပါလေရော။

စင်ကာပူမှာ ဆေးလိပ်သောက်တာဟာ အထာကျတယ်လို့ မမှတ်ယူပါဘူး။ နေရာတကာမှာလဲ ဆေးလိပ်ပေးမသောက်ပါဘူး။ ဒီတော့ အုပ်စုလိုက်သွားတယ်၊ တစ်နေရာမှာ ထိုင် စားသောက်၊ စကားပြောနေတုန်း ဆေးလိပ်သောက်ချင်ပြီဆို ကိုယ်တစ်ယောက်တည်း လမ်းလျှောက်ပြီး အပြင်ထွက်ရပါတယ်။ နေ့လည်စာ ဆင်းချိန်မျိုးဆိုလဲ စားပြီးသွားရင် ကိုယ်တစ်ယောက်တည်း အောက်ဆင်း၊ ခြံပြင်ထွက်သောက်ရပေါ့။ လေဆိပ်သွားမလား၊ခဏနော်ဆိုပြီး ဆေးလိပ်သောက်မယ့်နေရာ ရှာရပြန်ပြီ။ကြာတော့ ကိုယ့်ဟာကိုယ် သင်းကွဲနေသလိုမျိုးကို ဖြစ်လို့။

ဒါတင်မကသေး။ ဆေးလိပ်သောက်ပြီး စွဲနေတဲ့ ဆေးလိပ် အနံ့တွက်လဲ ကိုယ်က အားနာတတ်သေးတယ်။ ဥပမာ ဆေးလိပ်သောက်ပြီး လက်မှာ ဆေးလိပ်နံ့စွဲနေတယ် ဆိုပါစို့။ ဒီလိုအချိန်မျိုး ဓါတ်လှေကားမှာ ကိုယ်တက်ချင်တဲ့ အထပ် ခလုတ်ကိုနှိပ်မယ်၊ ကိုယ့်လက်က လူတွေ မျက်နှာရှေ့ ဖြတ်သွားမယ်၊ ဒါမျိုးဆို သိပ်အားနာဖို့ကောင်းသည်။ သူများ ကလေးကို ချီဖို့ ဘာဖို့ဆိုတာတော့ ဝေလာဝေး။

နှုတ်ခမ်းတွေလဲ ပြာလာပြီ။ သွားဖုံးတွေ ညို၊ သွားတွေ၊လက်သည်းတွေလဲ ဝါလာပြီ။ အဆိုးဆုံးက အသက်ရှူသွင်း ရှူထုတ်က အရင်တုန်းကလို ခပ်ဖြည်းဖြည်းမှန်မှန် မဟုတ်။ ခပ်ပြတ်ပြတ် ခပ်တိုတို ရှူသွင်းထုတ်တော့ အသက်ရှူနေရင်းကို လူက မောနေသလိုလို။

ဒါတွေ အရှည်မပြောချင်။

" ဆေးလိပ်ဖြတ်ရင် ကောင်းမယ် "

ဟိုး အပေါ်က ကိုယ့်သူငယ်ချင်း တွေးသလို သောက်လက်စ ဆေးလိပ်ကို လှည့်ကြည့်ရင်း တွေးမိသည်။ မီးနီနီထိပ်မှာ အငွေ့ တဝဲဝဲထွက်နေတဲ့ ဆေးလိပ်ကိုကြည့်ရင်း မသောက်ချင်တော့။

ဒီလိုနဲ့ ဆေးလိပ်ဖြတ်တာနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေ များစွာဖတ်ဖြစ်သည်။ သိပ္ပံနည်းကျတွေရော၊ အခုလို ကိုယ်တွေ့ဆောင်းပါးတွေရော မနည်းမနော။ ဒီထဲကမှ အရေးအကြီးဆုံး၊ အကူအညီ နိုင်ခဲ့ဆုံး အချက်တွေကို အောက်မှာ အကျဉ်းထုတ်ပေးလိုက်ပါတယ်။ စာပေဆိုတာ သူများ တစ်ဘဝစာကို အချိန်တိုအတွင်း လက်ဆင့်ကမ်းနိုင်တယ် မဟုတ်လား။

***********

၁။ ဆေးလိပ်သောက်လို့ ကောင်းသွားတဲ့ ဖီးလ်ဟာ နီကိုတင်းဓါတ် ဦးနှောက်ထဲရောက်သွားလို့ပါ

ဒီလို နီကိုတင်းဓါတ်ရောက်အပြီး ဆယ်မိနစ်၊ ဆယ်ငါးမိနစ်လောက်မှာ ဓါတ်စပြယ်ပါပြီ။ ဒီလိုပြယ်သွားတဲ့ အခါ စိတ်မငြိမ်ဖြစ်လာမယ်၊ ဒေါသထွက်သလိုလိုဖြစ်လာမယ်၊ စိတ်ဖိစီးလာမယ်။ ဒါတွေ ပျောက်သွားဖို့က နီကိုတင်း ပြန်ဖြည့်ရပါမယ်။

************
၂။ သင်ဟာ ဆေးလိပ်ထဲက နီကိုတင်းကို စွဲနေတယ်၊ နီကိုတင်းက သင့်ကို ကျွန်ပြုထားတယ်ဆိုတာကို လက်ခံပါ -

သင်ဟာ အပေါ်ကပြောသလို စိတ်မငြိမ်တာတွေ၊ အလိုမပြည့်တာတွေကို ဖျောက်ဖို့ နီကိုတင်း ရဖို့လိုလာပါပြီ။ မရရင် သင့်ခန္ဓာကိုယ်က မနေနိုင်တော့ပါဘူး။ ဒီလိုအချိန်မှာ သင်ဟာ ဘယ်လောက်ဖြတ်ချင် ဖြတ်ချင် အကြောင်းပြချက် မျိုးစုံပေးပါတော့မယ်။

* ဒီတစ်ဗူးကုန်ရင် ဖြတ်မယ်
* ရည်းစားရရင် ဖြတ်မယ်
* မွေးနေ့ကျရင်ဖြတ်မယ်၊ နှစ်ကူးကျရင်ဖြတ်မယ်
* အိမ်ထောင်ကျရင်ဖြတ်မယ်၊ ကလေးရရင်ဖြတ်မယ်
* တစ်နေ့ နှစ်လိပ်ပဲသောက်မယ်၊ တစ်လိပ်ပဲသောက်မယ်
* အရက်သောက်တုန်းပါပဲ
* ဒီနေ့က အလုပ် အရမ်းပင်ပန်းလို့
* အလုပ်က ရာထူးတိုးလို့
* ဒီရက်ပိုင်းတွေ စိတ်ဖိစီးမှုများလွန်းလို့
* လုပ်စရာမရှိလို့

စသည် စသည် ထောင်သောင်းမကတဲ့ ဆင်ခြေတွေ ပေးပါလိမ့်မယ်။ ဒီလိုဆင်ခြေပေးဖို့ နီကိုတင်းက သင့်စိတ်ကို မျိုးစုံပြောနေတာပါ။ စစ်တမ်းတွေအရ နီကိုတင်းဟာ ဟီရိုအင်းထပ် အများကြီး ဖြတ်ရပိုခက်ပါတယ်။ ဒါ့ကြောင့် ပညာတတ်ပေါင်းများစွာတောင် ကိုယ့်စိတ်ကိုယ်လိမ်ပြီး အခုထိ ဆေးလိပ်နွံကနေ မရုန်းနိုင်သေးပါဘူးတဲ့။

ဒီလိုမျိုး ဆင်ခြေတွေ၊ စိတ်လှည့်ကွက်တွေ ပေးလာရင်

" ဒီအတွးဟာ တစ်ကယ်မဟုတ်ဘူး၊ နီကိုတင်း စကားတွေ" လို့ သိနေရပါမယ်။

**************
၃။ ဆေးလိပ်ဖြတ်ခြင်းဟာ စိတ်ရဲ့တိုက်ပွဲပါ

နီကိုတင်းဟာ Chemical ပိုင်း၊ ဆေးဆိုတာကို မငြင်းပါဘူး။ ဒါပေမယ့် သွေးထဲကနေ နီကိုတင်း ထွက်သွားဖို့က သုံးရက် ဝန်းကျင်ပါပဲ။ သုံးရက်နောက်ပိုင်းမှာမှ ဆေးလိပ်ကို တမ်းတစွဲလန်းနေသေးရင် ဒါဟာ စိတ်ပိုင်းဆိုင်ရာဘက်ကို ရောက်သွားပါပြီ။ ဒီတိုက်ပွဲအတွက် ဖတ်မိဖူးသမျှ ဆောင်းပါးတွေထဲက အတွေးအခေါ်တစ်ခုကို ဝေမျှပေးလိုက်ပါတယ်။

" သင်ဟာ ဆေးလိပ်သောက်ရတာကို ကြိုက်တာ မဟုတ်ဘူး။ ဆေးလိပ်မသောက်ရတာကို မကြိုက်တာ "

ဒီအဆိုကို နားလည်အောင် ကြည့်ဖို့လိုပါတယ်။

သင်ဟာ တစ်နေ့ကို ဆေးလိပ်ပေါင်းများစွာ သောက်တယ်ဆိုပါစို့။ ဥပမာအနေနဲ့ ဆယ်လိပ်မြောက်သောက်တဲ့အခါမှာ သောက်ရတာ အရင် အလိပ်တွေလောက် ဖီးလ်မလာပါဘူး။ ဒီတော့ အဲ ဆယ်လိပ်မြောက်ဟာ သင်ကြိုက်လို့ သောက်နေတာ မဟုတ်ပါဘူး။ မသောက်ပဲနေရင် စိတ်ကတုန်ကယင်ဖြစ်လာလို့ သောက်ဖြစ်သွားတာပါ။ ဒါ့ကြောင့် သင်ဟာ ဆေးလိပ်သောက်တာကို ကြိုက်တာမဟုတ်ဘူး၊ မသောက်ရင် ဖြစ်လာတဲ့ ဆေးဖြတ်တဲ့ ဒဏ်ကို မကြိုက်တာပါ။

အမြဲတမ်း ဆေးလိပ်ဆာလာရင် ဒီအဆိုကို သတိရပါ။

****************

၎။ နွံကွင်းဆက်ကို ဖြတ်ခြင်း

" စိတ်ဖိစီးလို့ ဆေးလိပ်သောက်ရတာ၊ မဟုတ်ရင် အလုပ် လုပ်လို့၊ အာရုံစိုက်လို့ မရဘူး "

ဒါဟာ ဆေးလိပ်သမားတွေရဲ့ ထောင်သောင်းမကဘဆင်ခြေထဲကမှ နံပတ်တစ်ပါ။ ဒီအတွက် ကြည့်လိုက်ရအောင်။

စိတ်တည်ငြိမ်အေးဆေး - ဆေးလိပ်စသောက် - သောက်အပြီး ဆယ်မိနစ်အကြာ ကတုန်ကယင်ဖြစ် - ဆေးလိပ်သောက် - စိတ်တည်ငြိမ်အေးဆေး - သောက်အပြီး ဆယ်မိနစ်အကြာ ကတုန်ကယင်ဖြစ် - ဆေးလိပ်စသောက်

ဒီလိုလည်ပတ်နေတာပါ။ သင်ဟာ ဆေးလိပ်မသောက်တတ်သူဆိုရင် စိတ်က လူသာမန်အတိုင်း ကတုန်ကယင် မဖြစ်ပါဘူး။ ဒီနေရာမှာ ဆေးလိပ်စသောက်လိုက်ပြီဆိုတာနဲ့ သောက်အပြီး ဆယ်မိနစ်အကြာမှာ ဆေး စပြလာပြီ၊ စိတ်မငြိမ်ဖြစ်လာပါပြီ။ ဒီလိုနဲ့ သောက်လိုက်တော့ ပြန်ကောင်းသွား၊ ပြီး ပြန်ဖြစ်။

ဒီလိုနဲ့ သံသရာလည်နေတာပါပဲ။ မရှိတဲ့ စိတ်ဖိစီးမှုကို ဆေးလိပ်ကဖန်တီး၊ ဆေးလိပ်နဲ့ ပြန်ဖျောက်၊ အဲဆေးလိပ်ကပဲ ပြန်ဖန်တီးနဲ့ပေါ့။ ဒီလို ချိန်းကြိုးလို ကွင်းဆက်တွေကို သေချာနားလည်ပြီး ဖြုတ်ပြစ်ပါ။

ဆေးလိပ်သောက်ခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေတာမဟုတ်ပဲ မရှိတဲ့ စိတ်ဖိစီးမှုကို ဖန်တီးတဲ့ လူလိမ်ကြီးဆိုတာ သိလာပါလိမ့်မယ်။

***************

၅။ ဆေးလိပ်ဖြတ်မယ့်အကြောင်းကို လူတွေကို အသိပေးပါ၊ သူတို့ဆီက အကူအညီတောင်းပါ။

သူတို့ အကူအညီပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ကိုယ်ဆေးလိပ်ဖြတ်တာ လူသိအောင်လုပ်ပါ။

Admin တုန်းက ဆေးလိပ်စဖြတ်တဲ့ နေ့အဖြစ် Facebook မှာ Status တင်ဖူးပါတယ်။ ဒီလိုနဲ့ ပြတ်သွားလိုက် မပြတ်သွားလိုက်နဲ့ တစ်နေ့တော့ 2 years ago ဆိုပြီး Memory အဖြစ် ပြန်မြင်ရပါတယ်။

ဒီအချိန်မှာမှ " ငါအခုထိ ဆေးလိပ်မပြတ်သေးပါလား၊ အရင်ကလို အများကြီး မသောက်ပေမယ့် ငါဟာ ဆေးလိပ်သမားအဖြစ် ရှိသေးပါလား " ဆိုပြီး အကြီးအကျယ် မြင်မိတယ်၊ အများကြီး ပြန်သုံးသပ်မိပါတယ်။

မိတ်ဆွေတွေ၊ ဆွေမျိုးတွေကို အသိပေးထားတာလဲ အကူအညီဖြစ်ပါတယ်။ ကိုယ့် ကတိကြောင့် သူတို့ရှေ့မှာဆို ပြန်သောက်ချင်ရင်တောင် မျက်နှာပူလို့ မသောက်ဖြစ်တော့ပါဘူး။

******************

၆။ ကျရှုံးခြင်းမှာ အောင်နိုင်ခြင်း

" အရာတစ်ခုမှာ အောင်မြင်ချင်ရင် အဲအရာရဲ့ ကျရှုံးခြင်းမှာ ဆရာတစ်ဆူဖြစ်ဖူးရပါမယ် "

ဒီအဆိုဟာ ဘဝအတွက်မှန်သလို ဆေးလိပ်ဖြတ်တဲ့ နေရာမှာလဲ အမှန်ဆုံးပါပဲ။ ထုံးလိုခြေ ရေလိုနှောက် သိနားလည်သွားနိုင်ဖို့ အမှားဆိုတာ ကြုံဖူးဖို့ လိုပါတယ်။ ဒီနေရာမှာ အမှားကတော့ ဖြတ်ထားပြီးတဲ့အခါမှာ ပြန်သောက်မိတာပါပဲ။

- တစ်လိပ်တည်းပါကွာ
- သူငယ်ချင်းနဲ့ ဆုံလို့ ဝယ်မိတာ ဒီတစ်ဗူးထဲပါ။
- အရက်သောက်တုန်းမလို့

စသည် စသည် ပြန်သောက်မိပြီး ပြန်စွဲတဲ့ အမှားပေါ့။ တစ်ပတ်လောက်၊ တစ်လလောက် မသောက်ပဲ နေနိုင်ခဲ့ရင် ကိုယ့်ကိုကိုယ် အထင်ကြီးပြီး ပြန်ဖြတ်နိုင်ပါတယ်ကွာ ဆိုပြီးသောက်၊ ဒီလိုနဲ့ ပြန်စွဲသွားတာပါပဲ။

ဒီလိုပြန်စွဲတဲ့အခါ " ငါ အသုံးမကျဘူး၊ ဖြတ်နိုင်မှာလဲ မဟုတ်ဘူး " ဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်ပါလိမ့်မယ်။ အဲတာနဲ့တင် ပိုသောက်ဖြစ်ရော။

အပြစ်မတင်ပါနဲ့။ နီကိုတင်းဟာ သင့်ကို ထားမသွားအောင် မျိုးစုံတွေးခိုင်းပါလိမ့်မယ်။ အဲလိုအဖြစ်မခံပါနဲ့။

ပြန်သောက်မိလား၊ ချက်ချင်း ပြန်ဖျက်ပါ။ အခါခါရှုံးလား၊ အခါခါ ပြန်ဖျက်ပါ။

" ဒီကောင်တော့ အားနေဆေးလိပ်ဖြတ်တယ်ပြောတာပါပဲ၊ ပြီး ပြတ်တာလဲ မဟုတ်ဘူး "

ဒီလိုလူတွေ ပြောနေပါစေ။ အခေါက်ခေါက် အခါခါကျရှုံးမှုက ပြန်ထခြင်းဟာ အလဲထိုးခံရခြင်းထပ် သာပါတယ်။

ဒီအချက်ဟာ နောက်ဆုံးအချက်ဖြစ်သလို အရေးကြီးဆုံး အချက်လဲ ဖြစ်ပါတယ်။

ကျရှုံးမှုမှာ အောင်နိုင်လာတဲ့တစ်နေ့၊ သင်ဆေးလိပ်လုံးဝပြတ်သွားပါလိမ့်မယ်။

*****************

ဆေးလိပ်ဖြတ်တဲ့အခါမှာပမာဏ လျှော့သောက်တာ အလုပ်မဖြစ်ပါဘူး။ တုံးတိဖြတ်တာ အကောင်းဆုံးပါ။

သူငယ်ချင်း မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကစပြီး ဖြတ်ချင်ပေမယ့် မပြတ်နိုင်သေးတဲ့ သူ့ကိုကြည့်၊ ဒီလိုလူမျိုး များစွာ ရှိနေမှာပဲ ယုံကြည်လို့ Admin ကိုယ်တိုင် ဖတ်မှတ်သုံးခဲ့တဲ့ နည်းလေးတွေ ဝေမျှလိုက်ပါတယ်။

ကိုယ်ဘာ့ကြောင့်ဖြတ်ချင်လဲ၊ ဘယ်နေ့စဖြတ်မလဲ စသဖြင့် ရေးပြီး ဒီဆောင်းပါးကို Share ပါ။

နောင်တစ်နှစ်အကြာ Facebook က One year ago memory အဖြစ် ပေါ်လာတဲ့အခါ၊ သင်ဟာ ဆေးလိပ်ပြတ်ပြီးသား ဖြစ်ချင် ဖြစ်နေမယ် မဟုတ်လား။


Share if you love ❤️

Credit: Golden_Dreams´ Page 💕

No comments: