Thursday, July 13, 2017

သိက္ခာ (Dignity)


သူတို့အိမ်ကလေးကာ ချောင်းကမ်းပါးအစပ်မှာ ဖြစ်သည်။ လင်မယား နှစ်ယောက်တည်း ဘဲတစ်အုပ်နှင့် အလုပ်ရှုပ်ချင်လည်း ရှုပ်နေတတ်သည်။ ရာသီပေါး သီးနှံစိုက်ခင်းများ၊ ဘူးစင်များ အောက်တွင် အလုပ်လုပ် နေသော သူတို့ လင်မယားနှစ်ယောက်ကိုလည်း တွေ့နေရသည်။

အေးအေးချမ်းချမ်း၊ စကားပင် ကျယ်ကျုယ် မပြောကြ။ တာဝန်ရှိ ရပ်ကွက်လူကြီးက “ကင်းဆိုရင် ဒီလူ စောင့်လိုက်တာ မနက် ၅ နာရီလောက်အထိ၊ သူများလို ညတစ်ဝက်နဲ့ ခိုးပြီး အိမ်ပြန်သွားတာတွေလည်း မရှိဘူး၊ အတော်အေးတဲ့လူ” ဟု မှတ်ချက်ချသည်အထိ သူ အနေအထိုင် မှန်ခဲ့သည်။

ဘူးစင်အောက်ရှိ လက်ဖက်ရည်ကြမ်းအိုး အစဉ်တည်ထားတတ်သော ဝါးကွပ်ပျစ်ကလေးပေါ်သို့ ပထမဆုံး အလည်လာရောက်သူမှာ ဗေဒင်ဆရာ ကိုစိန်တာ ဖြစ်သည်။ ညည ကင်းတဲတွင် စကားဝိုင်းဖွဲ့ ပြောကြရာမှ တစ်ခွန်းစ နှစ်ခွန်းစ ခင်ခင်မင်မင် ပြောဆိုပြီးသည်နှင့် စကားဖောင်ဖွဲ့တတ်သော ကိုစိန်တာက သူ့အိမ်ကလေးသို့ အလည်လာခြင်း ဖြစ်သည်။

အလုပ်နှင့်လက် မပြတ်သော သူ့ မိန်းမက အိမ်ပေါက်ဝမှ လှည့်ကြည့်ရုံသာ ကြည့်သည်။

ကွပ်ပျစ်ဘေး နှီးဖြာနေသော သူက ကိုစိန်တာ ပြောသည့် မဟာဘုတ်တွေ၊ သက်ရောက်တွေကို နားမလည်သလို၊ ‘အင်း’ပင် မှန်မှန်မလိုက်။ သူ့အလုပ်ထဲကိုသာ သူ စိတ်ဝင်စားနေသည်။

နောက်ဆုံးမှာတော့ ကိုစိန်တာခမျာ လေတဖြူးဖြူး၊ ဝါးကွပ်ပျစ်ကလေးပေါ်တွင် အိပ်ပျော်သွားသည်အထိ။ နေဝင်ခါနီးမှ ကပျာကယာ နိုးလာပြီး …

“အိပ်လို့ ကောင်းလိုက်တာဗျာ … ခင်ဗျား နေရာလေးတော့ သဘောကျသွားပြီ၊ ခဏခဏ လာလည် မယ်နော်” ဟု နှုတ်ဆက်သွားသည့် ကိုစိန်တာကို အေးအေးဆေးဆေး ပြုံးပြရင်း သူကျန်ရစ်ခဲ့သည်။

ဘူးစင်လေးရှိရာသို့ တတိယမြောက် အခေါက်အဖြစ် လာလည်ပြီးသောအခါ (လာအိပ်ပြီးသောအခါ) ဧည့်သည်တစ်ယောက် ပါလာခဲ့သည်။ လူပုံချောချော၊ သပ်သပ်ရပ်ရပ် ဧည့်သည်ကို မြို့နှင့် ကပ်နေသည့် စည်သာရွာမှ ကျောင်းဆရာ ကိုဘကျော်ဟု မိတ်ဆက်ပေးသည့်အခါ သူက ခေါင်းညိတ်ပြသည်။ ကိုဘကျော် ပါလာသည့် ထန်းလျက်ခဲနှင့် အကြော်များ ထည့်ရန် ပန်းကန်ပြား နှစ်ချပ် သူ့မိန်းမက ယူလာသည်။ လက်ဖက်ရည်ကြမ်း ပန်းကန်လုံးများကို ခပ်လှမ်းလှမ်းရှိ ရေအိုးသို့ ယူသွားပြီး ထပ်၍ဆေးသည်။ ရေနွေးကြမ်း ကရားထဲသို့ ရေနွေး ဖြည့်ပေးသည်။ အိမ်ရှင်မ အလုပ်ရှုပ်နေသည်ကို သူ ငေးကြည့်နေသည်။

“စားကြပါဗျာ၊ အကုန်လုံး စားရအောင် ဝယ်လာတာပါ၊ ကိုစိန်တာ ပြောလွန်းလို့ ခင်ဗျားလင်မယား သဘောကောင်းပုံတွေကို ကြားပြီး လာလည်ချင်စိတ် ပေါက်လာတာ၊ ကျွန်တော်တို့ လာလို့ အလုပ်တွေ ရှုပ်ကုန်ပြီ ထင်တယ်”

ကျောင်းဆရာ၏ စကားကို “အလုပ်မရှုပ်ပါဘူးဗျာ၊ ကျွန်တော်တို့က ကျွေးရမယ့်အစား ခင်ဗျားက ဝယ်လာတော့ အားနာနေတာ” ဟု သူက အားနာပါးနာ ပြောသည်။

“အားနာစရာ မလိုပါဘူးဗျာ၊ ခင်ဗျားရဲ့ ဘူးစင်လေးကို ကိုစိန်တာက သိပ်သဘောကျနေတာဗျ၊ လုပ်ပါ၊ စားပါ၊ ခင်ဗျား မိန်းမကိုလည်း ခေါ်ပါဗျ”

အဲဒီနေ့က ကျောင်းဆရာနှင့် ဗေဒင်ဆရာ စကားတွေ ဖောင်ဖွဲ့ ဖောင်ကြဲအောင် ပြောကြသည်။ သူက နားထောင်သမား သက်သက်။ တစ်ခုတော့ ရှိသည်။ ခြံထောင့်တွင် ချဉ်ပေါင်စိုက်ရန် မြေဘောင်ဖို့နေသော အလုပ်ကိုတော့ ရပ်နားထားလိုက်ရသည်။ အားနာပါးနာနှင့် အကြော်စားရင်း သူ ထိုင်နေခဲ့ရသည်။ ပြန်ခါနီးတွင် ကျောင်းဆရာက …

“သွားမယ်ဗျို့ ကိုယ့်လူ၊ ချောင်းစပ်နဲ့၊ ယာခင်းနဲ့၊ ဘူးစင်နဲ့၊ ဒီနေရာလေးတော့ ကျုပ် ဖီးလ်ဖြစ်သွားပြီ၊ စနေ တနင်္ဂနွေနေ့တိုင်း လာမယ်ဗျာ” ဟု သူ့ကို ပခုံးပုတ်ရင်း ပြောသွားခဲ့သည်။

သူ အေးစက်စက် ပြုံးနေသည်။

နောက်တစ်ပတ် တနင်္ဂနွေနေ့သို့ ရောက်သောအခါ ဆိုင်ကယ်သံ တဖုန်းဖုန်း ကြားရပြီး ဖုန် တထောင်းထောင်း ထ,နေသည်။ သူ့မိန်းမကလည်း အိမ်ပေါက်ဝ,က ထွက်၍ ပါးစပ်အဟောင်းသား ဟ,နေသည်။

“ကျွန်တော်တို့ လာပြန်ပြီဗျို့”

ဘူးစင်ဘေးတွင် ဆိုင်ကယ် ရပ်သွားသောအခါ သုံးယောက်စီးသည့် ဆိုင်ကယ်ပေါ်မှ ဆင်းလာသော ကိုစိန်တာက အရင်လှမ်းအော်သည်။ ကျောင်းဆရာနှင့် ကိုစိန်တာ၏ လက်ထဲတွင် ပါလာသော ခေါက်ဆွဲကြော်ထုပ်များ၊ ဟင်းထုပ်များက သူ့မိန်းမလက်ထဲသို့ ရောက်သွားသည်။ ဆိုင်ကယ် စီးလာသည့် သူက နေကာမျက်မှန်ကို ဟန်ပါပါ ချွတ်ပြီး ဆိုင်ကယ်ပေါ်မှ နောက်ဆုံးဆင်းလာသည်။

“လာ ထိုင် ကိုလှမောင်၊ ကျုပ် တဖွဖွ ပြောနေတာ ဒီနေရာလေးပေါ့ဗျ၊ ဒါကြောင့် ခင်ဗျားကို ခေါ်လာတာ၊ ဗျို့ … ယာခင်းရှင်ကြီးရဲ့၊ ဒီဆရာက ဒိုင်လေ၊ နာမည်က ကိုလှမောင်တ့၊ဲ သဘောလည်း ကောင်း၊ လက်လည်း ဖွာ၊ အရမ်းလည်း ဖော်ရွေတဲ့လူဗျ၊ ခင်ဗျားတို့ ခြံကလေးအကြောင်း ပြောပြပြီးကတည်းက ခင်ဗျား တို့ဆီ လာချင်နေတာ၊ ဒီအတိုင်းလာရမှာ အားနာတယ်ဗျာ ဆိုပြီး ခင်ဗျားတို့ လင်မယားအတွက် စားစရာတွေ ဝယ်လာတာသာ ကြည့်တော့”

ကျောင်းဆရာက စကားအရှည်ကြီး ပြောရင်း ကျောပိုးအိတ်ထဲမှ ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။ ဂျော်နီဝါးကား အရက်ပုလင်း၊ သူ့မျက်နှာကို တစ်ချက် ကြည့်ပြီး …

“ကိုယ့်လူလည်း လုပ်တတ်တယ် မဟုတ်လား၊ လာပါဗျ …၊ ခင်ဗျား ကြည့်လိုက်ရင်၊ အလုပ်နဲ့လက် ဘယ်တော့မှ မပြတ်ဘူး၊ တစ်ရက်တလေလေးတော့ နားစမ်းပါ၊ အပန်းပြေပေါ့ဗျာ”

ကိုစိန်တာက လက်ဆွဲခေါ်၍ ဝိုင်းမှာ သူ ထိုင်လိုက်ရသည်။ နံကင်ကြော်၊ ဝက်သားသုပ်၊ ငါးမုန့်ကြော်၊ မြေပဲဆန်စသော အမြည်းများက စုံလှသည်။ သူလည်း တစ်ခွက် တစ်ဖလား မော့မိသည်ပဲ။ ဝိုင်းက စိုပြည်လာသည်။ သူက နားထောင်သမား သက်သက်။

ဧည့်သည်သုံးယောက်ကမူ စကားချည်း လုပြောနေသလား အောက်မေ့ရအောင် ဆူညံလို့နေသည်။

ပန်းကန် ချပေးခြင်းတို့ဖြင့် အလုပ်ရှုပ်နေသည့် မိန်းမ မျက်နှာသည်လည်း ရွှင်ကြည်နေ၍ လှုပ်ရှားမှုမှာလည်း သွက်လက်နေသည်။ ခေါက်ဆွဲကြော်နှင့် ဟင်းထုပ်များ၏ တန်ဖိုးက ကြီးလှသည်ပဲ။ တစ်နေ့ အလုပ်ပျက်လည်း မတတ်နိုင်တော့။ သူသည် လည်ချောင်းထဲသို့ စီးဝင်သွားသည့် ဂျော်နီဝါးကားကို အရသာခံရင်း ဝက်သားတစ်ဖတ်ကို နှစ်သိမ့်စွာ ဝါးနေသည်။

မြို့ကလေးမှာ ရှိနေစဉ်အတွင်း ကိုလှမောင်က နံနက်တိုင်း သူ့ကို ဆိုင်ကယ်နှင့် လာခေါ်လေ့ရှိသည်။ ဆုံစည်းရာ လက်ဖက်ရည်ဆိုင်တွင် ကျောင်းဆရာ၊ ဗေဒင်ဆရာတို့နှင့် ဆုံကြသည်။ ပဲပလာတာနှင့် လက်ဖက်ရည် သောက်ကြသည်။ သူက အားနာ၍ မလိုက်လိုကြောင်း ငြင်းသောအခါ ကိုလှမောင်က …

“ကျွန်တော်က ဆယ့်ငါးရက် တစ်ခါလောက် ခရီးထွက်ရတဲ့ သူပါဗျာ၊ ပြုစုပါရစေ” ဟု ပြောတတ်သည်။

ဘာမှ နားမလည်သော ခပ်ထုံထုံ ခပ်အအ သူ့မိန်းမပင် …

“ကိုလှမောင်က သိပ်သဘောကောင်းတာပဲနော်” ဟု ပြောလေ့ရှိလာပြီ။ သူကတော့ အပေါင်းအသင်းများကို အားနာမှုနှင့် ငြိမ်သက်နေဆဲ။ ကိုလှမောင် ယူလာသည့် လက်ဆောင်ပစ္စည်းများကို ငြင်းပယ်နိုင်မှု မရှိတော့ဘဲ လက်ခံနေဆဲ ကာလများကို ဖြတ်ကျော်လာပြီးသည့် တစ်နေ့တွင် ကိုလှမောင်သည် ဆိုင်ကယ်ပေါ်တွင် ခပ်ငယ်ငယ် ကောင်မလေး တစ်ယောက်ကို တင်၍ သူ့အိမ်သို့ ရောက်ရှိလာခဲ့သည်။ အခြေအနေကို မှန်းဆပြီး သူ့နားထင် နားရင်းတို့တွင် သွေးများ တဖျင်းဖျင်း တိုးလာခဲ့သည်။ ပြုံးဖြီးဖြီးနှင့် ဟင်းထုပ်များကိုဆွဲ၍ မီးဖိုချောင်သို့ လျှောက်သွားပြီး သူ့မိန်းမ၏ လက်ကို အပ်ရင်း …

“ကျွန်တော်တို့ ဒီမှာ ထမင်းစားမှာနော်” ဟု ပြောနေသော ကိုလှမောင်၏ ပိုင်စိုးပိုင်နင်းမှု၊ ကောင်မလေး၏ ရှက်ကိုးရှက်ကန်း မျက်နှာပေး၊ သူ့ကို ကြောက်ကြောက်ရွံ့ရွံ့ လှမ်းကြည့်သော သူ့မိန်းမ၏ အထိတ်တလန့် မျက်နှာတို့ အကြားတွင် သူ အာစေးထည့်ခံထားရသလို ဘာသံမှ မထွက်နိုင် ဖြစ်နေသည်။ ကိုလှမောင်က အိမ်ပေါက်ဝမှ သူ့ကို လှည့်ကြည့်၊ မေးတစ်ချက် ဆတ်ပြီး …

“ကျွန်တော်တို့ အိမ်ထဲမှာ တစ်နာရီလောက် စကားပြောမယ်ဗျို့၊ လာဟေ့ ညီမ” ဆိုပြီး သူ့ကို သာမန်ကာ လျှံကာ ထမင်းစားရေသောက် အော်ပြောသွားကာ၊ ကောင်မလေး လက်ကို ဆွဲပြီး အိမ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်အထိ သူ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေဆဲ။ သူ့မိန်းမက ခြေဖွဖွနင်းပြီး ဘူးစင်အောက်ရှိ သူ့အနားမှာ လာထိုင်သည်။ သူမ မျက်နှာက ဖြူရော်လျက်ရှိသည်။ သူ သက်ပြင်း တစ်ချက် ချလိုက်သည်။ အတွေးတွေက အတိတ်ကာလကို ပြန်ရောက်သွားကြသည်။ ကိုလှမောင်၏ ရက်ရောမှုများ၊ လက်ဆောင် ပစ္စည်းများ၊ အစားအသောက်များ၊ ထိုအရာတို့က သူတို့၏ ပိုင်နက်အတွင်းသို့ ပိုင်စိုးပိုင်နင်း ကျူးလွန်လာသော ကိုလှမောင်၏ လုပ်ရပ်တွေကို သူ့ကို မဟန့်တားနိုင်အောင် ကြိုတင်စည်းရုံးထားသည့် လက်နက်များပေလား။

သူ သက်ပြင်းတစ်ချက် ထပ်ချလိုက်မိပြန်သည်။

မျက်လုံးက ချောင်းစပ်မှ ဘဲတစ်အုပ်၊ ယာခင်းများဆီသို့ အကြည့်ရောက်သွားသည်။

အေးချမ်းသည့် ဤနေရာလေးတွင် သူတို့ လင်မယား နှစ်ယောက် ဆင်းရဲပေမယ့် သိက္ခာရှိရှိ နေထိုင်ခဲ့ကြသည့် သူ့နေရာလေးကို တစ်စ တစ်စ ဝင်ရောက်လာသော အပေါင်းအသင်းတစ်ဦးက သူ မနှစ်ခြိုက်သည့် အလုပ်တစ်ခုကို လုပ်နေပြီ။ သူ ဘာလုပ်ရမလဲ။ ရုတ်တရက် သူ့မိန်းမဘက် လှည့်လိုက်ပြီး …

“ငါ ကိုလှမောင်ကို နောက်မလာနဲ့တော့လို့ ပြောလိုက်တော့မယ်”

သူ့မိန်းမက သူ့ကို မျက်လုံးကြီး ပြူးကြည့်ပြီး …

“သူ ကျွေးထားတာတွေ ခဏခဏ စားနေရတာ အားနာစရာတော်”

သူ့ပါးစပ်က ဆဲရေးစကားတစ်ခွန်း ညစ်ညစ်ပတ်ပတ် ထွက်သွားသည်။ ထင်သားပဲ၊ ဒီလိုစကားမျိုး ကြားရမယ်ဆိုတာ၊ မိန်းမကပင် ဒီစကားမျိုး ထွက်နေပြီ။ ကျောင်းဆရာတို့၊ ဗေဒင်ဆရာတို့ သိလျှင်လည်း …

“ဟာ … ကိုလှမောင်က လူ့သဘောကောင်း၊ လူ့ရက်ရောကြီးပါဗျာ၊ ခင်ဗျားတို့ဆို သူက စေတနာရှိပါတယ်၊ တစ်ခါတလေ သူ့အလိုဆန္ဒပြည့်အောင် ကူညီရတာ ဘာဝန်လေးတာ မှတ်လို့” ဟု မှတ်ချက်ချမည်သာ ဖြစ်သည်။ ဒါပေမဲ့ ကိုလှမောင်သည် သူ ပေးကမ်းကျွေးမွေးထားသည့် ရက်ရောမှုအပေါ်တွင် အပြည့်အဝ အတုံ့အပြန် အခွင့်အရေး ယူတတ်သူပေပဲ။ သူ တောက်တစ်ချက် ခေါက်လိုက်သည်။ စိတ်မတည်ငြိမ်စွာဖြင့် ချောင်းစပ်သို့ ဆင်းခဲ့သည်။ အေးချမ်းစွာ အနားယူနေကြသည့် ဘဲတစ်အုပ်ကို တုတ်တစ်ချောင်းဖြင့် မောင်းသည်။ ဘဲတွေက လန့်လန့်ဖျပ်ဖျပ် အော်ဟစ်ပြေးလွှားသည့် နောက်သို့ ချောင်းရိုးတစ်လျှောက် ဒုန်းစိုင်းလိုက်ခဲ့သည်။

ကိုလှမောင်၏ ဆိုင်ကယ် ဘယ်အချိန် ပြန်ထွက်သွားသည်ကို သူ မသိတော့ပေ။

နောက်တစ်နေ့သည် စနေနေ့ ဖြစ်သည်။ အစောကြီးကပင် ကျောင်းဆရာ ကိုဘကျော် ရောက်နှင့်နေပြီး နေ့ခင်းပိုင်းကျမှ ကိုလှမောင်နှင့် ကိုစိန်တာတို့က ထုံးစံအတိုင်း ဆိုင်ကယ်တစ်စီးနှင့် ရောက်လာကြသည်။ ဟောင်ဖွာဟောင်ဖွာ ကျယ်လောင် ကျယ်လောင် စကားသံများ၊ ဂျော်နီဝါးကားပုလင်း၊ အမြည်းထုပ်များကို မျက်ကွယ်ပြု၍ မြေတူးစရာ ရှိသေးသည်ဟု ဆိုကာ ခြံထောင့်ခပ်ဝေးဝေးသို့ ထွက်လာခဲ့သည်။ မထွက်လာမီ ခါးထဲမှ ဂက်စ်မီးခြစ် အပြာရောင်ကလေးကို အမှတ်တရ စီးကရက်ဘူးပေါ်တွင် အိမ်ရှင်ဝတ္တရားအရ တင်ထားပေးခဲ့သည်။ ကျန်တာကတော့ မိန်းမ ဆက်လုပ်ပေးလိမ့်မည်။ သူ့စိတ်ထဲ ကိုလှမောင် ယူလာတာတွေကို စားရမှာ စိတ်ကုန်ခန်းနေပြီ၊ သူ ခွန်အားစိုက်၍ မြေတူးနေသည်။ နေပူချိန်မို့ ချွေးတွေရွှဲနေအောင် ထွက်လာသည်။ အနားသို့ ရောက်လာသော လူတစ်ယောက်၏ အရိပ်ကို တွေ့သဖြင့် လှည့်ကြည့်မိတော့ သူ့မိန်းမ ဖြစ်နေသည်။

“ဘာလဲ”
“ကိုစိန်တာက မီးခြစ်ရှိလားတဲ့”
“ဟင် … ငါပေးထားခဲ့ပြီးသားပဲ”

သူ့ပေါက်တူးကို ပြန်ချ၍ ဘူးစင်အောက်သို့ လျှောက်လာခဲ့သည်။ ကိုစိန်တာက ဆီးပြောသည်။

“ကိုယ့်လူ … ပေးစမ်းပါဦးဗျ မီးခြစ်”

သူ အူကြောင်ကြောင် ဖြစ်သွားသည်။ ဝိုင်းထဲသို့ ဟိုဟိုဒီဒီ ကြည့်ပြီး …

“ကျွန်တော် ဒီစီးကရက်ဘူးပေါ်မှာ တင်ထားခဲ့တာ”

သူ စဉ်းစားမရဖြစ်နေခိုက် ကိုလှမောင်က သူ့အိတ်ထောင်ထဲမှ ဂက်စ်မီးခြစ် အပြာရောင်ကလေးကို ထုတ်ပြီး စီးကရက်မီးညှိရင်း …

“ဒါကတော့ ကျွန်တော့် မီးခြစ်ဗျနော်”

သူ ဘာမှ မပြောသေးဘဲ ကွပ်ပျစ်အောက်သို့ ငုံ့ကြည့်သည်။ အောက်မှာလည်း မရှိ၊ ကိုလှမောင် လက်အတွင်းမှ မီးခြစ်ကို သေသေချာချာ ကြည့်တော့လည်း သူ့မီးခြစ်မှ သူ့မီးခြစ်အစစ်။ သူ စိတ်ရှုပ် သွားသည်။ ကိုစိန်တာနှင့် ကိုဘကျော်ကို ကြည့်လိုက်တော့လည်း မျက်လုံး ကလယ်ကလယ်နှင့်။ သူ့အသံကို ချိုသာအောင် သေသေချာချာ ထိန်း၍ ပြောသည်။

“ဒီခါးပုံစ ထဲကနေပြီး ခင်ဗျားတို့ ခြစ်ရအောင် သေသေချာချာ ဟောဒီ စီးကရက်ဘူးပေါ်ကို အမှတ်တရ တင်ပေးထားခဲ့တာပါဗျာ၊ ဒီလို ဖြစ်ပါလိမ့်မယ်၊ မီးခြစ်ကို ယူပြီး ကိုလှမောင်က အိတ်ထဲကို ယောင်ထည့်မိတာ ဖြစ်ပါလိမ့်မယ်”

သူ့စကားအဆုံးတွင် ကိုလှမောင်က ဝုန်းခနဲ ထရပ်သည်။ သူ့မျက်နှာမှာ ရုတ်ချည်း နီရဲလာသည်။

“မင်းက ငါ့ကို မီးခြစ်သူခိုးလို့ ပြောတာလား”
“မဟုတ်ပါဘူးဗျာ၊ မှားထည့်မိတယ်ဆိုတာ ဖြစ်တတ်ပါတယ်၊ ကျွန်တော်လည်း သေသေချာချာ ထားခဲ့လို့ပါ”
“ဟောဒါ … ငါ့မီးခြစ်မှ ငါ့မီးခြစ်ကွ”

ကိုလှမောင် ဒေါသတကြီး ပစ်ပေါက်လိုက်၍ မီးခြစ်ကလေး မြေပေါ်တွင် လိမ့်သွားသည်ကို သူ ငေးကြည့် နေမိသည်။

ကိုလှမောင် ကွပ်ပျစ်ပေါ်က ဆင်းရင်း လုံချည်ကို ပြင်ဝတ်သည်။

“ဒီမယ် ကိုယ့်လူ၊ မီးခြစ်တစ်လုံးနဲ့ ဘာမှအဖိုးမတန်ဘူး၊ ကိုယ့်လူတို့ကို ဝမ်းခြမ်း ကျွေးမွေးခဲ့တာနဲ့ စာကြည့်ဦး၊ ဒါ ကိုယ့်မီးခြစ်၊ ဒါပေမဲ့ ကိုယ့်လူ လိုချင် ယူထားလိုက်”

ပြောပြောဆိုဆို ဆိုင်ကယ်ပေါ်သို့ တက်၍ တရကြမ်း မောင်းထွက်သွားသည်။ သူ ကျောက်ရုပ် ဖြစ်၍ ကျန်နေခဲ့သည်။ ကိုလှမောင်၏ စကားကို သူ မချေပနိုင်။ အမှန်တကယ် သူ့မီးခြစ် ဖြစ်ကြောင်း သူ ဘယ်လိုသက်သေပြရမှန်း မသိ။ သူ့မိန်းမက ပြူးပြူးပျာပျာ ရောက်လာသည်။ ကိုစိန်တာက ကွပ်ပျစ်ပေါ်က ထရင်း ညည်းညည်းညူညူ …

“အင်း … ကိုလှမောင်တော့ စိတ်ဆိုးသွားပြီ၊ ဒုက္ခပဲ၊ ဒီလူက လူဖြောင့် စိတ်တိုဗျ၊ ခင်ဗျားကလည်းဗျာ၊ ဟုတ်သားပဲ၊ မီးခြစ်တစ်လုံး ဘယ်လောက် အဖိုးတန်လို့လဲ၊ မိတ်ဆွေအပေါင်းအသင်းက အဖိုးတန်တယ်ဗျ၊ သွားပြီ၊ ဒီလူ လာတော့မှာ မဟုတ်ဘူး”

ကိုစိန်တာ၏စကားကို စိတ်ညစ်ညူးစွာ နားထောင်ရင်း စကားပြောချင်စိတ် ကုန်ခန်းစွာဖြင့် လှည့်ထွက် လာခဲ့သည်။

ထိုနေ့ညက တလူးလူး တလိမ့်လိမ့်ဖြင့် သူ အိပ်မပျော် …။ စိတ်ဒွိဟ အတွေးတစ်ခုက ဪ … မီးခြစ်ကို ကိုလှမောင်က သူ့ဟာလို့ ပြောတုန်းက ငါ ငြိမ်နေလိုက်ရင် ပြဿနာဖြစ်မှာ မဟုတ်ဘူးဟု တွေးမိသည်။ နောက်တစ်ခါ ငါက ဂုဏ်သိက္ခာကို အသက်ထက် တန်ဖိုးထားတယ်။

ငါတို့လို ဆင်းရဲသားများမှာ ရိုးသားတဲ့ ဂုဏ်သိက္ခာက လွဲလို့ ဘာမှမရှိဘူး။ သူ့ဟာသူ စိတ်ဆိုးချင်ဆိုး၊ မဆိုးချင်နေ။ ငါ ကိုလှမောင်ကို ရှင်းပြလိုက်မိတာ မှန်တယ်ဟု တွေးမိပြန်သည်။

ဒါပေမဲ့ ကိုစိန်တာနဲ့ ကိုဘကျော်က မီးဖြစ်တစ်လုံးကိုပင် ငြင်းသည့်သူဟု မြင်သွား တော့မှာပဲဟု တွေးမိပြန်တော့ သူ မွန်းကျပ်နေခဲ့သည်။ ခါတိုင်းလို မနက်ခင်း ကိုလှမောင် လက်ဖက်ရည်ဆိုင် သွားဖို့ လာခေါ်မှာ မဟုတ်ဆို၍ သူ နေမြင့်အောင် အိပ်နေခဲ့သည်။ ဒါပေမဲ့ ခါတိုင်းကြားနေကျ ဆိုင်ကယ်သံ တဖုန်းဖုန်းကို ကြားရပြီး ကိုလှမောင်ကို ပြုံးဖြီးဖြီး မျက်နှာဖြင့် တွေ့ရတော့ သူ အံ့ဩသွားသည်။ ကိုလှမောင်က အပြာရောင် မီးခြစ်ကလေးကို အိတ်ထောင်ထဲမှ ထုတ်လိုက်သည်။

“ကျုပ်မီးခြစ်က အိမ်မှာ မေ့ကျန်ခဲ့တာဗျ”

ပေါ့ပေါ့ပါးပါး ပြောနေသော ကိုလှမောင်ကို သူ စိတ်ပျက်လက်ပျက် ကြည့်နေသည်။ သူ စကားတစ်ခွန်း ပြောဖို့ ချီတုံချတုံ ဖြစ်နေပြီးမှ ဇွတ်မှိတ်၍ …

“မီးခြစ် မေ့ကျန်ခဲ့တဲ့အကြောင်း ကိုစိန်တာတို့ ကိုဘကျော်တို့ကို ပြောပြလိုက်ဦးဗျ”

ကိုလှမောင်က မျက်လုံးတစ်ဖက် ပင့်လိုက်သည်။

“ဘာကြောင့်လဲဗျ”
“ကျွန်တော်က အပေါင်းအသင်းကို တန်ဖိုးထားပါတယ်ဗျာ၊ ကျွန်တော့်ကို မီးခြစ်တစ်လုံးနဲ့ ငြင်းတတ်တဲ့ လူလို့ ထင်သွားမှာ သိပ်စိုးရိမ်တယ်၊ ဒါကြောင့်မို့ပါ”

သူ့တောင်းပန်စကားအဆုံးတွင် ကိုလှမောင် ခပ်ဟားဟား တစ်ချက် ရယ်လိုက်သည်။ ဘာမှတော့ ပြန်မပြော။ ကိုလှမောင်၏ ဆိုင်ကယ်နောက်တွင် သူ ပါလာသည်ကို မြင်သောအခါ လက်ဖက်ရည်ဆိုင်တွင် ရောက်နှင့်နေကြသော ကိုစိန်တာနှင့် ကိုဘကျော်က တအံ့တဩ ဖြစ်နေကြသည်။ ဟန်မပျက် သူ ဝင်ထိုင်လိုက်သည်။ လက်ဖက်ရည် မှာကြသည်။ စကားတွေက မေးတစ်ခွန်း ပြောတစ်ခွန်း တောင်ရောက် မြောက်ရောက် ဖြစ်နေကြသည်။

“အင်း …ဟိုလူနှစ်ယောက်ကတော့ ကိုလှမောင်ကို တော်တော် သဘောထားကြီးတဲ့ လူလို့ ထင်နေကြမှာပဲ၊ ခဏကြာလို့ စီးကရက်သောက်ရင် ကိုလှမောင်က မီးခြစ်ထုတ်ခြစ်မှ အဖြစ်မှန်ကို သိကြမှာ” ဟု

တွေးရင်း လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း မျိုချနေသည်။ ထိုစဉ် ကိုလှမောင်က သူ့လက်ဖက်ရည်ကို လက်စသတ်လိုက်သည်။ စီးကရက်ဘူးမှ တစ်လိပ် နှိုက်ယူ၍ နှုတ်ခမ်းဖျားတွင် တပ်လိုက်သည်။ သူ ရင်ခုန်စွာဖြင့် စောင့်ကြည့်နေစဉ် ကိုလှမောင်က အိတ်ထောင်ထဲမှ ရေကူးဝတ်စုံနှင့် မိန်းမလှလေးပုံ မီးခြစ် အနီရောင်ကလေးကို ဖြည်းဖြည်းချင်း ဆွဲထုတ်၍ခြစ်လိုက်သည်။ အပြာရောင် မီးတောက်ကလေးနှင့်အတူ ဂီတသံ တိုးတိုးကလေး ထွက်ပေါ်လာသည်။ သူက တအံ့တဩ စိတ်နှင့်အတူ ထိတ်လန့်စိတ် ဝင်လာစဉ် ကိုလှမောင်က အဓိပ္ပါယ်မဲ့ တဟင်းဟင်း ရယ်ရင်း …

“မနေ့ညက ဝယ်လိုက်ရတယ်လေ၊ ငါးထောင့်ငါးရာ ပေးရတယ်၊ ဂက်စ် မီးခြစ်အပေါစား ကိုင်နေရင် ဆင်တူတွေ များလွန်းလို့ဗျာ”

သူ့မျက်လုံးတွေ ပြာခနဲ ဖြစ်သွားသည်။ မျက်နှာတစ်ခုလုံးလည်း တရှိန်ရှိန် ပူလာသည်။ သူ မျှော်လင့် ထားသမျှတွေ သွားပြီ။ ကိုလှမောင်သည် အမှန်တရားကို ရှင်းမပြရုံသာမက သူ၏ ဆင်းရဲမှုကိုပါ ဖိနင်း၍ တိတိကျကျ ထပ်မံ စော်ကားလိုက်ပေသည်။ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်မိပေမယ့် အချိန်မီ စိတ်ကို ထိန်းလိုက်နိုင်သည်။ ချာခနဲ လှည့်ထွက်လာချိန်တွင် ကိုလှမောင်၏ တဟင်းဟင်း ရယ်သံက ကျောကပ်ပါလာခဲ့သေးသည်။

ထိုနေ့ တစ်နေ့လုံး သူ အရမ်းပေါက်ကွဲနေခဲ့သည်။ ကွပ်ပျစ်အောက်မှာ ကျနေသော မီးခြစ်ပြာကလေးကို ကောက်ယူ၍ ချောင်းထဲသို့ ဒေါသတကြီး ပစ်ချလိုက်သည်။ သူ၏ ပေါက်ပြားချက်အောက်တွင် မြေကြီးတွေ ဖွာကနဲဖွာကနဲ လွင့်စဉ်ကုန်သည်။ သူ ဘာဖြစ်လာသလဲဟု သူ့မိန်းမက မမေးရဲ။ သူကလည်း ပြောမပြ။ မနက်စာလည်း မစား …။

ညနေစောင်းမှ သူ နည်းနည်း စိတ်ပြေသွားပြီး ကွပ်ပျစ်ပေါ်တွင် လှဲနေလိုက်သည်။ သူ့မိန်းမက ခပ်ရွံ့ရွံ့ အနားကပ်လာပြီး …

“ဒီနေ့ ကင်းကျတယ်တဲ့၊ ရပ်ကွက်လူကြီးက လာပြောသွားတယ်”

သူ သက်ပြင်းတစ်ချက် ချလိုက်သည်။ လှဲနေရာမှ ထလိုက်သည်။ ဒီနေ့ညလည်း ဒေါသဖြစ်လို့ အိပ်မပျော်မယ့် အတူတူ ကင်းတဲမှာ သွားထိုင်နေရတာမှ ကောင်းပါသေးတယ်ဟု သူတွေးသည်။ ရေချိုး၊ ညစာစားရင်း နည်းနည်းပြေသွားသော ဒေါသစိတ်သည် ကင်းတဲသို့အသွား ဆုံဆည်းရာ လက်ဖက်ရည် ဆိုင်ကို အဖြတ် ဆိုင်ထဲတွင် ထိုင်နေသော ကိုလှမောင်ကို မြင်သောအခါ မီးငွေ့အူသလို အညွန့် တလူလူတက်လာသည်။ ကင်းတဲသို့ ရောက်သည်အထိ ဒေါသမထိန်းနိုင်။ ကင်းတဲ ရောက်သည်နှင့် ကင်းတဲအောက်တွင် စီထားသော ထင်းတုံးကြီးတွေကို မြိနေအောင် ထင်ခွဲဓားမနှင့် တခွမ်းခွမ်း ခွဲတော့သည်။ သူ့ဒေါသအမျက်အောက်တွင် ထင်းတုံးကြီးတွေ ထင်ပေါက်ခြမ်း ဖြစ်သွားကြသည်။ သည်တော့မှ ရေနွေးအိုး ဆက်တည်ရင်း စိတ်နည်းနည်းပြေသွားသည်။ ကင်းတဲပေါ်တွင် စကားပြောဖော်တွေ ရောက်နေကြပြီ။ ငြင်းခုန်သံ၊ စကားပြောသံတွေ ကြားနေရသည်။ သူ စကား ပြောချင်စိတ် မရှိ၍ ရေနွေးအိုးနားမှာဆက်ထိုင်နေခဲ့သည်။ ရေနွေးအိုး ဆူတော့သည်။ တရှူးရှူး တရှဲရှဲအသံတွေ မြည်လာသည်။ ပလုံစီပွက်သေး ကလေးတွေကို ကြည့်နေစဉ် နားထဲမှာ ကင်းတဲဘေးက စကားသံတွေဝင်လာ၍ သူနားစိုက်ထောင်မိသည်။

“အိုး … မီးခြစ်ကို ချထားပါဗျ၊ ခင်ဗျားက ဘာလို့ အိတ်ထဲ ထည့်ထည့်သိမ်းနေရတာလဲ”

လမ်းထိပ်က ဘုရားဒကာအသံ …။

“မီးခြစ်တစ်လုံးနဲ့ စိတ်မချရတဲ့သူတွေ ရှိတယ်ဗျ”

ဗေဒင်ဆရာ ကိုစိန်တာအသံ …။

“ဟိုယာခင်းက လူပေါ့ဗျာ၊ အပေါင်းအသင်း မရှိလို့ ကျွန်တော်တို့ ကိုလှမောင်တို့က ကျွေးမွေး ပေးကမ်းနေတာ၊ သူက ဒီလိုဗျာ …”

ဘေးက ရေနွေးအိုးက ပွက်ပွက်ဆူနေပြီ။ သူ့စိတ်ကို မထိန်းနိုင်တော့။ အသားကုန် လွှတ်ထားလိုက်မိပြိ။ ထင်းခွဲဓားမကို မြဲမြဲဆုပ်ကိုင်၍ ကင်းတဲရှေ့မှာ မားမားရပ်လိုက်သည်။

သူ့ကိုမြင်သောအခါ မျက်လုံးပြူး၍ ကိုစိန်တာက ထိတ်ထိတ်လန့်လန့် ပြောသည်။

“ဟင် … ခင်ဗျား ရှိနေတယ်လား”

အဆိုပါ စကားများသည် ကိုစိန်တာ၏ နောက်ဆုံးစကားများ ဖြစ်သည်။ ခဏကြာသောအခါ သူသည် သွေးစက်စက်ကျနေသော ဓားမကို စိမ်ပြေနပြေ ဆုပ်ကိုင်၍ ဆုံဆည်းရာ လက်ဖက်ရည်ဆိုင်ဘက်သို့ အေးအေးဆေးဆေး လျှောက်သွားခဲ့လေသည်။

“အဲဒီနေ့က မီးခြစ်အပြာလေးကို ခင်ဗျားခါးပုံစထဲက ထုတ်ပြီး စီးကရက်ဘူးပေါ်မှာ တင်ပေးခဲ့တာ ကျွန်တော် မြင်ပါတယ်၊ ဒါပေမဲ့ အငြင်းအခုံဖြစ်နေတဲ့ အချိန်မှာ ကိုလှမောင် စိတ်ဆိုးမှာစိုးလို့ ကျွန်တော် မပြောရဲခဲ့ဘူး၊ သူ့ပေးကမ်းမှုတွေကို ကျွန်တော်လည်း မလွန်ဆန်နိုင်ခဲ့ပါဘူးဗျာ၊ ဒီအတွက် ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ဒီကိစ္စ ခင်ဗျား မမှားဘူး ဆိုတာရယ်၊ ကိုလှမောင်က ထပ်တလဲလဲ စော်ကားခဲ့တယ် ဆိုတာရယ်ကို ရုံးတော်မှာ ကျွန်တော် ထွက်ဆိုပေးပါ့မယ်”

ကျောင်းဆရာ ကိုဘကျော်က ဝမ်းပန်းတနည်း လာပြောသောအခါ သူက ဘာမှ ပြန်မပြောဘဲ ခေါင်းကို အသာအယာယမ်းခါ၍ အေးစက်စက် ပြုံးနေခဲ့သည်။ မြို့ထဲက လူတွေက တန်ဖိုးမရှိသည့် မီးခြစ်တစ်လုံး အတွက် တန်ဖိုးရှိသည့် လူ့အသက်နှစ်ချောင်း ဆုံးရှုံးရသည်ကို ကာလကြာမြင့်စွာ တဖျစ်တောက်တောက် ပြောဆိုနေခဲ့ကြသည်။ သူတို့သည် မီးခြစ်တစ်လုံးထက်၊ လူ့အသက်ထက်၊ အဆပေါင်းများစွာ တန်ဖိုးရှိသော အရာကို မေ့လျော့နေခဲ့ကြသည်။

ယဉ်ယဉ်နု(မန္တလေး)
ရွှေအမြုတေ၊ မတ်၊ ၂၀၀၃။

No comments: