Thursday, July 2, 2015

Smart Condom တီထွင်အောင်မြင်



အေအိုင်ဒီအက်စ် ကူးစက်ခံ မိဘမဲ့ မြန်မာကလေးများဂေဟာ ဖွင့်လှစ်

အေအိုင်ဒီအက်စ်ကူးစက်ခံရတဲ့ မိဘမဲ့မြန်မာကလေးတွေအတွက် စောင့်ရှောက်ကူညီရေးဂေဟာတခုကို ဂျပန်နိုင်ငံ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခု အကူအညီနဲ့ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မှာ ဖွင့်လှစ်လိုက်ပါတယ်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က ဖွင့်လှစ်လိုက်တယ်လို့ ဂျပန်အခြေစိုက် အန်အိပ်ခ်ျကေ သတင်းမှာ ဖော်ပြပါတယ်။

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ကူမာမိုတိုခရိုင်ရှိ ၀ိုင်အမ်စီအေအုပ်စုက ဦးဆောင်ပြီး လှူဒါန်းငွေတွေနဲ့ အဲဒီအဆောက်အုံတည်ဆောက်ဖို့ ရန်ပုံငွေမြှင့်တင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။
လက်ရှိ ဖွင့်လှစ်လိုက်တဲ့ အဲဒီဂေဟာမှာ အသက် ၉ နှစ်ကနေ ၁၆ နှစ်ကြား မိဘမဲ့ကလေး ၁၁ ယောက်ရှိပြီး အဲဒီထဲက ၂ ဦးဟာ မိခင်က ကလေးဆီ အိပ်ခ်ျအိုင်ဗွီရောဂါပိုး မွေးရာပါ ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။
ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ အမျိုးသမီးတဦးက မိဘမဲ့ကလေးတွေကို ပညာသင်ကြားပေးရုံသာမကပဲ မိသားစုဝင်တွေလို စောင့်ရှောက်သွားမှာဖြစ်ပြီး သူတို့တွေ ကြီးပြင်းလာတဲ့အခါ အောင်မြင်စေချင်တယ်လို့ ပြောပါတယ်။
အခု စောင့်ရှောက်ထားတဲ့ ကလေးအများစုဟာ ကချင်ပြည်နယ် ကျောက်မျက်မိုင်းတွင်းတွေထဲမှာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ မူးယစ်ဆေး အသုံးပြုမှုတွေ ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပြီး မူးယစ်ဆေး ထိုးအပ် အချင်းချင်း မျှဝေသုံးစွဲတာဟာလည်း သူတို့တွေကြားမှာ အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်းကို မြင့်တက်လာစေတယ်လို့ အဲဒီသတင်းက ဆိုပါတယ်။
ဆွေမျိုးသားချင်းဘိုးဘွားတွေ မရှိတော့တဲ့ အေအိုင်ဒီအက်စ် ကူးစက်ခံထားရတဲ့ ကလေးတွေ အခုအချိန်မှာ တနေ့တခြား များလာနေပြီး ကူညီစောင့်ရှောက်ပေးမယ့်သူ မရှိသလောက် ဖြစ်နေပါတယ်။
ကူမာမိုတိုခရိုင်ရှိ ၀ိုင်အမ်စီအေအုပ်စု ခေါင်းဆောင် ဟီရူးဆုဆူမီက အေအိုင်ဒီအက်စ် ကူးစက်ခံထားရတဲ့ မိဘမဲ့ကလေး အယောက် ၄၀ လောက် ဂေဟာကို ထပ်ရောက်လာဖို့ ရှိပြီး အကူညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
DVB - အေအိုင်ဒီအက်စ် ကူးစက်ခံ မိဘမဲ့ မြန်မာကလေးများဂေဟာ ဖွင့်လှစ်

ဗီဇပြောင်းလဲမှု အဆင့် ၁၄ ရှိ ဆေးမတိုးသည့် HIV ပိုးသစ်ကို မြန်မာလူမျိုး ထရပ်ကားမောင်းသူထံတွင် စစ်ဆေးတွေ့ရှိ

အရှုပ်ထွေးဆုံးနှင့် အန္တရာယ်အပေးနိုင်ဆုံး HIV ဗိုင်းရပ်စ်ပိုးတစ်မျိုးကို တရုတ်- မြန်မာနယ်စပ်ဒေသတွင် ပုံမှန်သွားလာနေသည့် ထရပ်ကား ယာဉ်မောင်းတစ်ဦး၏ ခန္ဓာကိုယ်အတွင်း တွေ့ရှိခဲ့ရသည်ဟု တရုတ်သိပ္ပံ ပညာရှင်များ၏ သုတေသနတွင် ဖော်ပြသည်။ ထိုတွေ့ရှိခဲ့သည့် HIV ပိုး၏ မျိုးဗီဇတွင် ပြောင်းလဲမှုအမှတ် ၁၄ ခုရှိခဲ့ပြီး လက်ရှိ တွေ့ရှိဖူးသမျှတွင် အများဆုံးဖြစ်သည်ဟု AIDS သုတေသနဆေးပညာဂျာနယ်တွင်ဖော်ပြသည်။

မျိုးဗီဇပြောင်းလဲခြင်းမှာ ရောဂါပိုးရှိသူတစ်ဦး၏ ခန္ဓာကိုယ်အတွင်း မတူညီ သည့် ရောဂါပိုးများ ပေါင်းစပ်ရာမှ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သုတေသန အဖွဲ့က တွေ့ရှိခဲ့သည်။ မျိုးဗီဇပြောင်းလဲမှုအမှတ် အများအပြားတွေ့ ရှိရခြင်းမှာ ထိုယာဉ်မောင်းသည် HIV ရောဂါပိုး ရှိသူ ပြည့်တန်ဆာ အများအပြားနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပုံမှန်ပြုလုပ် ရာမှ ရောဂါပိုးမျိုးကွဲများ ကူးစက်ခံရပြီး ဖြစ်ပေါ်လာခြင်းဖြစ်ဖွယ်ရှိသည်ဟု သုတေသနအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ထိုယာဉ်မောင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်းဇာတိဖြစ်ပြီး တရုတ်နိုင်ငံ၊ ယူနန်တောင်ပိုင်းနှင့် အခြားဒေသများသို့ မကြာခဏ ဖြတ်ကျော် ၀င်ရောက်နေသူဖြစ်သည်။ အိမ်နီးချင်းအိန္ဒိယနိုင်ငံ တွင် ဒေသခံပြည့် တန်ဆာများနှင့် ဆက်ဆံလေ့ရှိသည့် ထရပ်ကားယာဉ်မောင်းများ မှာ နိုင်ငံအတွင်း HIV ပျံ့နှံ့စေသည့် တွန်းအားများဖြစ်သည်ဟု မှတ်ယူ ထားသည်။
ထိုသုတေသနကို တရုတ်သိပ္ပံအကယ်ဒမီ၊ ကူမင်းသတ္တဗေဒအင်စတီကျုမှ ပါမောက္ခ ဇန်ယောင်တန်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ- တရုတ်နယ်စပ်မှာ HIV ရောဂါပိုးမျိုးဗီဇပြောင်းလဲသည့် အဓိကနေရာ တစ်ခုဖြစ်နေသည်ဟု သုတေသနအဖွဲ့ကဆိုသည်။

ကူမင်းမှာ ယူနန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ သုတေသန အဖွဲ့ဝင် တစ်ဦးက “တရုတ်နဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်မှု နည်းပါး တာက ဒေသတွင်း HIV ထိန်းချုပ်မှုနဲ့ ကာကွယ်မှု ပြုလုပ်ရာမှာ ခက်ခဲစေ ပါတယ်” ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အခုတွေ့ရှိ ခဲ့တာ က ရေခဲတောင်ရဲ့ ထိပ်ပိုင်းပဲရှိပါတယ်။ ဟိုပြီး ရှုပ်ထွေးတဲ့၊ အန္တရာယ်ပေးနိုင် တဲ့ HIV မျိုးကွဲတွေ ပျံ့နှံ့နေနိုင်ပါတယ်” ဟု ၄င်းက ထပ်လောင်းပြောကြား သည်။
တရုတ်- မြန်မာ နယ်စပ်ဒေသမှာ မူးယစ်ဆေး ထုတ်လုပ် တင်ပို့ ရာ ဒေသအဖြစ် လူသိများပြီး HIV ကူးစက်ရန် အလွယ်ကူဆုံး နည်းလမ်း တစ်ခုဖြစ်သည့် မူးယစ်ဆေးထိုးသွင်းမှုပြုလုပ်သူ များပြား သည့် ဒေသလည်းဖြစ်သည်။ ကူးစက်မှုအန္တရာယ်မြင့်မားသည့် အခြားအုပ်စု တစ်ခုမှာ လိင်လုပ်သားများဖြစ်သည်။ ၄င်းတို့အား ကမ္ဘာတစ်ဝန်းရှိ အဝေးပြေး လမ်းမများတစ်လျှောက် ဟိုတယ်များ၊ အင်းများတွင် အလွယ်တကူ မြင်တွေ့နိုင်သည်။ ၄င်းတို့မှာ ငွေကြေးပိုမိုရရှိပါက ကွန်ဒုံး မသုံးဘဲ ဆက်ဆံရန် သဘောတူလေ့ရှိခြင်းက ပြဿ နာကို ဆိုးဝါးစေသည်။

သို့သော် HIV ပျံ့နှံမှုကို ထိန်းချုပ်တားဆီးရာတွင် အခက်အခဲအတွေ့ဆုံးမှာ ထရပ်ကားယာဉ်မောင်းများဖြစ်သည်ဟုဆိုသည်။ ၄င်းတို့မှာ တစ်နေရာမှ တစ်နေရာ ခရီးသွားနေသည့် နေထိုင်မှုပုံစံကြောင့် စုံစမ်းစောင့်ကြည့်ရန် ခက်ခဲစေသည်။ သုတေသနပညာရှင်တစ်ဦးက “သူတို့က တရုတ်နိုင်ငံရဲ့ ဘယ်မြို့ကိုမဆို သွားနိုင်ပြီး ရောဂါပိုး သယ်ဆောင်လာတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ သူတို့ရပ်နားတဲ့ နေရာတိုင်းမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံ မယ်ဆိုရင် အကျိုးဆက်က အလွန်ဆိုးဝါးနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

တရုတ်ကုမ္ပဏီအများအပြားက နိုင်ငံခြားသားများအား အလုပ်ခန့်ရန် အလုပ်ဗီဇာခွင့်ပြုရန်အတွက် HIV စစ်ဆေးမှုအပါအ၀င် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သော်လည်း တရုတ်နိုင်ငံသားများကို မဖြစ်မနေ HIV စစ်ဆေးရန် ဥပဒေပြဋ္ဌာန်းထားခြင်းမရှိပေ။ ရှုပ်ထွေးသည့် HIV ဗိုင်းရပ်စ်မျိုးစိတ်တွေ့ရှိခြင်းက နယ်စပ်ဒေသ၌ HIV ရောဂါပိုးများ၏ ဇီဝမျိုးကွဲများအကြောင်း ပိုမိုနားလည်ရန် အရေးတကြီး လိုအပ်နေကြောင်း ပြသနေသည်ဟု သုတေသနစာတမ်းတွင် ဖော်ပြသည်။

Ref - SCMP
The Ladies News Journal - ဗီဇပြောင်းလဲမှု အဆင့် ၁၄ ရှိ ဆေးမတိုးသည့် HIV ပိုးသစ်ကို မြန်မာလူမျိုး ထရပ်ကားမောင်းသူထံတွင် စစ်ဆေးတွေ့ရှိ

လိင်ကူးစက်ရောဂါပိုးနှင့်ထိတွေ့သည်နှင့် အရောင်ပြောင်းနိုင်သည့် Smart Condom တီထွင်အောင်မြင်

လိင်ကူးစက်ရောဂါ (STI) ပိုးနှင့် ထိတွေမိပါက အရောင်ပြောင်းလဲစေမည့် စမတ်ကွန်ဒုံကို ဆယ်ကျော်သက်အရွယ် ဗြိတိန်လူငယ် သုံးဦးက အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။ အိုင်ဇက်နယူတန်အကယ်ဒမီမှ ကျောင်းသားများက လိင်ကူးစက်ရောဂါကို ဟန့်တားရန်အတွက် အရောင်ပြောင်းစမတ်ကွန်ဒုံကို တီထွင်ရန် စိတ်ကူးရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါတီထွင်မှုသည် TeenTech နည်းပညာပြိုင်ပွဲတွင် ပထမဆု ပေါင်ငွေ ၁၀၀၀ နှင့် ဘက္ကင်ဟမ်နန်းတော်သို့ လည်ပတ်ခွင့် ဆွတ်ခူးရရှိခဲ့သည်။ ၎င်းစမတ်ကွန်ဒုံတွင် လိင်ကူးစက်ရောဂါပိုးနှင့် ဓါတ်ပြုမည့် ပဋိပစ္စည်းအလွှာတခု ထည့်သွင်းထားပြီး ယင်းဓါတ်ပြုမှုသည် ကွန်ဒုံရာဘာ၏အရောင်ကို ပြောင်းလဲစေမည်ဖြစ်သည်။ စမတ်ကွန်ဒုံကို တီထွင်သူ လူငယ်သုံးဦးမှာ ဒန်ယာလီအလီ (၁၄နှစ်) ၊ မူအက်ဇ်နာဝက်ဇ် (၁၃နှစ်) နှင့် ရှီရက်ရှာ (၁၄နှစ်) တို့ဖြစ်ပြီး ၎င်းတို့၏တီထွင်မှုကြောင့် လိင်ကူးစက်ရောဂါပိုးရှိသူများ ဆေးကုသမှု ပိုမိုခံယူလာကြရန် မျှော်လင့်ကြောင်း ပြောသည်။

“လိင်ကူးစက်ရောဂါ ရှာဖွေရေးနည်းလမ်းသစ်တခုအနေနဲ့ ဒါကို တီထွင်ခဲ့တာပါ။ လိင်ကူးစက်ရောဂါ အန္တရာယ်ကနေ ပိုမို လုံခြုံစိတ်ချမှုပေးနိုင်မယ့် ပစ္စည်းတခုခုကို တီထွင်ချင်ခဲ့တယ်။ လူတွေအနေနဲ့ ရောဂါပိုးရှိမရှိကို ဆရာဝန်ဆီ တကူးတက ဆေးသွားစစ်စရာမလိုတော့ဘဲ ကိုယ့်ဘာသာ သိခွင့်ရှိမှာဖြစ်ပြီး ဖြစ်လာပြီဆိုရင်လည်း ချက်ချင်း ကုသမှုခံယူနိုင်မှာပါ။ အသုံးပြုတဲ့သူတွေအနေနဲ့ စိတ်ပူပန်မှုမျိုးမဖြစ်ရအောင် သေချာလုပ်ထားပါတယ်။ အရင်ထက်စာရင် ပိုပြီး တာဝန်သိစိတ်လေးတွေ ရှိလာမှာပါ။ လူတွေကို လုံခြုံစိတ်ချရမှု ပေးချင်တာပါ။”ဟု အလီ က ပြောသည်။

အရောင်ပြောင်းကွန်ဒုံနှင့် ပတ်သက်၍ စိတ်ဝင်စားစရာမေးခွန်းများရှိနေကြောင်း Daily Dot မှ ဂျာနယ်လစ် EJ Dickson က ပြောသည်။

“ကွန်ဒုံသုံးတဲ့ သူဆီက ရောဂါပိုးက ကွန်ဒုံကို အရောင်ပြောင်းစေမှာလား၊ တဘက်လူဆီက ရောဂါပိုးက အရောင်ပြောင်းစေမှာလား သေချာ မရှင်းလင်းသေးဘူး။ တကယ်လို့ တဘက် လူဆီကရောဂါပိုးကြောင့်လည်း အရောင်ပြောင်းလဲနိုင်တယ်ဆိုရင်တော့ အမျိုးသမီးတွေနဲ့ လိင်တူဆက်ဆံတဲ့ ယောက်ျားတွေ အပေါ်လည်း သက်ရောက်မှု ရှိမှာပါ။” ဟု ၎င်းက ပြောသည်။

ဝါရှင်တန်ပို့စ်၏သတင်းတရပ်အရ ကွန်ဒုံကုမ္ဗဏီများက အရောင်ပြောင်းကွန်ဒုံတီထွင်သည့်လူငယ်အဖွဲ့ထံ ဆက်သွယ်လျက်ရှိသည်ဟု ဆိုသည်။

“ဒီကလေးတွေဟာ လိင်ကူးစက်ရောဂါနဲ့ ပတ်သက်လို့ သုတေသနပြုတဲ့နေရာမှာ ဘယ်လောက်အထိ တကယ်လေ့လာ သင်ယူနိုင်ခဲ့သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ဒိုင်လူကြီးတွေက သူတို့ကို ပထဆုပေးခဲ့တာပါ။” ဟု TeenTech အမှုဆောင် အရာရှိချုပ် က ပြောသည်။

ရည်ညွှန်း - အာရ်တီ
စောင့်ကြည့် သတင်းဂျာနယ် - လိင်ကူးစက်ရောဂါပိုးနှင့်ထိတွေ့သည်နှင့် အရောင်ပြောင်းနိုင်သည့် Smart Condom တီထွင်အောင်မြင်

AIDS ရောဂါရှင် အိုင်စစ် တပ်သားတဦး ရောဂါ ပျံ့ ပွားစေမှုဖြင့် ကွက်မျက်ခံရ

ဆီးရီးယားတွင် တိုက်ပွဲဝင်နေသော အိုင်စစ်အဖွဲ့ဝင်များက AIDS ရောဂါရှိသူ တပ်သားတဦးကို ရောဂါပျံ့ ပွားစေမှုဖြင့် ကွက်မျက်လိုက်သည်။ အဆိုပါ AIDS ရောဂါသည် အိုင်စစ်အဖွဲ့ဝင်သည် အခြား အကြမ်းဖက် အဖွဲ့ဝင်တဦးကို သွေးလှူခြင်းမှ တဆင့် ရောဂါ  ကူးစက်စေခဲ့ခြင်း ဖြစ်သည်။ အမည်မသိ အင်ဒိုနီရှားနိုင်ငံသား အိုင်စစ်အဖွဲ့ဝင်သည် သွေးလှူဒါန်းမှုပြုခဲ့ပြီး ၎င်းထံတွင် AIDS ရောဂါပိုရှိကြောင်း သိရှိခဲ့ရပြီးနောက် ဟာဆာကာခရိုင် ရှာဒါဒီအရပ်တွင် အခြေစိုက်နေသော အိုင်စစ်အဖွဲ့ဝင်များ ထိတ်လန့်တကြား ဖြစ်ခဲ့ကြကြောင်း သိရသည်။

AIDS ဝေဒနာရှင်၏သွေးကို လက်ခံခဲ့သော အီဂျစ်နိုင်ငံသား ဂျီဟတ်ဝါဒီတဦးနှင့် ၎င်း၏ လိင်ကျွန်ဖြစ်သော ၁၅ နှစ်အရွယ် ယာဇဒီ မိန်းကလေးအပါအ၀င် အဆိုပါ မိန်းကလေးကို အဓ္ဓမပြုကျင့်ခဲ့သူ ဆော်ဒီနိုင်ငံသား ၂ ဦးတို့လည်း ရောဂါကူးစက်ခံခဲ့ရပြီး အိုင်စစ်အဖွဲ့မှ တပ်မှူးအဆင့်ရှိသူတဦးလည်း ကူးစက်ခံထားရကြောင်း သတင်းများထွက်ပေါ်နေသည်။

အင်ဒိုနီးရှားနိုင်ငံသား၏ ဆေးမှတ်တမ်းများအရ ၎င်းထံတွင် AIDS ရောဂါရှိသည်ကို ယမန်နှစ် စက်တင်ဘာလ အိုင်စစ်အဖွဲ့သို့ မ၀င်ခင်ကပင် သိရှိပြီးဖြစ်ကြောင်း ဒေသတွင်းတက်ကြွလှုပ်ရှားသူများအဖွဲ့ Sound and Picture ထံမှ သိရသည်။ ယင်းကြောင့် အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား AIDS ဝေဒနာရှင်အား“ဒဏ်ရာရတပ်ဖွဲ့ဝင်များကို သွေးလှူဒါန်းခြင်းဖြင့် အိုင်စစ်အဖွဲ့ဝင်များအပေါ် ထိခိုက်စေမှုဖြင့်” သေဒဏ်ချမှတ်ခဲ့သည်။

ယင်း AIDS ကူးစက်ပျံ့ပွားမှုသတင်းကြောင့် ဒဏ်ရာရအိုင်စစ်အဖွဲ့ဝင်များအတွက် သွေးလှူဒါန်းမည့်လူများကို တင်းကျပ်သောစစ်ဆေးမှုများ ပြုလုပ်နေကြောင်း Sound and Picture မှ လုပ်သားများအဖြစ် အသွင်ယူ၍ စုံစမ်းထောက်လှမ်းသည့် ဂျာနယ်လစ်များက ထုတ်ဖော်ပြောဆိုသည်။

“အိုင်စစ်အဖွဲ့ဝင်များအတွက် လှူသောသွေးများကို ၁ စက်မကျန် စစ်ဆေးရမည်”ဟု ညွှန်ကြားထားကြောင်း AIDS ရောဂါကုသရေးဌာနမှ ဆရာဝန်တဦးက ပြောသည်။
ယခု AIDS ကူးစက်မှုသတင်းနှင့်အတူ ယာဇဒီအမျိုးသမီး လိင်ကျွန်တဦးကို အမြင့်ဆုံးဆုကြေးအဖြစ် သတ်မှတ်သော အိုင်စစ်အဖွဲ့ဝင်များသည် ကိုရမ်ကျမ်းစာ အလွတ်ဆိုပြိုင်ပွဲများ သတင်းလည်း ထွက်ပေါ်လာသည်။
ယင်း ကိုရမ်အလွတ်ဆိုပြိုင်ပွဲများတွင် လိင်ကျွန်ဆုကြေးသာမက ဆုကြေးငွေများလည်း ပေးအပ်ကြောင်း၊ ဆီးရီးယားအတွင်းရှိ အိုင်စစ်တို့ ဗလီများတွင် ၇ ရက်ကြာ ကျင်းပလေ့ရှိကြောင်းလည်း သိရသည်။

ရည်ညွှန်း - ဒေးလီးမေးလ်
စောင့်ကြည့် သတင်းဂျာနယ် - AIDS ရောဂါရှင် အိုင်စစ် တပ်သားတဦး ရောဂါ ပျံ့ ပွားစေမှုဖြင့် ကွက်မျက်ခံရ

အီဘိုလာ၊ AIDS နှင့် ကင်ဆာပျောက်ဆေးများ မြောက်ကိုရီးယားတွင်ရှိဟု ကင်ဂျုံအန်အစိုးရ ထုတ်ပြန်

ကုရာနတ္တိ ဆေးမရှိသေးသော AIDS၊ အီဘိုလာနှင့် ကင်ဆာပျောက်ကင်းအောင် ကုသနိုင်သောဆေးဝါးကို ဖန်တီးနိုင်ပြီဟု မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီက ထုတ်ပြန်ချက်ဆန်ဆန် သတင်းတစ်ပုဒ်ကို ဖော်ပြခဲ့ကြောင်း ဗြိတိန်သတင်းစာ Independent က ရေးသားထားသည်။

စိုက်ပျိုးသုတေသန ပြုထားသော ဂျင်ဆင်းနှင့် အခြားဆေးဖက်ဝင်များကို ပေါင်းစုကာ အံ့သြဘနန်းကုထုံးကို ပြုလုပ်နိုင်ခဲ့ကြောင်း ကြေညာထားသည်။ မည်သည့်ဆေးဝါးများဖြင့် ပေါင်းစပ်ထားသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

တွေ့ရှိအောင်မြင်ချက်များကို ပိုပိုသာသာ ပြောတတ်လေ့ရှိသော မြောက်ကိုရီးယား အာဏာရှင်အစိုးရက ယင်းဆေးမှာ ထိုးဆေးဖြစ်ပြီး Kumdang-2 ဟု အမည်ပေးထားသည်ဟုလည်း ဆိုသည်။

မိုက်ခရိုအဆင့်ရှိ အထူးမြေသြဇာကို ဂျင်ဆင်းကိုကျွေးပြီး အခြားဓာတ်သတ္တုများဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း ဒေါက်တာ ဂျွန်ဆန်ဟွန်းက ဆိုထားသည်ဟု မြောက်ကိုရီးယားအစိုးရ မီဒီယာ KCNA က ဆိုထားသည်။

“ရှုပ်ထွေးတဲ့ ဒြပ်ပေါင်းတွေကနေ အဆီအနှစ်ထုတ်ပြီး ထိုးဆေးကို တီထွင်ထားတာပါ။ ကိုယ်တွင်းခုခံအားကို ပြန်လည် အသက်သွင်းပေးတဲ့ အရာအဖြစ် ဒီထိုးဆေးက လုပ်ဆောင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ထိုသတင်းတွင် ဆိုထားသည်။
ထိုဆေးအကြောင်းကို ထပ်မံလေ့လာလိုပါက မြောက်ကိုရီးယား အာဏာပိုင်က လွှင့်တင်ထားသော Kumdang2.com သို့ ဝင်ရောက်လေ့လာနိုင်သည်။

အာဖရိကတိုက်တွင် သွားရောက်စမ်းသပ်ခဲ့ရာတွင် HIV ကူးစက်ခံရသူများကို ထိုဆေးပေးအပ်ခဲ့ပြီး ၅၆ ရာခိုင်နှုန်းက လုံးဝပျောက်ကင်းခဲ့ကာ ၄၄ ရာခိုင်နှုန်းက အခြေအနေ တိုးတက်ခဲ့သည်ဟုလည်း ဆိုထားသည်။
ကင်ဂျုံအီအစိုးရ လက်ထက်ကလည်း အိမ်သာတက် မစင်စွန့်ရန် မလိုသော အာဟာရပြည့် ဟမ်ဘာဂါများ တီထွင်ထားကြောင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။

ကင်ဂျုံအီကို မြောက်ကိုရီးယား အမြင့်ဆုံးတောင်ပေါ်တွင် မွေးဖွားခဲ့ကြောင်း၊ မွေးဖွားချိန်တွင် သက်တံနှစ်စင်း ထွက်ခဲ့ကြောင်း အစိုးရမီဒီယာများက ဘုန်းတော်ဘွဲ့ ပြောဆိုထားခဲ့သော်လည်း သမိုင်းဆရာများက ၎င်းသည် ရုရှားတွင် မွေးခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာ ပြောဆိုထားကြသည်။

ပြုံယမ်း၊ ဇွန် ၂၀
The Voice Weeklyအီဘိုလာ၊ AIDS နှင့် ကင်ဆာပျောက်ဆေးများ မြောက်ကိုရီးယားတွင်ရှိဟု ကင်ဂျုံအန်အစိုးရ ထုတ်ပြန်

No comments: