Tuesday, July 21, 2015

AIDS ရောဂါ အလိုလို ပျောက်ကင်းနေသူတစ်ဦး ရှိလာ



AIDS ရောဂါ အလိုလို ပျောက်ကင်းနေသူတစ်ဦး ရှိလာ

HIV ဗိုင်းရပ်စ် ရှိနေတဲ့ ၁၈ နှစ် အရွယ် ပြင်သစ် အမျိုးသမီးငယ် တစ်ဦး ဟာ ဘယ်လို ဆေးဝါး မျိုး ကို မှ မသုံးစွဲတာ ၁၂ နှစ် လုံးလုံး ရှိ နေပြီ ဖြစ် ပေမယ့် အခု သူ့မှာ ရောဂါ လက္ခဏာ တွေ တဖြည်းဖြည်း ကွယ် ပျောက် လာ နေ ပါတယ်။

မွေးကင်းစ မှာပဲ မိခင် ရောဂါသည် ဆီကနေ HIV ကူးစက် ခဲ့ ရပြီး၊ အသက် ၆ နှစ် အရွယ် ထိသာ HIV ထိန်းချုပ် ဆေး တွေ သောက်ခဲ့ ရသူ ဖြစ်တယ် လို့ AIDS ရောဂါ ဆိုင်ရာ နိုင်ငံတကာ ညီလာခံ ကျင်းပနေ တဲ့ သိပ္ပံ ပညာရှင် တွေ ကြားနာ ခဲ့ ရပါတယ်။

HIV ရောဂါ သမိုင်းမှာ ပထမဆုံး အနေနဲ့၊ အခု ဆိုရင် သူ့ရဲ့ သွေးထဲ မှာ HIV ဗိုင်းရပ်စ် ရှိနေတဲ့ ပမာဏ ဟာ တိုင်းတာ လို့ မရ လောက် အောင် လျော့ကျ သွားပြီ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

HPV ကာကွယ်ဆေး တစ်ကြိမ် ထိုးရုံနှင့် သားအိမ်ခေါင်း ကင်ဆာမှ ကာကွယ်ရန် လုံလောက်
HPV သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး (လေးကြိမ်) ထိုးမှ သားအိမ်ခေါင်း ကင်ဆာ ကာကွယ်နိုင် မည်ဟု ထင်ခဲ့ကြသော်လည်း ယခုအခါ သုတေသီများ၏ လေ့လာတွေ့ရှိချက် အရ တစ်ကြိမ်ထိုးရုံဖြင့် အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

လိင်ဆက်ဆံခြင်းကြောင့်  ပါပယ်လိုမာခေါ် ဗိုင်းရပ်စ် ကူးစက်ခံရပြီး သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားရာ HPV သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို ရောဂါမဖြစ်အောင် ကြိုတင် ထိုးနှံ၍ ကာကွယ်နိုင်မည် ဖြစ်သည်။

သုတေသီများ၏ သုတေသန အသစ် တီထွင်ပေါင်းစပ် Data ကိန်းဂဏန်းများကို ဆေး သုံးကြိမ် ထိုးသည့် အုပ်စုနှင့် တစ်ကြိမ် ထိုးသည့် အုပ်စုမှ ရယူခဲ့ခြင်း ဖြစ်သည်ဟု လန်းဆတ် ကင်ဆာ ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။
သုတေသီ ဒေါက်တာ အေမိုင်ခရီမာ (အမေရိကန် အမျိုးသားကင်ဆာ တက္ကသိုလ်)က သားအိမ်ခေါင်း ကင်ဆာ အတွက် တစ်ကြိမ် ဆေးထိုးဖို့သာ လိုအပ်ကြောင်း ပြောသည်။ အဆိုပါ တွေ့ရှိချက်အရ ဆေးများ အကြိမ်ကြိမ် ထိုးနှံစရာ မလိုတော့ဘဲ တစ်ကြိမ်တည်းဖြင့် အကျိုးရှိစွာ သုံးနိုင်တော့မည် ဖြစ်သည်။ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများတွင် သားအိမ်ခေါင်းကင်ဆာ ၈ဝ ရာခိုင်နှုန်းကျော် ဖြစ်ပွားလျက် ရှိသည်။

သားအိမ်ခေါင်း ကင်ဆာ သို့မဟုတ် အမျိုးသမီးများ သေပျောက်မှု များသည့် ကင်ဆာအတွက် အချက်အ လက်များ ရယူရင်း စီးပွားရေး ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများရှိ  အမျိုးသမီးများ ဖြစ်ပွားနေသော သားအိမ်ခေါင်း ကင်ဆာကို ကမ္ဘာအနှံ့ ဖြစ်ပွားနေမှု အပေါ် ကောက်ချက် ချပေးခဲ့ခြင်း ဖြစ်သည်။

HPV (Human Papilloma Virus) သည် သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေသည်။ HPV ၁၆ က သားအိမ်ခေါင်း ကင်ဆာကို ၅ဝ ရာခိုင်နှုန်း ဖြစ်စေသည်ဟု ဆိုသည်။ HPV ၁၈ က သားအိမ်ခေါင်း ကင်ဆာ ၂ဝ ရာခိုင်နှုန်း ဖြစ်ပြီး တခြား ကင်ဆာ ဗီဇများက ကျန်သည့် သားအိမ်ခေါင်း ကင်ဆာ ၃ဝ ရာခိုင်နှုန်းကို ဖြစ်စေသည်ဟု ဆိုပြန်သည်။

HPV ၁၆ နှင့် ၁၈ မျိုးရိုးကို ပစ်မှတ်ထားပြီး သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို GSK (Glaxo Smith Kline) နှင့် ဂါဒါဆေး (Gardasil) ကုမ္ပဏီတို့က Meri ကုမ္ပဏီနှင့် ပေါင်းစပ် ထုတ်လုပ် ဖြန့်ချိခဲ့ခြင်းဖြစ်သည်။

ဒေါက်တာသက်လွင် (ပြည်သူ့ကျန်းမာရေး)
မြဝတီ - HPV ကာကွယ်ဆေး တစ်ကြိမ် ထိုးရုံနှင့် သားအိမ်ခေါင်း ကင်ဆာမှ ကာကွယ်ရန် လုံလောက်

၂၀၃၀ တွင် အေအိုင်ဒီအက်စ်ရောဂါ တကမ္ဘာလုံး တားဆီးနိုင်မည်ဟု ကုလပြော

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေအိုင်ဒီအက်စ်) ကို ၂၀၃၀ ပြည့်နှစ်မှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ တားဆီးနိုင်မယ်လို့ ကုလသမဂ္ဂက ဇူလိုင် ၁၄ ရက်နေ့မှာ ပြောပါတယ်။

ကျန်ခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း တကမ္ဘာလုံး တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ အသက်ကယ် ဆေးဝါးတွေကြောင့် ရောဂါ ကူးစက်မှုကို လျော့ချနိုင်ရုံမက လုံးဝ ရပ်တန့်သွားအောင် တားဆီးနိုင်မယ်လို့ ဆိုပါတယ်။

၂၀၀၀ ပြည့်နှစ်က ဆေးဝါးကို လက်လှမ်းမီတဲ့ လူဦးရေက ၇ သိန်းပဲ ရှိခဲ့ပေမယ့် ဒီနေ့ ကာလမှာတော့ လူ ၁၅ သန်းဟာ ကုသမှု ခံယူနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၁၄ နှစ်ကုန်ပိုင်း စာရင်းအရ အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ရှင်နေတဲ့ အမျိုးသမီး ၆၂ ရာခိုင်နှုန်း၊ အရွယ်ရောက်သူ ၄၁ ရာခိုင်နှုန်းဟာ ကုသမှု ခံယူနေနိုင်တဲ့ အခြေအနေ ဖြစ်တာကြောင့် ၂၀၁၀ တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်ရင် ၂၃ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။

အီသီယိုးပီးယားနိုင်ငံမှာ ၂၀၁၄ ခုနှစ်အတွင်း အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ရှင်နေသူ ၇ သိန်း ၃ သောင်း ရှိခဲ့ပါတယ်။ အာဘီယွတ် ဂိုဒါနာလည်း ၁၉၉၇ ခုနှစ်ကတည်းက အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ရှင်နေသူ ဖြစ်ပါတယ်။

ဆေးရုံကို နေ့စဉ်သွားပြီး ကုသမှုခံယူနေတာ မိမိ ကျန်းမာရေးအတွက်ရော၊ သားသမီးတွေရဲ့ ကျန်းမာရေးအတွက်ရော အကျိုးရှိတဲ့ ကိစ္စဖြစ်သလို တခြား ဘ၀တူတွေအတွက် စံနမူနာကောင်းလည်း ဖြစ်လာတယ်လို့ ပြောပါတယ်။

ဒီနေ့ကမ္ဘာမှာ အိပ်ခ်ျအိုင်ဗွီရှိတဲ့ ကိုယ်ဝန်ဆောင်တွေထဲက ၇၃ ရာခိုင်နှုန်းဟာ မိခင်ကနေ ကလေးကို ကူးစက်ခြင်းမှ ကာကွယ်ရေး ကျန်းမာရေး စောင့်ရှောက်မှု (ပီအမ်တီစီတီ) ကို ရရှိထားကြပါတယ်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုကတ်ဆို မိုကီသာလည်း အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ရှင်နေသူပါ။

အိမ်ထောင်ကျပြီး ကိုယ်ဝန်ဆောင်ဘ၀မှာ ကလေးကို ရောဂါကင်းကင်းနဲ့ မွေးဖွားနိုင်ဖို့အတွက် ဆေးခန်းကို ပုံမှန်သွားပြနေတယ်လို့ ပြောပါတယ်။

၂၀၀၄ ခုနှစ်က အေအိုင်ဒီအက်စ်ကြောင့် သေဆုံးသူ အများဆုံးဖြစ်ခဲ့ပြီး အခုအခါမှာတော့ ၄၁ ရာခိုင်နှုန်း လျော့ကျသွားပါပြီ။
၂၀၁၄ ခုနှစ်မှာ အေအိုင်ဒီအက်စ်နဲ့ ဆက်နွယ်တဲ့ ရောဂါကြောင့် လူပေါင်း ၁ ဒသမ၂ သန်း သေဆုံးခဲ့ပါတယ်။
၂၀၀၅ ခုနှစ်က သေဆုံးသူ ၂ သန်း ရှိပါတယ်။ အိန္ဒိယနိုင်ငံသူ ဗီနာလည်း ၂၀၀၀ ပြည့်နှစ်မှာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရတာ သိရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ဆေးဝါးစောင့်ရှောက်မှု ရရှိခဲ့ပါတယ်။

အရင်တုန်းက ဘ၀က အဓိပ္ပာယ်မဲ့သလို ခံစားခဲ့ရပေမယ့် အခုတော့ ရောဂါဟာ ထင်သလောက် မဆိုးပါဘူးလို့ သူက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက ဖျော်ဖြေရေးလုပ်ငန်းမှာ အလုပ်လုပ်သူ ၃၀၀၀၀ ရှိပါတယ်။ အများစုက အမျိုးသမီးငယ်တွေဖြစ်ပြီး သူတို့ဟာ အိပ်ခ်ျအိုင်ဗွီ ကူးစက်နိုင်ခြေ မြင့်မားကြပါတယ်။

သူတို့ထဲက ၃ ပုံ ၁ ပုံလောက်ဟာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသလား၊ ကင်းစင်းသလား ဆိုတာကို မသိကြပါဘူး။
အခုနောက်ပိုင်းမှာ ကျန်းမာရေးအသိ မြင့်မားလာတာနဲ့အမျ သူတို့ကိုယ်တိုင်က အန်ဂျီအို ဖွဲ့ပြီး စစ်ဆေးကြဖို့ ပညာရေး အစီအစဉ်ကို လုပ်ဆောင်လာကြပါတယ်။

အိပ်ခ်ျအိုင်ဗွီနဲ့ အေအိုင်ဒီအက်စ်ရောဂါ ထိန်းချုပ်ရေးအတွက် အသုံးပြုတဲ့ ရန်ပုံငွေ ပမာဏဟာလည်း ၂၀၀၁ ခုနှစ်က ဒေါ်လာ ၅ ဘီလီယံ မပြည့်ပေမယ့် ၂၀၁၅ မှာ ၂၂ ဘီလီယံအထိ ရှိလာပါတယ်။

ဒီကြားထဲမှာ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကလည်း တကမ္ဘာလုံးမှာ အိပ်ခ်ျအိုင်ဗွီနဲ့ အသက်ရှင်နေတဲ့ လူ ၃၇ သန်းနီးပါးထဲက ထက်ဝက်လောက်ဟာ ဆေးဝါး စောင့်ရှောက်မှု မရကြသေးဘူးလို့လည်း သတိပေးထားပါတယ်။
DVB - ၂၀၃၀ တွင် အေအိုင်ဒီအက်စ်ရောဂါ တကမ္ဘာလုံး တားဆီးနိုင်မည်ဟု ကုလပြော

HIV နှင့် ဆက်စပ်သည့် လူ့အခွင့်အရေးသတင်း တင်ပြခြင်းအတွက် အသေးစား ထောက်ပံ့ကြေး အစီအစဉ်

Internews နှင့် UNAIDS သည် မြန်မာနိုင်ငံတွင် HIV၊ လူ့အခွင့်အရေး ဆိုင်ရာများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ ပိုမိုကောင်းမွန်စွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ သတင်းမီဒီယာများနှင့် မီဒီယာအဖွဲ့အစည်းများအား  အသေးစား ထောက်ပံ့ကြေး အစီအစဉ်များ ပေးအပ်လျှက်ရှိရာ ၂၀၁၅ ခုနှစ်အတွက် စတင်လျက်ရှိပြီဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။

သတင်းမီဒီယာများနှင့် မီဒီယာအဖွဲ့အစည်းများကို အသေးစား ထောက်ပံ့ကြေးပေးရသည့် ဦးတည်ချက်မှာ HIV နှင့် လူ့အခွင့်အရေးဆိုင်ရာ သတင်းများ ပိုမိုရေးသားလာစေရန်၊ သတင်း အရည်အသွေး ပိုမိုကောင်းမွန်လာစေရန်၊ HIV နှင့် လူ့အခွင့်အရေးဆိုင်ရာ သတင်းများကို နားလည်သဘောပေါက်စွာ ရေးသားတင်ပြမည့် သတင်းများ ပေါ်ထွက်လာစေရန် ဖြစ်သည်။
သတင်းမီဒီယာများနှင့် မီဒီယာအဖွဲ့အစည်းမှ တာဝန်ရှိသူများအနေဖြင့် HIV နှင့် လူ့အခွင့်အရေးဆက်စပ်သော သတင်းများရေးသားနိုင်မည့် သတင်းထောက်များအား ရွေးချယ်၍သော်လည်းကောင်း၊ သတင်းထောက်များကိုယ်တိုင် စိတ်ဝင်စား၍သော်လည်းကောင်း Internews နှင့် UNAIDS ၏ အသေးစား ထောက်ပံ့ကြေး အစီအစဉ်ကို လျှောက်ထားစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

သို့ဖြစ်၍ ထောက်ပံ့ကြေးရယူရန်အတွက် အကျုံးဝင်သည့် ဆောင်ရွက်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
1 _   ပုံနှိပ်၊ အသံလွှင့် (ရေဒီယိုနှင့်ရုပ်သံ) နှင့် အွန်လိုင်းမီဒီယာတစ်ခုခုတွင် ဖော်ပြမည့် HIV နှင့် လူ့အခွင့်အရေး ဆိုင်ရာ သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံသတင်း စသည့် မီဒီယာရေးသား ထုတ်လုပ်မှုများအတွက် လုပ်ဆောင်မှုများ (ဥပမာ-သွားလာရ ခက်ခဲသော ဒေသများသို့ သွားရောက်ကာ သတင်းရယူတင်ပြခြင်း)။


2_  ရေးသား၊ ထုတ်လုပ်မှုများကို မိမိတို့ လက်ရှိလုပ်ကိုင်နေသည့် မီဒီယာများပေါ်မှ ပရိတ်သက်များထံ တင်ပြရမည် ဖြစ်သည်။

အထက်ပါ လုပ်ငန်းနှင့် ဘောင်ဝင်မည့် ဆောင်ရွက်ချက်များအတွက် မီဒီယာသမားများ တစ်ဦးချင်း အနေဖြင့် ဖြစ်စေ (နှစ်ဦးပေါင်း ဆောင်ရွက်လျှင်လည်းသော်လည်းကောင်း)၊ အဖွဲ့အစည်းအနေဖြင့် ဖြစ်စေ လျှောက်ထားနိုင်သည်။
လျှောက်ထားသူများ အနေဖြင့် ငွေကြေး အမြတ်အစွန်းအတွက် ဆောင်ရွက်ခြင်းမဟုတ်သည့် (Non-profit making)  အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ဖြစ်ရပါမည်။ မြန်မာနိုင်ငံတွင် အခြေစိုက်သည့် အဖွဲ့ဖြစ်ရပါမည်။ တစ်ဆင့်ခံ မဟုတ်ဘဲ မိမိကိုယ်တိုင် အကောင်အထည်ဖော်မည့် အဖွဲ့အစည်း ဖြစ်ရပါမည်။

တင်ပြလာသော အဆိုပြုလွှာများအား အောက်ပါအချက်အလက်များနှင့် အညီ ရွေးချယ်စိစစ်ပြီး ပြန်လည် အကြောင်းကြားစာအား E-Mail ဖြင့် ပေးပို့သွားမည် ဖြစ်သည်။

လျှောက်ထားသူများ လိုက်နာရမည့် အချက်အလက်များ
အဆိုပြုလွှာများကို ရွေးချယ်စိစစ်ရာတွင် အောက်ပါအချက်များကို အခြေခံသွားမည် ဖြစ်သည်။
၁။အဖွဲ့အစည်းဖြစ်ပါက အဖွဲ့အစည်းစွမ်းရည်နှင့် ဘဏ္ဍာရေးနောက်ခံအခြေအနေ
၂။ အဆိုပြုလွှာတွင် ပါဝင်သည့် ဆောင်ရွက်မည့်လုပ်ငန်းများမှ Grant အစီအစဉ် ဦးတည်ချက်ကို အကျိုးပြုနိုင်မှု
၃။ ဆောင်ရွက်မည့် လုပ်ငန်း၏ အကျိုးသက်ရောက်မှု
၎။ ကုန်ကျစရိတ် နှင့် ကာမိသောထိရောက်မှု

တောင်းခံနိုင်သည့် ထောက်ပံ့ကြေးငွေ ပမာဏ
အနည်းဆုံး မြန်မာငွေ ကျပ် တစ်သိန်း (၁၀၀,၀၀၀/-) မှ အများဆုံး မြန်မာငွေ ကျပ် (၅၀၀,၀၀၀/-)။ လျှောက်ထားသူသည် တစ်ကြိမ်လျှင် အဆိုပြုလွှာတစ်ခုသာလျှောက်ထားခွင့်ရှိပါသည်။


လုပ်ငန်းကာလ
အဆိုပြုသော လုပ်ငန်းအကောင်အထည်ဖော်သည့် ကာလမှာ တစ်လ ထက် မပိုရပါ။


အဆိုပြုလွှာပေးပို့ရန် နောက်ဆုံးရက်
ဇူလိုင်(၃၀) ရက် ၊ ၂၀၁၅ ခုနှစ်။
လျှောက်ထားရန် စိတ်ပါဝင်စားသောသူများ internews.smallgrant@gmail.com သို့ဆက်သွယ်ကာ (အဆိုပြုလွှာ) ပုံစံ တောင်းယူနိုင်ပါသည်။ အောက်ပါ လင့်
https://www.dropbox.com/s/u1jrymyyvinq5zy/HIVAIDS-Grant_Application_Form.doc?dl=0  တွင်လည်း သွားရောက် Download ရယူနိုင်သည်။

အဆိုပြုလွှာနှင့်ပတ်သက်၍ အသေးစိတ် မေးမြန်းလိုပါက internews.smallgrant@gmail.com သို့ သော်လည်းကောင်း၊ မ၀င့်သဉ္ဇာကျော်၊ Grant Manager - 09 43080674 သို့ လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

J-School Network - HIV နှင့် ဆက်စပ်သည့် လူ့အခွင့်အရေးသတင်း တင်ပြခြင်းအတွက် အသေးစား ထောက်ပံ့ကြေး အစီအစဉ်

No comments: