Wednesday, July 22, 2015

သစ်ခွပန်းနဲ့ ဝမ်းစာရေးဖြေရှင်းကြသူများ



'' သစ်ခွပန်း လှလှလေးတွေ ရှိတယ်နော အရောင်မျိုးစုံတယ်။ အမျိုးအစားလည်း အစုံရှိတယ်။ တစည်းမှ ၅၀၀ပဲနော ̋ ဆိုပြီး ဒီမော့ဆို၊ မြို့မဈေးအပြင်ဘက် မြက်ခင်းပြင်ပေါ်မှာ သစ်ခွပန်းပင်တွေကို ချထားကာ ဈေးလာသူတွေကို ဆီးကြိုပြောနေတဲ့ အသက် ၅၀ အရွယ်အဒေါ်တယောက်ကို တွေ့ရပါတယ်။

သူမရဲ့ခေါင်းမှာ အနီရောင်ခေါင်းပေါင်း (မြေနီ၍ အရောင်ပြောင်းသွားသော ခေါင်းပေါင်း)ကို ပေါင်းထားပြီး မြက်ခင်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျှက် ပန်းရောင်း၍ရသော ငွေများကိုထည့်ရန် အဝါရောင်လွယ်အိတ်ငယ်လေးတလုံးကို လွယ်ထားတဲ့ အဒေါ် ဒေါ်ထရေးဇာပဲ ဖြစ်ပါတယ်။

 
သစ်ခွပန်းနဲ့ ဝမ်းစာရေးဖြေရှင်းကြသူများ (ဓါတ်ပုံ-ကေတီ)

သူမရဲ့ရှေ့မှာ အဝါရောင်၊ အစိမ်းရောင်၊ အဖြူရောင်နဲ့ ခရမ်းရောင် အစရှိတဲ့ သစ်ခွပန်းတွေကို မြက်ခင်းပြင်ပေါ်မှာ ခင်းရောင်းထားပါတယ်။

သူမတို့ မိသားစုဟာ ပန်းခူးရင်း၊ ပန်းရောင်းရင်းနဲ့ တဖက်တလှမ်း ဝမ်းစာရှာနေကြတဲ့ သူတွေပါ။

ဒေါ်ထရေးဇာနှင့် ဦးရီးချက်(အမည်အရင်းမဟုတ်)တို့မှာ သားသမီး (၇)ယောက်ရှိပါတယ်။ ယခုချိန်မှာ အကြီးဆုံးသားလေးမှာ ၁၇ နှစ်နဲ့ မိသားစုအတွက် အပြင်ထွက်ကာ အလုပ်ရှာနေရပါပြီ။

ကျန်တဲ့မောင်ငယ်ညီမလေးလေးတွေ ကျောင်းစရိတ်ကို မိဘနှင့်အတူ ဝင်ငွေတွေကို ရှာနေရသူပါ။ သူတို့လေးတွေရဲ့ မိသားစုလေးက ဒီးမော့ဆိုမြို့နယ်၊ ယူဆမိုဆိုရွာမှာ တဲအိမ်ကလေးနဲ့ နေကြတဲ့ မိသားစုလေးပါ။

မနက်မိုးလင်းတာနဲ့ မယားဖြစ်သူက ခင်ပွန်းအတွက် ထမင်းထုပ်၊ ဟင်းထုပ်၊ ရေဗူးနဲ့ ဓားနဲ့ ထည့်စရာအိတ်တို့ကို နောက်လွယ်ထဲထည့်ပေးပြီး တောင်ပေါ်သို့တက်စေပါတယ်။ ရွာနဲ့အကွာအဝေး ၂နာရီခွဲခရီး သွားပြီး ပန်းခူးရပါတယ်။

ဒီပန်းလေးမရှာခင်မှာ ဦးရီးချက်တို့ဟာ တောထဲတောင်ထဲမှာ ထင်းရူးဆီတွေကို လိုက်တူးရင်း မြို့တက်ရောင်းတဲ့ အလုပ်ကို လုပ်ပါတယ်။

နောက်ပိုင်းမှာ ထင်းရူးဆီတွေက လိုက်ရှာတဲ့သူတွေ များလာတဲ့အတွက် ရှာတဲ့သူတွေကလည်း အဆီတွေကိုပဲ အကုန်ရှာကြတော့ ထင်းရူးဆီတွေ ရှာရတာ ခက်ခဲလာတယ်။

ထင်းရူးဆီခုတ်ရတာရယ်၊ ထမ်းရတာရယ် အရမ်းလေးတယ် ရလာတဲ့ထင်းရူးဆီတွေကို အိတ်ထဲထည့်ပြီး မြို့ပေါ်တက်ရောင်းတော့ တအိတ်ကိုမှ ကံကောင်းရင် ၃၀၀၀ လောက်ပဲရနိုင်ပါတယ်လို့ ဦးရီးချက်က ပြောပြပါတယ်။

ဒါကြောင့် နောက်ပိုင်း ထင်းရူးဆီခုတ်တဲ့အလုပ်ကို မလုပ်တော့ပဲ တခြားအလုပ်ကို ရှာလုပ်ဖို့ ဆုံးဖြတ်လိုက် ကြတာဖြစ်တယ်လို့ ဆိုပါတယ်။


သစ်ခွပန်းနဲ့ ဝမ်းစာရေးဖြေရှင်းကြသူများ (ဓါတ်ပုံ-ကေတီ)

ဒီလို အလုပ်တွေ တခုပြီးတခု ပြောင်းလုပ်ရတာကို ကြည့်ခြင်းအားဖြင့် စားဝတ်နေရေးအတွက် ရုန်းကန်ရပြီး အလုပ်အကိုင်အဆင်မပြေ၊ အလုပ်အကိုင်မရှိတဲ့ အတွက်ကြောင့် ဖြစ်ရတယ်ဆိုတာ သိနိုင်ပါတယ်။

ထင်းရူးဆီခုတ်ပြီးနောက်ပိုင်း မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေနိုင်မှန်းသိတဲ့ ဦးလေးကြီးက အခြားအလုပ်ပြောင်းလုပ်ဖို့ စဉ်းစားရပါတော့တယ်။

နောက်ထပ်အလုပ်တခုက တောထဲမှာရှိတဲ့ ကြိမ်စေ့တွေကို လိုက်ကောက်ပြီး မြို့တက်ရောင်းရတဲ့အလုပ်ပေါ့။ အဲ့ဒီလို ကြိမ်စေ့တွေကို လိုက်ကောက်ရင်း အသက်မွေးကြရပြန်ပါတယ်။

ဒါပေမယ့် ကြိမ်စေ့ဆိုတာက သူ့ရာသီနဲ့သူ သီးပြီးကြွေကျတဲ့အသီးမျိုး။ သူ့ရာသီကုန်သွားရင်တော့ ကောက်ရောင်းစရာမရှိတော့တဲ့ အသီးမျိုးဖြစ်ပါတယ်။ ကြိမ်စေ့ကို ၁ပုံးကောက်ရဖို့ အချိန်အကြာကြီးပေးရပါတယ်။ အစေ့လည်းသေး၊ အရောင်ကလည်း မြေကြီးဝါရောင်ဆိုတော့ ကောက်ရတာ လက်ဝင်လှပါတယ်။

အဲ့ဒီကြိမ်စေ့ကို ၁ပုံးကောက်ရပြီးရင် တခေါက်ပြန်လှော်ရပါတယ်။ လှော်ပြီးမှ ဈေးထဲသွားရောင်းရတာပါ။ ၁ပုံးလုံးရောင်းကုန်မှ လက်ထဲမှာငွေလေး (၆၀၀၀)ရောက်ရှိလာမှာ ဖြစ်ပါတယ်။ တပတ်မှာမှ ၁ပုံး၊၂ပုံးလောက်ပဲ ကောက်ရရင် မိသားစုဝမ်းရေးအတွက် ဝမ်းစာရေးမလုံလောက်ဘူးလို့ ဦးရီးချက်က ပြောပါတယ်။

“လယ်လုပ်ပြန်ရင်လည်း မိုးကခေါင်၊ ရေကရှားနဲ့ လယ်ယာလုပ်လို့ မရနိုင်ပြန်ပါဘူး။ သူများနဲ့ လိုက်ပြန်ရင်လည်း လုပ်စရာအလုပ် နည်းနည်းပဲရှိလို့ မခေါ်ပြန်ဘူး။ ဒါကြောင့် ထင်းရူးဆီလိုက်ရှာလိုက်၊ ကြိမ်စေ့ကောက်လိုက်နဲ့ပဲ ကျင်လည်ခဲ့ရပါတယ်။” ဟု ဦးရီးချက်က ပြောသည်။

အိမ်ထဲမှာ ကလေးငယ်တွေ ပြေးလိုက်လွှားလိုက်နဲ့ ရှုပ်နေတဲ့ကြား ဦးလေးကအချိန်ပေးပြီး ကျမကိုပြောပြနေရှာပါတယ်။

နောက်ပိုင်း သစ်ခွပန်းလေးတွေ လိုက်ရှာရင်း၊ သစ်ခွပန်းလေးတွေကလည်း ဈေးကောင်းရတော့ မိသားစုအတွက် နည်းနည်းချောင်လည်လာတယ်လို့ဆိုပါတယ်။

တော၊တောင်တွေထဲမှာ သစ်ခွပန်းလေးတွေ ရှာရင်းနဲ့ တခါတလေ ̏ ဝဥ ̋ လေးတွေ၊ ပင်လယ်မြနန်း အစရှိတဲ့ ဆေးဖက်ဝင်ရှားပါး ဥလေးတွေ ရလာတဲ့အချိန်ဆိုရင် အိမ်ကလိုအပ်တဲ့ ဆန်ဆီဆားတွေ ပြန်ဝယ်နိုင်တယ်လို့ ဆိုပါတယ်။ ရရှိလာတဲ့ ဆေးဥလေးတွေနဲ့ သစ်ခွပန်းလေးတွေကို တရုတ်အဝယ်တော်တွေက အိမ်ထိလာရောက်ဝယ်ယူကြပါတယ်။

သစ်ခွပန်းရှာပုံတောမှာလည်း အသက်အန္တာရာယ်ကြားထဲကနေ အလုပ်လုပ်နေရကြရပါတယ်။ ရွာနဲ့ နှစ်နှစ်ရာခွဲလောက်သွားပြီး တောထဲရောက်ရင် သစ်ပင်ပေါ်စ တက်ရပါပြီး ပန်းခူးတဲ့ အချိန်မှာလည်း သတိ၊ ဝိရိယရှိရပါမယ်။ လှမ်းခူးလို့ မှီနိုင်တဲ့အပင်ကို ခူးခဲ့ပါတယ်။ အပင်အခြေအနေကို ကြည့်ပြီးတော့ ခူးရပါတယ်။

သစ်ကိုင်းမခိုင်ရင်တော့ ဝါးနဲ့ ပန်းပင်ကိုလှမ်းထိုးရပါတယ်။ တခါတလေမှာ လှမ်းထိုးရင်း ချောက်ထဲကျသွားတတ်ပါတယ်။

တခါတလေမှာ သစ်ပင်ကို ဖက်တွယ်ပြီးတက်ရတဲ့ အတွက်ကြောင့် ပိုးကောင်ယားတွေ၊ ပုရွက်ဆိတ်နီနီလေးတွေ ကိုက်တဲ့ဒါဏ်ကိုလည်း ခံရပါတယ်။ တချို့ အရမ်းလှနေပေမယ့် ခူးလို့မရတော့တဲ့အတွက်ကြောင့် လက်လွှတ်လိုက်ရပါတယ်။

ကံကောင်းတဲ့ နေ့ရက်တွေမှာ နေ့လည်နဲ့တင် ပန်းလှလှလေးတွေ အများကြီးရလာတတ်ပြီး နေ့တပိုင်းနဲ့တင် အိမ်ပြန်လို့ရတဲ့ နေ့ရက်တွေရှိသလို ရှာမရပဲ ညမိုးချုပ်၊ တခါတလေ တောထဲမှာညအိပ်ခဲ့ရတဲ့ နေ့တွေလည်းရှိခဲ့ပါတယ်။ ထိုသို့ ရှာမရတဲ့နေ့တွေဆိုရင် အိမ်မပြန်ပဲ မိသားစုဝမ်းရေးအတွက်ရအောင်ရှာပြီး နောက်နေ့မှအိမ်ပြန်ရတဲ့ နေ့တွေ ရှိခဲ့ဖူးကြောင်း ပန်းရှာသူ ဦးလေးက ပြောပြပါတယ်။

မိသားစုအတွက် စားဝတ်နေရေး၊ ကလေးအတွက် ကျောင်းစရိတ် အစစ အရာရာအတွက် သစ်ခွပန်းရှာတာက အထောက်အကူဖြစ်စေလို့ပါ။

ပန်းခူးရင်း အစာရေစာငတ်ခဲ့ရတဲ့ နေ့တွေလည်း ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သွားရတဲ့နေရာတွေက အရမ်းကိုဝေးနေလို့ နေအရမ်းပူနေလို့ ပါလာတဲ့ရေတွေကုန်သွားပြီး ဒီအတိုင်းရေငတ်နေခဲ့ရတဲ့ နေ့တွေလည်း ရှိခဲ့ဖူးပါတယ်။

ပန်းတွေကို တောင်ပေါ်တက်ခူးလိုက်၊ ကျောက်ခဲပေါ်တက်ခူးလိုက်ရနဲ့ အပင်ပေါ်တက်လျှင်လည်း အောက်မှာ ချောက်တွေနဲ့ တော်တော်လေးကို ဂရုစိုက်ရပါတယ်လို့ ဦးလေးက ပန်းခူးရင်း အန္တရာယ်ရှိနေပုံကိုလည်း ကျမကို ရှင်းပြပေးနေပါတယ်။

ပန်းရှာထွက်တဲ့ဦးလေးက ညအချိန် ပန်းခူးပြန်လာပြီး အိမ်ရောက်တဲ့အချိန်မှာ ဇနီးနှင့် သားသမီးဖြစ်သူများက ဝါးနှီးတွေကိုယူပြီး ပန်းပင်များကို အထုံးလိုက် စည်းထားလိုက်ပါတယ်။ မနက်ဖြန် မနက်စောစော ဈေးမှာ အချိန်မှီ သွားရောင်းနိုင်ဖို့အတွက်ပါ။ ဒီးမော့ဆို မြို့မဈေးကိုတော့ ဒေါ်ထရေးဇာက သွားရောက်ပြီးရောင်းချနေကြဖြစ်ပါတယ်။

သူမအတွက် နေရာနီးသော်လည်း ဈေးကောင်းမရရှိနိုင်ပါဘူးလို့ သူမက ကျမကိုပြောပြနေပါတယ်။ အဲ့ဒီအချိန်မှာ ကျမကိုလည်း သူမရဲ့ ပန်းပင်လေးတွေကို ဝယ်ပေးဖို့အဒေါ်က ပြောလိုက်ပါသေးတယ်။ ကျမကလည်း အဒေါ်ဆီက ပန်းပင်လေးတွေဝယ်ပြီး အိမ်မှာပြန်စိုက်ထားလိုက်ပါသေးတယ်။

ဈေးကာင်းမရတာ ဘာလို့လဲဆိုတော့ သူမဟာ ဈေးချိုချိုလေးသာ ရောင်းနေပေမယ့် ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး ဈေးဝယ်နေကြတဲ့ သူတွေရှိနေတဲ့အတွက်ကြောင့် ဖြစ်တယ် လို့ ကျမအနေနဲ့ ထင်မြင်မိပါတယ်။

သူမတို့အနေနဲ့ ဈေးကောင်းရချင်တဲ့အတွက်ကြောင့် လွိုင်ကော်မြို့တွင်းထိတောင် ကားကြုံစီးပြီး မြို့ထဲမှာ လိုက်ရောင်းနေကြရပါတယ်။ ဘာဖြစ်လို့လူတွေနဲ့ပဲ သယ်ရတာလည်းဆိုရင် ဆိုင်ကယ်က Without ဖြစ်နေလို့ပါ။ သူမတို့ရဲ့ ဆိုင်ကယ်လေးကို လိုင်စင်လေးမလုပ်ဆောင်နိုင်တဲ့အတွက် Without နှင့်သာ စီးနေရပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ ဆိုင်ကယ်လေးကို မြို့ထဲခေါ်မသွားရဲကြတာပါ။

ရွာကနေ ဒီးမော့ဆိုမြို့ပေါ်ထိပဲ ခင်ပွန်းဖြစ်သူက လိုက်ပို့ပြီး လွိုင်ကော်အထိကို ကြုံရာကား၊ ဆိုင်ကယ်တို့နှင့် လိုက်သွားရပါတယ်လို့ ဦးလေးက သူတို့ရဲ့ အဖြစ်လေးကို ကျမကိုပြောပြနေပါတယ်။

ဒေါ်ထရေးဇာကတော့ လွိုင်ကော်မြို့ထဲမှာရှိတဲ့ ပန်းဝယ်တဲ့ တရုတ်လူမျိုးအိမ်တွေ၊ သူဌေးအိမ်တွေမှာ အဓိက လိုက်ရောင်းပါတယ်။ တရုတ်တွေကလည်း ပန်းပင်လှလှလေး အဖူးလေးနဲ့ အပွင့်လေးနဲ့ အရောင်လှလှလေးကိုမှ ရွေးဝယ်ကြတဲ့အတွက်ကြောင့် ပန်းပင်လှလှလေးတွေ ပန်းဆန်းဆန်းလေးတွေ တောထဲက ရလာရင် တရုတ်တွေဆီကိုပဲ လာရောင်းကြတာများပါတယ်။

ရောင်းလို့မကုန်တဲ့ ပန်းတွေကိုကျတော့ အိမ်မှာပဲပြန်ယူလာကြပါတယ် ပြီးမှ အနီးအနားမှာ ပြန်လိုက်ရောင်းကြပါတယ် လို့ အဒေါ်ထရေးဇာက ပြောပြပါတယ်။

အချို့သော တရုတ်အဝယ်တော်တွေက အိမ်အထိလာဝယ်ကြတဲ့သူတွေ ရှိတဲ့အတွက်ကြောင့် တခါတလေ သူတို့လာနိုင်မလားဆိုပြီး သူတို့အတွက် ချန်ထားခဲ့ပါတယ်။

အဝယ်တော်တွေက ပန်းအရောင်အဆင်း လှတဲ့ဟာ၊ ထူးဆန်းတဲ့ပန်းတွေကိုပဲ အဝယ်များတဲ့အတွက်ကြောင့် ပန်းရှာရတာ တနေ့တခြားတောနက်ထဲ ရောက်သွားကြရပါတယ်။

သူတို့လိုပဲ ပန်းတွေ ရှာပြီးတဖက်တလမ်း ဝမ်းစာရှာနေကြတဲ့သူတွေလည်း ရှိနေတာကြောင့် ပန်းမျိုးစိတ်တွေလည်း ရှားပါးလာခဲ့ပါတယ်။ ခုချိန်မှာ ဦးရီးချက်တို့မှာ ဝှါရီရွာဟောင်း၊ လတိန်စတဲ့ အနောက်ပဒေါင်(ရှမ်းနယ်စပ်)ရွာမှာ ရှိတဲ့ တောင်ပေါ်တွေမှာ သွားရောက်ခူးခဲ့ကြရပါတယ်။

သူတို့လေးတွေလည်း ပန်းပင်တွေကို ဟိုတောဝင် ဒီတောင်တက်နဲ့ ဒေသတွေလည်း စုံလာသလို ပန်းပင်တွေလည်း မရှိသလောက် ရှားလာနေပါပြီ။ တဖြေးဖြေးနဲ့ ဒေသစုံလာပြီ ပန်းတွေလည်း မရှိတော့ဘူး လို့ ဦးရီးချက်က ပြောပြပါတယ်။

တဖက်မှာလည်း အစိုးရပိုင်းဆိုင်ရာ ဥပဒေများသတ်မှတ်ထားတာတွေရှိသလို ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီဘက်မှာလည်း ဒေသသစ်တောထွက်ပစ္စည်းတွေ ထိန်းသိမ်းတဲ့ ဥပဒေတွေ ထုတ်ပြန်ထားတာတွေရှိနေပါတယ်။

သူတို့မိသားစုလေးတွေလည်း အခုချိန်မှာတော့ ပန်းရှာတဲ့အလုပ်က တဖက်တလမ်းကူညီပေး နိုင်တယ်ဆိုပေမယ့်လို့ ရေရှည်မှာ ဘယ်အချိန်ထိ သူတို့ဒီအလုပ် လုပ်နိုင်မလဲဆိုတာ စိုးရိမ်ပူပန်နေကြပါတယ်။

ကျေးလက်ဒေသတွေဘက်မှာ နေထိုင်တဲ့သူတွေအတွက် ရေရှည်အလုပ်အကိုင်ရရှိဖို့နဲ့ ဒေသထွက်အသီးအနှံတွေ ဈေးကွက်မှာ နေရာရဖို့က သက်ဆိုင်ရာ အစိုးရက ကူညီနိုင်မှသာလျှင် ဝမ်းစာရေး ရုန်းကန်ရှာဖွေစားသောက်နေတို့လိုလူတွေအတွက် အဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။

Written by မူအက်စတာ
 ကန္တာရဝတီတိုင်း(မ်)
http://www.ktimes.org

No comments: