Friday, July 17, 2015

ငါးလေးအိုးကပ် - ပဲနီလေးကြာဆံဟင်းချို - ကျောက်ပွင့်သုပ်




ငါးသေးငါးမွှားလေးတွေပေါတဲ့ရာသီဝယ် ငါးအိုးကပ်ချက်စားလို့ကောင်းတဲ့ ငါးလေးတွေဈေးထဲမှာ အတော်များပါတယ်။ 
ငါးအိုးကပ်ချက်တဲ့အခါမှာ မီးပြင်းပြင်းနဲ့ချက်တာထက်စာရင် မီးအေးအေးနဲ့ ဟင်းအိုးတူးမသွားအောင် ရေလေးတောက် လိုက် စောင့်ကြည့်လိုက် သေချာလှန်ပြုချက်ပြီး ဆီပြန်အိုးကပ်လေးချက်စားရင် အရသာကောင်းမယ်နဲ့တူတယ်ဗျ။

ပဲနီလေးဟင်းချိုကို အချိုလေးချက်ကာ ကြာဆံလေးခပ်ထားရင်တော့ ခပ်စပ်စပ်လေးချက်ထားတဲ့ ငါးလေးအိုးကပ်နဲ့ဆို အံကိုက်ပေါ့။
ပြီးတော့ လက်သုပ်တစ်ခုခုဆိုတော့ ကျောက်ပွင့်လေးကို သေချာသုပ် သံပရာရည်လေးနည်းနည်းဖြန်းတော့ အရသာ တစ်မူထူးမယ်ထင်ပါရဲ့နော်။

ကဲသူငယ်ချင်းတို့ ထမင်းစားမြိန်နိုင်ကြပါစေကြောင်း..။

ငါးအိုးကပ်

ငါးသစ်တုံး (ငါးပျက်) - ၅ကျပ်သား
ကြက်သွန်ဖြူ/နီ - အနည်းငယ်
ဆီ - အနည်းငယ်
ဆား/သကြား - အနည်းငယ်
ငရုတ်သီးအခြောက်တောင့် - အနည်းငယ်
ပုစွန်ငါးပိ - အနည်းငယ်
မန်ကျည်းမှည့် - အနည်းငယ်
နံနံပင် - အနည်းငယ်

အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ တည်ပါ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့် အနည်းငယ်ကိုရောထောင်းထားပါ။ ကြက်သွန်နီအနည်း ငယ်ကို ပါးပါးလှီးထားပါ။  ဆီဆူလာလျှင် ရောထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုတ်သီးထည့်ပါ။ ပြီးလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများပါ ထည့်၍ဆီသတ်ပါ။ ဆီကျက်နေအောင် သတ်ပြီးလျှင် အိုးထဲသို့ ငါးသစ်တုံးလေးများထည့်၍ မွှေပါ။ မန်ကျည်းရည် အနည်းငယ် ထည့်၍မွှေပါ။ အပေါ့အငန်အတွက် ဆားနှင့်သကြား ထည့်ပါ။ ခေတ္တကြာလျှင် ချက်ထားသော ငါးအိုးကပ်လေးများပေါ်သို့ နံနံပင် အနည်းငယ်အုပ်၍ ပန်းကန်ပြားထဲသို့ထည့်ကာ အသင့်သုံးဆောင်နိုင်ပါပြီ။

ပဲနီလေးကြာဆံဟင်းချို

လိုအပ်သောပစ္စည်းများ
ပဲနီလေး/ပဲဝါလေး လက်တစ်ဆုပ်၊ ပဲကြာဆံ အနည်းငယ်၊ ကြက်သွန်နီ တစ်ဥ၊ ကြက်သွန်ဖြူ သုံးမြွှာ၊ ဆီ စားပွဲဇွန်း နှစ်ဇွန်း၊ ဆား/ဟင်းခတ်မှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၂၀ မိနစ်
ပဲနီလေးဖြစ်စေ၊ ပဲဝါလေးဖြစ်စေ မိမိနှစ်သက်ရာကို သုံးနိုင်ပါတယ်။ ပဲနီလေးကို ရေခဏစိမ်ထားပါ။ 

ပဲကြာဆံကိုလည်း ပျော့ပျောင်းအောင် ခဏရေစိမ်ထားပါ။ ဆီကို အပူပေးပြီး ကြက်သွန်ဖြူ/နီ ပါးပါးလှီးဆီသတ်ပါ။ အဲဒီနောက် ပဲနီလေးထည့်ပြီး ရေနည်းနည်းချင်း ဆွတ်၍ နူးလာအောင်ချက်ပါ။ ဆား၊ဟင်းချိုမှုန့် ခတ်၍ အရသာမြည်းပါ။ 

မိမိနှစ်သက်သလောက် ရေအနည်း/အများကိုမှန်းထည့်ပါ။ ဆူပွက်လာ လျှင် ကြာဆံခတ်ပါ။ တချို့က ဟင်းရည်အရောင်လေး ၀ါဖန့်ဖန့် ဖြစ်စေရန် ဆီသတ်ချိန်မှာ နနွင်းမှုန့် နည်းနည်းထည့်တတ်ပါတယ်။

ကျောက်ပွင့်သုပ်
ပါဝင်သောပစ္စည်းများ

ကျောက်ပွင့်                     လက်တစ်ဆုပ်
ပဲမှုန့်                              ၃ဇွန်း(ဇွန်းသေး)
ပုဇွန်ခြောက်                     ဇွန်းကြီးတစ်ဇွန်း
ကြက်သွန်နီ                     ၃ ဥ
ငရုတ်သီးမှုန့်                    အနည်းငယ်
ငံပြာရည်             သင့်ရုံ

ပြင်ဆင်ချက်ပြုတ်နည်း

-           ကျောက်ပွင့်ကို ရေစိမ်ထားပြီး ပွလာလျှင် ခဲသလဲစင်အောင်ဆေးပါ။

-           ကြက်သွန်နီကို ဆီချက်ထားပါ။

-           ပုဇွန်ခြောက်အကောင်ဆိုလျှင် ထောင်းထားပါ။

-           ကျောက်ပွင့်ကို ပဲမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ငရုတ်သီးမှုန့်၊ ငံပြာရည်တို့ဖြင့်နယ်ပါ။

-           သမလျှင် ဆီချက်ထည့်၍ သုံးဆောင်နိုင်ပါသည်။

-           အချို့က ကြက်သွန်စိမ်း၊ ဂေါ်ဖီရွက်တို့ကိုလည်း ထည့်သုပ်စားတတ်ပါသည်။ အချဉ်ကြိုက်သူများက သံပရာသီး ညှစ်၍လည်းမွမ်းမံတတ်ပါသေးသည်။

Credit: Online Cooking Books

No comments: