Saturday, May 11, 2013

ချောင်းမြောင်းတိုက်ခိုက်ခံရချိန် ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်မလဲ



တစ်ခါတလေမှာ လူမှားပြီးတော့ပဲဖြစ်စေ၊ သင်နဲ့ခိုက်ရန်ဖြစ်ပွားခဲ့ဖူးလို့ဖြစ်စေ၊ တမင်ရန်လိုတာကြောင့်ဖြစ်စေ၊ ချစ်သူကောင်မလေးနဲ့ ပတ်သက်သူကဖြစ်စေ တစ်စုံတစ်ယောက်ရဲ့ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံရမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စေမယ့် အခြေခံအချက် ၁၄ချက်ကိုရေးသားအကြံပြုလိုက်ပါတယ်။

ပတ်ဝန်းကျင်ကို မသိမသာလေ့လာပါ
တစ်ခါတလေမှာ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ခံစားချက်မသိစိတ်ကနေ ကိုယ့်ကိုတစ်စုံတစ်ယောက်က တစ်ခုခုပြုလုပ်တော့မယ်ဆိုတာကို သတိထားမိနေတတ်ပါတယ်။ သင့်စိတ်ထဲ မသင်္ကာဖြစ်တဲ့အချိန်မျိုးမှာ သင့်ပတ်ဝန်းကျင်ကို သိသိသာသာကြီး လှည့်မကြည့်ပါနဲ့။ ထွက်ပြေးဖို့ စတင်မကြိုးစားပါနဲ့ဦး။

သင့်စိတ်ထဲက သိထားပါ
သင့်ကိုတိုက်ခိုက်မယ့်သူ့ရဲ့လက်ထဲမှာ အနည်းဆုံး ဓားတစ်လက်၊ တုတ်တစ်ချောင်းတော့ပါနိုင်တယ်ဆိုတာကိုသိထားပါ။ ကြိုတင်ပြင်ဆင်မှုဖြစ်နေတာကြောင့် သူ့လက်ထဲကပါလာတဲ့ လက်နက်ကိုက ဘာဖြစ်မလဲဆိုတာလည်း သင်ထည့်တွက်ပါ။

ခပ်သွက်သွက် လွတ်နိုင်ရာသို့လျှောက်ပါ
ချောင်းမြောင်းတိုက်ခိုက်ခံရတယ်ဆိုရင် သင့်အတွက် ရွေးချယ်စရာနည်းတတ်ပါတယ်။ သင့်က ပြန်ပြီးတိုက်ခိုက်နိုင်ဖို့ဆိုတာ သိပ်မသေချာပါဘူး။ ဒါကြောင့် လူများတဲ့နေရာကို ခပ်သွက်သွက်လျှောက်ပါ။ မျက်နှာချင်းဆိုင်ဆုံလာပြီဆိုရင်တော့ သင်မသိတဲ့သူဆိုရင် Sorry ဆိုတာမျိုးနဲ့ တောင်းပန်စကားအရင်ဆိုကြည့်ပါ။

အနားမကပ်ပါနှင့်
သင့်ရှေ့တည့်တည့်ကို ကပ်လာပြီဆိုရင်တောင်းပန်လို့မရဘဲ ကိုယ့်ကိုတိုက်ခိုက်ဖို့ကြိုးစားလာတာနဲ့ သူနဲ့ကပ်နေရာကနေ နောက်ဆုတ်ပြီး ခွာရပ်လိုက်ပါ။ အနီးကပ်တိုက်ခိုက်မှုတိုင်းဂရုပြုသင့်တဲ့အချက်ပါ။ ဒီလိုသတိမျိုးရှိတာ ဓားနဲ့ထိုးမိမယ်ဆိုရင်တောင် အပေါ်ယံသာ ထိမိနိုင်ပါတယ်။

ထိတ်လန့်မှုမဖြစ်ပါနှင့်
ကြောက်ရွံ့တဲ့စိတ်ရှိတယ်ဆိုရင်တောင် အရမ်းမတုန်လှုပ်ပါနှင့်။ အသက်ကို ပုံမှန်ရှူပြီး စိတ်အာရုံကို အရင်စုစည်းလိုက်ပါ။

တစ်ဖက်လူကို မျက်ခြည်မပြတ်ပါနှင့်
သူဘယ်လိုကိုယ့်ကို တိုက်ခိုက်လာမယ်ဆိုတာမျိုးကို မျက်ခြည်ပြတ်မခံပါနဲ့။ အနည်းဆုံး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းကို အမြဲတွေးတောနေပါ။

ထွက်ပြေးပါ
လူကြားထဲဖြစ်စေ၊ တိုက်ကြားထဲဖြစ်စေ၊ကားပါကင်ထဲဖြစ်စေ ထွက်ပြေးတာက အကောင်းဆုံး ခြေရာဖျောက်နည်းပါ။ ဒီလိုနေရာမျိုးတွေက ပြန်လည်တိုက်ခိုက်ဖို့လည်း အကောင်းဆုံးဖြစ်နိုင်ပါတယ်။

အသင့်ဖြစ်နေပါစေ
ပြေးလို့အဆင်မပြေဘဲ ပြန်လည်တိုက်ခိုက်ရမယ်ဆိုရင်တောင် သင်က အသင့်အနေအထားမှာ ရှိနေဖို့လိုပါတယ်။ သင့်ခန္ဓာကိုယ်ကို သင့်ခြေထောက်တွေက အကောင်းဆုံးထောက်ပံ့ပေးထားတဲ့အနေအထားမျိုးမှာရှိနေပါစေ။

အထိနာမယ့်နေရာကို စဉ်းစားပါ
ရန်သူလာနိုင်တဲ့နေရာကို အသင့်စောင့်နေပြီး သူချက်ချင်းကိုယ့်ကို ပြန်မခုခံနိုင်မယ့် မျက်နှာလိုမျိုးကို အရင်ဆုံးတိုက်ခိုက်ပါ။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်စတဲ့နေရာတွေကို အရင်ဆုံးတိုက်ခိုက်ပါ။

အကူအညီတောင်းပါ
မီးဗျို့မီး၊သူခိုးဗျို့ သူခိုးစသဖြင့် ပတ်ဝန်းကျင်ကို အကူအညီတောင်းတာကြောင့် ပတ်ဝန်းကျင်က သက်ဆိုင်ရာကို အကူအညီတောင်းနိုင်ပါတယ်။

လွတ်မြောက်မှုကိုရှာပါ
ရန်သူအထိနာသွားချိန်မှာ လွတ်နိုင်သမျှလွတ်ရာကိုထွက်ပြေးပါ။ တစ်ဖက်ကို ပြန်လှည့်မကြည့်ပါနဲ့။တစ်ဖက်က အထိနာသွားတဲ့အတွက် သင့်ကိုအာရုံမစိုက်မိလိုက်ခင် သင်ထွက်ပြေးနိုင်ပါလိမ့်မယ်။

အချိန်မဆွဲပါနှင့်
သင်က ရန်သူ့လက်ကလွတ်သွားပြီလို့ မပြောနိုင်သေးတဲ့အခြေအနေမျိုးပါ။ ဒါကြောင့် စိတ်ချလက်ချက်မနေဘဲ သက်ဆိုင်ရာကို အကူအညီတောင်းဖို့ပြင်ဆင်ပါ။

မြန်နိုင်သမျှ အမြန်ဆုံး ပြေးပါ
ရန်သူ့လက်ကနေ မြန်နိုင်သမျှ အမြန်ဆုံးပြေးပြီး သက်ဆိုင်ရာကို အကူအညီတောင်းတာက သင့်အတွက် လုံခြုံမှုရှိစေ ပါလိမ့်မယ်။ ကိုယ့်သဘောနဲ့ကိုယ် တန်ပြန်တိုက်ခိုက်တာကြောင့် ရာဇ၀တ်မှုဖြစ်နိုင်ပါတယ်။

မှန်ကန်စွာထွက်ဆိုပါ
ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သင်ကဘယ်လိုပြန်လည်ခုခံခဲ့တယ်ဆိုတာနဲ့ ဖြစ်ပျက်ခဲ့ပုံတွေကို အရိုးသားဆုံး ဖွင့်ဟပြောဆိုဖို့တော့လိုပါတယ်။ သင်က ပြန်လည်ခုခံလိုက်တာကို အပြစ်ဖြစ်လေမလားဆိုပြီး တွေးတောကာ လိမ်လိုက်မယ်ဆိုရင် သူ့အပြစ်က သင့်အပြစ်ဖြစ်သွားနိုင်ပါတယ်။

Credit: The Chic Magazine – May 2013

No comments: