Sunday, May 5, 2013

အိမ်မှာတင် မွေးချင်သလား


Home delivery လို့ရေးလိုက်ရင် အိမ်တိုင်ယာရောက် စာ၊ ပစ္စည်း၊ စားစရာ လာပို့တဲ့ စီးပွါးရေး လုပ်ငန်လို့ အဓိပ္ပါယ် သက်ရောက်သွားပါမယ်။ ဒါကြောင့် Home birth အိမ်မှာတင် ကလေးမွေးခြင်းလို့ လုပ်လိုက်ပါတယ်။

“မိမိနေအိမ်တင် ကလေးဖွါးလိုတဲ့ အမျိုးသမီးဆန္ဒကို လေးစားသင့်” ဆိုတဲ့သတင်းက ၂၉-၄-၂ဝ၁၃ နေ့မှာ (နယူးယော့ခ်) ကနေလာတာပါ။ ဆေးရုံမှာလာပြီး ကလေးမီးဖွါးတာဟာ အကောင်းဆုံးလို့ ဆရာဝန်တွေက ယူဆ-လက်ခံ-ကျင့်သုံးနေတာ ဖြစ်ပါတယ်။ အခုသုတေသန အကြံပြုချက်ကိုတော့ ကလေးအထူးကုဆရာဝန်တွေကနေ ပြောလိုက်တာပါ။
သတင်းခေါင်းစဉ်တင်ပုံက နည်းနည်း နိုင်ငံရေး ဆန်တယ် ထင်ပါတယ်။ သဘောကျသူတွေက အားပေးထောက်ခံကြမယ်။ ကျွန်တော်က အလုပ်နှစ်မျိုးလုံးမှာ လုပ်နေတာမို့ နိုင်ငံရေးလုပ်ရာမှာ အထာလေးတွေ တချို့တော့ သိတာပေါ့။ အကြိုက်လိုက်ရင် သြဘာပေးမယ်။ မကြိုက်ရင် မေတ္တာပို့မယ်။ ဆေးပညာရော နိုင်ငံရေးမှာပါ ပေါ်ပြူလာလိုက်တာကို မယုံပါ။ အကျိုး-အပြစ်ချင့်ချိန်တာကိုသာ အားပေးပါတယ်။

မိခင်လောင်းက ကျန်းမာရေးကောင်း၊ အထဲကကလေးကလည်း အမွှာမဟုတ်ရပါ။ မွေးပေးမဲ့ သားဖွါး ဆရာမကလည်း လက်မှတ်ရထားသူ ဖြစ်ရပါမယ်။ လိုအပ်လာရင် ဆေးရုံကို ပို့ဘို့ အတွက်ကိုပါ သဘော တူထား၊ ပြင်ဆင်ထားဘို့ လိုပါအုံးမယ်။ American Academy of Pediatrics အမေရိကန် ကလေးဆေးပညာ အကယ်ဒမီရဲ့ ပေါ်လစီ ထုတ်ပြန်ချက်မှာ အဲလိုပါရှိထားပါတယ်။

အမေရိကားမှာ ၁% ကို အိမ်မှာတင်မွေးကြပါတယ်။ ခုနောက်ပိုင်း တိုးလာနေပါသေးတယ်။ ဒီလို အိမ်မှာတင်မွေတာရဲ့ အကောင်း-အဆိုးကို ဆရာဝန်တွေအကြား ငြင်းခုံနေဆဲဖြစ်ပါတယ်။ အိမ်မှာတင်မွေးရင် ကလေးသေဆုံးနှုန်းက ၁ဝဝဝ မှာ ၁ ယောက်ပိုတာရှိတယ်။ ဘယ်လိုကြောင့်ဆိုတဲ့ အကြောင်းတရားကတော့ တိတိကျကျပြောမရပါ။ ၁ဝ% ကနေ ၄ဝ% အထိကို ဆေးရုံပို့ပေးရတယ်ဆိုတဲ့ မှတ်တမ်းလည်း ရှိထားပါတယ်။

ဆေးရုံဆိုတိုင်း အစစစိတ်ချရတယ်လို့တော့ အာမမခံနိုင်တာ သိကြပါတယ်။ ဆေးရုံတွေကနေ ကူးစက်ရောဂါတွေ မလိုဘဲ ရလာနိုင်တယ်။ အခုခေတ်မှာ နောက်ထပ်တိုးလာတဲ့ ကူးစက်ရောဂါမဟုတ်ဘဲ တိုးတက်လာနေတဲ့ အလေ့အထ တခုကတော့ ကလေးကို တကယ်တန်း မလိုအပ်ဘဲ ဗိုက်ခွဲမွေးတာဖြစ်ပါတယ်။ မြန်မာပြည်မှာသာ မဟုတ်ပါ။ အနောက်နိုင်ငံတွေမှာလဲ အဲလိုရှိနေတာဖြစ်ပါတယ်။ စာတပုဒ်ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ တောပိုင်းမှာနေကြရတဲ့ လူဦးရေက အများကြီး ပိုများတယ်။ မြို့လို့ အုပ်ချုပ်ရေးစနစ်အရ သတ်မှတ်ပေမဲ့ တောတွေမှာ နေရတာနဲ့ ကွာတာမဟုတ်တာက များပါတယ်။ သုတေသနတော့ သေသေ ချာချာမသိပါ၊ မြန်မာပြည်မှာ ကလေးမီးဖွါးကြတာဟာ သားဖွါးဆရာမတွေနဲ့ မွေးကြတာက ပိုများမယ်ထင်ပါတယ်။ တောတို့ တောင်ပေါ်တို့ နယ်စပ်တို့မှာ Auxiliary midwife အရံသားဖွါးဆရာမတွေနဲ့ Traditional Birth attendant အရပ်လက်သည်တွေကနေ မွေးပေးရတယ်။ အရပ်လက်သည်တွေကို TBA training မွမ်းမံသင်တန်းတွေ ပေးရတယ်။ ဒါလဲ လုံလောက်သေးတာ မဟုတ်သေးဘူး။

Home birth အိမ်မှာဘဲ မွေးမလား
ANC ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းကို ပုံမှန်လုပ်ထားသူတွေသာ အိမ်မှာမွေးဘို့ ကောင်းမယ်။ ဆီးစစ်တာ၊ ကူးစက်ရောဂါတွေ စစ်တာ လုပ်ထားရမယ်။ ဆီးချို၊ သွေးတိုး၊ ကိုယ်ရောင်တာတွေ ကင်းရှင်း ရမယ်။ မေးခိုင် ကာကွယ်ဆေး ATT ၂ ခါထိုးထားပြီး ဖြစ်ရမယ်။ ကိုယ်ဝန် နောက်ပိုင်း (အာလ်ထွာဆောင်း) ရိုက်ထားပြီး ဖြစ်သင့်တယ်။ ကလေးအနေထား ဦးခေါင်းစိုက် ဖြစ်ရမယ်။ အချင်းနေရာ အထက်မှာသာ ရှိရမယ်။ ရေမြွှာရည် မနည်း-မများဖြစ်ရမယ်။
အိမ်မှာတင် ကလေးမွေးချင်ရင် အပြင်အဆင် (ဆက်တင်) တော့ လုပ်ထားဘို့ လိုပါတယ်။ ပြင်ဆင် ထားဘို့ Check list (ချက်-လစ်) ဆိုတာရှိရပါမယ်။

• နေရာတခု၊ အခန်းတခု သတ်မှတ်ထားပါ။ ဖြစ်နိုင်ရင် ကုတင်။ ကုတင်ကိုလည်း ခြေထောက်ကို လိုအပ်ရင် မြှင့်ပေးဘို့ ခုစရာ ဥပမာ အုတ်ခဲ အဆင်သင့်ထားပါ။ ကုတင်ခေါင်းရင်းဟာ ခြေရင်းထက် နည်းနည်း မြင့်နေမှ ရေမြွာရည်၊ ဆေးရည်၊ သွေးတွေ ခေါင်းရင်းဘက်ဆီ မလာစေဘူး။ မွေးပြီးလို့ မဆိုကောင်းစကား သွေးဖိအား ကျရင် ခြေရင်းဘက်က မြှင့်ပေးရမယ်။

• အခင်းစ၊ မိခင်အတွက်တခုနဲ့ ကလေးအတွက်တခုလိုမယ်။ ဖွတ်လျှော်၊ ဖြစ်နိုင်ရင် မီးပူတိုက်ထားတဲ့ (ကော်တွန်) အဝတ်စ ၄-၅ ထည်။ ကလေးအနှီး၊ ကလေး ပတ်ပေးဘို့ အနွေးစ၊ ရေနွေးကျိုစရာ မီး၊ ခွက်၊ အိုး၊ ဇလုံ။

• မီးဖွါးခြင်း ပဌမအဆင့် (ဗိုက်စနာချိန်ကနေ သားအိမ်အဝ လုံးဝပွင့်လာတဲ့အထိ) မှာ အစဦးဆုံး ဝမ်းခြူပေးရလို့ ဝမ်းခြူစရာနည်းတခုခု အဆင်သင့်လုပ်ရမယ်။ တခါသုံး Sodium phosphate, Glycerin (30-50%) ဝမ်းခြူစရာကို ဆေးဆိုင်တွေမှာ ဝယ်လို့ရတယ်။ အစဉ်အလာသုံး ရေနွေးနဲ့ ဆပ်ပြာနည်းလဲ ကောင်းတာပါဘဲ။

• မွေးပေးမဲ့ ဆရာဝန်၊ ဆရာမအတွက် နံပါတ်မှန်တဲ့ Gloves # 6', 6½, 7, 7½ ရာဘာလက်အိပ် တစုံစီ။ Apron ရင်ပတ်အကာစ၊ တခုစီ။

• Urinary catheter ဆီးခြူပိုက်၊ မွေးဖွါးခြင်း ပဌမ နဲ့ ဒုတိယအဆင့်တွေမှာ ဆီးအိမ်ပြားချပ်နေတာကောင်းတယ်။
• Kidney tray ကျောက်ကပ်ပုံခွက် ၁-၂ ခု၊
• Sponge forceps ဂွမ်းလုံးညှပ် ဖေါ့ဆက်ပ်စ် ၃ ခု၊ ၁ ခုကို သန့်ရှင်းရေး၊ ၂ ခုကို ချက်ကြိုးညှပ်။
• Scissors ကပ်ကြေး ၂ မျိုး၊ ဆခုက ချက်ကြိုးဖြတ်ဘို့၊ နောက်တခုက လိုအပ်ရင် မွေးလမ်းအဝချဲ့ဘို့။
• Kochers’ forceps (ကောကားစ် ဖေါ့ဆက်ပ်စ်) လိုအပ်ရင် ရေမြွာအိပ်ဖေါက်ဘို့၊
• မိခင်၊ ကလေး သန့်ရှင်းပေးဘို့ Cotton 2” x 2” ဖြတ်ထားပြီး ဂွမ်းစ၊
• Cotton towel 6” x 6” လက်သုတ်ပုဝါ ၆ လက္မ x ၆ လက္မ၊ ၂ ခု၊ ဖွါးကာနီး မွေးလမ်းနေရာကို ရေနွေးကပ်ဘို့၊
• Cord clamp ချက်ကြိုးညှပ်ကလစ်၊
• Suction machine ချွဲစုတ်စက် (ခြေထောက်သုံး၊ လျှပ်စစ်သုံး)၊ Suction tube ချွဲစုတ်ပိုက်ငယ်၊
• Chlorhexidine tube ချက်ကြိုးထည့်ပိုးသန့်ဆေး၊ ဆေးဆိုင်ကနေ အလွယ်ဝယ်ရတဲ့ ဒီညှစ်ဘူးဆေး သုံးလို့ ကမ္ဘာမှာ တနှစ်ကို ကလေးပေါင်း ၅ သိန်းအသက်ကို ကယ်နိုင်တယ်လို့ ဆိုပါတယ်။

• သားဦးဆိုရင်၊ ဒါမှမဟုတ် မွေးဘူးသူဖြစ်ပေမဲ့ တခါတလေလိုအပ်သူအတွက် ချုပ်ပေးဘို့ ထုံဆေး (Xylocaine/Lidocaine 2%) + ချုပ်အပ် (Triangular suturing curve needle)၊ ချုပ်ကြိုး (Thread/Silk/Nylon/Catgut 2-0, 3-0) + ပိုးသန့်၊ ပိုးသေဆေးရည် (Antiseptic) (Dettol/Methylated Spirit/ Chlorhexidine/Iodine) စတာတွေ ရှိရမယ်။

• IV set-up လိုအပ်ရင် သွင်းပေးဘို့ သွေးပြန်ကြောသွင်း ဆေးပုလင်း + သွင်းပိုက် အဆင်သင့်ထားရမယ်။

• Injection Oxytocin သားအိမ်ညှစ်ဆေး၊

ကလေးက မွေးမွေးချင်း မငိုရင်၊ အသက်မရှူသေးရင် လုပ်ပေးဘို့ Resuscitation equipment အသက်ရှူ-နှလုံးခုန် အထောက်အကူ အစီအမံတွေ ရှိသင့်တယ်။ CPR ခေါ်တဲ့ ရှေးဦး သူနာပြုသင်တန်းမှာ သင်ပေး ထားတာမျိုး ဘာကိရိယာမှ မပါဘဲ လက်နဲ့ ပါးစပ်သုံးပြီး လုပ်ပေးနည်း တတ်ထားရမယ်။ မွေးကာစ ကလေးကို လုပ်ပေးရတာက လူကြီးနဲ့ မတူတာမို့ သင်ယူထားရမယ်။ ဒီနည်းကြောင့် ကျွန်တော့် ဒုက္ခသည် ဆေး ခန်းလေးမှာ Blue baby ခေါ်တဲ့ မွေးမွေးချင်း ပြာနှမ်းနေတဲ့ ကလေးတွေတောင် လူ့လောကထဲ ဝင်လာနိုင်တာ မနည်းလှဘူး။ Oxygen (အောက်စီဂျင်) ရှိသင့်တယ်။
Forceps မီးဖွါးခြင်း ဒုတိယအဆင့် ကလေးထွက်လာခြင်းမှာ ဖြစ်သင့်တာထက် ပိုကြာနေရင် ဆွဲမွေးပေးဘို့ ကလေးမွေး ညှပ်ရှိထားရမယ်။ ဒါကိုတော့ ဆရာဝန်တွေကသာ လုပ်သင့်တယ်။

ကလေးက မိခင်ဝမ်းကနေထွက်တာနဲ့ သူ့ကို ချွဲစုတ်ပေး၊ သန့်ရှင်းပေး၊ ချက်ကြိုးဖြတ်ပေး၊ အနှီးရစ်ပတ်ပေးတာတွေ လုပ်ပေးဘို့ စားပွဲ၊ ကုတင် တခုအဆင်သင့်လုပ်ထားရမယ်။ ကလေးမီးဖွါးရတယ်ဆိုတာ အညစ်အကြေးဘဲ ဆိုပါစို ဆီး-ဝမ်း သာမကဘူး၊ ရေမြွာရည်နဲ့ သွေးထွက်ပါမယ်။ ထွက်တာကလည်း ထွက်စေချင်တဲ့ အတိုင်း၊ မျှော်လင့်ထားတဲ့အတိုင်း မဟုတ်တာက များတယ်။ စီးထွက်၊ ပန်းထွက်၊ ဘွမ်းက နည်းထွက်နိုင်တယ်။ ဆေးရည်တွေလဲ သုံးရတာမို့ မွေးဖွါးတဲ့ အခန်းကို မမွေးခင်ရော မွေးပြီးနောက်မှာပါ သန့်ရှင်းရေးလုပ်ပေးဘို့ ကြိုတင်ပြင်ဆင်ထားဘို့ လိုတယ်။ မိခင်လောင်းဟာ ကိုယ်ဝန်စောင့်ရှောက်မှု လုပ်တုံးက စစ်ဆေးဘို့လိုမှာတွေ စုံစေ့အောင်စစ်ထားလို့ ကူးစက်ရောဂါ ဘာမှမရှိရင် တမျိုးဖြစ်မယ်။ တကယ်လို့ အသဲရောင် (ဘီ)၊ (စီ) နဲ့ HIV ရှိနေရင် တမျိုးလုပ်ရမယ်။ STD လိင်ကတဆင့် ကူးစက်ရောဂါ ရှိရင်လဲ တမျိုးစီစဉ်ထားရမယ်။

မွေးပြီးပြီးချင်း ထိုး-တိုက်ရမဲ့ ကလေးအတွက် ကာကွယ်ဆေးတွေ လက်လှမ်းမီရင် ပိုကောင်းတယ်။ BCG ဆိုတဲ့ တီဘီ ကာကွယ်ဆေးကို မြန်မြန်ထိုးပေးနိုင်လေ ကောင်းလေဖြစ်တယ်။ ကလေးကို မျက်စဉ်းချက်ချင်း ခပ်ပေးနိုင်ရင် ကောင်းတယ်။ မိခင်ဟာ ကလေးဖွါးပြီးတာနဲ့ သာအိမ်က ပြန်ငယ်လာတဲ့ဖြစ်စဉ်ကြောင့် နာတာကို ခံစားရမှာမို့ အနာသက်သာဆေး ချက်ချင်း ပေးရနိုင်တယ်။ ချုပ်ရတာရှိရင် ပဋိဇီဝပိုးသေဆေးကို ပုံမှန်တော့ လေ့လာမှုတွေအရ ပေးစရာ လို-မလို တိတိကျကျ မပြောနိုင်ပေမဲ့ အိမ်မှာမွေးသူဆိုရင် ပေးတာက ပိုကောင်းပါမယ်။ ကလေးအမေကို မွေးဖွါးခြင်း တတိယ (အချင်းချခြင်း) အဆင့်မှာ Oxytocin injection သားအိမ်ညှစ်ဆေးထိုးပေးဘို့လဲ လိုမယ်။ PPH မွေးဖွါးပြီး သွေးသွန်တာကို ကာကွယ်စေမယ်။

1. မိမိနေအိမ်တင် ကလေးဖွါးလိုတဲ့ အမျိုးသမီးဆန္ဒကို လေးစားသင့် Respect women's choice to have home birth: doctors http://news.yahoo.com/respect-womens-choice-home-birth-doctors-040913138.html
2. LSCS in UK (ယူကေ) မှာ ဗိုက်ခွဲမွေးတာ http://dts-medicaleducation-adult.blogspot.in/2012/07/lscs-in-uk.html
3. Chlorhexidine for umbilical cord care: game-changer for newborn survival? http://www.ghspjournal.org/content/1/1/5.full

ဒေါက်တာတင့်ဆွေ (၂၉-၄-၂ဝ၁၃ )
ဒေါက်တာတင့်ဆွေ - အိမ်မှာတင် မွေးချင်သလား

No comments: