Monday, May 20, 2013

ရိုးရာအစားအစာဖြင့် အောင်မြင်သူ



တိုင်းရင်းသား ရိုးရာ အစားအစာကို ဇာတိမြို့တွင် ဆိုင်ငယ် တစ်ဆိုင်ဖြင့် ရောင်းချခဲ့ ရာမှ ရန်ကုန်မြို့ တော်တွင်ပါ နာမည်ကျော် ကြားသော ရိုးရာ အစားအစာဆိုင် အဖြစ် ဖွင့်လှစ်ရောင်းချ လာနိုင်သူ၊ စားသုံးသူ အများအပြားကြောင့် ဆိုင်ငယ်မှသည် ဆိုင်ကြီး၊ နောက်ဆိုင်ခွဲများ ဖွင့်လှစ်သည် အထိ အောင်မြင်အောင် ကြိုးပမ်း စွမ်းဆောင် ခဲ့သူမှာ မင်းလမ်း မုန့်တီနှင့် ပင်လယ်စာ ဆိုင်များကို အောင်မြင်စွာ စီမံအုပ်ချုပ်နေသူ ဒေါ်မေချို ဖြစ်သည်။

ဈေးရောင်းခြင်းမှာ အောင်မြင်တဲ့အမျိုး
ရန်ကုန်မြို့တော်တွင် ရခိုင်မုန့်တီနှင့် ပင်လယ်စာ ကြိုက်သူများအကြား မသိသူ မရှိသလောက် ဖြစ်နေ သည်အထိ အောင်မြင်မှု ရရှိနေသော မင်းလမ်းမုန့်တီနှင့် ပင်လယ်စာ အရောင်းဆိုင်များကို ဦးစီးလုပ်ဆောင်နေသူ ဒေါ်မေချို၏ မွေးရပ်ဇာတိမှာ ရခိုင်ပြည်နယ် မြေပုံမြို့ ဖြစ်သည်။ မွေးချင်းသုံးယောက် အနက် အသက် ၃၉ နှစ် အရွယ်ရှိ ဒေါ်မေချိုမှာ အလတ် ဖြစ်သည်။
သူမတို့မျိုးရိုးသည် ဈေးသည်မျိုးရိုး ဖြစ်ပြီး အဘွား ဖြစ်သူတို့ လက်ထက်ကပင် မြေပုံမြို့၌ မုန့်တီရောင်း ခဲ့သည်။ သူမ၏ အဖေဘက်က အဘွားနှင့် အမေဘက်က အဘွားပါ ဈေးရောင်းသည့်ဘက်တွင် အောင်မြင်ကြပြီး သူမသည်လည်း ထိုလမ်းကြောင်းအတိုင်း လိုက်သည်ဟု ဆိုရမည်ပင်။ သူမတို့မိသားစု၏ မုန့်တီဆိုင်မှာ ရခိုင် ပြည်နယ် မြေပုံမြို့တွင် ရောင်းအကောင်းဆုံးဆိုင် ဖြစ်သည်ဟု ပြောပြသည်။

"အဲဒီတုန်းက အစ်မတို့ ဆိုင်က ဆိုင်ကြီးတော့ မဟုတ်ပါဘူး။ မိသားစုဝင်တွေ အပြင် ဝန်ထမ်းတစ်ယောက်၊ နှစ်ယောက်လောက်နဲ့ပဲ လုပ်ခဲ့တာ။ အဲဒီဆိုင်မှာ အစ်မကိုယ်တိုင် ဈေးဝယ်တယ်။ ဈေးလည်းရောင်းတယ်။ ဈေးရောင်းရတာကို အစ်မက ဝါသနာလည်းပါတယ်။ ပျော်လည်း ပျော်တယ်" ဟု မြေပုံမြို့တွင် ဖွင့်လှစ်ခဲ့သော မိသားစုမုန့်တီဆိုင်လေးနှင့် ပတ်သက်၍ သူမက လွမ်းဆွတ်စွာ ပြောပြသည်။

မြေပုံမှသည် ရန်ကုန်ဆီ
ပန်းထိမ်လုပ်သော ခင်ပွန်းနှင့်အတူ ရန်ကုန်တွင် အခြေချနေထိုင်သော အဒေါ်ဖြစ်သူထံတွင် ဒေါ်မေချို သိပ်ချစ်ရသော တူမလေးတစ်ယောက် ရှိသည်။ တူမလေးကို လာတွေ့ရင်း ကျောက်မြောင်းရှိ အဒေါ် ဖြစ်သူ၏ “ခင်ပြုံးရီ” လက်ညှစ်မုန့်တီဆိုင်တွင် ကူညီ ပေးဖြစ်သည်။ အဒေါ်ဖြစ်သူဆိုင်တွင် ကူညီရင်း တစ်နှစ်လောက်အကြာတွင် မိသားစုစီးပွားရေး ကြောင့်ရော၊ ကိုယ်ပိုင်စီးပွားရေး တစ်ခုကို လုပ်ချင်သည့် စိတ်ကြောင့်ပါ ယုဇနပလာဇာအနီးရှိ လမ်းကျယ် မှတ်တိုင်နားတွင် မုန့်တီဆိုင်လေးတစ်ဆိုင် စတင် ဖွင့်ဖြစ်ခဲ့သည်။ ဆိုင်တွင်ကူညီရန် အတွက် မြေပုံမြို့ရှိ မိခင်နှင့် ညီမကို ရန်ကုန်မြို့သို့ ခေါ်ယူခဲ့သည်။ ယင်းမုန့်တီဆိုင်ဖွင့်ပြီး နှစ်လအကြာတွင် နေရာ အခက်အခဲကြောင့် ဂွတ္တလစ် မင်းလမ်းရှိ စည်ပင်မြေကို ငှားရမ်း၍ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။

ရန်ကုန်မြို့တွင် ကျောထောက်နောက်ခံ မရှိဘဲ ကိုယ့်အားကိုယ်ကိုးပြီး စီးပွားရေး လုပ်ကိုင်ခဲ့ရသည့် သူမအတွက် အခက်အခဲ များကြုံခဲ့ရသည်။ "အဲဒီတုန်းက ဝန်ထမ်းလည်း မခန့်နိုင်ဘူး။ အစ်မရယ်၊ ညီမလေးရယ်က ဝိုင်းကူကြတယ်။ အိမ်က ၁၄၁ လမ်းမှာ ငှားနေတာဆိုတော့ အဲဒီကနေ ဆွဲခြင်းတစ်လုံးနဲ့ လာပြီး ရောင်းရတယ်။ အဲဒီတုန်းက ည ၈ နာရီနောက်ပိုင်းဆို အစ်မတို့ဘက်ကို ပြန်တဲ့ကားက မရှိတော့ဘူး။ မြို့ထဲဘက်တက်တဲ့ကားပဲ ရှိတယ်။ အဲဒီတော့ ကားရဖို့ တာမွေဗလီအထိ လမ်းလျှောက်ရတယ်" ဟု သူမက ပြောပြသည်။

နေရာ
တဖြည်းဖြည်းနှင့် စားသုံးသူများလာပြီး လုပ်ငန်း အောင်မြင်မှုရလာချိန်တွင် မြေရှင်ကြောင့် ဆိုင်နေရာ အတွက် စိတ်ညစ်ခဲ့ရကြောင်း သူကဆိုသည်။ "စည်ပင်မြေကို သူများဆီက တစ်ဆင့်ငှားတာ ဆိုတော့ ရောင်းကောင်းမှန်း သိတော့ ပိုင်ရှင်က မနက်ဖြန် မရောင်းရဘူးပြောတယ်။ အဲဒီအချိန်မှာ မနက်ဖြန် ရောင်းဖို့ ကိုယ်က ငါးတွေပြုတ်ပြီးသွားပြီ။ ဆိုင်နားမှာ ဗွက်တွေရှိလို့ ကိုယ်က ခဲတွေဘာတွေ ချပြန်တော့လည်း ရခိုင်မက မင်းတို့နေရာကို အပိုင်သိမ်းတော့မယ်ဆိုပြီး ဘေးက သွေးထိုးပေးတဲ့လူတွေ ရှိတယ်။ နောက်ဆုံးတော့ ရပ်ကွက်လူကြီးရဲ့ ကြားဝင်ညှိပေးမှုကြောင့် မြေရှင်က ဆက်ရောင်းခွင့်ပေးပါတယ်" ဟု ဆိုင်နေရာအတွက် ကြုံခဲ့ရဖူးသော အခက်အခဲကို သူမကပြောပြသည်။

အခက်အခဲများ ကြုံခဲ့ရသော်လည်း ကိုယ်လုပ် စရာရှိသောအလုပ်ကို အကောင်းဆုံး လုပ်ကိုင်ခဲ့ပြီး လွယ်သလိုလုပ်ဖို့ ဘယ်သောအခါကမျှ မစဉ်းစားခဲ့ကြောင်း သူမက ဆိုသည်။ မုန့်တီရောင်းရာတွင် မုန့်ဖတ်ကို အလွယ်တကူ အော်ဒါမှာပြီး ရောင်း၍ရသော်လည်း စားသုံးသူများ လတ်ဆတ်သန့်ရှင်းစွာ စားသုံးနိုင်စေရန် လက်ညှစ်မုန့်တီကို ကိုယ်တိုင်လုပ်၍ ရောင်းခြင်းဖြစ်ကြောင်း သူမက ပြောပြသည်။ "အစ်မတို့က ရခိုင်မှာ လက်ညှစ်မုန့်တီစားတာ။ ရိုးရိုးမုန့်တီနဲ့ လက်ညှစ်မုန့်ဖတ် က အရသာရော၊ နူးညံ့မှုပိုင်းရော ကွာတယ်။ စားသုံးသူ ကိုလည်း ဒီအရသာအတိုင်း စားစေချင်တယ်။ မုန့်ဖတ် လုပ်တဲ့ စက်ရုံတွေက ဆန်ကွဲသုံးတာများတယ်။ အစ်မတို့က ဆန်ကောင်းကိုသုံးပြီး ကိုယ်တိုင် စားသုံးသူရှေ့မှာ ညှစ်တဲ့အတွက် သန့်လည်း သန့်ရှင်းတယ်၊ လတ်လည်း လတ်ဆတ်တယ်" ဟု သူမက ဆိုသည်။

ဆိုင်ခန်းနေရာအတွက် အဆင်ပြေလာသော်လည်း စားသုံးသူ များလာသောအခါ နေရာကျဉ်းသည့် အတွက် အခက်အခဲဖြစ်ရကြောင်း သူမကဆိုသည်။ "ဆိုင်ခန်းက ကျဉ်းကျဉ်း၊ စားသုံးသူတွေက များများနဲ့ လူတွေကလည်း မနိုင်။ အုန်းအုန်းကို ထနေ တာပဲ။ ဒီကြားထဲ မိုးရွာရင် တာလဘတ်အမိုးကြီးက ပြုတ်ကျပြီး မိုးရေထဲမှာ ရောင်းရပြန်ရော။ ဆိုင်ခန်းက ကိုယ့်အတွက် အဆင်ပြေပေမယ့် စားသုံးသူတွေအတွက်ကျ အဆင်မပြေတော့ နေရာတစ်ခုရှာဖို့ စဉ်းစားလာ ရတယ်" ဟု ဆိုသည်။ ထို့အတွက် သူမတွင်ရှိသောငွေနှင့် အသိ တစ်ယောက်ကူညီသောငွေ ပေါင်းပြီး မင်းလမ်းအနီး တိုက်ခန်းတစ်ခု၏ မြေညီထပ်ကို စပေါ်ငါးသိန်းပေး၍ ငှားရမ်းခဲ့သည်။ ထိုဆိုင်တွင်လည်း သူမ အောင်မြင်ခဲ့ပြီး ကားလမ်းပိတ်သည်အထိ စားသုံးသူ များပြားသည့် အတွက် ပတ်ဝန်းကျင်၏ တိုင်တန်းမှုကြောင့် စည်ပင်ရုံး ကို မကြာခဏ သွားခဲ့ရကြောင်း သူမက ပြောပြသည်။

ရခိုင်မုန့်တီနှင့် ပင်လယ်စာတွဲစပ်ခြင်း
ထိုဆိုင်တွင် မုန့်တီသာမက ပင်လယ်စာအချို့ကို သူမစမ်းသပ် ရောင်းချခဲ့သည်။ မြေပုံမြို့တွင် ပင်လယ်စာ ကောင်းလွန်းသည့်အတွက် စားသုံးသူများကို ပင်လယ်စာ ကောင်းကောင်းကို မြည်းစမ်းစေလိုသောကြောင့် ဆိုင်တွင် တင်ရောင်းခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောပြသည်။ "အစ်မရဲ့ အစ်မတစ်ယောက်က ကင်းပုစွန်တို့၊ ကျောက်ပုစွန်တို့ကို Export သွင်းတာ။ သူ့ဆီကဟာ လေးတွေ နည်းနည်းစီယူပြီး အစ်မကဆိုင်မှာ တင်ရောင်းရင်းနဲ့ စားသုံးသူတွေက ကြိုက်လို့ ရောင်းဖြစ်သွားတာ။

ရန်ကုန်မှာ ပင်လယ်စာဆိုင်တွေရှိတာ အစ်မ မသိဘူး။ ကိုယ်ကြိုက်တဲ့ အစားအစာလေး တွေကို ကိုယ့်ဖောက်သည်တွေ စားစေချင်တဲ့စိတ်ကြောင့် လုပ်ဖြစ်သွားတာပါ။ ခရုတွေ ဘာတွေဆို ဒီမှာက ရေခဲစိမ်တွေ၊ အခြောက်တွေပဲ ရောင်းတယ်။ အစ်မတို့က အဲဒီလိုအရသာ မကြိုက်ဘူး။ ဒါကြောင့် ပင်လယ်စာတွေကို တောင်ကုတ် တို့၊ ကျောက်ဖြူတို့ကနေ အရှင်အတိုင်းပဲ မှာတယ်။ ဒီမှာ ထုခွဲရောင်းချပြီးမှ စားသုံးသူတွေကို ရောင်းတယ်" ဟု မုန့်တီနှင့်တွဲ၍ ပင်လယ်စာများ ရောင်းဖြစ်ခဲ့ပုံကို သူမက ရှင်းပြသည်။

မင်းလမ်းရှိ တိုက်ခန်းမြေညီထပ်တွင် ဖွင့်လှစ်ခဲ့သော ဆိုင်တွင်လည်း လူအရမ်းကျလာပြီး နေရာ အခက်အခဲ ဖြစ်လာချိန်တွင် သူမ၏ဆိုင်သို့ လာရောက် စားသုံးသူ အမျိုးသမီးတစ်ဦးက မရမ်းကုန်းမြို့နယ် (၆) ရပ်ကွက်ရှိ သူ့ခြံတွင် ဆိုင်ဖွင့်ခွင့် ပေးသည့်အတွက် သူမဖွင့်လှစ်ခဲ့သည်။ ထိုနေရာတွင်လည်း စားသုံးသူ များလာပြီး ကားလမ်းပိတ်မှုကြောင့် ပတ်ဝန်းကျင်က တိုင်တန်းသည့် အတွက် ပါရမီ၊ မေခ လမ်းသို့ သူမဆိုင်ကို ပြောင်းရွှေ့ခဲ့ရပြန်သည်။

"အဲဒီမှာလည်း လူတွေအရမ်းကျတယ်။ လူသံ၊ ကြော်သံတွေကြောင့် ပတ်ဝန်းကျင်ကိုလည်း အားနာရ တယ်။ အစ်မတို့က အစားအစာကို ဘာမှကြိုလုပ်ထား တာ မရှိဘူး။ စားသုံးသူတွေမှာမှ လုပ်ပေးတာဆိုတော့ လူများလာတဲ့အခါ အချိန်ကြန့်ကြာမှုတွေ ရှိတော့ အားနာရတယ်။ အဲဒီတော့ အချိန်ကြန့်ကြာမှု နည်းအောင်၊ လူတွေလည်း မျှမျှတတ အဆင်ပြေအောင် အင်းလျားကန်ဘောင်မှာ ထပ်ဖွင့်တယ်။ အဲဒီမှာလည်း ကားပါကင် အခက်အခဲရှိပြန်တော့ အခုစမ်းချောင်းဘက် မှာ ဖွင့်ထားတယ်။ ကျောက်မြောင်းက အစ်မ အဒေါ်ဆိုင်ကိုလည်း အစ်မပဲ ပြန်ယူပြီး ဖွင့်နေတယ်" ဟု ဆိုင်ဖွင့် လှစ်ရန်အတွက် နေရာအခက်အခဲများ ကြုံခဲ့ရပုံကို သူမက ပြောပြသည်။

အရသာ တစ်ပြေးညီဖြစ်စေမည်
မင်းလမ်းမုန့်တီနှင့် ပင်လယ်စာဆိုင်ခွဲ များစွာ ဖွင့်လှစ်ထားသော်လည်း ဆိုင်တိုင်းတွင် အရသာ တစ်ပြေးညီဖြစ်စေရန် ဂရုစိုက်ကြောင်း သူမက ဆိုသည်။ ထိုအကြောင်းကို သူမက အောက်ပါအတိုင်း ပြောပြသည်။ "ဆိုင်တိုင်းမှာ လက်ရာတစ်ခုတည်း ဖြစ်အောင် ပုံသေနည်းနဲ့ လုပ်တယ်။ ကျောက်မြောင်းဆိုင် ကတော့ နည်းနည်းကွဲတယ်။ ကျောက်မြောင်းလူတွေက အပေါ့ ကြိုက်တော့ အဲဒီမှာ ဟင်းရည် အပေါ့ချက်တယ်။ ကျန်တဲ့ နေရာတွေက အလေးချက်တယ်။ အစ်မတို့ကိုယ်တိုင် အရသာတစ်ပြေးညီ ဖြစ်အောင် လိုက်စစ်တယ်။ အစ်မတို့က ဟင်းပွဲတွေ သေသေချာချာ လှလှပပ ပြင်ဆင်တဲ့ အပိုင်းမှာတော့ အားနည်းတယ်။ အခုတော့ စားဖိုမှူးတွေ ခေါ်ထားတာပေါ့နော်။ ဒီအရသာရယ်၊ သန့်ရှင်းမှုပိုင်း ကိုတော့ အစ်မတို့ တစ်သမတ်တည်းဖြစ်အောင် ထိန်းထားပါတယ်။

အုပ်ချုပ်မှုက မိသားစုပုံစံ မိသားစုဝင်များအပြင် ဝန်ထမ်းအနည်းငယ် နှင့်သာ စတင်ခဲ့သော သူမ၏လုပ်ငန်းတွင် ယခုအခါ ဆိုင်အားလုံးပေါင်းတွင် ဝန်ထမ်း ၂၀၀ ကျော်ရှိပြီ ဖြစ်သည်။ ဝန်ထမ်းများအပေါ် အုပ်ချုပ်မှု အပိုင်းနှင့် ပတ်သက်၍ "အစ်မတို့က မိသားစုပုံစံသွားတယ်။ သူတို့ကို ကိုယ်သိသလောက် အသိဉာဏ်လေးတွေ မျှဝေပေးတယ်။ ဘာသာရေး အဆုံးအမလေးတွေ ပြောပြတယ်။ သူတို့ကို အုပ်ချုပ်ဖို့အတွက် မန်နေဂျာတော့ မငှားဖြစ်ပါဘူး။ သူတို့လိုအပ်တာ ဆိုရင်တော့ ကူညီပေးပါတယ်။ အစ်မကိုယ်တိုင်ပဲ အုပ်ချုပ်တယ်။ အစ်မ လုပ်ငန်းစလုပ်တုန်းက လက်တွဲခဲ့တဲ့ ဝန်ထမ်းတွေက အခုအချိန်ထိ ရှိသေးတယ်။ ထွက်သွားတဲ့ ဝန်ထမ်းက နည်းတယ်။ လူဟောင်းတွေနဲ့ပဲ အစ်မတို့က ဒီလုပ်ငန်း ကြီးကို လည်ပတ်နေတာပေါ့" ဟု သူမက ရှင်းပြသည်။

စိတ်ဝင်စားမှုနှင့် ကျွမ်းကျင်မှု ရခိုင်ပြည်နယ် မြေပုံမြို့မှ ရန်ကုန်မြို့တော်သို့ တစ်ဦးတည်း ရောက်လာပြီး ကိုယ်ပိုင်မုန့်တီဆိုင်လေး ဖွင့်ဖြစ်ခဲ့ရာမှ ယခုအခါ ဆိုင်ခွဲများစွာ ဖွင့်လှစ်နိုင်ခဲ့ပြီး အောင်မြင်သော လုပ်ငန်းရှင်တစ်ယောက် အဖြစ် ရပ်တည်နိုင်နေသူ ဒေါ်မေချိုက စီးပွားရေးကို စိတ်ဝင်စားသော လူငယ်များအတွက် အောက်ပါအတိုင်း အကြံပြုသည်။
"အဓိကက အောင်မြင်ချင်ရင် ကိုယ်လုပ်တဲ့ အလုပ်ကို စိတ်ဝင်စားမှုရှိရမယ်။ ကျွမ်းကျင်မှု ရှိရမယ်။ အစ်မကတော့ ဒီအလုပ်ကို အရမ်းစိတ်ဝင်စားတယ်။ ဒီမုန့်တီအရသာ ကိုလည်း အရမ်းကြိုက်တယ်။ ကိုယ့်ဆီ လာစားတဲ့ စားသုံးသူတွေကို ကျေးဇူးရှင်အဖြစ် သတ်မှတ်ပြီး ဒီထက်ပိုကောင်းအောင် ဘာလုပ်မလဲ၊ အားနည်းနေတဲ့ ဝန်ဆောင်မှုပိုင်းကို ဘယ်လိုပြုပြင်ရမလဲ ဆိုတာ အမြဲတွေးနေတယ်။" 

(သန့်ဇင်ဦး)
Credit: The Voice Weekly Journal

No comments: