Tuesday, June 28, 2011

လေးစားယုံကြည်မှုဆိုတာ

လွန်ခဲ့တဲ့နှစ်ပတ်က ဆရာမကြီး ဒေါ်မြင့်မြင့်ခင် ဖုန်းဆက်ပါတယ်။ ဆရာဦးမောင်မောင်စိန် အတော်နေမကောင်း ဖြစ်နေတယ်။ ဆေးရုံ တက်နေတယ်။ ဒါကြောင့်မို့ အကူအညီလိုတယ်လို့ ဆိုပါတယ်။ သက်ကြီးရွယ်အို ဆရာဝန်များ ကျန်းမာမှု စောင့်ရှောက်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ၈၇ နှစ် ရှိပြီဖြစ်တဲ့ ဆရာမကြီးဟာ ကိုယ့်ထက်ငယ်တဲ့ သက်ကြီးဆရာဝန်များရဲ့ ကျန်းမာရေး အတွက် အခုထက်ထိ အားကြိုးမာန်တက် ဆောင်ရွက်နေတာဟာ ဘယ်လောက် လေးစားစရာ ကောင်းပါသလဲ။ (အခုခေတ် ကျန်းမာရေးစရိတ် ကြီးလာတာဟာ အရင်က အောင်မြင်ခဲ့တဲ့ သက်ကြီး ဆရာဝန်ကြီးတွေ အတွက်တောင် ပြဿနာ ဖြစ်နေပါပြီ။)

သူ့ရဲ့တပည့်တွေက မာမီကြီးလို့ ချစ်စနိုးခေါ်တဲ့ ဆရာမကြီးဟာ လွန်ခဲ့တဲ့ ၇ နှစ်စသိခါစက ကျွန်တော် လေးစားစွာဆက်ဆံမှုကို  ကြည့်ပြီး ကျွန်တော့်ကို သူ့တပည့်လို့ ထင်နေခဲ့ပုံရပါတယ်။ ကျွန်တော်ဟာ ဆေး-၁ က ကျောင်းပြီးပြီး အလုပ်သင်ဆရာဝန်အဖြစ် မန္တလေးဆေးရုံကြီးမှာ ဆင်းရတဲ့အချိန်မှာ ဆရာမကြီး ပင်စင်ယူသွားတာ ၃-၄ နှစ်လောက် ရှိသွားပါပြီ။ ဒါပေမယ့် သူ့ရဲ့ကောင်းသတင်းကတော့ ဆေးရုံကြီးမှာ ပျံ့နှံ့နေတုန်းပါပဲ။ ဆေးပညာထူးချွန်တာ၊ Professional ပီသတာ၊ လူနာတွေကို ဆင်းရဲ၊ ချမ်းသာမခွဲတာ၊ တပည့်တွေကို ကျောသား၊ ရင်သား မခွဲတာတွေဟာ ဆရာဝန်တွေကြား၊ သူနာပြုတွေကြားသာမက ဆေးရုံအလုပ်သမားတွေကြားပါ ပင်စင်ယူပြီး အတော်ကြာအထိ ဂုဏ်သတင်း ပျံ့နှံ့နေတုန်းပါပဲ။

အခုနောက်ပိုင်း ဆရာမကြီးနဲ့ သိကျွမ်းလာရတော့ ဆရာမကြီးမှာ ထူးခြားချက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်မထားတဲ့၊ လုပ်ယူမထားတဲ့ ယုံကြည်မှု ရှိတာပါပဲ။ ကိုယ့်ဘ၀မှာ ကိုယ်ဖြတ်သန်းခဲ့တဲ့ ကောင်းသောအရာတွေ၊ လုပ်ဆောင်ခဲ့မှုတွေ၊  အထူးသဖြင့် သူ့ရဲ့ Profession အတွက် ယုံကြည်မှုရှိတဲ့ ပုံပါပဲ။ သူနဲ့ ဆက်ဆံသူတွေဟာလည်း သူ့ဆီက ယုံကြည်မှုတွေကို မျှဝေခံစားနိုင်ပြီး ကောင်းကျိုးကို ဖြစ်စေပါတယ်။

ဆရာမကြီးကပြောပါတယ်။ "ကိုမောင်မောင်စိန်ဟာ ယူတို့ဆရာတော့ မဟုတ်ဘူးထင်တယ်။ ဒါပေမယ့် အလွန်ဖြူစင်ပါတယ်" လို့ ဆိုပါတယ်။" ကျွန်တော်သိပါတယ် ဆရာမကြီး။ ဆရာမကြီး သွားသတင်းမေးရင် လိုက်ချင်ပါတယ်။"

(၂)


ကျွန်တော်တို့ ဆေးကျောင်းသား ဘ၀က ဆေး(၂)ရဲ့ ခွဲစိတ်ပါမောက္ခနဲ့ ဌာနမှူး ဒေါက်တာဦးမောင်မောင်စိန် ဆိုရင် ဆေးကျောင်းသားတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ကြပါတယ်။ အရင်နောင်တော်တွေရဲ့ စကားနဲ့တင် 3rd MB လောက်ကတည်းက သူ့ကို ကြောက်ကြပါတယ်။ Final Part II ရောက်ရင် သူနဲ့တွေ့ရင် အောင်ဖို့က ၅၀/၅၀ စီပဲ။ ကျဖို့ကများတယ်။ ဆရာကြီးက ပညာတော်တယ်။ လူနာတွေအပေါ် စေတနာကောင်းသလောက် အနေတည်တယ်။ ဒါပေမယ့် စာမေးပွဲစစ်ရင် ဘယ်သူဘာပြောပြော ဘယ်သူ့မျက်နှာမှ မထောက်ဘူးတဲ့။ ဆေးကျောင်းသားဘ၀က "Lady's hand / Lion's heart" ဆိုတဲ့ ခွဲစိတ်ဆရာဝန် ဖြစ်ချင်ခဲ့တဲ့ ကျွန်တော့်အတွက် ဆရာကြီးဟာ ကျွန်တော်ရဲ့ Hero ပါပဲ။ ဒါပေမယ့် ကံဆိုးချင်တော့ Part II မှာဆရာလက်သံပြောင်တဲ့ Short Case မှာမှ တည့်တည့်တိုးပါတယ်။ ဒါကျွန်တော့်အတွက် ဆရာစိန်ကို ပထမဆုံးနဖူးတွေ့ ဒူးတွေ့တွေ့တာပါပဲ။ သူရှေ့ခုံမှာ စထိုင်ခါစက ဒူးတွေတောင်တုန်တာ စားပွဲခုံတောင် လှုပ်နေပါတယ်။


ဒါပေမယ့် ကံကောင်းစွာနဲ့ သူမေးတာတွေ အားလုံးဖြေနိုင်ပါတယ်။ မေးတဲ့တစ်ချိန်လုံး သူတစ်ချက်မှ မပြုံးသလို ဘာမှလည်း မဟောက်ပါဘူး။ အားလုံးဖြေပြီးတော့မှ ဆရာစိန်က "မင်းဖြေနိုင်သားပဲ။ ဘာလို့ ဒီလောက် ကြောက်နေတာလဲ။ ဆရာဝန်လုပ်စားမယ့်သူကို မတတ်ဘဲ အအောင်ပေးလိုက်ရင် ငါလူနာတွေကို ဒုက္ခပေးသလိုဖြစ်နေမှာပေါ့" လို့ တစ်ခွန်းပဲပြောပြီး ထထွက်သွားပါတယ်။

ဒုတိယတစ်ကြိမ် ဆရာစိန်နဲ့ တွေ့တာက ကျွန်တော်ဘွဲ့ရပြီး လေးနှစ်အကြာ စီးပွားရေးလုပ်နေတုန်း အသေးစား ခွဲစိတ်မှုလုပ်ဖို့ လူနာအဖြစ် သွားပြတာပါ။ သူကလည်း မမှတ်မိသလို ကျွန်တော်လည်း ဆရာဝန်လို့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ခွဲစိတ်ခါနီးမှာတော့ သူနာပြုတွေကိုတော့ ပြောလိုက်မိပါတယ်။ ခွဲခါနီး ခါးရိုးဆစ်က ထုံဆေးပေးတော့မယ်ဆိုတော့မှ ဆရာစိန် လက်အိတ်စွပ်ပြီး ၀င်လာပါတယ်။ "မင်းဆရာဝန်ဆိုတာ ဘာလို့မပြောတာလဲ။ ငါခွဲစိတ် ခမယူဘူး။" ကျွန်တော် ရင်ထဲလှိုက်ခနဲ ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ဆေးပညာဘွဲ့ယူတုန်းက ရွတ်ဆိုခဲ့တဲ့ ဟစ်ပိုကရေးတီး ကျမ်းကျိန်လွှာမှာပါတဲ့ ကျင့်ဝတ်ကို ခွဲစိတ်ခုံပေါ်အထိ ဆရာကြီး လေးစားလိုက်နာနေတုန်းပါပဲလား။ အဲဒီနောက် ၁၅ နှစ်၊ အနှစ် ၂၀ လောက် ကျွန်တော် ဆရာကြီးနဲ့ ထပ်မတွေ့တော့ပါဘူး။ ဒါပေမယ့် ဆရာဝန်တွေ အကြောင်းပြောရင် ဒီလိုကျင့်ဝတ်ကို ခွဲစိတ်ခုံနားအထိ လေးစားလိုက်နာတဲ့ ဆရာဝန်ကြီးမျိုးတွေရှိတာကို မကြာခဏပြောဖြစ်ပါတယ်။ မြန်မာပြည် ဆေးပညာသမိုင်းမှာ အထင်ကရတစ်ခုဖြစ်တဲ့ ခိုင်ရွှန်းလဲ့ရည်ပြဿနာဖြစ်တုန်းကတောင် ကျွန်တော့်သတင်းထောက်တွေ၊ အယ်ဒီတာတွေကို ဆရာကြီး အကြောင်းပြောပြီး ဆုံးမရပါသေးတယ်။ လေးစားယုံကြည်ထိုက်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက် ပီသဖို့ဆိုရင် ကိုယ်နဲ့ဆိုင်တဲ့ အတတ်ပညာကျွမ်းကျင်ဖို့အပြင် ကျင့်ဝတ်၊ စိတ်ကောင်းစေတနာရှိဖို့ လိုတာပြောဖြစ်ပါတယ်။

ဆရာစိန်နဲ့ တတိယတစ်ကြိမ်တွေ့တော့ ဆရာကြီး ဝေဒနာကြောင့် စကားသိပ် မပြောနိုင်ပါဘူး။ ဒါပေမယ့် ဆရာကြီးနဲ့တွေ့ဆုံခဲ့တဲ့ နှစ်ကြိမ်မှာ ဆရာကြီးပြောခဲ့တဲ့ စကားတွေ ပြန်ရွတ်ပြပြီး လေးစားယုံကြည်မှုတွေ ပြန်ပြောပြတော့ ဆရာကြီး ရွှင်လန်းလာပါတယ်။ ဆရာကြီးရဲ့ ဘ၀တစ်လျှောက်လုပ်ခဲ့တဲ့ လုပ်ဆောင်မှုတွေဟာ ဘယ်တော့မှ အချည်းအနှီး မဖြစ်ပါဘူးဆိုတာ ကျွန်တော်ပြောပြခဲ့ပါတယ်။ လေးစားယုံကြည်မှုဆိုတာ ခင်မင်ရင်းနှီးတာ၊ ကျေးဇူးရှိတာ၊ တန်ခိုးအာဏာရှိတာ၊ ငွေကြေးချမ်းသာတာတွေနဲ့လည်း မဆိုင်ပါဘူး။ ဖန်တီးယူလို့မရသလို ဟန့်တားလို့လည်း မရပါဘူး။ တစ်စုံတစ်ဦး၊ တစ်စုံတစ်ယောက်ကြောင့်လည်း ပျက်ပြားမသွားနိုင်ပါဘူး။

(၃)


ပြီးခဲ့တဲ့အပတ်က ကျွန်တော့်မိဘတွေ ဆေးစစ်စရာရှိလို့ ထိုင်းနိုင်ငံ ဘန်ရွန်ဂရက်ဆေးရုံကြီးကို လေး၊ ငါးရက်လောက် ဆက်တိုက်သွားရပါတယ်။ ဒီဆေးရုံကြီးဟာ ၂၀၀၇ ခုနှစ်ကတည်းက သွားဖူးနေတာပါ။ တစ်နှစ်ထက် တစ်နှစ်၊ တစ်ခေါက်ထက် တစ်ခေါက် မြန်မာလူမျိုးတွေ အံ့သြဖွယ် များများလာတာပါပဲ။ တရားဝင် ကိန်းဂဏန်းမရပေမယ့် လေးနှစ်အတွင်း ငါးဆလောက်တက်လာ ပုံရပါတယ်။ နှလုံးဌာနနဲ့ အစာအိမ်အူလမ်းကြောင်းဌာနဆိုရင် မြန်မာလူနာသုံးပုံတစ်ပုံလောက်ကို ရှိနေပါတယ်။ အာရပ်လူမျိုးတွေနဲ့အပြိုင် မြန်မာတွေ အရမ်းများလာတယ်။ လွန်ခဲ့တဲ့လေးနှစ်က မြန်မာတွေ သုံးထောင်လောက် လာပြတာကနေ တစ်နှစ်လာပြသူ ၂၀၀၀၀ လောက်တောင် ရှိမလား တွေးမိပါတယ်။ ဒီဆေးရုံ တစ်ရုံတည်းတောင် ဒီလောက်ရှိနိုင်ရင် ထိုင်းက တခြားဆေးရုံတွေ၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှား၊ သြစတြေးလျ၊ အင်္ဂလန်သွားကုတဲ့သူတွေ ပေါင်းရင် တစ်နှစ်ကို တစ်သိန်းကျော်ရှိနိုင်သလို သူတို့သုံးစွဲတဲ့ငွေကြေးဟာလည်း ဒေါ်လာသန်း ၅၀၀ ကနေ တစ်ဘီလျံလောက်အထိ ရှိနိုင်ပါတယ်။  ဘာလို့ နိုင်ငံခြားထွက်ပြီး ဆေးကုသတဲ့သူတွေ များလာတာလဲ။ မြန်မာတွေ အရမ်းချမ်းသာ လာတာလား။ ဆေးရုံတွေကြော်ငြာအား ကောင်းတာလား။ ဂျာနယ်တွေ၊ သတင်းမီဒီယာတွေကပဲ မြန်မာနိုင်ငံက ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တွေ မကောင်းကြောင်း လှုံ့ဆော်လို့လား။


လေးစားယုံကြည်မှုဆိုတာ ခင်မင်ရင်းနှီးတာ၊ ကျေးဇူးရှိတာ၊ တန်ခိုးအာဏာရှိတာ၊ ငွေကြေးချမ်းသာတာတွေနဲ့လည်း မဆိုင်ပါဘူး။


(၄)


ပြီးခဲ့တဲ့ သုံး၊ လေးပတ်က လျှပ်တပြက်ဂျာနယ်မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် ဆေးပညာလောကမှာ ဂယက်ထခဲ့ပါတယ်။ ဒီသတင်းနဲ့ နောက်ဆက်တွဲကိစ္စတွေကို သက်ဆိုင်ရာ ဆရာဝန်ကြီးကလွဲလို့ ကာယကံရှင်တွေ ဖြေကြားခြင်းမရှိတဲ့အတွက် အမှား၊ အမှန်အသေးစိတ်တော့ မသိရပါဘူး။ ဒါပေမယ့် သတင်းရဲ့   နောက်ကွယ်၌ရှိသော အကြောင်းအရာများကို ခြုံငုံချက်အရတော့ ဆောင်းပါးရှင်ရဲ့ ရည်ရွယ်ချက်၊ ကျင့်ဝတ်ပိုင်း၊ အချက်အလက်အပိုင်းမှာ မှားယွင်းတယ်လို့ မေးခွန်းထုတ်စရာတွေရှိတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အယူအဆ အတွေးအခေါ်နဲ့ ပုဂ္ဂလိကဆေးရုံ ဆရာဝန်စနစ်ကို ဝေဖန်ရာမှာတော့ မှန်ကန်တာတွေ ရှိပါတယ်။ နိုင်ငံတကာ ဆေးရုံစီမံခန့်ခွဲမှုစနစ်၊ ဆရာဝန်တွေရဲ့ တာဝန်ယူ အချိန်ပေးမှု၊ ဆရာဝန်ကြီးများဟာ ဆေးရုံ Management အောက်မှာပဲ ရှိရမယ်ဆိုတာကတော့ ကျွန်တော်တို့လည်း တစ်ချိန်လုံး ထောက်ပြခဲ့တာတွေပါပဲ။ ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာ ငြင်းခုံစရာဖြစ်တာက မြန်မာနိုင်ငံဆရာဝန် အသင်း(မန္တလေး)ရဲ့ သဘောထား ကြေညာချက်အပိုဒ် ၂ မှာပါတဲ့ "၎င်းဆောင်းပါးသည် ဆရာဝန်နှင့်လူနာအကြား၊ ဆေးပညာရှင်များနှင့် ပြည်သူလူထုအကြား အခိုင်အမာ တည်ဆောက်ထားရှိပြီး ဖြစ်သည့် ယုံကြည်မှုကို ပျက်ပြားစေနိုင်သည်" ဆိုတဲ့ အချက်ကိုပါ။ ဒီဆောင်းပါးရှင်ကြောင့် ဒီလိုဖြစ်နိုင်သလား။ သတင်းမီဒီယာ၊ ဂျာနယ်တစ်ခုချင်းစီရဲ့ ရပ်တည်ချက်၊ သြဇာတိက္ကမ လူအများရဲ့ ယုံကြည်မှုရှိတယ်၊ ပျက်ပြားစပြုနေတယ်၊ ပျက်ပြားတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ အပြောင်းအလဲတွေရဲ့ အစဟာ အမှန်ကို စတင်သိမြင်ခြင်းပါပဲ။ အမှန်ကိုသိရမယ်။ အမှန်ကို ပြောရဲရမယ်။ အမှန်ကို လုပ်ရဲရမယ်။

(၅)


ကျွန်တော်တို့နိုင်ငံဟာ အမှန်တကယ် ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ လူအများစုကြီးရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဒုက္ခသုက္ခတွေ လျော့ကျ ချိန်တန်ပါပြီ။ နိုင်ငံရဲ့ မျှော်လင့်ချက် အနာဂတ်ရောင်ခြည် စတင်ချိန်တန်ပါပြီ။ နိုင်ထက်စီးနင်းလုပ်တာ၊ အမုန်းပွားတာ၊ အပြစ်ကိုချည်းပဲ မြင်တွေ့တတ်တာတွေ၊ အမှန်တရားကို မျက်ကွယ်ပြုတာတွေ ရပ်တန့်သင့်ပါပြီ။

အပြောင်းအလဲတွေရဲ့အစဟာ အမှန်ကို စတင်သိမြင်ခြင်းပါပဲ။ အမှန်ကိုသိရမယ်။ အမှန်ကို ပြောရဲရမယ်။ အမှန်ကို လုပ်ရဲရမယ်။ Human Resources ပြဿနာရှိတာ နယ်ပယ်တိုင်းမှာပါ။ ဆေးပညာလောကမှာမှ ဒီပြဿနာမရှိဘူး။ ငါတို့က ပညာတတ်တယ်ဆိုရင်တော့ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်ကုန်ပါလိမ့်မယ်။ နေရာတကာမှာ ခေတ်စနစ်ကို ချည်းလက်ညှိုးထိုးပြီး ရေစုန်မျောလိုက်လို့ မရဘူး။ မိုးခါးရေသောက်လို့ မရပါဘူး။ အများညီရုံနဲ့ ဤကို ကျွဲဖတ်လို့ မရပါဘူး။ လူတစ်ဦးချင်း ကျန်းမာရေးအသုံးစရိတ် အသုံးပြုမှုနည်းလို့ ကျန်းမာရေးကဏ္ဍမှာ အားနည်းပြီး လူတွေ ဒုက္ခရောက်ရတယ်ဆိုတာ သိရင် ဘယ်လိုအားနည်းတယ်။ ကျန်းမာရေး အသုံးစရိတ်ကို နောက်နှစ် ငါးဆ၊ နောက်တစ်နှစ် ငါးဆစသည်ဖြင့် ငါးနှစ်အတွင်း အဆ ဘယ်လောက်တင်မှ စနစ်ကို ပြင်လို့ရမယ်။ ဒါတွေကို ပညာရှင်တွေ ရဲရဲဝံ့ဝံ့ တင်ပြသင့်တယ်။ ဒါ့အပြင် ဆေးပညာရှင်တွေရဲ့ တစ်ဦးချင်း စေတနာထားမှုတွေ၊ စိတ်နေစိတ်ထား (attitude) ကျင့်ဝတ်စောင့်ထိန်းမှုတွေ ဘယ်လိုလုပ်ကြမလဲ။ အားလုံး ၀ိုင်းစဉ်းစားရပါမယ်။ နိုင်ငံခြားကို ဆေးသွားကုနိုင်တာ မကျန်းမာသူအားလုံးရဲ့ ငါးရာခိုင်နှုန်းလောက်တောင် မရှိပါဘူး။ ကျွန်တော်တို့ စဉ်းစားရမှာက ကျန်တဲ့ ၉၅ ရာခိုင်နှုန်းရဲ့ ကျန်းမာရေးအတွက် လုံလောက်တဲ့ ၀န်ဆောင်မှုပြဿနာ၊ ကျန်းမာရေး စောင့်ရှောက်မှုပါ။ ဒါတွေကို ပြည်သူတွေ ဘယ်လို ကြုံတွေ့နေရသလဲ။ ကျန်းမာရေး၊ ပညာရေးတို့မှာ ငွေကြေးသုံးစွဲခြင်းဟာ နိုင်ငံအနာဂတ်အတွက် အကောင်းဆုံးရေရှည် ရင်းနှီးမြှုပ်နှံမှုဆိုတာကို အစိုးရကိုရော၊ ဥပဒေပြု ကိုယ်စားလှယ်တွေကိုရော သိစေချင်ပါတယ်။

တကယ်တော့ လေးစားယုံကြည်မှုဆိုတာ သူများတွေက ဖျက်ဆီးလို့ ရတာမဟုတ်ပါဘူး။ ပျက်ပြားအောင် လုပ်လို့လည်း မရပါဘူး။ သြဇာအာဏာနဲ့လည်း တည်ဆောက်လို့ မရပါဘူး။ လေးစားယုံကြည်မှုဆိုတာ နှလုံးသားနဲ့ပဲ တည်ဆောက်လို့ရတဲ့ အရာပါ။

အပြောင်းအလဲတွေရဲ့ အစဟာ အမှန်ကို စတင်သိမြင်ခြင်းပါပဲ၊ အမှန်ကို သိရမယ်၊ အမှန်ကို ပြောရဲရမယ်။ အမှန်ကို လုပ်ရဲရမယ်။


လေးဖြာ ဗြဟ္မစိုရ်

ဗြဟ္မစိုရ်တရားလေးပါး

ဆေးမကုခင်    

- မေတ္တာဝင်

ကုစဉ်

- ကရုဏာ

ရောဂါကင်းပျောက်

- မုဒိရောက်

ပြီးမြောက်

- ဥပက္ခော

သဘောထားကြီးကြီးဖြင့် ဆက်ဆံရာ၏။

ကြင်နာယုယမှု အပြည့်အ၀ ထားရာ၏။

ဆရာ၏အပြုံးသည် လူနာအဖို့ အကောင်းဆုံး ဆေးချက်ပင်ဖြစ်သည်။

မေတ္တာအခြေခံ၍ ကရုဏာအပြည့်အ၀ရှိပါမူ အတော်ဆုံးသော ဆရာတစ်ယောက် ဖြစ်နိုင်သည်။

ဆေးပညာဘွဲ့ထူး တစ်ခုရရှိထားပြီးသော ပုဂ္ဂိုလ်သည် ဗြဟ္မစိုရ်တရားလေးပါးဖြင့် ပြည့်စုံစေလျက် အမြဲနေထိုင် သွားရမည်။   

လူနာနှင့်မတွေ့မီ၊ လက်ခံကုသသော အချိန်မရောက်မီ အမြဲမပြတ် မေတ္တာရှေ့ထား ပွားများနေရမည်။ မေတ္တာပို့သခြင်းမှစ၍ အမြဲတစေ မေတ္တာစိတ်ယှဉ်လျက် ဆောင်ရွက်မှု အသွယ်သွယ်ကို ဆောင်ရွက်သွားရမည်။

အသက်နှင့်ဆိုင်သော အလုပ်ကိုတာဝန်ယူနေသော ကယ်တင်ရှင်တစ်ယောက်အဖြစ် မှတ်ယူပြီး ဆေးသမာဓိကို မရရအောင် ကြိုးစားရမည်။

လူနာကို လက်ခံကုသသောအခါ၊ ရောဂါရှာဖွေသောအခါ ကြင်နာယုယမှု၊ ငဲ့ညှာမှုကရုဏာကို ရှေ့သွားပြုထားရမည်။ လူနာသည် (လူနာနှင့် ပတ်သက်သူသည်) ရောဂဗျဿန နှိပ်စက်ခံနေရသူ ဖြစ်၏။ ဘောဂဗျဿန တွေ့ကြုံနေသူလည်း ဖြစ်၏။ ကယ်မည့်သူကို ငံ့မျှော်နေသော ပုဂ္ဂိုလ်မျိုးလည်းဖြစ်၏။ ၀မ်းထဲများစွာမချိလှ၊ ကိုယ်ထောင်း စိတ်ကြေနေသူလည်း ဖြစ်၏။

စိတ်ရောကိုယ်ပါ မချမ်းသာသောသူသည် ပြောဆိုရာ၌ လည်းကောင်း၊ ဆရာနှင့် ဆက်ဆံရာ၌လည်းကောင်း များစွာချွတ်ချော်တတ်၏။ စိတ်တိုစရာနှင့် လွန်စွာယှဉ်လာတတ်၏။ ဆရာလုပ်သူသည် လူနာနှင့်တွေ့သော အခါ၌ ဖြစ်ရပ် အားလုံးတို့ကို သဘောထားကြီးကြီး ဆက်ဆံမှုပြေပြေ ကရုဏာစိတ်များများထားလျက် ဆောင်ရွက်မှုအားလုံးကို ကြင်နာ ယုယစွာ ပြောတတ်မှု၊ ဆောင်ရွက်တတ်မှု၊ အရေးကြီး၏။ မနှစ်မြို့ဖွယ်ရာဖြစ်သော ဝေဒနာရှင်၏ ပြုမူပြောဆိုချက်ကို ကရုဏာဖြင့် ကာကွယ်ရာ၏။ မေတ္တာနှင့်ယှဉ်ကာ ကရုဏာနှင့် အခြေခံပြီးလျှင် သူတော်ကောင်း စိတ်များများ မွေးထားသည့်အတိုင်း ကုသနိုင်ပါမူကား သူတကာကုသမှုထက် ဆရာ၏ ဆေးအစွမ်းထက်မည်သာဖြစ်၏။ ထိုဆရာ၏ ကရုဏာနှင့်ယှဉ်သော ပြုမူပုံသည် လူသားတိုင်း နှစ်ခြိုက်ကြမည်သာ ဖြစ်သည်။ ကြင်နာယုယသာယာ ချေငံမှုသည် လူကိုမဆိုထားဘိ တိရစ္ဆာန်များပင် များစွာလိုလားသောကြောင့် ဖြစ်သည်။

ပျောက်ကင်းချမ်းသာအောင် ကုသကယ်မပေးပြီးနောက် ဆရာအတွက် အရေးအကြီးဆုံးသော မျှော်ကိုးရာကား မုဒိတာခေါ် ၀မ်းမြောက်ခြင်းပင်ဖြစ်သည်။ အခက်အခဲ ကျသော ရောဂါများ ပျောက်ကင်းလေလေ ပို၍၀မ်းမြောက် လေလေဖြစ်ရင်း ထိုဇိဝိတအပေါ်၌ ၀မ်းမြောက်စွာဖြင့် တွေးနေပါမူ မည်မျှအထိကြီးမားသော ကုသိုလ်များရနေမည်ဖြစ်သည်ကို မဆုံးဖြတ်နိုင်အောင်ပင် ဖြစ်သည်။

Written by သန်းထွဋ်အောင်   

Credit: www.news-eleven.com

No comments: