'ဟော...ကိုလင်းပါလား၊ ဒီတစ်ခါ စောစောစီးစီးလာပုံထောက်တော့ ဆွေးနွေးစရာများများစားစား ပါလာပြီထင်တယ်'
'သေချာတာပေါ့ ကိုဝင်းရာ၊ ဟောဒီ ၁၉၉၁ခုနှစ် ဖေဖော်ဝါရီလထုတ် ဓမ္မရံသီဓမ္မမဂ္ဂဇင်းထဲမှာ ခင်ဗျားရေးခဲ့တဲ့ အပြုအဖျက်ဤနှစ်ချက် ကို...ဆိုတဲ့ ဆောင်းပါးလေးနဲ့ ပတ်သက်လို့ပဲဗျ'
'ဟုတ်ပြီ - ကျွန်တော်မှတ်မိပြီ၊ ထေရ၀ါဒဗုဒ္ဓဘာသာဆိုင်ရာ သာသနိက အဆောက်အအုံတချို့ပေါ်မှာ ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ ဆန့်ကျင် တဲ့အယူဝါဒတွေကို ကိုယ်စားပြုသူများရဲ့ ရုပ်တုဆင်းတုတွေကို တခမ်းတနားဘုရားနဲ့အပြိုင် ပူဇော်မထားသင့်ကြောင်း တင်ပြခဲ့တာပါ။ ဒါကို နားလည်နှစ်သက်မိကြောင်း စာရေးသားအားပေးခဲ့တဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့၊ ဗိုလ်မှူးဗထူးလမ်းက ဦးဘိုးဦးရဲ့စာကို ဓမ္မရံသီ အယ်ဒီတာအဖွဲ့က တစ်ဆင့်ရလို့ ကျေးဇူးတင်ဝမ်းမြောက်ရပါသေးတယ်'
'အဲဒီဆောင်းပါးမှာ ထေရ၀ါဒဗုဒ္ဓဘာသာဝင် အတော်များများက ပိဋကတ်သုံးပုံစောင့် မယ်တော်ကြီးအဖြစ်ယူဆကြတဲ့ သူရဿတီ နတ်သမီးဟာ ဗြဟ္မဏ၀ါဒက ဆင်းသက်လာတာဖြစ်ပြီး၊ အခုလေးငါးနှစ်အတွင်း မြန်မာဗုဒ္ဓဘာသာဝင်တွေအကြား ပေါ်ပြူလာဖြစ်လာတဲ့ ပြည်ကြီးသူ ကွမ်ရင်မယ်တော်ဟာလည်း မဟာယာနဗုဒ္ဓဘာသာဝင်တို့ရဲ့ အ၀လောကိတေဿရ ဘုရားအလောင်းကို ဣတ္ထိလိင်အသွင် ဆောင်ထားတာသာဖြစ်တယ်လို့ ရေးခဲ့တယ်မဟုတ်လား'
'ဒါ အမှန်အတိုင်းရေးခဲ့တာပဲ ကိုလင်းရဲ့'
'ခင်ဗျားက မှန်တယ်ဆိုပေမယ့် ကျွန်တော့်အနေနဲ့ စောဒကတတ်စရာလေးတွေ ရှိနေတယ်ဗျ၊ ပထမဦးဆုံး သူရဿတီမယ်တော်ကြီးနဲ့ ပတ်သက်လို့ပေါ့ဗျာ'
'ဆိုစမ်းပါဦးဗျာ၊ ကျွန်တော်ဘာများ မှားသွားပါလိမ့်မလဲ'
'ဒီလိုဗျ၊ ကိုဝင်းကသာ သူရဿတီမယ်တော်ဟာ ဗုဒ္ဓသာသနာတော်နဲ့ ဘာမှမသက်ဆိုင်ပါဘူးလို့ဆိုထားပေမယ့် ဗုဒ္ဓရဲ့တပည့်သား သံဃာ ကျမ်းတတ်မထေရ်ကြီး တချို့ကတောင် မယ်တော်ကြီးကိုအလေးအမြတ်ထားခဲ့ကြတဲ့ အထောက်အထားတွေရှိနေတယ်ဗျ။ သီဟိုဠ်ရဟန်းတော် အရှင်သံဃရက္ခိတ မထေရ်ကြီးက သူ့ရဲ့သုဗောဓာလင်္ကာရကျမ်းဦးအစမှာ မုနိန္ဒ၀ဒနမ္ဘောဇ၊ ဂဗ္ဘသမ္ဘ၀သုန္ဒရီ။ သရဏံ ပါဏိနံဝါဏီ၊ မယှံပီယတံ မဒံ လို့ရေးသားခဲ့တာတွေ့ရတယ်။ အဓိပ္ပာယ်ကတော့ မြတ်စွာဘုရား၏ ခံတွင်းတော်ဆိုသည့် ကြာတိုက်တွင် ဖြစ်သည့်အတွက် ကောင်းမြတ် တင့်တယ်သတ္တ၀ါတို့ကိုးကွယ်ရာ သူရဿတီနတ်သမီးသည် တပည့်တော်၏ စိတ်နှလုံးကို နှစ်သိမ့် အောင် ပြုပေးတော်မူပါစေသတည်း လို့တိုင်တည်ထားတာပဲဗျ။ နောက်ပြီး ဘိုးတော်ဘုရားလက်ထက် စလင်းဆရာတော်က ပရိတ်ကြီး နိဿယ ကို စီရင်တဲ့အခါမှာလည်း ဓာတုမောက္ခ မုခမ္ဗောဇ၊ ၀နေဟံသာရ မာဟ မာဝမေ။ ၀ါစသိရမတံ နိစ္စံ၊ သဗ္ဗာ သုက္ကာ သရဿတီ ရယ်လို့ သူရဿတီနတ်သမီးကိုတောင့်တပြီး ပဏာမစခဲ့တယ်လေ။ အဓိပ္ပာယ်ကတော့ ကိုယ်လုံးဖြူသော၊ တင့်တယ်သော၊ ပဒုမတော တွင် မွေ့လျော်သည့် ဟင်္သာမင်းသို့ လိမ္မာစွာသော၊ သူမြတ်တို့ခံတွင်းဟူသည့် ပုဒမတော၌ မွေ့လျော်လေ့ရှိသော၊ အလုံးစုံဖြူစင်သည့် ကိုယ်နှုတ်အကျင့်ရှိသော သူရဿတီနတ်မြတ်သည် ငါ၏နှုတ်၌မပြတ် မွေ့လျော်ပါစေသတည်း ပေါ့ဗျာ'
'အင်း....ကိုလင်းက ထောက်ပြဝေဖန်လာတော့ ကျွန်တော်ကလည်း ဖြည့်စွက်ပေးရသေးတာပေါ့ဗျာ၊ မန်လည်ဆရာတော်ဘုရားကြီး ကိုယ်တိုင်ကလည်း သူ့ရဲ့မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်ကိုဖွဲ့ဆိုတဲ့အခါမှာ သီဟိုဠ်ရဟန်းတော် အရှင်သံဃရက္ခိတမထေရ်ရဲ့ ဂါထာကိုပဲ မြန်မာလို သုံးပုံပိဋကတ်၊ ၀ါဏီမြတ်ဟု၊ သူရဿတီ နတ်ဒေ၀ီလည်း၊ ယှဉ်မီနိစ္စ၊ မပြတ်မ၍၊ ငါ့နှလုံးတိုက် ရွှေကြာသိုက်၌ ပျော်ပိုက်စေပြီး....လို့ ပြန်ပြီး ပဏာမပြုခဲ့သေးတယ်ဗျ
'ဒီလို မထေရ်ကြီးတွေကိုယ်တိုင် မယ်တော်ကို ရှေးအစဉ်အဆက် အလေးအနက်ပြုခဲ့တာသိနေရက်နဲ့ ဘာလို့များ သူရဿတီမယ်တော် ဟာ စစ်မှန်တဲ့ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်ပါဘူး၊ မကိုးစားထိုက်ပါဘူးလို့ ငြင်းနေချင်ရတာတုံး'
'မဟုတ်သေးဘူး ကိုလင်း၊ ဆရာတော်ကြီးတွေက ဒီလိုရေးထားခဲ့ရုံနဲ့ သူတို့ဟာ သူရဿတီနတ်သမီး တကယ်ရှိတယ်၊ ကိုးကွယ်ပူဇော် ထိုက်တယ်လို့ ဆိုလိုလိုက်တာမဟုတ်ဘူးဗျ။ ဥပမာတစ်ခုပြောရရင် အလောင်းမင်းတရားကြီးလက်ထက်မှာ လက်ဝဲနော်ရထာက တောင်တွင်းဆရာတော် ခင်ကြီးဖျော်ကို သူရဿတီနတ်သမီးကိုလည်း မည်သည်တွင် အခွင့်အလမ်းရ၍ ပိဋကတ်စာပေများမှာ သွတ်သွင်းကိုးကွယ်ကြသည်ကို သိချင်ပါသည်လို့ လျှောက်ထားမေးမြန်းဖူးတယ်လေ'
'ဒီတော့ ဆရာတော်က ဘယ်လိုများဖြေရှင်းပေးခဲ့သလဲဗျာ'
'ဆရာတော်က သူရဿတီနတ်သမီးသည် ကမ္ဘာဦးကနတ်ဖြစ်သည်။ တန်ခိုးကြီးသည်။ စကားတတ်သည်။ ထိုနတ်သမီးစောင့်လျှင် စကား ကောင်းကိုသာ ဆိုမိတတ်သည်ဟူ၍ လောက၀ါဒအယူရှိသောကြောင့် ရာမကျမ်း၊ သမ္မကျမ်း၊ ဒဏ္ဍီကျမ်းအစရှိသော လောကီကျမ်းများ မှာ သူရဿတီနတ်သမီးကို ရှိခိုးတောင့်တပဏာမပြု၍ ကျမ်းပြုကုန်သည်။ သာသနာဝင်ကျမ်းများမှာမူကား သူရဿတီနတ်သမီးကို ဥပမာပြု ၍ ပိဋကတ်သုံးပုံကို ရှိခိုးတောင့်တပဏာမပြုသည်လို့အမိန့်ရှိခဲ့တယ်ဗျ'
'ဒါဆို ဆရာတော်ကြီးတွေဟာ သူရဿတီနတ်သမီးအစစ်ကို ရှိခိုးတောင့်တခဲ့တာမဟုတ်ဘဲ ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ ပိဋကတ်သုံးပုံကို သူရဿတီနတ်သမီးအဖြစ် ပမာပြုတင်စားပြီး ရှိခိုးတောင့်တခဲ့တာလို့ ဆိုလိုတာပေါ့'
'ဒါပေါ့ဗျာ၊ သီဟိုဠ်အရှင်သံဃရက္ခိတရဲ့ ကျမ်းဦးဂါထာက '၀ါဏီ'ဆိုတဲ့စကားလုံးဟာ သူရဿတီနတ်သမီးကိုသာ ဆိုလိုတာမဟုတ်ဘူးဗျ၊ ခံတွင်းမှထုတ်ဖော်ပြောကြားသော အနက်အဓိပ္ပာယ်ရှိသည့် စကား၊ ကဗျာလင်္ကာ စာပေ အနုသုခမ ပညာရပ်အားလုံး လို့ဖွင့်ဆိုနိုင်တယ်။ ဒါကြောင့် ဆရာတော်က သူ့ရဲ့အလင်္ကာကျမ်းရေးတဲ့အခါမှာ စာပေအနုသုခုမဈာန်ဝင်စားပါစေတော့လို့ တောင့်တပဏာမပြုခဲ့တာပါ'
'ဆရာတော်က စာပေအနုသုခုမလမိုင်းကပ်လိုတဲ့ ဆန္ဒကို ထုတ်ဖော်လိုက်တာ၊ Mood ၀င်ချင်တဲ့သဘောလို့ ခင်ဗျားဆိုလိုတာပေါ့'
'ဟုတ်ပါတယ်၊ စလင်းဆရာတော်ကြီးကလည်း သူရဿတီနတ်သမီးကို တကယ်ရှိတယ်လို့ယုံကြည်ပြီး ရေးခဲ့တာမဟုတ်ပါဘူး၊ လောကီ ကျမ်းဆရာတွေက သူရဿတီဟာ စာပေအနုသုခုမပညာရပ်အားလုံးရဲ့ အရှင်သခင်နိမိတ်ပုံသင်္ကေတအဖြစ် တင်စားကြတာကိုအတုယူ ပြီး ငါ့ရဲ့ပြောဆိုရေးသားမှုဟာလည်း စာပေအနုသုခုမပညာရပ်အားလုံးရဲ့အရှင်သခင်တစ်ဦး ပြောဆိုရေးသားဘိအလား ပြေပြစ်ပြောင် မြောက်ထူးချွန်ပါစေတော့လို့ ဆန္ဒပြုခဲ့တာပါပဲ'
'မန်လည်ဆရာတော်ဘုရားကြီး ကျတော့ရောဗျာ'
'ဆရာတော်ဘုရား မြန်မာလိုပြန်တာကို သေသေချာချာဖတ်ပြီး တွေးခေါ်ကြည့်မယ်ဆိုရင် သိသာပါတယ်ဗျာ၊ သူရဿတီနတ်ဒေ၀ီကို သူ့နှလုံးအိမ်မှာကိန်းဝပ်စေလိုတယ်လို့ ပြောတာမှမဟုတ်ဘဲ။ သူရဿတီကို သင်္ကေတပြုပြီး ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးပုံဟာ သူ့ရဲ့နှလုံးအိမ်မှာတည်ပြီး ဓမ္မစေတီထိုက်တဲ့ မထေရ်မြတ်တစ်ပါး ဖြစ်ပါရစေလို့တောင့်တခဲ့တာပဲ ကိုလင်းရ'
'ဒါပေမယ့် သမုဒ္ဒဇာ တန္နီဝါသာ၊ ဟံသယာနေန စာရိနီ။ ပစ္ဆာကေလာသ ကေလာသေ၊ ပဗ္ဗတေ နိစ္စံ ၀ါသိနီ ဆိုတဲ့ပါဠိအရ သူရဿတီ မယ်တော်ကြီးဟာ တောင်သမုဒ္ဒရာမှာ မွေးဖွားနေထိုင်ခဲ့ပြီး ဟင်္သာယာဉ်နဲ့ သွားလာတတ်ကြောင်း၊ နောင်အခါ ဖြူဖွေးတောက်ပတဲ့ ကေလာသအမည်ရှိတောင်ထွတ်မှာ အမြဲနေတဲ့အကြောင်း ဣရုဝေဒဏ္ဏ၀ကျမ်းကို ရည်ညွန်းပြီး သူရဿတီမယ်တော် တကယ်ရှိတယ်လို့ အထောက်အထားပြု ရေးသားထားတာကိုလည်း ဖတ်ခဲ့ရဖူးတယ်ဗျ'
'အဲဒါ ကျွန်တော်တို့ မြန်မာအတော်များများရဲ့ ပျော့ကွက်ပေါ့ဗျာ၊ ပါဠိလိုရေးထားတာမြင်တိုင်း ဗုဒ္ဓဘာသာဆိုင်ရာ ဂါထာတွေပဲလို့ မှတ်ယူ ပြီး စစ်မှန်တဲ့ ဗုဒ္ဓသာသနပညာရှင်တွေကို ချဉ်းကပ်မေးမြန်း စုံးစမ်းသမှုမပြုဘဲ မျက်စိမှိတ်ယုံကြည်ကြတာကိုး'
'ဒါတော့ ကျွန်တော်တို့လည်း ပါဠိမတတ်တော့ သူများပြန်ဆိုတာပဲ မှတ်သားရတာကိုး၊ အဲဒီဂါထာနဲ့တဆက်တည်းမှာပဲ သူရဿတီဟာ မဟာ မုဒိရသေ့ကြီးနဲ့ သမုဒ္ဒရာနတ်မိဖုရားက မွေးဖွားလာကြောင်း၊ ပထမတော့ သမုဒ္ဒရာမှာနေပြီး နောက်တော့ ဟိမ၀န္တာရဲ့တောင်ထွတ် တစ်ခုဖြစ်တဲ့ ကေလာသ တောင်ကို ပြောင်းရွှေ့သွားခဲ့ကြောင်း၊ အဲဒီလို ဟင်္သာယာဉ်ကြီးစီးပြီး ပြောင်းရွှေ့သွားစဉ် သူ့ကိုယ်ကကျလာတဲ့ ရေစက်ရေပေါက်တွေကနေ မြစ်တစ်စင်းဖြစ်လာတဲ့အကြောင်း၊ အဲဒီမြစ်ကို သူရဿတီမြစ်ရယ်လို့ မှည့်ခေါ်ကြောင်းတွေပါ ရေးသားထား တယ်လေ'
'အင်း...ပါဠိလိုရေးထားတာမြင်တိုင်းလည်း ဗုဒ္ဓမြတ်စွာနဲ့တကွ တပည့်သားသံဃာတွေ ရေးသားစီရင်ထားတာလို့ တထစ်ချမယုံလိုက် လေနဲ့ ကိုလင်းရေ၊ တကယ်တော့ ခင်ဗျားအခုနရွတ်ပြတဲ့ ဂါထာဟာ ဗြာဟ္မဏ၀ါဒီတွေက သက္ကတဘာသာနဲ့ ရေးသားထားတဲ့ ဝေဒ ကျမ်းဂန်လာ သက္ကတဂါထာတွေကို မာဂဓဘာသာ(ပါဠိ)အဖြစ်နဲ့ ပြန်ဆိုရေးသားထားတာဗျ'
'ဝေဒကျမ်းဂန်ဆိုတာ ကိုဝင်းတစ်ခါကပြောဖူးတဲ့ ဝေဒလေးပုံကို ဆိုလိုတာလား'
'ဟုတ်ပါ့ဗျာ၊ မြန်မာလိုတော့ ဗေဒင်လေးပုံပေါ့၊ ဒါကို ရှင်ကုမာရကဿပရဲ့ ဓမ္မရာသီပျို့မှာ လေးသွယ်ဗေဒင်၊ ခေါ်တွင်ဣသျှူ၊ ယဇုမည်ရ၊ သာမတစ်ထပ်၊ အာထဗ္ဗဏ၊ တကွတတ်တုံ၊ လွန်ပြည့်စုံမူ လို့တောင် မှတ်လွယ်အောင် ရေးဖွဲ့ခဲ့သေးတယ်လေဗျာ၊ သက္ကတလိုတော့ ရိဂ် ဝေဒ(Rig Veda)၊ ယဇုဝေဒ(Yajwr Veda)၊ သာမဝေဒ(Sama Veda)၊ အာထဗ္ဗဏဝေဒ(Atharve Veda) လို့ခေါ်သဗျ၊ သူရဿတီ နတ်သမီးအကြောင်း ချီးမွမ်းဖွဲ့ဆိုထားတဲ့ဂါထာတွေကတော့ ရိဂ်ဝေဒ (ခေါ်) ဣသျှူဝေဒ (ခေါ်) ဣရုဝေဒထဲမှာ စတင်ပါဝင်ခဲ့တာ တွေ့ ရတယ်ဗျ'
'ဒါ့ထက် မြန်မာတွေကဗေဒင်လေးပုံလို့ ခေါ်နေပုံထောက်တော့ အဲဒီဝေဒလေးကျမ်းဟာ နက္ခတ္တဗေဒင်ပညာတွေချည့်ပဲလားဗျ'
'ဘယ်ဟုတ်ပါ့မလဲ ကိုလင်းရယ်၊ အဲဒီဝေဒလေးကျမ်းထဲမှာ ရှေးပဝေသဏီက အိန္ဒိယပြည်အနောက်မြောက်ဘက်ကနေ စတင်ဝင်ရောက် ခဲ့တဲ့ ရှေးအာရိယန်အနွယ်လူမျိုးစုတွေရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု၊ အတွေးအခေါ်တွေ အများဆုံးပါဝင်တယ်ဗျ။ ကျွန်တော်တို့ဆီမှာ ခေတ်စားနေတဲ့ ဗေဒင်ပညာလို့ခေါ်တဲ့ ဝေဒင်္ဂဆိုတာက အဲဒီဝေဒကျမ်းဂန်တွေရဲ့ နောက်ဆက်တွဲအစိတ်အပိုင်း သူတြကျမ်းတွေထဲက ဇောတိသဝေဒင်္ဂကျမ်းကိုသာ အဓိကအခြေပြုထားတာဗျ။ နောက်အလျဉ်းသင့်မှ ဒီဝေဒကျမ်းဂန်တွေနဲ့ပတ်သက်ပြီး ဆက်ဆွေးနွေးကြ သေးတာပေါ့ဗျာ၊ အခုကျွန်တော်တို့ဆွေးနွေးနေတဲ့ သူရဿတီနဲ့ပတ်သက်နေတာကတော့ ရိဂ်ဝေဒပဲဗျ'
'ဆိုစမ်းပါဦး၊ ရိဂ်ဝေဒထဲမှာ သူရဿတီနဲ့ပတ်သက်ပြီး ဘယ်လိုများဖော်ပြထားလို့တုံး'
'တကယ်တော့ ရိဂ်ဝေဒကျမ်းဟာ အလွန်ရှေးကျတယ်ဗျ၊ သက်မဲ့တော၊ တောင်၊ရေ၊မြေ၊လေ၊မီး၊မိုးကောင်းကင်၊လျှပ်စီး၊နေ၊နက္ခတ်၊ တာရာ စတဲ့ သက်မဲ့အ၀ိညာဏကတွေကိုရော လူတွေရဲ့စိတ်သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ကြောက်ခြင်း၊ရွံခြင်းစတဲ့ စိတ္တဇနာမ် တွေကိုပါ သက်ရှိနတ်ဒေ၀တာတွေ၊ ဒေ၀ီတွေ၊ တန်ခိုးဣဒ္ဓိပါဒ်ရှင်တွေအဖြစ် မှတ်ယူကြောက်လန့် ကိုးစားခဲ့တဲ့ခေတ်လောက် က စတင် ပေါ်ပေါက်ခဲ့တာပဲဗျ၊ သမိုင်းပညာရှင်တွေကတော့ ဘီစီနှစ်ထောင် ၀န်းကျင်လောက်မှာ ရိဂ်ဝေဒ စတင်ပေါ်ပေါက်နိုင်ကောင်းရဲ့လို့ မှန်းဆ ကြတယ်'
'သဘာဝတရားကို ကြောက်ရွံ့ထိတ်လန့်ကိုးကွယ်ရာအဖြစ်ယူဆခဲ့တဲ့ခေတ်ဆိုတော့ အတော့်ကိုရှေးကျမှာပေါ့နော်'
'ဒါပေါ့ဗျာ၊ သဘာဝတရားအားလုံးလိုလိုကို နတ်ဘုရားတွေအဖြစ်ယူဆပြီး စိတ်ကူးတည့်ရာအမည်နာမမျိုးစုံနဲ့ ထောမနာပြုချီးမွမ်းတဲ့ လင်္ကာ၊ ဂါထာပေါင်း (၁၀၂၈)ပုဒ်အထိ ရိဂ်ဝေဒထဲမှာပါဝင်ခဲ့တယ်၊ ဒါပေမဲ့ နတ်ဘုရားချင်းအတူတူတောင် အဆင့်အတန်းတော့ခွဲထား သေးတယ်ဗျ၊ တန်ခိုးအကြီးဆုံးပါဆိုတဲ့ နတ်သမီးတွေဟာ တန်ခိုးအနိမ့်ဆုံး၊ အညံ့ဆုံးနတ်သားတွေနဲ့မှ တန်းတူသတ်မှတ်ကြတယ်'
'ဟာ....အဲဒီခေတ်ကတည်းက အမျိုးသမီးတွေကိုနှိမ့်ချတဲ့ အယူအဆ ထွန်းကားနေပြီကိုး'
'ဟုတ်ပါတယ်၊ အဲဒီလို နတ်သမီးတွေကိုအဆင့်နှိမ့်တဲ့ထဲမှာ သရသွတီ (Saraswati)ဆိုတဲ့ မြစ်နတ်သမီးလည်း အပါအ၀င်ပေါ့ဗျာ'
သရသွတီက ဘယ့်နှယ်နတ်သားအဖြစ်ကိုမရဘဲ နတ်သမီးအဆင့်ကိုအချခံရတာတုံး
'ဒါကတော့ သက္ကတသဒ္ဒါအရ မြစ်တို့ချောင်းတို့ကို ဣတ္တိလိင်အဖြစ်သတ်မှတ်လို့ပဲဗျ၊ အင်္ဂလိပ်သဒ္ဒါမှာ သင်္ဘောနဲ့ပတ်သက်ပြီး နာမ်စား (Pronoun) သုံးတဲ့အခါ သူ(He)လို့၊ သူ့ရဲ့ဟာ (His) လို့မသုံးဘဲ သူမ(She)၊ သူမရဲ့ဟာ(Her)လို့ သုံးသလိုပေါ့ဗျာ၊ ဒါကြောင့်အိန္ဒိယ ပြည် အနောက်မြောက်ဘက် ပန်ဂျပ်နယ်(Panjub) မှာရှိခဲ့တဲ့ သရသွတီမြစ်ရဲ့ မြစ်စောင့်နတ်ဟာလည်း သရသွတီ (ခေါ်) သူရဿတီနတ် သမီး ဖြစ်ခဲ့ရတာပေါ့ဗျာ၊ ရိဂ်ဝေဒထဲမှာ ဣန္ဒုမြစ်ကို ထောမနာပြုတဲ့ လင်္ကာတစ်ပုဒ်၊ ၀ိပါနဲ့ သုတုဒ္ဒီချောင်းတို့ကို ချီးကျူးထောမနာပြုတဲ့ လင်္ကာတစ်ပုဒ်ပါဝင်ပြီး သရသွတီမြစ်ကို ချီးကျူးထောမနာပြုတဲ့ လင်္ကာသုံးပုဒ်ပါဝင်တာတွေ့ရတယ်ဗျ'
'ကိုဝင်းပြောသလိုဆိုရင် ရှေးခေတ်အီဂျစ်တွေဟာ သူတို့လယ်ယာစိုက်ပျိုးအသက်မွေးနိုင်အောင်၊ လမ်းပန်းဆက်သွယ် သွားလာနိုင် အောင်၊ ကောင်းကျိုးပြုနေတဲ့ နိုင်းလ်မြစ်ကြီးကို ဖခင်နိုင်းလ် (Father Nile) အဖြစ်တင်စားမှတ်ယူပြီး ပူဇော်ပသမှုပြုကြသလိုပေါ့'
'သိပ်ဟုတ်တာပေါ့ဗျာ၊ အဲဒီတုန်းကဆို ဖခင်နိုင်းလ်ကို ယဇ်ပူဇော်ပသတဲ့အနေနဲ့ မိန်းမပျိုလေးတွေကို နိုင်းလ်မြစ်ထဲအရှင်လတ်လတ် ရေနှစ်သတ်ခဲ့ကြသေးတာပဲ၊သက်မဲ့တွေကိုသက်ရှိတွေအဖြစ် မှတ်ယူကိုးစားတဲ့ အလေ့ကတော့ အဲဒီခေတ်က တစ်ကမ္ဘာလုံးအနှံ့ထွန်း ကားခဲ့တာပါပဲ၊ အိန္ဒိယမှာဆိုရင် အခုခေတ်တိုင်အောင် သူတို့ရဲ့ကျေးဇူးရှင် ဂင်္ဂါမြစ်ကြီးကို မိခင်ဂင်္ဂါ (Mother Ganges)အဖြစ် အလေး အမြတ်ထားနေကြတုံးပဲ။ ဒီလိုပါပဲ၊ ရှေးဟောင်းအာရိယန်တွေကလည်း သူတို့အခြေချရာ ပန်ဂျပ်နယ်တစ်ဝိုက်က ဂျမ္မနားမြစ်နဲ့ ဆတ္တ လက်မြစ်တို့အကြားမှာရှိခဲ့ပြီး မြေဆီသြဇာကောင်းမွန်တဲ့ မြစ်ဝှမ်းနဲ့ ရေကိုပေးစွမ်းနိုင်တဲ့သရသွတီမြစ်ကို အလေးအမြတ်ပြုကြတာပေါ့ ဗျာ။ ဒါကြောင့် မြစ်နတ်သမီးတွေထဲမှာ အရေးအပါဆုံး၊ အမြင့်မြတ်ဆုံးအဖြစ်သဘောထားပြီး ရိဂ်ဝေဒထဲက ဓမ္မလင်္ကာတစ်ပုဒ်မှာ သရသွတီကို မိခင်များ၊ မြစ်များ၊ နတ်သမီးများအနက် အမြင့်မြတ်ဆုံးဖြစ်သည်။ မပြတ်ယိုစီးနေသော သူမ၏သားမြတ်သည် အမျိုးမျိုး သော စီးပွားချမ်းသာတို့ကို ပေးကမ်း၏။ စည်းစိမ်ဥစ္စာ အစာအဟာရ၊ သားသမီးတို့ကိုလည်း ပေးကမ်း၏ လို့ချီးမွှမ်းဖွဲ့ဆို ထားတာကိုလည်း တွေ့ရသဗျ'
'စီးဆင်းနေတဲ့ သရသွတီမြစ်ရေအလျဉ်ကို သရသွတီနတ်သမီးရဲ့ သားမြတ်ကယိုစီးလာတဲ့နို့ရည်အဖြစ် တင်စားထားတာပေါ့နော်'
'မှန်ပါတယ်၊ ရှေးခေတ်အာရိယန်တွေဟာ သရသွတီမြစ်ကို ဘယ်လောက်အားကိုးကြတယ်ဆိုတာ ထင်ရှားတာပေါ့ကိုလင်းရာ၊ သူတို့က သရဆိုတာ 'အားကိုးမြတ်နိုးသတိရထိုက်သူ'၊ သွတီဆိုတာ 'သစ္စာရှိသူ'လို့တောင် အဓိပ္ပာယ်ဖွင့်ဆိုကြပြီး သရသွတီဆိုတာ အားကိုးထိုက် တဲ့ သစ္စာရှင်နတ်သမီး အဖြစ်ယုံကြည်ကြတယ်၊ ယုံကြည်တဲ့အလျောက် အဲဒီခေတ်အခါတုန်းက မြစ်ကမ်းပါးမှာ သရသွတီနတ်သမီး ပူဇော်ပွဲတွေကျင်းပခဲ့ကြတယ်'
'အဲဒီအလေ့အထရဲ့အဆက်အနွယ်ထင်ပါ့ဗျာ၊ နီပေါမှာဆို တစ်နှစ်မှာတစ်ရက်ကို သူရဿတီမယ်တော် ပူဇော်ပွဲနေ့အဖြစ်သတ်မှတ်ပြီး သူရဿတီပူဇန္တိယပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပကြတယ်ဆိုပဲ၊ ဒါ့ထက် သူရဿတီနဲ့ သရသွတီဆိုတဲ့ အခေါ်အဝေါ်နှစ်ခုဟာ အတူတူပဲလားဗျာ'
"အတူတူပါပဲ ကိုလင်း၊ မဟာဇေယျသင်္ခယာဘွဲ့ခံ သံတော်ဆင့်အမတ်မင်းစီရင်တဲ့ ဝေါဟာရလီနတ္တဒီပနီမှာ - 'မြန်မာဘာသာ သူရဿတီ နတ်သမီးခေါ်ကြသည်မှာ အမရကောသအဘိဓာန်ကျမ်းတွင် ဗြဟ္မီ = ဗြဟ္မာ၌ဖြစ်သော သူရဿတီနတ်၊ ဘာရတီ = စကားကိုဝေဖန် တတ်သော သူရဿတီနတ်၊ သရသွတီ = ရေအိုင်နေရာ၌ရှိသော သူရဿတီနတ်ဟူ၍ ပရိယာယ်သုံးပုဒ်ပြသည်။ သရသွတီကို မြန်မာ ဘာသာအားဖြင့် သူရဿတီခေါ်သည်။ သရသွတီ မူလဘာသာမှတ်ရမည်။ ဤသုံးပုဒ်ကား စကားကိုအစိုးရသော သူရဿတီနတ်၌လည်း ဖြစ်သည်။ စကား၌လည်းဖြစ်သည်ဟု အမရကောသဋီကာ၊ ဒီပနီနှစ်စောင်တို့တွင်ဆိုသည်။ သရသွတီသဒ္ဒါ၏ အနက်ကား ရေအိုင် နေရာရှိသော နတ်သမီးကိုဆိုလိုသည်' လို့ဖွင့်ဆိုထားတာတွေ့ရတယ်လေ။ အဲဒီခေတ်က သရသွတီမြစ်ဝှမ်းဒေသ တစ်ဝိုက်မှာ သိုးမွှေးနဲ့အ၀တ်အထည် ရက်လုပ်မှုပညာတွေ ထွန်းကားခဲ့တယ်လို့ သိရပါတယ်"
'ဒါ့ထက် ခင်ဗျားအခုနပြောတဲ့ ဝေါဟာရလီနတ္တဒီပနီမှာ သူရဿတီကို ဗြဟ္မာ၌ဖြစ်သော သူရဿတီနတ်လို့ အမရကောသ အဘိဓာန် ကဖွင့်ဆိုကြောင်း ပါတာကရောဗျာ'
'ဒါကတော့ အိန္ဒိယမှာဝေဒကျမ်းဂန်တွေ ရေးသားပြုစုသီကုံးကြလို့ ပြီးပြည့်စုံလောက်တဲ့ဝေဒခေတ်နှောင်းပိုင်းမှာ ပေါ်ထွန်းလာတဲ့ ဗြာဟ္မဏကျမ်း၊ ပူရာဏ်ကျမ်းတွေက အဆင့်မြှင့်ပေးလိုက်တာပဲဗျ၊ အဲဒီ ဗြာဟ္မဏကျမ်းဂန်တွေ ထွန်းကားတဲ့ခေတ် (Age of Bramana) မှာတော့ သူရဿတီဟာ သာမန်မြစ်စောင့်နတ်သမီးတစ်ပါး အဖြစ်သာမဟုတ်တော့ဘဲ လောကရဲ့ဖန်ဆင်းရှင်မဟာဗြဟ္မာကြီးရဲ့ သန့်စင် တဲ့သွေးကဖြစ်ပေါ်လာတဲ့သမီးတော်ဖြစ်ပြီး မဟာဗြဟ္မာကြီးရဲ့ခွင့်ပြုချက်အရ ဝေဒလေးပုံအပါအ၀င် လောကရဲ့ဘာသာစကား စာပေ အားလုံးကို ဖန်ဆင်းပေးခဲ့သူအဖြစ်ပါ အမွှမ်းတင်ရေးသားလာကြတယ်၊ ၀ါစာ လို့ခေါ်တဲ့ စကားဆိုင်ရာနတ်သမီး၊ ၀ိဇ္ဇာသိပ္ပံပညာ၊ အနုသုခုမပညာအရပ်ရပ်ကိုပေးစွမ်းနိုင်တဲ့နတ်သမီး၊ ပူဇော်ကိုးစားသူအပေါင်းကို ကောင်းမြတ်ချိုသာသောစကားကိုသာ ပြောဖြစ်အောင်၊ ပီယသိဒ္ဓိသျှိုပြီးအောင် စောင်မနိုင်တဲ့ နတ်သမီးအဖြစ် စိတ်ကူးတည့်ရာ အလွန်အကြူးချီးမြှောက်ဖွဲ့ဆိုခဲ့ကြတယ်၊ ပူရာဏ်ကျမ်းဆရာတွေ ဥာဏ်သွားရင်သွားသလောက် သူရဿတီရဲ့ဂုဏ်ကို အမျိုးမျိုးစိတ်ကူးယဉ်ပြီး မြှင့်တင်ခဲ့ကြတယ်ဗျ'
'ခင်ဗျား တစ်ခါကပြောတုန်းက သူရဿတီဟာ မဟာဗြဟ္မာရဲ့ဇနီးဆိုပြီး အခုကျတော့ မဟာဗြဟ္မာရဲ့သွေးနဲ့ဖန်ဆင်းလိုက်တဲ့သမီး ဖြစ်သွားပြန်ပါရောလား'
'ဟုတ်ပါတယ်၊ ဣရုဝေဒဏ္ဏ၀ကျမ်းမှာ ၀ိသနု သိဝေါ မဟာဗြဟ္မာ၊ ဧတေသံ ပါရိ စာရိဏ၊ လက္ချမီပါရဒေ၀ီစ၊ သရဿတီ ကမာမကာ လို့ လည်းဆိုထားတာကိုး၊ အဓိပ္ပာယ်ကတော့ ဗိဿနိုး၊ သီဝ၊မဟာဗြဟ္မာဟူသည့် နတ်မင်းသုံးပါးတို့၏ အလုပ်အကျွေးမိဖုရားတို့ကား လက်ချမီး၊ ပါရဒေ၀ီ၊ သူရဿတီဟု အစဉ်အတိုင်းသိအပ်၏တဲ့ဗျား'
'ဟား....ကျူပ်တော့ မျက်စိတွေလည်း လည်ကုန်ပါပြီဗျာ'
'လည်ရမယ်ကိုလင်းရေ လည်ရမယ်၊ ပူရာဏ်ကျမ်းတစ်ခုမှာဆိုရင် ဗြဟ္မာ၊ ဗိဿနိုးနဲ့ သီဝတို့ သုံးဦးပေါင်းပြီး လောကကြီးတစ်ခုလုံး ထွန်းပြောင်စေတဲ့ နတ်သမီးတစ်ပါးအဖြစ် သူရဿတီကိုဖန်ဆင်းခဲ့တယ်၊ အဲဒီနတ်သမီးဟာ ဗိဿနိုးနဲ့ဆက်ဆံတော့ လက်ချမီး၊ သီဝနဲ့ ဆက်ဆံတော့ ပါရပတီဒေ၀ီ(ကာလီမယ်တော်) လာဖြစ်တယ်၊ မဟာဗြဟ္မာနဲ့ဆက်ဆံတဲ့အခါကျတော့ သူရဿတီပဲပေါ့ဗျာ၊ တချို့ပူရာဏ် ကျမ်းတွေမှာ ဒီထက်ဆိုးသေးတယ်၊ မဟာဗြဟ္မာက သူ့သမီးတော်ကို ပြစ်မှားဖို့ကြံစည်တာ သီဝကမိသွားလို့ စိတ်ဆိုးပြီး ဗြဟ္မာကြီးရဲ့ ဦးခေါင်းငါးလုံးအနက် တစ်လုံးကိုဖြတ်ယူပြီး သူ့ရဲ့တတိယမျက်လုံးကိုဖွင့်ခဲ့ဆိုပဲ'
'ဒါကြောင့် အခုဗြာဟ္မဏဘာသာဝင်တွေကိုးကွယ်တဲ့ မဟာဗြဟ္မာရုပ်ထုတွေမှာ ခေါင်းလေးလုံးပဲရှိတော့တယ်ထင်ပါရဲ့၊ လားမား ဗုဒ္ဓ ဘာသာဝင်တွေပြောနေတဲ့ တတိယမျက်လုံး(Third Eye) အယူအဆဟာလည်း ဒီပုံပြင်က ဆင်းသက်လာတာပဲ ဖြစ်ရမယ်။ အင်း... ခင်ဗျားပြောမှပဲ အဲဒီကျမ်းဂန်တွေရဲ့ အဆိုအမိန့်တွေဟာ အားထားတိုက် - မထိုက်ပေါ်လွင်လာတော့တယ်၊ ဒါပေမဲ့ ယုံကြည်သူတွေ ကတော့ သူရဿတီမယ်တော်ဟာဝေဒလေးကျမ်းအပြင် ကမ္ဘာ့ဘာသာစာပေအားလုံးရဲ့ ဖန်ဆင်းရှင် ၀ိဇ္ဇာသိပ္ပံအတတ်ပညာ၊ အသိပညာ အားလုံးကို ပေးစွမ်းနိုင်သူအဖြစ်အလေးထား ပူဇော်နေကြတုန်းပဲဗျ'
'ယုံကြည်ကိုးကွယ်မှုဆိုတာ သူတစ်ပါးကို မထိခိုက်သရွေ့လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိပါတယ်ဗျာ၊ ကျွန်တော်တို့ ရေးနေပြောနေ တာတွေကလည်း တခြားဘာသာဝင်တွေရဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုကို ထိပါးပုတ်ခတ်ရှုံ့ချလိုတဲ့ဆန္ဒ လုံးဝမရှိပါဘူး၊ ဗြာဟ္မဏ ဘာသာဝင်တွေအဖို့ ဝေဒဆိုတာသူတို့ရဲ့လက်စွဲ ကိုးကွယ်ရာကျမ်း(Bible)ပဲ၊ ဒါကြောင့် ဝေဒ၊ဗြာဟ္မဏ၊ပူရာဏ်၊ ဥပနိသျှဒ်စတဲ့ ကျမ်းဂန် တွေက လာတဲ့ အယူအဆတွေကို ဗြာဟ္မဏ၀ါဒီလို့ခံယူထားသူတွေအဖို့ ယုံကြည်ရမှာပဲဗျ၊ဒါပေမဲ့ ဗြာဟ္မဏ၀ါဒနဲ့ဘာမှမဆိုင်တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေအနေနဲ့ကတော့ အဲဒီကျမ်းဂန်လာအယူအဆတွေကို လုံးဝယုံကြည်စရာ အမှီသဟဲပြုနေစရာမလိုဘူး။ ကျွန်တော်တို့ကလည်း ကြမ်းပိုးမြင်လျက်နဲ့ လိပ်ကြီးပါလို့ ဇွတ်မှိတ်ပြီးမယုံနိုင်ဘူး၊ လိပ်မဟုတ်မှန်းသိသူတွေကလည်း ဒါကြမ်းပိုးပါလို့ မသိသူတွေကိုသိ အောင်ပြောဖို့ တာဝန်ရှိတယ်လို့ ကျွန်တော်ထင်တယ်လေ၊ ဒါ့ကြောင့်လည်း သူရဿတီမယ်တော်တို့၊ ကွမ်ရင် မယ်တော်တို့ဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ ဘာမှမသက်ဆိုင်ပါဘူး၊ ယုံကြည်ကိုးကွယ်နေစရာမလိုပါဘူးလို့ ပြောဆိုရေးသားနေရ တာပေါ့ ကိုလင်းရာ'
'ဒါဖြင့်ရင် ဒီသူရဿတီကိုးကွယ်မှုဟာ ဘယ်နည်းဘယ်ပုံဗြာဟ္မ၀ါဒကနေ ထေရ၀ါဒဗုဒ္ဓဘာသာဝင်လောကထဲ ထိုးဖောက်ဝင်ရောက်လာရ တာတုံးဗျာ'
'အကျဉ်းချုံးပြောရရင် မြန်မာအပါအ၀င် အရှေ့အာရှနိုင်ငံတွေနဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသတစ်ဝိုက်ကို ဗုဒ္ဓသာသနာရောက်မလာ ခင်ကတည်းက ဗြာဟ္မဏ၀ါဒကရောက်ရှိနေနှင့်တယ်ဗျ။ သီရိလင်္ကာ၊ မြန်မာ၊ထိုင်း၊ကမ္ဗောဒီးယား၊လာအို၊မာလာယု၊ ဆူမားတြား၊ ဂျာဗား၊ စင်ကာပူစသဖြင့်ပေါ့ဗျာ၊ တစ်ဒေသနဲ့တစ်ဒေသ ကူးလူးဆက်ဆံကြရာက အိန္ဒိယနွယ်ဖွား ဗြာဟ္မဏဘာသာဝင်တွေဆီကနေ ဝေဒ ကျမ်းဂန်လာ နတ်ဒေ၀တာတွေကို ကိုးကွယ်ပူဇော်ပသတဲ့ အလေ့အထတွေ ပါလာတာပေါ့ဗျာ'
'ဟုတ်ပြီ၊ ဟုတ်ပြီ၊ ပုဂံပြည့်ရှင် အနော်ရထာမတိုင်မီ ပုဂံသားတွေကိုးကွယ်ခဲ့ပြီး အခုအခါမှာ အတွင်း (၃၇)မင်းလို့ယူဆကြတဲ့ နတ်တွေ ဟာ အဲဒီဗြာဟ္မဏနတ်တွေပေါ့နော်'
'သေချာတာပေါ့ဗျာ၊ အဲဒီ(၃၇)မင်းနတ်ထဲမှာအခုထိတိုင် ဗုဒ္ဓဘာသာဝင်လောကမှာ ချွတ်မရအောင်အရိုးစွဲကျန်ရစ်တဲ့ သူရဿတီလည်း ပါခဲ့ တာပေါ့။ သူရဿတီကို နတ်ဝတ်တန်ဆာဆင်မြန်းပြီး လက်နှစ်ဖက်မှာ ကြာပန်းကိုင်လို့ ဟင်္သာငှက်ယာဉ်ပေါ်ထိုင်နေဟန် ထုတ်လုပ် ကိုးကွယ်ခဲ့ကြတယ်။ အံ့သြဖို့ကောင်းတာက အဲဒီအတွင်း (၃၇)မင်းထဲမှာ လက်ဝဲ၊ လက်ယာ လက်ဆယ်ချောင်းစီပါပြီး လက်နက်အမျိုး (၂၀) ကိုင်ဆောင်ထားတဲ့ မာရ်နတ်မင်းကြီးပါ ပါဝင်ခဲ့တာပဲဗျ'
'ဟိုက်.....မာရ်နတ်ကိုပါကိုးကွယ်ကြမှတော့ ဘယ်မှာလာ ဗုဒ္ဓဘာသာဝင် ဖြစ်ပါတော့မလဲနော်'
'အင်း...ချင့်သာတွေးပေတော့ ကိုလင်းရေ၊ အဲဒီမာရ်နတ်က ဗုဒ္ဓ၀င်ထဲက မာရ်နတ်ဟုတ် - မဟုတ်ဆိုတာလည်း နောက်တော့ဆက်ပြီး သုတေသနလုပ်ကြည့်ကြသေးတာပေါ့'
'လတ်စသတ်တော့ သူရဿတီကလည်း မာရ်နတ်နဲ့တစ်ဖွဲ့တည်းပဲကိုး၊ ဒါထက် တချို့ဗြဟ္မဏဘာသာဝင်တွေအိမ်မှာ ချိတ်ဆွဲထားတဲ့ သူရဿတီနတ်သမီးပုံတွေမှာတော့ ဟင်္သာမစီးဘဲ ဒေါင်းငှက်စီးတဲ့ပုံရေးဆွဲထားတာတွေ့ရသဗျ၊ လက်တစ်ဖက်ကစောင်းကိုကိုင်ပြီး တစ်ဖက်ကစာအုပ်ကိုင်ထားတယ်၊ သူတို့အဆိုကတော့ စောင်းကအနုသုခုမပညာ၊ ကဗျာ၊လင်္ကာ၊ ဂီတကိုရည်ညွှန်းပြီး စာအုပ်ကတော့ ၀ိဇ္ဇာသိပ္ပံအတတ်ပညာကို ရည်ညွှန်းတယ်ဆိုပဲ။ ဟိန္ဒူမိတ်ဆွေတစ်ယောက်ကတော့ သူရဿတီမယ်တော်ကိုပူဇော်တဲ့ ဂါထာလေး တစ်ပုဒ်ပေးဖူးတယ်'
'ဆိုစမ်းပါဦး'
'ဂါထာလေးကတိုပါတယ်၊ သူရဿတီ မယာဒိဋ္ဌာ၊ ၀ိနာပေါတ္တက ၀ါရိဏီ၊ ဟသာဝါဟန၊ သံယုတ္တာ၊ ၀ိဇ္ဇာဒါန ကရောတုမေ တဲ့ဗျ၊ အဓိပ္ပာယ် ကတော့ စောင်းနှင့်ပေစာကို ကိုင်ဆောင်လေ့ရှိသော ဟင်္သာရှင်သူရဿတီနတ်သမီး၊ အကျွန်ုပ်အား အတတ်ပညာပေးပါလော့ လို့ဆိုလို တယ်တဲ့ဗျ'
'ဗြာဟ္မဏ၀ါဒီတွေက သူတို့ကိုးစားရာ ဝေဒကျမ်း၊ ဗြာဟ္မဏကျမ်းတွေမှာလာတဲ့အတိုင်း သူရဿတီကို အိန္ဒိယဟန်နဲ့အညီ ရေးဆွဲထုလုပ် ကိုးကွယ်ကြ၊ မန္တန်တွေစီရင်ပြီး ချီးမွမ်းထောမနာပြုကြတာကို ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေက ဘုမသိဘမသိနဲ့အတုယူပြီး စာပေကို အစိုးရသောနတ်သမီး၊ ပိဋကတ်သုံးပုံကို စောင့်သောနတ်သမီးဆိုပြီး ပြောင်းလိုက်ကြတာပဲ ကိုလင်းရဲ့၊ ဥပမာတစ်ခုပြရရင် ဟံသာဝတီ ရောက်မင်းလက်ထက် စာဆိုတော်ပညာရှိအမတ် မင်းရာဇာ စပ်ဆိုတဲ့ ဟိတကာရီလင်္ကာမှာ ဟင်္သာဖြူစင်၊ ယာဉ်ထက်ခွင်၌၊ ဆင်းသွင် ဖြူဆွတ်၊ ကိုယ်ရောင်မွတ်လျက်၊ ကြီးမြတ်ဥာဏ၊ ဘုန်းတေဇဖြင့်၊ လက်လှဘယ်ညာ၊ နှစ်ဖက်မှာကား၊ ပဒုမာဖြူ၊ စိန်ရောင်တူကို၊ စွဲယူ အံ့ဖွယ်၊ လွန်တင့်တယ်သည့်၊ မိမယ် သူရဿတီ စသဖြင့်ပေါ့ဗျာ၊ သူရဿတီဝန္ဒနာဆုတောင်းလင်္ကာ စပ်ဆိုခဲ့ပြန်တယ်လေ။'
'ဒါပေမယ့် မျက်မှောက်ခေတ်တိုးတက်တဲ့ ဗြာဟ္မဏ၀ါဒီတွေကတော့ သူရဿတီကို သက်ရှိနတ်ဒေ၀ီတစ်ဦးထက် ၀ိဇ္ဇာသိပ္ပံအတတ်ပညာ ကိုကိုယ်စားပြုတဲ့ နိမိတ်သင်္ကေတ(Symbol) တစ်ခုအဖြစ်သာ အသိအမှတ်ပြုလာကြပြီဗျ။ ဟိန္ဒူအဘိဓာန်တွေမှာ သူရဿတီကိုမြစ် တစ်စင်း-နတ် တစ်ပါးအဖြစ်သာမကဘဲ ၀ိဇ္ဇာ၊ပညာ၊ဥာဏ်အဖြစ်ပါဖွင့်ဆိုကြတာမို့ သူရဿတီကို အလေးအမြတ်ထားခြင်းဟာ ၀ိဇ္ဇာ၊ ပညာ၊ဥာဏ်ကို အလေးထားမြတ်နိုးရာရောက်တယ်လို့ ယူဆကြတယ်၊ ဒါကြောင့်လည်း ဟိန္ဒူစာသင်ခန်းတွေမှာ သူရဿတီပုံကို ချိတ်ဆွဲလေ့ရှိကြတာဗျ'
'ကိုလင်းက ဒါကိုကောင်းမြတ်တဲ့ အလေ့အထအဖြစ်အတုယူပြီး ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေကလည်း ပိဋကတ်သုံးပုံနဲ့တကွ ပညာဥာဏ် ကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခုအနေနဲ့ သူရဿတီကိုလက်ခံသင့်တယ်လို့ ဆိုချင်တာလား'
'အင်းပေါ့ဗျာ၊ အကျိုးမယုတ်တန်ကောင်းဘူးလို့ထင်တာပဲ'
'ဒါနဲ့ပတ်သက်ပြီး အချက်နှစ်ချက်ကို ထည့်စဉ်းစားသင့်တယ်ဗျ၊ ပထမအချက်က ပိဋကတ်သုံးပုံနဲ့တကွပညာဥာဏ်တို့ရဲ့ ကိုယ်စားပြု သင်္ကေတတစ်ခုအဖြစ် လက်ခံပူဇော်စရာ ကျွန်တော်တို့ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေမှာ တခြားမရှိတော့ဘူးလားဆိုတာပဲ၊ ကိုလင်း စဉ်းစားကြည့်ဗျာ၊ ဒီပိဋကတ်သုံးပုံကိုဟောကြားခဲ့သူ မူလအရင်းအမြစ်ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဆိုတာ'
'ဗုဒ္ဓမြတ်စွာဘုရားသခင်ပေါ့ဗျ'
'ဟုတ်ပြီ - ဥာဏ်ပညာအရာမှာ စဉ်းစားမယ်ဆိုရင်ကော ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ လောကမှာဥာဏ်ပညာအကြီးဆုံး အတုမဲ့ ပုဂ္ဂိုလ်အဖြစ် ဘယ်သူ့ကိုသတ်မှတ်မလဲ'
'ဗုဒ္ဓမြတ်စွာဘုရားသခင်ပဲပေါ့ဗျာ'
'ကိုင်း....ဒါဆိုရင် ရှင်းပါပြီဗျာ၊ ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေက ပညာဥာဏ်ကို မြတ်နိုးတန်ဖိုးထားတဲ့အနေနဲ့ သင်္ကေတပြု ပူဇော်ချင်တယ်၊ ပညာဥာဏ်ရဲ့ဂုဏ်ကျေးဇူး ဘယ်လောက်ကြီးမားတယ်ဆိုတာ အစဉ်သတိရပြီး ပညာကိုအပတ်တကုတ် ကြိုးပမ်းရှာဖွေ လိုစိတ် အစဉ်နိုးကြားအောင် စေ့ဆော်ပေးနိုင်စွမ်းသူအဖြစ် အမြတ်တနိုးအာရုံပြုချင်တယ်ဆိုရင် တခြားဘာသာကလာတဲ့ နတ်သား- နတ်သမီးပုံတွေ ထုလုပ်ရေးဆွဲပူဇော်နေစရာမလိုပါဘူးဗျာ။ ကိုယ့်ဘာသာ ကိုယ့်သာသနာရဲ့ အရှင်သခင်လည်းဖြစ်၊ ပိဋကတ်သုံးပုံအပါ အ၀င် လောကမှာသိသင့်သိထိုက်တာမှန်သမျှ အကြွင်းမဲ့သိရှိနားလည်ပြီး၊ ဘုန်းတော်အနန္တ ဥာဏ်တော်အနန္တနဲ့ ပြည့်စုံသူလည်းဖြစ်ပြီး ယုတ္တိကင်းတဲ့ ဒဏ္ဍာရီပုံပြင်ထဲက ဇာတ်ကောင်မဟုတ်ဘဲ ယခုထက်တိုင် ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့တဲ့ ဖီလိုဆော်ဖာတိုင်းက အလေးအမြတ်ထားခဲ့ရတဲ့၊ သက်ရှိထင်ရှားရှိခဲ့တဲ့ ဗုဒ္ဓမြတ်စွာရဲ့ရုပ်ပွားတော် ပုံတော်တွေကိုပူဇော်ရုံနဲ့တင် ပြီးပြည့်စုံနေပြီပဲမဟုတ်လား ဗျာ'
'ဟာ....ဟုတ်တယ်ဗျို့၊ ဗုဒ္ဓမြတ်စွာရဲ့ ဂုဏ်တော်ကိုးပါးထဲက ၀ိဇ္ဇာစရဏသမ္ပန္နဆိုတဲ့ ဂုဏ်တော်တစ်ခုတည်းကို အောက်မေ့ရုံနဲ့တင် ၀ိဇ္ဇာ ဆိုတဲ့အသိပညာ၊ အတတ်ပညာအပေါင်းသာမက၊ စရဏ ဆိုတဲ့လူတွေစောင့်ထိန်းအပ်တဲ့ လူ့ကိုယ်ကျင့်တရားကိုပါ တန်ဖိုးထား မြတ်နိုး ရာရောက်နေပြီပဲ ကိုဝင်းရ'
'ဒါကြောင့် ကိုယ့်ဘုရားမှာရှိတဲ့ ဂုဏ်တော်အနန္တကိုတော့ အလေးမပြုမိဘဲ တခြားဘာသာအယူဝါဒတွေရဲ့ နိမိတ်ပုံတွေ၊ သင်္ကေတတွေ နောက်ကို လိုက်စားနေသူတွေကတော့ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှားဆိုသလို ဖြစ်နေကြရှာတာပေါ့ဗျာ'
'အေးဗျ၊ မလိုအပ်တဲ့ကိစ္စတွေမှာ ငွေကုန်၊ လူပန်းခံနေလိုက်ကြတာ၊ တချို့များဆိုစာမေးပွဲအောင်ဖို့ သူရဿတီမယ်တော်ကို အုန်း ငှက်ပျောပွဲထိုးရတာနဲ့၊ ပ၀ါဆက်ရတာနဲ့၊ ပန်းအမွှေးနံ့သာပူဇော်ရတာနဲ့၊ တစ်ရွာတစ်ပုဒ်ဆန်းနေတဲ့ သူရဿတီဂါထာအမျိုးမျိုးကို ရွတ်ရဖတ်ရ၊ ပုတီးစိတ်ရနဲ့သနားစရာပါဗျာ။ အထူးသဖြင့် ကျောင်းသူ၊ကျောင်းသားလေးတွေများတာပေါ့၊ တချို့မိဘတွေကလည်း ဒါကိုအမှန်တရားထင်ပြီး အားပေးကြသေးတယ် ကိုဝင်းရေ့၊ ကိုင်း...ဒုတိယအချက်ကလေး ဆက်ပါဦး'
'ဒုတိယအချက်ကတော့ အယူဝါဒရေးရာ ပြတ်သားဖို့လိုတယ်ဆိုတဲ့အချက်ပဲဗျ။ လူဆိုတာ ကာလဒေသတစ်ခုမှာ မူတစ်ခုကိုပဲစွဲကိုင်သင့် တယ်ဗျ၊ လူတစ်ယောက်ဟာ ကာလဒေသတစ်ခုတည်းမှာပဲ မူနှစ်ခွဖြစ်နေရင်တော့ အဲဒီလူဟာ သာမန်မဟုတ်တော့ဘူး၊ ရူးကြောင် ကြောင် မူမမှန်စိတ်နှစ်ခွရှိသူလို့ ဆိုရလိမ့်မယ်။ ဒီနေရာမှာ ခင်ဗျားကိုမေးခွန်းတစ်ခု ထုတ်ရလိမ့်ဦးမယ်'
'ထုတ်ပါဗျာ၊ ထုတ်ပါ'
'အခု ကျွန်တော်တို့ ဆွေးနွေးခဲ့ကြရသလောက် ထင်ရှားလာတဲ့အတိုင်းဆိုရင် သူရဿတီနတ်သမီးကို ကိုးကွယ်ထိုက်ကြောင်း ချီးမွမ်း ထောမနာပြုခဲ့တဲ့ဝါဒဟာ ဘာဝါဒလဲဗျာ'
'ဗြာဟ္မဏ၀ါဒပေါ့ဗျာ၊ ဝေဒလေးကျမ်းကို လက်ခံထားတဲ့ဝါဒပဲပေါ့'
'ဟုတ်တယ်၊ ဗုဒ္ဓမြတ်စွာပွင့်တော်မူမလာမီကတည်းက အိန္ဒိယမှာဝေဒကျမ်းတွေကိုလက်ခံကျင့်သုံးတဲ့ ဝေဒိက ဂိုဏ်းသားများလို့ခေါ် ဆိုနိုင်တဲ့ ဗြာဟ္မဏတွေနဲ့ ဝေဒကျမ်းဂန်လာ အယူအဆအားလုံးကိုပစ်ပယ်တဲ့ အဝေဒိကဂိုဏ်းသားများလို့ခေါ်ဆိုနိုင်တဲ့ သမဏတွေ ဆိုပြီး သိသိသာသာကွဲကွဲပြားပြား ရှိခဲ့ဖူးတယ်ဗျ'
'ဂေါတမဗုဒ္ဓ ပွင့်လာတော့ကောဗျာ'
'ဂေါတမဗုဒ္ဓကိုတော့ အဝေဒိကဂိုဏ်းဝင်လို့ သတ်မှတ်နိုင်တယ်ဗျ၊ ဘာလို့လဲဆိုတော့ ဗုဒ္ဓမြတ်စွာဟာ ဝေဒကျမ်းဂန်လာအယူအဆတွေ ကို ဆန့်ကျင်ခဲ့တဲ့ ခေတ်ပြိုင်ဘာသာရေးခေါင်းဆောင်တွေထဲမှာ သူမတူအောင်ပြောင်ပြောင်မြောက်မြောက် ဆန့်ကျင်နိုင်ခဲ့သူတစ်ဦး ပဲဗျ။ ဗုဒ္ဓမြတ်စွာရဲ့ အနတ္တဒေသနာဟာ ဝေဒိကဂိုဏ်းဝင် ဗြာဟ္မဏတွေရဲ့ အတ္တ၀ါဒကိုလွှမ်းကျော်နိုင်ခဲ့တယ်၊ ဒါကြောင့် ဗုဒ္ဓရဲ့အနတ္တ၀ါဒ ကို လက်ခံယုံကြည်ပါတယ်ဆိုတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေဟာ ဆန့်ကျင်ဘက်အတ္တ၀ါဒကို အခိုင်အမာတည်ဆောက်ထားတဲ့ ဝေဒ ကျမ်းဂန်လာဘာသာရေး အယူအဆတွေကို လုံးဝလက်မခံသင့်ဘူးဗျ။ လူတစ်ဦးဟာ ကာလဒေသတစ်ခုမှာ မူတစ်ခုကိုသာ စွဲကိုင်အား ထားသင့်တယ် မဟုတ်လား'
'ဟုတ်လိုက်လေ ကိုဝင်းရာ၊ ဒီနှစ်ချက်တည်းနဲ့တင် ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သူရဿတီကို ကိုးကွယ်အားထားနေစရာ၊ မြတ်နိုးပူဇော်စံပြုနေစရာ လုံးဝမလိုဘူးဆိုတာ ထင်ရှားနေပါပြီဗျာ'
'ကိုင်း....ဒီတစ်ပတ်တော့ ကျွန်တော်တို့စကားဝိုင်းကို ဒီမျှနဲ့နားလိုက်ကြဦးစို့ဗျာ၊ နောက်တစ်ပတ်ကျမှ ခင်ဗျားအခုနက ပြောခဲ့သလို မြန်မာဗုဒ္ဓဘာသာဝင်တွေအကြား ပေါ်ပြူလာဖြစ်လာတဲ့ ပြည်ကြီးသူကွမ်ယင်အကြောင်း ဆက်ဆွေးနွေးကြသေးတာပေါ့ဗျာ'
ဝင်းသိန်းဦး
(၂၇-၃-၉၂)
ဓမ္မရံသီ၊၁၉၉၂ခုနှစ်၊ဇူလိုင်လနှင့် သြဂုတ်လ။
No comments:
Post a Comment