Saturday, August 24, 2019

ဝန်ထမ်းလောင်းတစ်ယောက်ကို အင်တာဗျူးဖို့နည်းလမ်းကောင်းများ


===================
ရေးသားသူ- ပိုင်စိုး (Management)
PSM Business Institute

အင်တာဗျူးဆိုတာ အကြောင်းအရာတစ်ခုခုအတွက် ရည်ရွယ်ပြီး အပြန်အလှန် ပြောဆိုဆွေးနွေးတဲ့ စကားဝိုင်းတစ်ခုလို့ ယေဘုယျအားဖြင့် ဆိုလိုနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ လုပ်လေ့လုပ်ထရှိတဲ့ အင်တာဗျူးတွေကတော့ ၀န်ထမ်းအသစ် တစ်ဦးရွေးချယ်ခန့်ထားဖို့လိုအပ်တဲ့အခါမှာလုပ်တဲ့ Job interview၊ စည်းမျဉ်း
စည်းကမ်းဆိုင်ရာမူဝါဒတွေကိုအကောင်အထည်ဖေါ်တဲ့အခါမှာ လိုအပ်ရင် စည်းကမ်းဖောက်ဖျက်သူတွေနဲ့ ခေါ်ယူဆွေးနွေးတိုင်ပင်ရတဲ့ Discipline interview၊ ၀န်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်စီမံခန့်ခွဲမှုတွေလုပ်ရတဲ့အခါမှာ အကဲဖြတ်ရမှတ်တွေနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးတဲ့ Appraisal interview နဲ့ ၀န်ထမ်းတွေအလုပ်ထွက် တဲ့အခါမှာမေးမြန်းဆွေးနွေးတဲ့  Exit interview တွေဖြစ်ပါတယ်။ အင်တာဗျူးစွမ်းရည် တိုးတက်လာစေမယ့်နည်းလမ်းတချို့ကို ဖေါ်ပြလိုပါတယ်။

• Do your homework. ကြိုတင်လေ့ကျင့်ထားပါ။ အင်တာဗျူးတစ်ခုကို ကြိုတင်ပြင်ဆင် မထားဘူးဆိုရင် အင်တာဗျူးအတွက် သုံးသင့်တဲ့ အချိန်ထက် ပိုသုံးလိုက်ရတာတွေဖြစ်တတ်ပါတယ်။ အင်တာဗျူးမလုပ်ခင်မှာ အင်တာဗျူး လုပ်ရတဲ့ရည်ရွယ်ချက်ကို တိတိကျကျသိနေဖို့လိုအပ်သလို သက်ဆိုင်ရာ စာရွက်စာတမ်း၊ အထောက်အထားတွေ၊ မေးခွန်းတွေ ကြိုတင်ပြင်ဆင်ထားရှိ ရပါမယ်။

• Put the interviewee at ease. မိမိအင်တာဗျူးမယ့်သူတွေကို သက်တောင့် သက်သာအခြေအနေရှိအောင်ဖန်တီးထားပါ။  အင်တာဗျူးတွေဟာ ဖြေဆိုသူတွေအတွက် အနည်းနဲ့အများတော့ ဖိအားဖြစ်စေတတ်ပါတယ်။ ဖိအားဖြစ်နေတဲ့အခြေအနေတွေဟာ စိတ်လှုပ်ရှားမှုတွေ ရှိနေတာဖြစ်လို့ ဖြေဆိုသူတွေအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အဖြေမျိုးကို တတ်သိနားလည် ပြီးသားဖြစ်သော်လည်း မှားယွင်းဖြေကြားတတ်ပါတယ်။ သက်တောင့် သက်သာရှိတဲ့ အင်တာဗျူးအခန်း၊ နွေးထွေးပျူငှာမှုရှိတဲ့ ကြိုဆိုမှု၊ နှုတ်ဆက်ပျူငှာမှုတွေဟာ အင်တာဗျူးသူနဲ့ ဖြေကြားသူအကြား ရင်းနီးကျွမ်းဝင်မှုတစ်ခုဖြစ်စေပြီး သင့်တင့်မှန်ကန်တဲ့ အဖြေတွေ ရရှိနိုင်ပါတယ်။

• Remain focused on your objective. မိမိအင်တာဗျူးတဲ့ ရည်မှန်းချက်၊ စံသတ်မှတ်တွေအပေါ်မှာသာ အာရုံထားပါ။ အင်တာဗျူးမလုပ်ခင်မှာ အင်တာဗျူးကတဆင့် ဘယ်လိုအချက်အလက်တွေ၊ ဘယ်လိုအကြောင်းအရာ တွေသိရှိလိုတယ်၊ ရလိုတယ်ဆိုတာကို တိတိကျကျ ကြိုတင်သိရှိထားရပါမယ်။ အင်တာဗျူးမေးခွန်းတွေကိုလည်း မိမိလိုချင်တဲ့ ရည်မှန်းချက်စံနှုန်းတွေအပေါ် မှာမူတည်ပြီး ပုံစံသတ်မှတ်ရပါမယ်။ လက်တွေ့အင်တာဗျူးတဲ့အခါမှာ ကြုံတွေ့တတ်တာက အာတာဗျူးမေးမြန်းတဲ့သူတွေက အင်တာဗျူး ရည်မှန်းချက်ထက် သူတို့ရဲ့ အထင်အမြင်၊ ယူဆချက်၊ ခံယူချက်တွေ အပေါ်မှာ အာရုံစိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။  တခါတလေကြ တော့လည်း အင်တာဗျူးဖြေဆိုသူတွေရဲ့ စကားတွေထဲမှာ မျောပါသွားတာမျိုးဖြစ်တတ်ပါတယ်။ အင်တာဗျူးတစ်ခုဟာ တိကျတဲ့ စံသတ်မှတ်ချက်၊ ရည်မှန်းချက်တွေအပေါ်မှာ အာရုံစိုက် လုပ်ဆောင်တာမဟုတ်ဘဲ အင်တာဗျူးမေးမြန်းသူ၊ ဖြေဆိုသူတွေရဲ့ အတွေးအခေါ်၊ အယူအဆတွေအပေါ်မှာ အာရုံစိုက်မိတာမျိုး  ဖြစ်ခဲ့ရင် အင်တာဗျူးရဲ့ အနှစ်သာရပျောက်သွားတတ်ပါတယ်။

• Keep the initiative. အင်တာဗျူးကို မိမိလိုချင်တဲ့ဆီကို ဆွဲခေါ်သွားပါ။ မိမိဟာ အင်တာဗျူးမေးမြန်းသူတစ်ဦးဖြစ်တဲ့အတွက်  အင်တာဗျူး အခြေအနေတွေအားလုံးကို အဓိက ထိန်းချုပ်နိုင်မယ့်သူဟာ မိမိသာဖြစ်ပါတယ်။ စာရေးသူတို့အဓိကဆွေးနွေးချင်တဲ့ အကြောင်းအရာ ရည်မှန်းချက်တွေဆီကို ဖြေဆိုသူပါလာအောင် ဆွဲခေါ်သွားဖို့လိုအပ်ပါတယ်။ အင်တာဗျူးသူတွေအဓိကဦးတည်ရမှာက အင်တာဗျူးရည်ရွယ်ချက်နဲ့အတူ ဖြေဆိုသူတွေကိုလည်း သူတို့ရဲ့ အထင်အမြင်ယူဆ နားလည်မှုတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးလာအောင် အားပေးဖို့ဖြစ်ပါတယ်။

• Ask the right questions. အင်တာဗျူးမေးခွန်းတွေမေးတဲ့နေရာမှာ အပိတ်မေးခွန်းတွေဖြစ်တဲ့ Yes or No ဖြေရုံသက်သက်မေးခွန်းတွေကို တတ်နိုင်သမျှနည်းအောင် စီစဉ်ထားသင့်ပါတယ်။ အဖြေ ၂ ခု သို့မဟုတ် ၃ ခု ထဲက အဖြေတစ်ခု ရွေးခိုင်းတဲ့မေးခွန်းမျိုးကိုလည်း ရှောင်နိုင်သမျှရှောင် သင့်ပါတယ်။ ဒီလိုမေးခွန်းတွေဟာ အင်တာဗျူး ရည်မှန်းချက်အတွက် ကျေနပ်ဖွယ်ကောင်းတဲ့ အဖြေမျိုး မဖြစ်တတ်ပါဘူး။ ဘာကြောင့်၊ ဘယ်လိုလုပ်မလဲ၊ ဘယ်အချိန်တွေမှာ လုပ်သင့်လဲ စတဲ့မေးခွန်းတွေမေး တာဟာ ပိုမိုကောင်းမွန်များပြားတဲ့ အဖြေတွေ ရှိလာနိုင်ပါတယ်။ အင်တာဗျူး ဖြေဆိုသူတွေ ဘက်က ပြန်လည်ဖြေကြားလာတဲ့အဖြေတွေမှာလည်း မသေချာတာ၊ ထင်ယောင်ထင်မှားဖြစ်နိုင်တာမျိုးရှိပါက ထပ်မံမေးပါ။
Follow up လုပ်ပါ။

• Keep the interviewee talking. အင်တာဗျူးဖြေဆိုသူကို ဆက်ပြောပါစေ။ တခါတလေမှာ ဖြစ်တတ်တာက အင်တာဗျူးတွေ လုပ်တဲ့အခါမှာ မေးမြန်းရမယ့် Interviewer က စကားတွေအများကြီး၊ အဖြေတွေအများကြီး ပြောနေပြီး ဖြေကြားရမယ့်သူ Interviewee တွေက စကားနည်းနေတာမျိုး ဖြစ်တတ်ပါတယ်။ စာရေးသူကြုံဖူးတာတစ်ခုက Interviewer က မေးခွန်းရော အဖြေပါ သူတစ်ဦးတည်းသာ တပြိုင်နက် လုပ်ဆောင်သွားပါတယ်။ ဒါတွေဟာ ထိန်းချုပ်လို့ရနိုင်တဲ့ လွဲချော်မှုတွေပါပဲ။ အင်တာဗျူးလုပ်နေရင်းနဲ့ တခါတလေမှာ ဘာမှမေးစရာ ဖြေစရာ အဖြေမရှိဘဲ conversation gap ဖြစ်နေ မှာမစိုးရိမ်ပါနဲ့။ ဖြေဆိုသူဟာ သူဖြေဆိုစရာ စကားတွေပြီးလို့ ဆက်မဖြေတော့ရင်တောင်မှ စာရေးသူတို့က မေးခွန်းတစ်ခုထဲမှာပဲ တစ်ခုထက်ပိုတဲ့ အဖြေတွေလိုချင်တဲ့အခါမျိုးမှာ ဘာမှမပြောဘဲ  ငြိမ်သက် နားထောင်နေလို့အဆင်ပြေပါတယ်။ Interviewer တွေရဲ့ ငြိမ်သက်မှုဟာ ဖြေဆိုသူတွေဆီက အဖြေတွေထပ်လိုအပ်တယ်လို့ မျှော်လင့်နေတာကို ညွှန်ပြနေပါတယ်။

• Be aware of legal issues. နိုင်ငံတော်က ပြဌာန်းသတ်မှတ်ထားတဲ့ ဥပဒေ တွေကိုလည်းသိရှိနားလည်ဖို့လိုအပ်ပါတယ်။ သက်ဆိုင်ရာ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ဖြေဆိုသူတွေရဲ့ စွမ်းဆောင်ရည် အရည်အချင်းတွေနဲ့ မဆိုင်တဲ့ အကြောင်းအရာတွေ (ဥပမာ- အိမ်ထောင်ကွဲလား၊ ဘာကြောင့်ကွဲသွားတာလဲ။ ဘာ ဘာသာကို ကိုးကွယ်တာလဲ။ အဲဒီကိုးကွယ်တဲ့ ဘာသာကရော မှန်ကန်တယ်လို့ ယုံကြည်တာလား။ နောက်နှစ် ခလေးယူဖို့ ရှိ၊ မရှိ စတာ) တွေကို မမေးသင့်ပါဘူး။ လုပ်ငန်းတာဝန်တစ်ခုအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု အရည်အသွေးတွေအပေါ်မှာ အခြေမခံဘဲ အခြားမသက်ဆိုင်တဲ့ အသက်အရွယ်၊ ကျား၊မ၊ မိးသားစု၊ လူမျိုး၊ ဘာသာ၊ နိုင်ငံသား၊ အသားအရောင် စတာတွေနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံတာမျိုး မရှိစေရဆိုတဲ့ ဥပဒေ တချို့နိုင်ငံတွေမှာ ရှိပါတယ်။ စာရေးသူတို့ မြန်မာနိုင်ငံမှာ လောလောဆယ်ဆယ် မရှိသေးပေမယ့် မကြာခင်တော့တဲ့ အချိန်အခါတွေမှာ ရှိလာနိုင်ပါတယ်။

• Take notes. အင်တာဗျူးစဉ်မှာ ဖြေကြားသူတွေရဲ့ အဖြေတွေဟာ တစ်ဦးနဲ့ တစ်ဦးမတူနိုင်ပါဘူး။ လိုအပ်တဲ့ notes တွေကို မှတ်သားထားပါ။

• Anayse and act  on your information. လိုအပ်တဲ့အင်တာဗျူး အမေးအဖြေတွေ ပြီးသွားတဲ့အခါမှာ မိမိတို့ရေးသားမှတ်ထားခဲ့တဲ့ notes တွေ၊ ဖြေကြားသူရဲ့အဖြေတွေ၊ သက်ဆိုင်တဲ့ မှန်ကန်တဲ့အချက်အလက်တွေ ကို ပြန်လည်ဆန်းစစ်အကဲဖြတ်ပါ။ ဒီလိုဖြေကြားချက်တွေ notes တွေနဲ့ အင်တာဗျူးရဲ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီမှုရှိတာတွေကို လုပ်ဆောင်ရမှာ ကတော့ Interviewer တွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။

အကြံပြုချက်များ
=========
• အင်တာဗျူးတဲ့အခါမှာ အနှောက်အယှက်ကင်းအောင် ကြိုတင်ပြင်ဆင်ထားပါ။ အင်တာဗျူးအခန်းအနားမှာ ဆူညံနေတာ၊ အင်တာဗျူးနေစဉ် ဖုန်းဝင်လာတာ၊ အလုပ်ကိစ္စမပြတ်လို့ ခဏခဏ ၀န်ထမ်းတစ်ယောက်ဝင်လာပြီး လက်မှတ် ထိုးခိုင်းတာတွေဟာ အင်တာဗျူးတစ်ခုကို အကျည်းတန်စေပါတယ်။

• မိမိရဲ့ နာရည်ကို တကြည့်ကြည့်မလုပ်ပါနဲ့။ အင်တာဗျူးဖြေကြားသူကိုလည်း မလိုလားတဲ့ခံစားချက်၊ အပြုအမူတွေ မပြသင့်ပါ။

• နားထောင်ပါ၊ အကဲခတ်ပါ။

• မိမိရဲ့ အကဲဖြတ်ချက်တွေဟာ မိမိရဲ့ ခံစားချက်သီးသန့်မဖြစ်သင့်ပါ။

• သေချာပြီးသားအဖြေတွေအတွက် ထပ်ခါထပ်ခါမေးပြီး အချိန် မဖြုန်းသင့်ပါ။

• အင်တာဗျူးဖြေဆိုသူကို ပွင့်ပွင့်လင်းလင်းမဝေဖန်သင့်ပါ။

• မိမိကြိုက်နှစ်သက်သည်ဖြစ်စေ၊ မကြိုက်နှစ်သက်သည်ဖြစ်စေ ရင်းနီးဖေါ်ရွေမှု အပြုံးနဲ့သာ အင်တာဗျူးတစ်ခုကိုအဆုံးသတ်ပါ။

Ref; The Management Bible by Neil Flanagan & Jarvis Finger

No comments: