******************************************
❓❓ MWD: မကြာသေးခင်က အိန္ဒိယနိုင်ငံမှာ ပီလောပီနံဥကိုစားပြီး မိသားစုတစ်ခုလုံး ဆိုင်ယာနိုက်အဆိပ်သင့် သေဆုံးသွားကြတယ်လို့ သတင်းတစ်ခုထဲမှာ တွေ့လိုက်ရပါတယ် ဆရာ.. ကျွန်မတို့နိုင်ငံမှာလည်း ပီလောပီနံဥ စားသုံးတဲ့ဓလေ့ ရှိတာရယ်.. ပြီးတော့ ရံဖန်ရံခါမှာလည်း အဆိပ်သင့်လို့ ဆေးရုံကိုတက်ရောက်ကုသကြရတယ် ဆိုတာလည်း ကြားနေရတော့ ဒီအကြောင်းနဲ့ပတ်သက်လို့ ကျန်းမာသုတအစီအစဉ်ကနေ အများသိနိုင်ဖို့ တင်ဆက်ချင်ပါတယ် ဆရာ.. ပထမဆုံးအနေနဲ့ အပင်တွေမှာ ဆိုင်ယာနိုက်က ဘယ်နည်းဘယ်ပုံ ရောက်လာသလဲဆိုတာ ရှင်းပြပေးပါ..
Dr.KML: အပင်ထွက်ပစ္စည်းတွေကို အဓိကအုပ်စု (၂) ခုခွဲထားပါတယ်.. Primary Metabolite နဲ့ Secondary Metabolite ဆိုပြီး (၂) ခု ဖြစ်ပါတယ်..
Primary Metabolite ဆိုတာကတော့ အပင်ရဲ့ကြီးထွားခြင်း၊ မျိုးပွားခြင်း၊ တည်ဆောက်ခြင်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ပစ္စည်းတွေ ဖြစ်ပါတယ်.. ဥပမာ ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်း၊ အဆီနဲ့ Nucleic acid တွေဖြစ်ပါတယ်..
Secondary Metabolite တွေရဲ့ အဓိကတာဝန်ကတော့ အပင်ကို ရောဂါပိုးမွှားတွေရဲ့အန္တရာယ်နဲ့ သဘာဝဘေးရန်တွေကနေ ကာကွယ်ဖို့ဖြစ်ပါတယ်.. လူမှာဆို ခုခံအားစနစ်နဲ့ သွားတူပါတယ်.. အဲဒီမှာအုပ်စုကြီး (၄) ခုရှိပါတယ်..
(၁) Terpenoid
(၂) Phenolics
(၃) Alkaloids
(၄) Glycoside တို့ ဖြစ်ပါတယ်..
ခုနကပြောခဲ့တဲ့ ဆိုင်ယာနိုက်အဆိပ်သင့်တဲ့အုပ်စုကတော့ Terpenoid အုပ်စုမှာပါဝင်ပါတယ်.. Glycoside (၄) မျိုးရှိတဲ့အနက် ဆိုင်ယာနိုက်ပါတဲ့ glycoside ကို Cyanogenic glycoside လို့ ခေါ်ပါတယ်.. glycoside ဆိုတာတော့ glucose ကနေလာတာဖြစ်ပြီး glucose မော်လီကျူးနဲ့ အခြားမော်လီကျူးတို့ ပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်..
အဲ့ဒီ Cyanogenic glycoside တွေကို တစ်နည်းအားဖြင့် cyanogen လို့လည်း ခေါ်ပါတယ်.. သူတို့ဟာ HCN လို့ခေါ်တဲ့ Hydrogen Cyanide အဆိပ်ကို ထုတ်ပေးနိုင်စွမ်းရှိပါတယ်.. ဆိုင်ယာနိုက်လို့လည်းအတိုကောက် ခေါ်ကြပါတယ်.. အဲ့ဒီလို HCN ထုတ်ပေးတဲ့အပင်ပေါင်း ၂၆၀ဝ လောက်ကို တွေ့ရှိဖော်ထုတ်ခဲ့ပြီး ဖြစ်ပါတယ်..
❓❓ MWD: ဘယ်လိုမျိုးအပင်တွေကနေ ဆိုင်ယာနိုက်အဆိပ် ထုတ်ပေးနိုင်ပါသလဲ ဆရာ..
Dr.KML: ခုနကပြောခဲ့တဲ့အပင် ၂၆၀ဝ ကျော်ထဲမှာ အများစုကတော့ ကျွန်တော်တို့နဲ့ အမြဲထိတွေ့နေတာမဟုတ်တော့ သိပ်အရေးမကြီးဘူးလို့ ပြောနိုင်ပါတယ်.. အားလုံးထဲမှာ cyanogen ပါဝင်မှုအများဆုံးနဲ့ လူတွေအသုံးအများဆုံးကတော့ tapioca လို့ခေါ်တဲ့ ပီလောပီနံဥပဲ ဖြစ်ပါတယ်.. နောက် ပဲပိစပ်အပါအဝင် ပဲမျိုးစုံမှာလည်း ပါပါတယ်.. နောက်ပြီး ဆီးစေ့ဆံ၊ ပန်းသီးအစေ့၊ မက်မွန်သီးစေ့၊ ချယ်ရီသီးအစေ့တွေထဲမှာ ပါဝင်ပါတယ်.. ပါဝင်တဲ့ပမာဏ အနည်းအများကတော့ ကွာတာပေါ့..
❓❓ MWD: ခုနက ဆရာပြောသွားတဲ့အထဲမှာ အပင်တွေအတွက် ဘေးအန္တရာယ်တွေကနေ ကာကွယ်ဖို့လို့ ပြောသွားပါတယ်.. အဲ့ဒါ နည်းနည်းရှင်းပြပေးပါ..
Dr.KML: အပင်တွေဟာ သဘာဝအတွက် Natural defense mechanism တွေရှိပါတယ်.. အပင်ကိုဖျက်ဆီးမယ့် ပိုးမွှားတိရိစ္ဆာန်တွေရဲ့ရန်ကနေ ကာကွယ်ဖို့ပါ.. အပင်တွေမှာ cyanogenic glycoside တွေရှိနေပေမယ့် သာမန်အခြေအနေမှာ ဆိုင်ယာနိုက်အဆိပ်မထုတ်ပါဘူး.. အပင်ဟာ ဖျက်ဆီးခံရပြီဆိုတာနဲ့ ဆဲလ်လေးတွေပျက်သွားမယ်.. အဲ့ဒီအခါမှာ -glycosidase ဆိုတဲ့အင်ဇိုင်းနဲ့ cyanogenic glycoside တို့ ထိတွေ့ဓာတ်ပြုပြီး HCN တွေထွက်လာပါတယ်.. အဲဒီ HCN ကိုစားမိလို့ပဲဖြစ်ဖြစ် အငွေ့ကိုရှူမိလို့ပဲဖြစ်ဖြစ် သတ္တဝါရဲ့အသက်ရှူတဲ့လုပ်ငန်းစဉ်မှာ မရှိမဖြစ်လိုအပ်တဲ့ cytochrome oxidase enzyme စနစ်ကို ဖျက်ဆီးပစ်ပါတယ်.. အဲ့ဒီအခါမှာ သတ္တဝါအနေနဲ့အသက်ရှူရပ်ပြီး သေဆုံးသွားမှာဖြစ်ပါတယ်.. ဘယ်သတ္တဝါပဲဖြစ်ဖြစ် ရှေ့မှာဒီအပင်ကိုစားလို့ သေတာတွေ့ရင် နောင်ကိုဘယ်အကောင်မှ ဆက်မစားတော့ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်..
❓❓ MWD: ဒါဆိုရင် ပီလောပီနံကို အစိမ်းအတိုင်းစားတဲ့ သတ္တဝါတွေအနေနဲ့ တစ်ခါတည်း သေနိုင်တာပေါ့ ဆရာ..
Dr.KML: မှန်ပါတယ်.. ဒါပေမယ့် ပီလောပီနံဥတွေက မြေကြီးထဲမှာပဲရှိတော့ ဒါကိုတူးပြီးစားတဲ့ သတ္တဝါတွေကလည်း သေမှန်းသိတော့ နောက်ပိုင်းမှာ ဘယ်သတ္တဝါမှ စားလေ့မရှိတော့ပါဘူး.. လူပဲစားတော့တာပါ.. စားတဲ့အခါ အန္တရာယ်ကင်းအောင် စနစ်တကျမစားရင်သာ အဆိပ်သင့်မှာဖြစ်ပါတယ်.. ဒါတောင် မကြာသေးမီ ဖေဖော်ဝါရီ ၂၀ဝ၈ တုန်းက နယူးဇီလန်နိုင်ငံမှာရှိတဲ့ ပီလောပီနံစိုက်ခင်းမှာ နွား (၁၀) ကောင်ဟာ ပီလောပီနံဥတွေစားပြီး သေဆုံးကုန်တယ်လို့ သတင်းထဲမှာ ဖတ်လိုက်ရပါသေးတယ်..
❓❓ MWD: ပီလောပီနံကို အန္တရာယ်ကင်းအောင် ဘယ်လိုစားရပါမလဲ ဆရာ..
Dr.KML: အဓိက ပီလောပီနံကို ရေ သေသေချာချာဆေးရပါမယ်.. ပြီးရင် ပြုတ်စားတဲ့အခါမှာ အဖုံးကို မကြာခဏဖွင့်ပေးရပါမယ်.. ဘာလို့လဲဆိုတော့ ပြုတ်လိုက်ရင် အပူပေးလိုက်တဲ့အခါမှာ HCN တွေဟာ အငွေ့ပျံပြီး ထွက်သွားနိုင်လို့ ဖြစ်ပါတယ်.. အဖုံးမပွင့်ဘဲ ပိတ်ပြီးပြုတ်ခဲ့ရင် HCN တွေဟာ အပြင်ကိုမထွက်တော့ဘဲ အထဲမှာပဲ ပိတ်မိနေမှာ ဖြစ်ပါတယ်..
နောက် HCN ဟာ ရေမှာပျော်ဝင်တဲ့အတွက် အိုးထဲကရေထဲမှာ ပျော်သွားပါတယ်.. ပြီးတော့ ဥထဲကို ပြန်စိမ့်ဝင်သွားတဲ့အတွက် HCN အဆိပ်သင့်တာကို ခံစားရခြင်း ဖြစ်ပါတယ်.. ပြီးတော့ ရေကို ၃ ခါလောက်လဲပေးရင် HCN တွေဟာ သွန်လိုက်တဲ့ရေထဲမှာပါသွားလို့ အန္တရာယ်ကင်းစွာစားနိုင်မှာ ဖြစ်ပါတယ်.. ဒီသဘောတရားကတော့ ဥတွေကို ပြုတ်စားရင် ဘာဥပဲပြုတ်စားစား HCN ပါ/မပါ မသိနိုင်တဲ့အတွက် ရေကို ၂ ခါ ၃ ခါလဲပေးပြီး အဖုံးကိုမကြာခဏဖွင့်ပေးရင် HCN အဆိပ်သင့်ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်..
❓❓ MWD: ခုနက ဆရာပြောတဲ့အထဲမှာ ပဲပိစပ်အပါအဝင် ပဲမျိုးစုံမှာလည်း ဆိုင်ယာနိုက်ပါဝင်တယ်ဆိုတော့ ကျွန်မတို့စားနေကျ အစားအစာလည်းဖြစ်တော့ ဘယ်လိုများလုပ်သင့်ပါသလဲ..
Dr.KML: Soy bean လို့ခေါ်တဲ့ ပဲပိစပ်အပါအဝင် ပဲတော်တော်များများမှာ cyanogen ပါဝင်ပါတယ်.. ဒါပေမယ့် ပါဝင်တဲ့ပမာဏက နည်းတဲ့အတွက် များများစားမှသာ ဒုက္ခပေးတာဖြစ်ပါတယ်.. ဒါကြောင့် ဘယ်ပဲ ဘဲဖြစ်ဖြစ် မသေချာရင် အစိမ်းမစားသင့်ပါဘူး.. ခုနကပြောသလို ချက်ပြုတ်စားသောက်ရင် အဖုံးကို ၂ ခါ ၃ ခါဖွင့်ပေးရုံနဲ့ HCN အကုန်လုံးထွက်သွားမှာ ဖြစ်ပါတယ်.. အန္တရာယ်ပေးနိုင်တဲ့ အဆင့်မရှိပါ.. အထူးသတိပြုရမှာက အိမ်မွေးတိရိစ္ဆာန်တွေကို ပဲကျွေးရင် တစ်ခါထဲအများကြီး မကျွေးမိဖို့ ဖြစ်ပါတယ်..
❓❓ MWD: ဆီးသီးတို့၊ ပန်းသီးတို့စားရင် ဆိုင်ယာနိုက် အဆိပ်သင့်နိုင်ပါသလား..
Dr.KML: အဲ့ဒါကတော့ အစေ့မှာပဲပါလို့ သိပ်ပြဿနာမရှိပါ.. အစေ့ကိုလည်း လူတွေကစားလေ့မရှိတော့ လူမှာဆိုင်ယာနိုက်အဆိပ်သင့်မှု မဖြစ်နိုင်ပါ.. ဥပမာ ပန်းသီးကိုစားရင် အစေ့ရှိတဲ့အူတိုင်ကိုမစားဘဲ လွှင့်ပစ်တဲ့သူချည်းပါပဲ.. အလားတူ မက်မန်းသီး၊ မက်မွန်သီး၊ ဆီးသီးတို့ဆိုရင်လည်း အစေ့ကိုလွှင့်ပစ်တော့ ပြဿနာမရှိပါဘူး.. ဒါပေမယ့် တိရိစ္ဆာန်တွေစားရင်တော့ အလုံးလိုက်စားကြရတာဖြစ်လို့ သူတို့ဆိုရင် ဆိုင်ယာနိုက်အဆိပ်သင့်ပါတယ်.. တိရိစ္ဆာန်တွေကလည်း အဲ့ဒီအသီးတွေစားရင် သေမှန်းသိတော့ သူတို့ကလည်း ဘယ်တော့မှစားမှာမဟုတ်ပါဘူး..
❓❓ MWD: ဆိုင်ယာနိုက်က လူတွေမှာ ဘယ်လောက်ပမာဏဝင်ရင် သေနိုင်ပါသလဲ ဆရာ..
Dr.KML: HCN ရဲ့သေနိုင်တဲ့ပမာဏ (Lethal dose) 0.5 – 3.5 mg/kg ဖြစ်ပါတယ်.. ဝင်လာတဲ့ဆိုင်ယာနိုက်ကို လူ သို့မဟုတ် တိရိစ္ဆာန်ရဲ့ ခန္ဓာကိုယ်ကနေ ဘယ်လောက်ချေဖျက်နိုင်တယ်ဆိုတာပေါ် မူတည်ပြီး ပမာဏကွာခြားတာပါ.. မူလကတည်းက ကျန်းမာရေးဒေါင်ဒေါင်မြည်ရင် 3.5 mg/kg အထိခံနိုင်မှာဖြစ်ပြီး ကျန်းမာရေးမကောင်းခဲ့ရင် အထူးသဖြင့် အသည်းမှာရောဂါတစ်ခုခုဖြစ်ခဲ့ရင် 0.5 mg/kg ဆိုရင် သေနိုင်ပါတယ်.. တစ်နည်းအားဖြင့် 50 kg ရှိတဲ့လူကြီးတစ်ယောက်ဟာ 35 mg ဝင်ရုံနဲ့ သေနိုင်ပါတယ်.. ဥပမာ ဆီးစေ့၊ ပန်းသီးစေ့ 10 g (ငါးမူးသားကျော်ကျော်) မှာ HCN 50 mg ပါဝင်ပါတယ်..
❓❓ MWD: ဆိုင်ယာနိုက်အဆိပ်သင့်ရင် ဘယ်လိုမျိုးလက္ခဏာတွေ ခံစားရပါသလဲ ဆရာ..
Dr.KML: အဲ့ဒီမှာ ရုတ်တရက်ဆိုင်ယာနိုက်အဆိပ်သင့်ရင် ခံစားရတဲ့လက္ခဏာ (Acute cyanide poisoning) နဲ့ တစ်ကြိမ်မှာနည်းနည်းစီနဲ့ ရေရှည်အဆိပ်သင့်ခြင်း (Chronic cyanide poisoning) ဆိုပြီး နှစ်မျိုးရှိပါတယ်..
ရုတ်တရက်အဆိပ်သင့်ဖို့အနေနဲ့ HCN ပါဝင်တဲ့အစားအစာတွေ တစ်ခါတည်းများများစားရင် ကြုံတွေ့ရပါတယ်.. ခုနကပြောခဲ့တဲ့ ပီလောပီနံဥတွေ များများစားတဲ့ဟာမျိုးပေါ့.. အဓိကလက္ခဏာတွေအနေနဲ့..
(၁) General - ခေါင်းကိုက်လာမယ်.. ခေါင်းမူးလာမယ်.. ပျို့မယ်.. အန်မယ်.. နုံးခွေသွားမယ်.. ကိုယ်တွေလက်တွေမသယ်ချင်ဘူး ဖြစ်လာမယ်.. ခြေဖျားလက်ဖျားတွေ ပြာလာမယ်..
(၂) Respiratory - အစပိုင်းမှာ အသက်ရှုနှုန်းမြန်လာမယ်.. အသက်ရှုမဝဖြစ်လာမယ်.. နောက်ပိုင်းမှာ အသက်မျှင်းမျှင်းပဲရှူပြီး အသက်ရှူရပ်ကာ သေနိုင်ပါတယ်..
(၃) CNS - ရုတ်တရက်သတိလစ်မယ်.. တက်မယ်.. သတိလုံးဝမေ့ပြီး သေဆုံးနိုင်ပါတယ်..
❓❓ MWD: နာတာရှည်ဆိုင်ယာနိုက်အဆိပ်သင့်မှုနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါ..
Dr.KML: ဒါကတော့ ဆိုင်ယာနိုက်ပါဝင်တဲ့အစားအစာကို မကြာခဏစားသုံးမယ်.. HCN ဓာတ်ငွေ့ကို နည်းနည်းချင်းရှူမိနေမယ်ဆိုရင် တစ်ခါတည်း သေလောက်တဲ့ပမာဏမဟုတ်ရင်တော့ အဓိကအချက် (၂) ခုရှိပါတယ်..
(၁) General - ခေါင်းမကြာခဏကိုက်မယ်.. နုံးချိမယ်.. ကိုယ်လက်တွေ မသယ်ချင် မလှုပ်ရှားချင်ဖြစ်မယ်.. မကြာခဏ ပျို့ချင်အန်ချင်စိတ် ဖြစ်မယ်.. လက်ထိပ်ကလေးတွေကြည့်ရင် အပြာရောင်သန်းနေတတ်တယ်.. (cyanosis လို့ခေါ်ပါတယ်)
(၂) Mucocutaneous - ဆိုင်ယာနိုက်အဆိပ်ငွေ့တွေထုတ်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာလုပ်တဲ့သူတွေမှာ မျက်စေ့တွေပူမယ်.. စပ်မယ် (Eye irritation)၊ မျက်ခွံတွေရောင်မယ် (conjunctivitis)၊ နှာခေါင်းယားမယ် (nose irritation)၊ အရေပြားရောင်ရမ်းခြင်း(dermatitis)၊ အဖုအပိန့်များထွက်ခြင်း (rash)၊ အရေကြည်ဖုများထွက်ခြင်း(papules) တွေ ဖြစ်တတ်ပါတယ်.. ငါးပိ၊ ငံပြာရည်စက်ရုံတွေမှာ တွေ့ရလေ့ရှိပါတယ်.. ဘက်တီးရီးယား ကနေ ဆိုင်ယာနိုက်ထုတ်ပေးလို့ ဖြစ်ပါတယ်..
❓❓ MWD: ဆိုင်ယာနိုက်ဓာတ်ငွေ့ကို အချို့စစ်ပွဲတွေမှာလည်း အသုံးပြုတယ်လို့ သိရပါတယ်.. အဲ့ဒါကရော အပင်ကနေထုတ်တာပါလား ဆရာ..
Dr.KML: စစ်ပွဲတွေမှာသုံးတာမှန်ပါတယ်.. ဒါပေမယ့် အပင်ကနေယူတာတော့ မဟုတ်ပါဘူး.. ဓာတုဗေဒနည်းနဲ့ အမြောက်အများထုတ်ယူတာဖြစ်ပါတယ်.. ရလာတဲ့ HCN တွေကို ဓာတ်ငွေ့အိုး (cylinder) တွေမှာ ထည့်ပြီးသုံးတာပါ.. ထင်ရှားတဲ့ဥပမာအနေနဲ့ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမဏီဟာ ဂျူးလူမျိုး ၆ သန်းကျော်ကိုgas chamber ထဲမှာထည့်ပြီး ဆိုင်ယာနိုက်အဆိပ်ငွေ့နဲ့ အစုလိုက်အပြုံလိုက် သတ်ခဲ့တာဖြစ်ပါတယ်.. နောက်ပိုင်းမှာ chemical warfare အနေနဲ့ ၁၉၈၀ တုန်းက အီရတ်စစ်တပ်ကနေ kurd လူမျိုးတွေကို တိုက်ခိုက်တဲ့အခါမှာ သုံးခဲ့ပါတယ်.. ဒါပေမယ့် ကမ္ဘာ့ကုလသမဂ္ဂကနေဦးစီးပြီးတော့ chemical warefare တွေကို အသုံးမပြုဖို့ပိတ်ပင်ထားပါတယ်.. ဘယ်နိုင်ငံမှာမှ သုံးခွင့်မရှိပါဘူး..
❓❓ MWD: ဆရာ့အနေနဲ့ မြဝတီရုပ်မြင်သံကြားပရိသတ်ကို ဘာများပြောချင်ပါသလဲ..
Dr.KML: အဓိကကတော့ ဆိုင်ယာနိုက်အဆိပ်မသင့်ရလေအောင် အသီးအနှံတွေကို ပြုတ်ပြီးစားရင် အထူးသဖြင့် ပီလောပီနံလို ဥမျိုးဖြစ်တဲ့ ကန်စွန်းဥ၊ အာလူးစတာတွေကို ပြုတ်တဲ့အခါ ရေ ၂ ခါ ၃ ခါ လဲဖို့နဲ့ အဖုံးကို မကြာခဏ ၃-၄ ခါလောက် ဖွင့်ပေးဖို့ ဖြစ်ပါတယ်.. ဒါဆိုရင် ဆိုင်ယာနိုက်အဆိပ်သင့်ခြင်းက ကင်းဝေးစွာနဲ့ စိတ်ချလက်ချ စားနိုင်ပါတယ်..
#Cyanide
#Health
#MWD
မူရင်းမျှဝေသူ - ဒေါက်တာခင်မောင်လွင် (FAME Pharmaceuticals)
No comments:
Post a Comment