တစ်ခါတလေ ကိုယ်ကြားနေကြစကား ကိုယ်သိနေတဲ့ စကားလုံးတွေရဲ့အဓိပ္ပာယ်ကိုသိချင်တဲ့အခါ
အဖြေမှန်ကိုပြောနိုင်တဲ့ အနီးစပ်ဆုံးစာအုပ်ကိုကောက်ကိုင်ဖတ်ရ လေ့လာရတာသဘာဝလိုဖြစ်နေပါပြီ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဘာရယ်မဟုတ် ဘာသာရေးစာအုပ်တွေ ကောက်ကိုင်ကြည့်ရင်း ဆရာတော်
ဓမ္မဒူတ အရှင်ဆေကိန္ဒ ဖြေဆိုပြုစုထားတဲ့ ပိပဿနာတရား သင်တန်း အမေးအဖြေများ (၁) စာအုပ်လေးကိုတွေ့မိတာကြောင့်
စိတ်ဝင်တစားဖတ်မိပါတယ်။ အဲဒီအထဲက ကျွန်တော် သိချင်လို့ဖတ်တဲ့အရာတွေကို သူငယ်ချင်းတို့ကိုလည်း
ပြန်လည်ဝေမျှချင်တာကြောင့် ပြန်လည်ကူးယူဖော်ပြလိုက်ပါ တယ်။ ပါသမျှအားလုံးတော့မဟုတ်ပါဘူး
ကျွန်တော်ပြန်လည်ကူးယူဖော်ပြချင်တဲ့ အမေးအဖြေတစ်ချို့ကိုသာ ကူးယူဖော်ပြ သွားမှာဖြစ်ပါတယ်။
စာလုံးအကျအပေါက်ရှိရင် ကျွန်တော့်ရဲ့ချို့ယွင်းချက်သာဖြစ်ပါကြောင်း သူငယ်ချင်းတို့ရေ။
ဆရာတော်က ၀ိပဿနာသင်တန်းများမှာ သင်တန်းသားများနှင့် အမေးအဖြေပြုလုပ်ဖြစ်ထားချက်များကို
ပြန်လည်ပြုစုရေးသားထားခြင်းဖြစ်ကြောင်းရေးသားထားပါတယ်ခင်ဗျ။
(၁)
မေး - တရား ဘာလို့အားထုတ်ကြပါသလဲ။
ဖြေ
-
ကောင်းကျိုးချမ်းသာကို လိုလားလို့ တရားအားထုတ်ကြပါတယ်။ သံသရာမှ ထွက်မြောက်ချင်လို့၊
ဝဋ်ဒုက္ခဆင်းရဲမှ
ကင်းဝေးချင်လို့၊ အပါယ်မကျချင်လို့ ဆိုပြီး အဖြေပေးရင်လဲမှန်ပါတယ်။
ဆင်းရဲဒုက္ခမျိုးစုံမှ လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာ ရဖို့လို့ ဖြေရင်လည်း မှန်တာပဲ။
ချမ်းသာဆိုတာ လောကီချမ်းသာ၊ လောကုတ္တရာချမ်းသာ။ လူတို့ရဲ့
ကာမဂုဏ်ချမ်းသာ၊ နတ်တို့ရဲ့ ကာမဂုဏ်ချမ်းသာ၊ ဗြဟ္မာတို့ရဲ့ ဈာန်ချမ်းသာ၊ ၀ိပဿနာချမ်းသာ၊မဂ်ချမ်းသာ၊
ဖိုလ် ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာလို့လည်းအဆင့်အတန်းအလိုက် (၇) မျိုး ရှိတယ်။
ရှာဖွေလို့ရရှိတဲ့ချမ်းသာ၊ ရရှိတာကို ခံစားတဲ့ချမ်းသာ၊
ခံစားတဲ့အခါ အကြွေးကင်းတဲ့ချမ်းသာ၊ နောက်ပြီး အပြစ်ကင်းတဲ့ ချမ်းသာလို့လည်း (၄) မျိုးရှိတယ်။
ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာလို့လည်း ရှိတယ်။အခု လက်ငင်းချမ်းသာ၊
နောက်တမလွန်ချမ်းသာလို့လည်း ရှိတယ်။
တကယ်တမ်းကတော့ အခုလက်ငင်းရော၊ နောင်အချိန်တွေမှာပါ ကိုယ်ချမ်းသာ၊
စိတ်ချမ်းသာဖြစ်ပြီး နိဗ္ဗာန်ချမ်းသာကို ရရှိ၊ ရောက်ရှိချင်လို့ တရားအားထုတ်ကြတာပါ။
(၂)
မေး - တရားအားထုတ်ချင်ရင် ဘယ်တရားကိုအားထုတ်ရပါမလဲ။
ဖြေ
-
တရားဆိုတာ ပါဠိစကား 'ဓမ္မ'ကိုခေါ်ပါတယ်။ ဓမ္မရဲ့ အဓိပ္ပာယ်တွေက သဘောတရား၊ ပရိယတ္တိစာပေ၊
မှန်ကန်တဲ့ သစ္စာ၊ အသိဉာဏ်၊ သိသင့်တဲ့ တရား၊အကြောင်းအကျိုး စတဲ့ အနက်အဓိပ္ပာယ်တွေ ရှိပါတယ်။
ကောင်းကျိုးချမ်းသာကို လိုလားလို့၊ တရားအားထုတ်ကြတဲ့ သူတွေအတွက်
ကောင်းကျိုး ချမ်းသာ ရစေနိုင်တဲ့အကြောင်း၊ ကုသိုလ်အလုပ်၊ ကုသိုလ်တရားကို အားထုတ်ရပါမယ်။
ကုသိုလ်ကလွဲလို့ ကောင်းကျိုး ချမ်းသာပေးနိုင်တဲ့ တရားဆိုတာ မရှိပါဘူး။
ကုသိုလ်က ဒါန- အလှူပေးတာ။ သီလ -ကိုယ်နှုတ်ကို စောင့်ထိန်းတဲ့
စည်းကမ်း ရှိတာ။ သမထမိမိစိတ်ကိုအပြစ်ကင်းပြီး တည်ကြည် ငြိမ်းချမ်းအောင်ထိန်းသိမ်း စောင့်ရှောက်တာ။
ဝိပဿနာ - သဘောတရားအရှိအမှန်ကို တရားသဘောရယ်လို့ အသိဉာဏ်နဲ့ အရှိအတိုင်း အမှန်အတိုင်း
ကြည့်နေ၊ သိနေတာလို့ (၄) မျိုးရှိပါတယ်။
ကြီးသူကို ရိုသေတာ၊ ဝေယျာဝစ္စ လုပ်ပေးတာ၊တရားနာတာ၊ တရားဟောတာ၊
အမျှပေးဝေတာ၊ သာဓုခေါ်တာ၊ လောကကို သဘောပေါက် နားလည်ပြီး အမြင်မှန်နဲ့ ကြည့်တတ်တာတွေဟာလည်း
ကုသိုလ် ဖြစ်စေတဲ့တရားတွေပေါ့။
ကုသိုလ်ဖြစ်နေရင် အမြဲတမ်း ကောင်းကျိုးချမ်းသာတွေ ရနေတယ်။
အကုသိုလ်အပြစ်၊ မကောင်းကျိုး ဆိုးဒုက္ခတွေလည်း ကင်းပျောက်နေတယ်။ ကုသိုလ် ဖြစ်နေသူဟာကိုယ့်စိတ်ထဲမှာကိုပဲ
ကြည်လင် အေးချမ်းပြီး ချမ်းသာရဲ့အရသာကို ကိုယ်တိုင် မြင်နေ၊ သိနေတယ်။ ဒီလောက်ကောင်းကျိုး
ချမ်းသာ ပေးတဲ့ ကုသိုလ်ကို လိုချင်၊ ရချင်ရင်တော့ သင့်တော် မှန်ကန်တဲ့ နှလုံးသွင်းစိတ်ထားကို
အမြဲတမ်းလက်ကိုင်ထားရမယ်။
ကုသိုလ်က ကောင်းကျိုးချမ်းသာပေးတဲ့ သဘောအနေနဲ့ တစ်မျိုးတည်းပါ။
ဒါပေမဲ့ ဒါနက စီးပွား ဥစ္စာပြည့်စုံရရှိမှုကိုလည်း ထပ်ပြီး အကျိုးပေးတယ်။ သီလကအသက်ရှည်
ကျန်းမာစေတယ်။ သမထက နှလုံးစိတ်ဝမ်းအေးချမ်းတည်ကြည်မှုကို ရစေတယ်။ အသိဉာဏ် တိုးတက်တဲ့
အကျိုးကိုတော့ ၀ိပဿနာက ပေးစွမ်းနိုင်တယ်။
ကောင်းကျိုး ချမ်းသာ အမျိုးမျိုးကို စုံနေအောင်ရချင်၊ ခံစားချင်တဲ့
သူတွေအတွက် ကုသိုလ်ကိုလည်း အမျိုးစုံ အောင်လုပ် ကြဖို့ အရေးကြီးတယ်။ ကုသိုလ်တရားကို
အားထုတ်ရမယ်။
သီးခြားအနေနဲ့ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာအောင်နေတတ်ပြီး၊
နိဗ္ဗာန်ချမ်းသာအထိ အလိုရှိတယ်ဆိုရင် သတိ ပဋ္ဌာန် တရားကို ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။
(၃)
မေး - နိဗ္ဗာန်ချမ်းသာရဖို့ တရားအားထုတ်ရတာ လွယ်ကူပါသလား။
ဖြေ - နိဗ္ဗာန်ရဖို့ သတိပဋ္ဌာန်တရားအားထုတ်ရတာ "လွယ်ပါတယ်"
လို့ ဖြေရင် နိဗ္ဗာန်၊ နိဗ္ဗာန်နဲ့စပ်တဲ့ တရားတွေကို ပေါ့ပေါ့ဆဆ ဂရုမစိုက်ဘဲ ဖြေလိုက်သလို
ဖြစ်လို့တရားတော်ကို မလေးစားရာ၊ ဂါရ၀ မရှိရာ ရောက်သွားနိုင်ပါတယ်။
ဒါဖြင့် "ဘယ်လွယ်ပါ့မလဲ၊ မလွယ်ကူဘူး" လို့ဖြေရင်လည်း
နိဗ္ဗာန်ချမ်းသာကို လိုလားကြတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေရဲ့ သဒ္ဓါ၊ ဆန္ဒ၊
ဝီရိယတွေကို လျော့နည်းသွားစေတတ်လို့ ဒီလိုလည်း မဖြေသင့်ပါဘူး။ ထမင်းအိုး တည်တာနဲ့ လေယာဉ်ပျံမောင်းတာဘယ်ဟာ
လွယ်သလဲမေးရင် ထမင်းအိုးတည်တာ လွယ်ပါတယ်လို့ လွှတ်ခနဲ ဖြေကြ မှာပါ။ ထမင်းအိုးတည်တတ်ပေမယ့်
လေယာဉ်မမောင်းတတ်၊ လေယာဉ်မောင်းတတ်ပေမယ့် ထမင်းအိုး မတည် တတ်၊ နှစ်မျိုးလုံး လုပ်တတ်၊နှစ်မျိုးလုံး
မလုပ်တတ်တဲ့ သူတွေလည်း ရှိပါတယ်။
တကယ်တမ်းကျတော့ ထမင်းအိုး တည်တာပဲဖြစ်ဖြစ်၊ လေယာဉ်မောင်းတာပဲ
ဖြစ်ဖြစ်၊ ဘယ်အလုပ်ပဲဖြစ်ဖြစ်၊ လုပ်ချင်စိတ် ရယ်၊ လုပ်တတ်တာရယ်။ လုပ်နေကျရယ် (၃) မျိုးစုံရင်
လွယ်တယ်။ မစုံရင် မလွယ်ဘူး။နိဗ္ဗာန်ရဖို့ သတိပဋ္ဌာန် အလုပ် လည်း ဒီအတိုင်းပါပဲ။လုပ်ချင်တဲ့
စိတ်ဆန္ဒရယ်၊ လုပ်တတ်တဲ့ အသိဉာဏ်ရယ်၊ လုပ်နေကျ ၀ီရိယရယ် ဒီသုံးမျိုး ပြည့်စုံရင် လွယ်တယ်။
ဒီသုံးမျိုး မပြည့်စုံရင် မလွယ်ဘူး။ စိတ္တ၊ ဆန္ဒ၊၀ီမံသ၊ ၀ီရိယ ဆိုတဲ့ သတ္တိတွေ အားကောင်းဖို့
အရေးကြီးတာ ပါပဲ။
နိဗ္ဗာန်ရဖို့ သတိပဋ္ဌာန်တရား အားထုတ်တယ်ဆိုတာ ဘာဝနာ ကုသိုလ်ပါ။
စိုးရိမ်သောကကို ပျောက်စေတယ်။ ငိုကြွေးမှု ကင်းတယ်။ ကိုယ်ဆင်းရဲ ဒုက္ခလည်းပျောက်တယ်။
စိတ်ဆင်းရဲလည်း မဖြစ်တော့ဘူး။ စိတ်စင်ကြယ်တယ်။ အရိယာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရနိုင်တယ်။
နိဗ္ဗာန်ကို ရနိုင်၊ ရောက်နိုင်၊ မျက်မှောက်ပြုနိုင်တယ်။ဒီအကျိုးတရားတွေကို သတိပဋ္ဌာန်
အားထုတ်မှု၊ဘာဝနာ ကုသိုလ်က ပေးတာပါ။ ဘာဝနာကုသိုလ် ဆိုတာစိတ်အလုပ် လုပ်ရတာပါ။ ကုသိုလ်တရားတွေ
မိမိ စိတ်မှာဆထက်တပိုး တိုးပွားအောင် ကြိုးစားနေရတယ်။ မကောင်းတဲ့ အပြစ်ဖြစ်စေတဲ့ ကိလေသာ
နီဝရဏတွေကို ဖယ်ရှားပစ်နေတဲ့ အလုပ်ကို ဘာဝနာလို့ ခေါ်ပါတယ်။
စိတ်အလုပ်ကို လုပ်တယ်ဆိုတော့ နိဗ္ဗာန်ကိုလိုချင်တဲ့ စိတ်ဆန္ဒ
ရှိရမယ်။ နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့သတိပဋ္ဌာန်၊ မဂ္ဂင် တရား အလုပ်ကို လုပ်တတ်ရမယ်။ လုပ်လည်း
လုပ်နေကျ ဖြစ်ရတယ်။ အဲဒီလိုဆိုရင် နိဗ္ဗာန်ကိုရဖို့သေချာသွားတယ်။ လွယ်ကူသွားပါတယ်။
(၃)
မေး - နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့ တရားအားထုတ်နည်းကို
အခြေခံကျကျနားလည်အောင် ရှင်းပြပေးပါ။
ဖြေ - နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့ မဂ္ဂင်တရားဖြစ်စေတဲ့ အားထုတ်မှုကတော့
သတိပဋ္ဌာန်တရား အားထုတ်တယ်မှုပဲဖြစ် တယ်။ သတိပဋ္ဌာန်အားထုတ်တယ်ဆိုတာ သတိထားရတာ။ မိမိရဲ့
စိတ်ထဲမှာ သတိအမြဲ ရှိနေဖို့ အဓိကပါပဲ။
နားလည်အောင်ပြောရင် သိစရာမျိုးစုံ အာရုံတွေနဲ့ဒီသိစရာ အာရုံတွေကို
သိတတ်တဲ့ စိတ်ဆိုတာ (၂) မျိုးရှိတယ်။ သိ တတ်တဲ့ စိတ်ဟာ ဘယ်လိုသိစရာအာရုံကို မဆိုသိတတ်တယ်။
သတိမရှိတဲ့ စိတ်ဟာ မကောင်းတဲ့ အာရုံကိုအရောက်များပြီး မကောင်းတဲ့
စိတ် ဖြစ်တတ်တယ်။မကောင်းကျိုး ရတတ် တယ်။ သတိရှိတဲ့ စိတ်က ကောင်းတဲ့အာရုံကို အရောက်များပြီး
ထားသလို နေတယ်။ ကောင်းတဲ့စိတ်လည်း ဖြစ်တယ်။ ကောင်းကျိုးတွေလည်း ရနိုင်တယ်။
စိတ်ကို သတိရှိအောင်ထားရတဲ့ သတိပဋ္ဌာန်တရားဟာ တစ်မျိုးတည်း
ဖြစ်ပေမယ့် သတိထားစရာ အာရုံတွေက လေးမျိုးကွဲ သွားလို့ သတိပဋ္ဌာန် လေးပါးလို့ ဖြစ်လာ တယ်။
ရုပ်ခန္ဓာ၊ ရုပ်ဓာတ်တွေ စုပေါင်းထားတဲ့ ကာယ အရှုခံအာရုံ။
စိတ်နဲ့ အမြဲယှဉ်ပြီး အာရုံရဲ့ အရသာကို ကောင်းကောင်းဆိုးဆိုး
ခံစားတတ်တဲ့ ဝေဒနာ အရှုခံအာရုံ။
အာရုံနဲ့ဆုံတိုင်း ဆုံတိုင်း အာရုံကိုသိနေတဲ့ စိတ် အရှုခံ
အာရုံ။
ရုပ်ဓာတ်၊ နာမ်ဓာတ်တို့ရဲ့ သဘောတရား ဓမ္မအရှုခံအာရုံ လို့
(၄) မျိုး ရှိတယ်။
ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ စိတ္တာနုပဿပနာ
သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန် လို့ ခေါ်ပါတယ်။
ကာယဆိုတာက ရုပ်ဓာတ်၊ ရုပ်ကလာပ်တွေ ပေါင်းစပ်ဖွဲ့စည်းနေတဲ့သဘောမို့
ရုပ်တရားလို့ ခေါ်နိုင်ပါတယ်။ ဝေဒနာ ဆိုတာက
စိတ်နဲ့ အမြဲယှဉ်တွဲနေတဲ့ ခံစားမှု နာမ်တရား
ဖြစ်တယ်။ အာရုံကို သိတတ်၊ ညွှတ်တတ်တဲ့စိတ်ကလည်း နာမ် တရား။ သဘောတရားမျှသာရှိတဲ့ ဓမ္မ ဆိုတာကလည်း ရုပ်ဓမ္မ၊ နာမ်ဓမ္မ၊ ရုပ်တရား၊ နာမ်တရားရယ်လို့ သဘောတူရာ တူရာ
ခွဲခြားနိုင်ပြန်တော့ အရှုခံအာရုံတွေဟာ ရုပ်အာရုံပဲ ရှိပါတယ်။
တရားအားထုတ်တဲ့ ယောဂီပဲ ဖြစ်ဖြစ်၊ အားမထုတ်တဲ့သူပဲ ဖြစ်ဖြစ်၊
ရုပ်တရား၊ နာမ်တရားတွေနဲ့ ဖွဲ့စည်းထားတာပါ။ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်ဆိုတာတွေဟာအခေါ်အဝေါ်
သတ်မှတ်ချက်တွေပါ။ တကယ် ရှိတာက ရုပ်တရား၊ နာမ်တရားပဲ ရှိပါတယ်။
ရုပ်သဘောက ကိုယ်ကောင်ကြီး တစ်ခုလုံးနဲ့စပ်ပြီး၊အမျိုးမျိုး
ဖောက်ပြန် ပြောင်းလဲနေကြပါတယ်။ ကိုယ်မှာ ဖြစ်ပေါ်တတ် တဲ့ ပူမှု၊ အေးမှု၊ နာမှု၊ ကျင်မှု၊
တိုးမှု၊ လှုပ်မှု၊ငြိမ်မှု၊ ထိမှု၊ မာမှု၊ ပျော့မှု စတာတွေဟာ ရုပ်သဘောတွေပါပဲ။
နာမ်သဘောက စိတ်၊ စိတ်နဲ့ စပ်ပြီး အာရုံကိုသိတတ်၊ ညွှတ်တတ်၊
ရောက်တတ်တဲ့ သဘော။ စိတ်မှာဖြစ်တဲ့ လိုချင်မှု၊ ခွင့်လွှတ်မှု၊ သဘောကျမှု၊ သဘောမကျမှု၊အိပ်ချင်ငိုက်မြည်းမှု၊
အမြင်မှားမှု စတဲ့ သဘောတွေဟာနာမ်တရား သဘောတွေပေါ့။
ရုပ်နာမ်ဆိုတဲ့ ဒီသဘော (၂) မျိုးသာ မိမိမှာရှိတာကို ကွဲကွဲပြားပြား
သိရအောင်လို့ ဒီလိုစိတ်ကူးဉာဏ်နဲ့သဘောအမှန် သိအောင် ခွဲခြားကြည့်ရအောင်။
မိမိလို့ ခေါ်တဲ့ လူအစစ်ရယ်၊ မိမိနဲ့ ခွဲမရအောင်တူတဲ့ မြေဖြူ
ပလပ်စမာနဲ့ ထုလုပ်ထားတဲ့ ပုံစံတူ ရုပ်အတုရယ်လို့ (၂) မျိုး ထိုင်နေတဲ့ ပုံစံနဲ့ ရှိတယ်ဆိုပါစို့။
တခြားတစ်ယောက်က ခြောက်ပေါင်လေးတဲ့ သံတူနဲ့ နှစ်ယောက်လုံးရဲ့ ခေါင်းကို ထုခွဲလိုက်ရင်ဘယ်သူကွဲပြီး၊
ဘယ်သူ သိမလဲ။
အတုရော အစစ်ပါ ကွဲပြီး၊ ကွဲတာကို လူအစစ်ကသိတယ်။
ဓားတစ်လက်နဲ့ လက်ကို ခုတ်ဖြတ်လိုက်ရင် အတုရော အစစ်ပါ ပြတ်ပြီး၊
ပြတ်တာကို လူအစစ်က သိတယ်။ ခြေမ တစ် ချောင်းကို ထုခြေလိုက်ရင် အတုရော အစစ်ပါကွဲတယ်၊
ကြေတယ်၊ ပဲ့တယ်၊ နာတယ်၊ ပွန်းတယ်။ ကွဲတာ၊ကြေတာ၊ ပဲ့တာ၊ နာတာ၊ ပွန်းတာကိုတော့ လူအစစ်ကသာသိနိုင်တယ်။
မီးနဲ့ တိုက်ပြီး ရှို့ရင်လည်း အတုရော အစစ်ပါ မီးလောင်လို့ ပူပြီး ပူတာကိုတော့ လူအစစ်ကသာ
သိပါတယ်။
ကွဲသဘောနဲ့ ကွဲသဘောကို သိမှု။
ပြတ်သဘောနဲ့ ပြတ်သဘောကို သိမှု။
ပဲ့သဘောနဲ့ ပဲ့သဘောကို သိမှု။
နာသဘောနဲ့ နာသဘောကို သိမှု။
ပွန်းသဘောနဲ့ ပွန်းသဘောကို သိမှု။
ပူသဘောနဲ့ ပူသဘောကို သိမှုလို့ ခွဲခြားနားလည်နိုင်ပါတယ်။
ကွဲတယ်၊ ပြတ်တယ်၊ ပဲ့တယ်၊ နာတယ်၊ ပွန်းတယ်၊ ပူတယ် ဆိုတဲ့
သဘောတွေဟာ ကိုယ်ကောင်ကြီးနဲ့စပ်ပြီးတော့ဖြစ်တဲ့ ဖောက်ပြန်ပြောင်းလဲမှုသဘောပါ။ ပါဠိလို
ရူပံ၊ မြန်မာလို ဖောက်ပြန်ပြောင်းလဲမှု ရုပ်တရားပေါ့။
ကိုယ်နဲ့ စပ်ပြီး ဖြစ်ပေါ်နေတဲ့ ရုပ်သဘောအတိုင်းကို သိ သိ
နေတတ်တဲ့ စိတ်၊ နောက်ပြီး စဉ်းစားစရာအာရုံတိုင်းကို စဉ်းစား နေတတ်တဲ့ စိတ်၊ အာရုံကို
ပြုတတ်၊ညွှတ်တတ်၊ သိတတ်တဲ့စိတ်ကို ပါဠိလို နာမံ၊ မြန်မာလိုတော့နာမ်တရားလို့ ခေါ်တယ်။
သတိကပ်ပြီး ဒီရုပ်၊ ဒီနာမ်တရားတွေကို "ရုပ်"
"နာမ်"ရယ်လို့ သိ သိနေတာကို အနုပဿနာ သတိပဋ္ဌာန် ဖြစ်တယ်လို့ ခေါ် တယ်။ ရုပ်,ရုပ်၊
နာမ်,နာမ်ရယ်လို့ နှုတ်ကဆိုရတာမဟုတ်။ စိတ်က ရွတ်ရတာ မဟုတ်ဘူး။ ဖောက်ပြန်တတ်တဲ့ သဘော။
သိတတ်၊ ညွှတ်တတ်တဲ့ သဘောလို့နားလည်အသိရှိနေရင် အနုပဿနာ သတိပဋ္ဌာန်ဖြစ်ပါတယ်။
အနု
ဆိုတာ ထပ်ခါ ထပ်ခါ အားထုတ်မှု (၀ီရိယ)၊ ပဿနာဆိုတာ
မြင်အောင်ကြည့်နေတတ်တဲ့ အသိဉာဏ် (ပညာ)၊ သတိပဋ္ဌာန်ဆိုတာ
အမှတ်ရမှု၊ အမှတ်ရှိမှု (သတိ) ကိုခေါ်ပါတယ်။
ဒါကြောင့် အရှုခံ ဖြစ်တဲ့ အာရုံရုပ်တရား၊ နာမ်တရားကို သတိ၊
ဝီရိယ၊ ပညာနဲ့ သဘောအမှန်အတိုင်းသိအောင် ထပ်ခါ ထပ်ခါ အမှတ်တရ ရှုကြည့်နေခြင်းကိုအနုပဿနာ
သတိပဋ္ဌာန်လို့ခေါ်ပါတယ်။ သတိပဋ္ဌာန်တရား အားထုတ် နေခြင်းပဲ ဖြစ်ပါတယ်။
(၄)
မေး - နိဗ္ဗာန်ချမ်းးသာကို လိုချင်လို့ သတိပိပဋ္ဌာန်တရား အားထုတ်တာဟာ လောဘပဲမဟုတ်ပါလား။
ဖြေ
- လိုချင်မှုက နှစ်မျိုး ရှိပါတယ်။
အကြောင်းအကျိုးကိုလည်း နားမလည်၊ ရရှိနိုင်ဖို့နည်းလမ်းဖြစ်တဲ့
အလုပ်ကိုလည်း မလုပ်၊ ဘာမှ သေသေချာချာ နားလည်မှု မရှိဘဲ ရဖို့၊ ပိုင်ဆိုင်ဖို့ တစ်ခုတည်းသာကြည့်ပြီး
လိုချင်မှုသဘောသက်သက်က တစ်မျိုး။အကြောင်းအကျိုး လည်း နားလည်၊ ရနိုင်ကြောင်း နည်းလမ်း
အလုပ်ကိုလည်း သိရမယ်လို့ ယုံကြည်မှုလည်း အပြည့်နဲ့ လုပ်ယူတဲ့ လိုချင်မှု သဘောက တစ်မျိုးလို့
နှစ်မျိုး ရှိပါတယ်။
နွားကျောင်းသားငယ် တစ်ယောက်က နွားကျောင်းထွက်တယ် ဆိုပါစို့။
နွားကျောင်းသားတွေရဲ့ ထုံးစံအတိုင်း နွားလည်း ကျောင်းရင်း၊ ငှက်လည်း ပစ်ရင်းပေါ့။ လက်တစ်ဖက်က
လေးခွနဲ့၊ ပခုံးလွယ်ထားတဲ့ လွယ်အိတ်ထဲမှာလည်း လောက်စာ လုံးတွေနဲ့ပေါ့။ ပုဆိုးအဟောင်းကလည်း
တိုတိုဝတ်ထားတယ်။
နွားကျောင်းနေရင်း သစ်ပင်ပေါ်မှာ ငှက်တစ်ကောင်ကို တွေ့တယ်။
ဒီတော့ ငှက်ကို လိုချင်တယ်။ ပစ်လည်း ပစ်ချင်တယ်။ ငှက်ကို ပစ်ဖို့ လောက်စာလုံးကိုလည်း
လိုချင်လို့ လွယ်အိတ်ထဲကို နှိုက်ရတယ်။
လောက်စာလုံးကို ကြည့်ပြီး နှိုက်မလား၊ ငှက်ကိုကြည့်ပြီး
နှိုက်မလား။
"ပျံသွားတော့မှာပဲ၊ လွတ်သွားတော့မှာပဲ" ဆိုတဲ့စိုးရိမ်စိတ်
တန်းလန်းနဲ့ ငှက်ကိုလည်း လိုချင်လို့ ကြည့်နေတယ်။ လွယ်အိတ်ထဲမှာ လောက်စာလုံး ရှိတယ်။
နှိုက်ယူလိုက်ရင် ရမယ်လို့လည်း သိတယ်။ ယုံလည်း ယုံကြည်တယ်။ နှိုက်ယူတယ်။ လွယ်အိတ်ထဲကိုတော့
ငုံ့မကြည့်ဘူး။ နှိုက်ယူတဲ့ အလုပ်ပဲ လုပ်တယ်။ ရလည်း ရတယ်။
မသေချာဘဲ ငှက်ကို စိုးရိမ်ပူပန်စိတ်နဲ့ လိုချင်နေတာက လောဘလိုချင်မှုလို့
ခေါ်တယ်။ဒီလွယ်အိတ်ထဲမှာ ဒီလို ရှိတယ်။ ဒီလို နှိုက်ယူရင်ရမယ်။ နှိုက်လည်း နှိုက်ယူတယ်။
သေချာပေါက် ရတယ်ဆိုတဲ့ အလုပ်မျိုးကို လုပ်ပြီး လိုချင်မှုကတော့ ဆန္ဒလိုချင်မှုလို့ခေါ်တယ်။
လိုချင်မှု နှစ်မျိုးက ကွာခြားပါတယ်။
သာမန်လောကီ ကိစ္စရပ်တွေမှာကိုပဲ လောဘသဘောနဲ့ ဆန္ဒသဘော လိုချင်မှုတွေဟာ
ကွဲပြားခြားနားသိသာပါတယ်။
ကာမဂုဏ်အာရုံတွေကို လိုချင်မှုနဲ့ နိဗ္ဗာန်ကိုလိုချင်မှုသဘောဟာ
ပိုပြီး ကွဲကွဲပြားပြား သိသာပါတယ်။ နိဗ္ဗာန်ကို လိုချင်မှု၊ နိဗ္ဗာန်ကို ရစေ၊ ရောက်စေနိုင်တဲ့အလုပ်ဖြစ်တဲ့
မဂ္ဂင်ရှစ်ပါး၊ သတိပဋ္ဌာန်တရား အားထုတ်မှုတွေဟာ လောဘ၊ လိုချင်မှု မဟုတ်ပါဘူး။ ကောင်းမြတ်တဲ့ဆန္ဒ
လိုချင်မှုသာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ လောဘ၊မောဟ၊ဒေါသတွေကင်းရာ
နိဗ္ဗာန်ဆိုတဲ့ အေးငြိမ်းချမ်းသာခြင်းတရားကိုရ ဖို့ တရားအားထုတ်ကြပါတယ်။ အဲလို ချမ်းသာမှုကို
ရဖို့ သိသင့်တဲ့ အခြေခံအကြောင်းလေးတွေရယ်၊ ပြီးတော့ တရား ဘာဝနာပွားများကြရမှာ သမထနဲ့ ၀ိပဿနာလို့ ဘာကြောင့်များ ကွဲပြားနေရပါလိမ့်ဆိုတဲ့
သိချင်စိတ်အတွေးလေးတွေ ရယ်ကို အဖြေရှာဖို့ ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ ရဲ့စာအုပ်လေးထဲကနေကူးယူဖော်ပြလိုက်ပါတယ်။
မေး
- ချမ်းသာမှုကို ရဖို့ သိသင့်တဲ့ အခြေခံအကြောင်းတွေကို ပြောပြပေးပါ။
(၅)
ဖြေ - ချမ်းသာဆိုတာကို ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာလို့
သုံးမျိုး ခွဲခြားထားလိုက်ပါ။
ကိုယ်ဆင်းရဲမှု ဒုက္ခ၊ စိတ်ဆင်းရဲမှု ဒေါမနဿတန်းလန်းနဲ့တော့
သစ္စာလေးပါးတရားကို ထိုးထွင်းပြီးမသိနိုင်ဘူး။ ကိုယ် ချမ်းသာမှု သုခ၊ စိတ်ချမ်းသာမှုသောမနဿနဲ့သာ
သစ္စာလေးပါးတရားကို ထိုးထွင်းသိနိုင်တယ်။ နိဗ္ဗာန်ချမ်းသာကို ရနိုင်၊ ရောက်နိုင်၊ မျက်မှောက်ပြုနိုင်တယ်လို့
ဘုရားရှင် မိန့်တော်မူတယ်။
သာမန် ပုဂ္ဂိုလ်တွေအနေနဲ့ ကိုယ်ဆင်းရဲတာကိုအကြောင်းပြုပြီး
စိတ်ဆင်းရဲတတ်ကြတယ်။ စိတ်ဆင်းရဲတဲ့အကုသိုလ် စိတ်နဲ့ နိဗ္ဗာန်ကို မမြင်နိုင်ဘူး။ ကိုယ်ချမ်းသာရင်တော့
စိတ်ချမ်းသာ ဖြစ်တတ်ကြတယ်။ စိတ်ချမ်းသာတဲ့ကုသိုလ်စိတ်နဲ့ နိဗ္ဗာန်ချမ်းသာကို မြင်နိုင်
တွေ့နိုင်တယ်။
ဒါ့ကြောင့် နိဗ္ဗာန်ချမ်းသာရလိုတဲ့ သူတွေဟာ ကိုယ်ချမ်းသာ၊စိတ်ချမ်းသာ
ဖြစ်အောင်တော့ နေတတ်ရမယ်။ သတိပဋ္ဌာန် တရား လက်ကိုင်ထားပြီးလည်း နေတတ်ရမယ်။
သတိသမ္ပဇဉ် အသိဉာဏ်ယှဉ်တဲ့ စိတ်နဲ့လောကကိုသဘောပေါက် နားလည်ပြီး
ကိုယ်ချမ်းသာ စိတ်ချမ်းသာအောင် နေတတ်ရတယ်။
ရာသီဥတုအနေနဲ့ ပူလွန်းရင်၊ အေးလွန်းရင်ကိုယ်ဆင်းရဲမှုကို
ဖြစ်စေတယ်။ ရာသီဥတု ဖောက်ပြန်မှုလွန်ကဲမှုနဲ့ တွေ့ကြုံရင် ပြုပြင်ပြီး ဥတုညီမျှအောင်
နေတတ်ရတယ်။ ဒါမှ ကိုယ်ချမ်းသာတယ်။
အစားအသောက် ကိစ္စမှာလည်း မတည့်တာ မစားရဘူး၊ လွန်လွန်ကဲကဲလည်း
မစားရဘူး။ သင့်တော်တဲ့အစာကို မျှတရုံပဲ စားရတယ်။ ကျန်းမာရေးနဲ့ လျော်တာကိုစားရတယ်။
ဒါမှလည်း ကိုယ်ချမ်းသာတယ်။
ကိုယ်ဆင်းရဲ အပင်ပန်းခံလွန်းတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း အတူသွား၊
အတူလာ၊ အတူနေ မနေသင့်ဘူး။ ဘာလို့လည်း ဆိုရင် သူတို့နဲ့ အနေများပြီး သူတို့ လုပ်တဲ့အလုပ်မျိုးကို
သဘောကျ အဟုတ်ထင် အတုလိုက်ပြီးလုပ်ရင် ကိုယ်လည်းပဲ ဆင်းရဲ ပင်ပမ်းမှာပဲ။ သူတို့နဲ့လည်းရှောင်ရမယ်။
ကိုယ်ကိုယ်တိုင်လည်း မစွမ်းနိုင်တဲ့ လွန်ကဲတဲ့ကိုယ်အားထုတ်မှု၊ ပင်ပန်းခံမှု အလုပ်မျိုးကို
ရှောင်ရတယ်။
နောက်တစ်ခု, နေထိုင်နည်းက ပိုပြီး အရေးကြီးတယ်။ အထိုင်
ကြာလို့ ဖြစ်ဖြစ်၊ အရပ် ကြာလို့ ဖြစ်ဖြစ် ဣရိယာပုတ် အမူ အယာ တစ်မျိုးတည်းနဲ့ အနေကြာရင်နာကျင်ကိုက်ခဲမှု
ကိုယ်ရောဂါတွေ ပြင်းပြင်းထန်ထန်ဖြစ်လာတယ်။ ကိုယ်ဆင်းရဲ ပင်ပမ်းတယ်။ ကိုယ်ချမ်းသာဖို့အတွက်
ဣရိယာပုတ် အမူအယာတွေကို သင့်တော်တဲ့အချိန်မှာ သင့်တော်သလို ပြောင်း ပေး၊ ရွှေ့ပေး၊ ပြုပြင်ပေးရတယ်။
စိတ်ချမ်းသာအောင် နေဖို့ကတော့ မိမိရဲ့စိတ်ကိုကုသိုလ်စိတ်ဖြစ်အောင်
နေပေးရမယ်။ ကုသိုလ်ဖြစ်မှ စိတ်ချမ်းသာတယ်။ ကုသိုလ်စိတ်ဖြစ်ချင်ရင် ကောင်းတဲ့အာရုံမှာကောင်းတဲ့
စိတ်ဖြစ်အောင် ထားနိုင်ရတယ်။ စိတ်ဆိုတာကအာရုံမကောင်းရင် စိတ်မကောင်း ဖြစ်တတ်တယ်။ စိတ်ဆင်းရဲတယ်။
အာရုံကောင်းရင်တော့ စိတ်ကောင်း စိတ်ချမ်းသာမှုကို ရနိုင်တယ်။ ဒါ့ကြောင့် ကုသိုလ်စိတ်ကောင်းဖြစ်ဖို့
အာရုံကောင်းနဲ့ နေတတ်ရတယ်။ ဒါက တစ်နည်းပေါ့။
နောက်တစ်နည်းကတော့ အာရုံကောင်းကောင်း၊မကောင်းကောင်း မိမိစိတ်
ကောင်းနေဖို့ပဲ။ မိမိစိတ်ကောင်းဖို့ဆိုရင် စိတ် ထဲမှာ သတိ၊ ၀ီရိယ၊ အသိဉာဏ်တွေ အမြဲရှိနေရမယ်။
အာရုံကောင်းကိုသာ ရွေးမရှာဘဲ စိတ်ကို ကောင်းအောင် ထားတဲ့ နည်းလို့ ခေါ်တယ်။ အာရုံရဲ့
သဘောကိုအမှန်အတိုင်း သိအောင် ကြည့်နေနိုင်တဲ့ သတိဝီရိယ အသိÓဏ်ရှိနေရင် အမြဲ တမ်း စိတ်ချမ်းသာပါမယ်။
စိတ်ချမ်းသာဖြစ်ဖို့ အာရုံကောင်းကို ပြောင်းပြီးကြည့်နေနိုင်အောင်
ကြိုးစားထားတာက သမထ ဘာဝနာစိတ်။စိတ်ကောင်း၊ စိတ်ချမ်းသာဖြစ်ဖို့ အာရုံကောင်းကောင်း၊
မကောင်းကောင်း၊ အာရုံကို မပြောင်းဘဲ ကိုယ့်စိတ်မှာသာ သတိ၊ အသိရှိနေ အောင် ကြိုးစားနေတာက၀ိပဿနာ
ဘာဝနာစိတ်။
ဒီသဘောတွေဟာ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာ၊နိဗ္ဗာန်ချမ်းသာရဖို့
သိထားသင့်တဲ့ အခြေခံအကြောင်းတွေပါပဲ။
(၆)
မေး - ဘာဝနာချင်းတူပါလျက် သမထနဲ့ ၀ိပဿနာ ကွဲနေရတဲ့ သဘောကိုရှင်းပြပါ။
ဖြေ
- လောဘ, ဒေါသ,မာန်မာန စတဲ့ မကောင်းတဲ့သတ္တိတွေ လျော့နည်းစေပြီး၊ ကင်းစေပြီး၊ သဒ္ဓါ, ၀ီရိယ,
သတိ, ပညာ ဆိုတဲ့ သတ္တိကောင်း၊ ဓာတ်ကောင်းတွေ မိမိရဲ့စိတ်ဓာတ်မှာ တိုးပွား တိုးပွားပြီးလာစေတာက
ဘာဝနာအလုပ်ပါ။
သမထ ဘာဝနာက အာရုံကို မထင်ရှား၊ မသိသာအောင် ဖုံးကွယ်ထားတဲ့
နီဝရဏတွေကို ဖယ်ခွာထားနိုင်တယ်။ ၀ိပဿနာ ဘာဝနာကတော့ မကောင်းကျိုးဆင်းရဲဒုက္ခအမျိုးမျိုးကိုပေးနိုင်တဲ့
ကိလေသာတွေကို ဖယ်နိုင်တယ်။
သမထရော ၀ိပဿနာပါ ကုသိုလ် စိတ်ဓာတ်ကောင်းတွေကိုတိုးပွားလာစေတာခြင်းကတော့
အတူတူပါပဲ။ သတိတရားကို အခြေခံထားပြီး အားထုတ်ရတာလည်း အတူတူပါပဲ။
သတိအားကောင်းတဲ့အခါ အာရုံပေါ်မှာ စိတ်ရဲ့တည်နေမှု၊ အဲဒီတည်နေမှုမှာ
ကြည်လင်စေတတ်တဲ့သဘော၊တည်ကြည်မှု သမာဓိဟာ အားကောင်းလာတတ်တယ်။
သမာဓိအားကောင်းလို့ သမာဓိကသာ ဦးဆောင်ပြီး ရှုပွားတဲ့ဘာဝနာကို
သမထဘာဝနာလို့ ခေါ်တယ်။ သတိအား ကောင်း တဲ့အခါ အာရုံရဲ့ အရှိအတိုင်းအမှန်သဘောတရားကို
ရှိတဲ့၊ မှန်တဲ့အတိုင်း သိတတ်တဲ့အသိဉာဏ်ပညာဟာလည်း အား ကောင်းလာတတ်တယ်။
အားကောင်းတဲ့ အသိဉာဏ်ပညာက ဦးဆောင်ပြီး ရှုပွားတဲ့ဘာဝနာကိုတော့
ဝိပဿနာဘာဝနာလို့ ခေါ်ပါတယ်။ သမထ အာရုံက ကသိုဏ်းနိမိတ်၊ ပညတ်အာရုံများတယ်။ မိမိ နှလုံးသွင်းလိုတဲ့
အာရုံကို ရွေးချယ်ပြီး နှလုံးသွင်းတယ်။ ၀ိပဿနာ အာရုံက ရုပ်နာမ်သင်္ခါရ ပရမတ်တရားတို့ရဲ့
အရှိအတိုင်း အာရုံတွေကို အရှိအမှန်အတိုင်းသိအောင် ကြည့်ရတာ ဖြစ်တယ်။ သမထ အားထုတ်ရင်
အလုပ်၊ နေရာ၊အချိန်၊ ဣရိယာပုတ် ရွေးနေတာ များတယ်။ ၀ိပဿနာကအလုပ်မရွေး လုပ်ကိုင်ရင်း
ရှုနိုင်တယ်။ နေရာမရွေး နေထိုင်ရင်း ပွားများနိုင်တယ်။ အချိန်အခါမရွေး အမြဲတမ်း အားထုတ်နိုင်တယ်။
ဣရိယာပုတ် အမူအယာ မရွေး ပြောင်းပြင်ရင်းလည်း ရှုမှတ်ပွားများ အားထုတ်နိုင်တယ်။
သမထနဲ့ ၀ိပဿနာ ကွာခြားတာကို သိသာအောင်ဆိုရင် မိမိက မိမိအိမ်မှာ
မိမိပိုင်တဲ့ အပေါ်စက် တီဗွီ၊အောက်စက် ဗီဒီယိုနဲ့ ဗီဒီယိုတိတ်ခွေ ရုပ်ရှင်ကားကို ထည့်ပြီးကြည့်နေတယ်
ဆိုပါစို့။
အသံ တိုးနေရင် အကျယ် ချဲ့ပေးလိုက်မှာပဲ။အရောင် မှိန်နေရင်
အရောင် တင်ပေးလိုက်မှာပဲ။ နောက်ပြီးပြနေတဲ့ ကားကို မကြိုက်ရင် ကြိုက်တဲ့ကားနဲ့ ပြောင်းပစ်လိုက်တာပဲ။
အငြိမ့်ကားကြည့်ချင်ရင် အငြိမ့်ကား၊ စစ်ကားကြည့်ချင်ရင် စစ်ကားပေါ့။ မိမိကြည့်ချင်တဲ့
အခွေကို မိမိကြိုက်သလို ကြည့်နေတတ်ပါတယ်။
တကယ်လို့ သူများအိမ် ရောက်နေတဲ့ အချိန်မှာသူများတွေကလည်း
အပေါ်စက်၊ အောက်စက်နဲ့ ဗီဒီယိုကြည့်နေရင် မိမိလည်း ကြည့်မိနေမှာပဲ။ အဲဒီအခါ အသံတိုးရင်
ဝင်ပြီးအသံ ချဲ့မလား၊ အရောင် မှိန်ရင် အရောင်တင်မလား၊ မိမိ မကြိုက်တဲ့ အခွေ ဖြစ်နေရင်
ကြိုက်တဲ့အခွေနဲ့ အစားထိုးလဲပြီး ကြည့်မလား။ဘယ်ကြည့်မလဲ။ သူပြတဲ့အတိုင်း ကြည့်မှာပေါ့။
မိမိရဲ့ အိမ်၊ မိမိပိုင်တဲ့၊ ဆိုင်တဲ့ ပစ္စည်းတွေမှ မဟုတ်ဘဲ။ဒီလောက်တော့
သဘောပေါက် နားလည်ပါတယ်။အဲဒီလို သဘောပေါက်ရင် သမထဆိုတာကမိမိကြည့်ချင်တဲ့ ကသိုဏ်းနိမိတ်
ပညတ်အာရုံကို နှလုံးသွင်းကြည့်တာ။ ၀ိပဿနာ ဆိုတာက ကိုယ်နဲ့မဆိုင် ကိုယ်မပိုင်သူ့သဘောအတိုင်း
ပြနေတဲ့ ရုပ်နာမ်ပရမတ်အာရုံရဲ့ အရှိကို အရှိအတိုင်း သိနေတာ၊ ကြည့်နေတာကို ခေါ်ပါတယ်။
ဘာဝနာသဘောချင်းတူပေမယ့် အာရုံခြင်း၊ နှလုံးသွင်းခြင်း၊ဦးဆောင်မှုခြင်း
ကွာခြားပါတယ်။
To
be continued…….
Note:
စိတ်ဝင်စားဖွယ်အမေးအဖြေအချို့ကို ဆက်လက်ဖော်ပြပေးပါ့မယ်ခင်ဗျာ…..
No comments:
Post a Comment