Friday, June 27, 2014

မံမီများနဲ့တွေ့ဆုံခြင်း



ပြာလဲ့လဲ့ မြစ်တစ်စင်း ဖြတ်သန်းစီးဆင်းနေတဲ့အရပ်...
ဒဏ္ဍာရီပုံပြင်တစ်ခုလို ဂူအောင်းထားတဲ့ ၀ိညာဉ်တွေ တစ်ဖန်ပြန်လည်ရှင်သန် နိုးထလာဖို့ မျှော်လင့်ခဲ့တဲ့အရပ်....
ပိရမစ်တွေ၊ မံမီတွေနဲ့ ကမ္ဘာတစ်လွှားက လူသားအားလုံးရဲ့ စိတ်အာရုံကို ညှို့ငင်ဖမ်းစားး ထားနိုင်တဲ့အရပ်....
သို့မဟုတ်
နိုင်းမြစ်ကမ်းနံဘေးက ပိရမစ်တွေရဲ့ တည်နေရာ အီဂျစ်...။

ဟိုးတစ်ချိန်တုန်းက သေဆုံးသွားတဲ့ လူတစ်ယောက်ရဲ့ ၀ိညာဉ်ဟာ ကျန်ရစ်ခဲ့တဲ့ ရုပ်အလောင်းကို မပျက်စီးမပုပ်သီးသွားအောင် ထားပေး နိုင်မယ်ဆိုရင် အဲဒီခန္ဓာကိုယ်ထဲကို ပြန်လည်ဝင်ရောက်ပြီး တစ်ဖန်ရှင်သန်လာနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ယုံကြည်မှုတစ်စကြောင့် ဖြစ် တည်လာခဲ့တဲ့ မံမီတွေ၊ ပိရမစ်တွေဟာ ဒီနေ့အချိန်မှာ အီဂျစ်နိုင်ငံရဲ့ အထင်ကရဆွဲဆောင်မှုတွေ ဖြစ်လို့နေပါပြီ။

အဲဒီလိုဆွဲအားတွေရှိတဲ့ အီဂျစ်ဟာ အာဖရိကမြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းဒေသရဲ့ ကြွယ်ဝတဲ့ တိုင်းပြည်တစ်ခုလည်းဖြစ်ပါတယ်။ သူ့ရဲ့ပိုင်နက်မှာ ဆဟာရသဲကန္တာရနဲ့ ပင်လယ်နီလည်းပါဝင်နေပါတယ်။ အီဂျစ်မှာလည်ပတ်စရာ အဓိကထင်ရှားတဲ့ မြို့တွေအနေနဲ့က တော့ မြို့တော်ကိုင်ရို၊ အလက်ဇန်ဒရီးယား၊ အက်စ်ဝန်၊ လက်ခ်ဇာနဲ့ ဟာဂါရာတို့ဖြစ်ပါတယ်။ အဲဒီမြို့တော်တွေမှာရှိတဲ့ ထိပ်တန်းလည် ပတ်စရာ နေရာ (၁၀)ခုကတော့....

(၁) ဂီဇာပိရမစ်နဲ့ စဖင့်
ရှေးအီဂျစ်လူမျိုးတို့ရဲ့ ခမ်းနားကြီးကျယ်တဲ့ ဗိသုကာလက်ရာအဆင့်အတန်းကို ဖော်ပြနေတဲ့ ဂီဇာပိရမစ်ဟာ ကိုင်ရိုမြို့တော်မှာတည် ရှိပါတယ်။ ကမ္ဘာ့အံ့ဖွယ်နေရာ ခုနှစ်ခုမှာလည်း တစ်ခုအဖြစ်ပါဝင်ပါတယ်။ ဂီဇာပိရမစ်(၃)ခုဖြစ်ပါတယ်။ အကြီးဆုံးဖြစ်တဲ့ ကူးဖူးပိရမစ်၊ ကဲ့ဖရီပိရမစ်နဲ့ အသေးဆုံး မန်ကာရာပိရမစ်တွေပဲဖြစ်ပါတယ်။ ပိရမစ်တစ်ခုစီဟာ ရှေးအီဂျစ်ဘုရင်တစ်ပါးစီရဲ့ ရုပ်အလောင်းကို မြှုပ်နှံ ထားတဲ့ဂူပဲဖြစ်ပါတယ်။ ပိရမစ်တွေရဲ့ အရှေ့ဘက်မှာတည်ရှိနေတဲ့ စဖင့်ရုပ်ထုကြီးကတော့ ကျောက်တုံးကြီးတစ်တုံးတည်းကို ထွင်းထု ထားတဲ့ ဧရာမရုပ်ထုကြီးပဲဖြစ်ပါတယ်။ ဒီစဖင့်ရုပ်ကြီးတွေဟာ ရုပ်ရှင်တွေထဲမှာ တွေ့ရသလို အသက်ဝင်ပြီး ထမလာပေမဲ့ အီဂျစ်ပြည်ကို အရေအတွက်သန်းချီတဲ့ ခရီးသွားဧည့်သည်တွေ နှစ်စဉ်ရောက်ရှိလာဖို့အတွက်ကို ဖိတ်ခေါ်ဆွဲဆောင်နေတဲ့ ရှေးဟောင်းဗိသုကာလက်ရာ ကြီးတွေပဲဖြစ်ပါတယ်။

(၂) ရှေးဟောင်းခံတပ်
ကိုင်ရိုမြို့မှာ တည်ရှိပါတယ်။ မွတ်စလင်တိုင်းပြည်ဖြစ်တဲ့အလျောက် မြို့ရဲ့ထောင့်နေရာတိုင်းမှာ ဗလီဝတ်ကျောင်းများစွာကိုလည်း တွေ့ ရှိရမှာဖြစ်ပါတယ်။ ဗလီတွေအပြင် အီဂျစ်တိုင်းရင်းသားအချို့ရဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ၊ အလယ်ခေတ်ရဲ့ အကြွင်းအကျန် အမွေ အနှစ်လက်ရာတွေဖြစ်တဲ့ မြို့ရိုးဂိတ်တံခါးတွေ၊ မော်တော်ဆိုင်ကယ်ကစပြီး ရေမွှေးအထိဝယ်ယူရရှိနိုင်တဲ့ ဈေးနေရာတွေနဲ့ ကိုင်ရိုမြို့ဟာ ဖုန်ထူထူကြားမှာ လှပသက်ဝင်နေပါတယ်။ ဒီနေရာမှာ ရှေးဟောင်းခံတပ်နေရာနဲ့ မိုဟာမက်အလီဗလီတွေဟာလည်း ထင်ရှားလှပါတယ်။

(၃) အဘူဆင်ဘယ်လ် ၀တ်ကျောင်းတော်
ဂီဇာပိရမစ်ရဲ့နောက်မှာ အီဂျစ်ပြည်ရဲ့အကျော်ကြားဆုံး ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုဖြစ်ပါတယ်။ ဘီစီ ၁၂၅၇ခုနှစ်မှာ အောင်ပွဲရ အထိမ်းအမှတ်အဖြစ် ဖာရိုရေးမီးစစ်(၂) တည်ထားခဲ့တဲ့ ၀တ်ကျောင်းတော်ဖြစ်ပါတယ်။ နိုင်းမြစ်ကမ်းပါးက သဲကျောက်နံရံကို ထွင်းထုပြီး တည်ထားခဲ့တဲ့ ဒီကျောင်းတော်ကို ကိုင်ရို(သို့)အက်စ်ဝန်ကနေ လေယာဉ်စီးပြီး သွားရောက်နိုင်သလို အက်စ်ဝန်မြို့ကနေ နေ့စဉ်ထွက် တဲ့ ခရီးသွားပို့ဆောင်ရေး ဘတ်စ်ကားများနဲ့လည်း သွားရောက်နိုင်ပါတယ်။ နိုင်းလ်မြစ်ကမ်းမှာ တည်ရှိတာဖြစ်တဲ့အတွက် အက်စ်ဝန်မြို့ ကနေ လှေစီးပြီးရေကြောင်းခရီးနဲ့သွားမယ်ဆိုရင်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။

(၄) ကာနက်ခ်ဝတ်ကျောင်းတော်
အီဂျစ်ရောက် ဧည့်သည်တွေသွားရောက်ဖို့ ကျန်မနေခဲ့သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီနေရာဟာ လက်ခ်ဇာမြို့ရဲ့ မြောက်ဘက်စွန်း မှာ တည်ရှိပါတယ်။ မြို့လယ်ကနေ တစ်မိုင်ကျော်မျှသာဝေးတဲ့အတွက် လမ်းလျှောက်သွားနိုင်တဲ့ အကွာအဝေးမှာရှိတယ်လို့ ဆိုနိုင်ပေမဲ့ ဧည့်သည်အများစုကတော့ အငှားကား(သို့) မြင်းလှည်းများနဲ့သွားရောက်လေ့ရှိကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ဝန်းကျင် ကတည်းက ရှေးအီဂျစ်လူမျိုးတို့ ကိုးကွယ်အလေးထားကြတဲ့ သီးဘန်းနတ်ဘုရားများကို ၀တ်ပြုရာနေရာဖြစ်ပါတယ်။ အကျယ်အ၀န်း ၁၅၀၀ x ၈၀၀မီတာရှိတဲ့အတွက် ဧည့်သည်ဟာ ၀တ်ကျောင်းတွေရဲ့ နေရာအကုန်လုံးကို သွားရောက်နိုင်ဖို့အတွက် အင်အားမရှိတော့ သည့်တိုင်အောင် ဟိုက်ပိုစတိုင်းခန်းမက အမန်ဝတ်ကျောင်းကိုတော့ မပျက်မကွက်သွားကြည့်သင့်တယ်လို့ လမ်းညွှန်ထားတာ တွေ့ ရ့ပါတယ်။

(၅) နိုင်းမြစ်တွင်း ရွက်လွှင့်ခြင်း
နိုင်းမြစ်ထဲမှာ ဖဲလပ်ကားလို့ခေါ်တဲ့ တက်ပါ၊ ရွက်ပါလှေသင်္ဘောငယ်တွေနဲ့ သွားလာရတဲ့အတွေ့အကြုံတွေဟာလည်း အီဂျစ်ရောက် ဧည့်သည်တွေ လက်လွှတ်မခံသင့်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ နိုင်းမြစ်အတွင်းမှာ ဖဲလပ်ကားနဲ့ သွားလာခြင်းဟာ ရှေးအလယ် ခေတ်ကတည်းက အီဂျစ်လူမျိုးတွေရဲ့ ထုံးစံဖြစ်ပါတယ်။
ကိုင်ရိုနဲ့ အလက်ဇန်းဒရီးယားမြို့တွေမှာ ဧည့်သည်ဟာ နိုင်းမြစ်အတွင်းခရီးတို ရွက်လွှင့်ပြီးနေ၀င်ဆည်းဆာအလှကို ခံစားနိုင်သလို အက်စ်ဝန်မြို့ကနေပြီး ခရီးရှည်သင်္ဘောစီးဖို့လမ်းကြောင်းကိုလည်း ရွေးချယ်နိုင်ပါတယ်။ ဖဲလပ်ကားဟာ ဇိမ်ခံသင်္ဘောကြီးတွေလို သက်သောင့်သက်သာပြည့်စုံမှုမရှိပေမဲ့ ဧည့်သည်ဟာ မိမိရွေးချယ်လိုက်တဲ့ ဖဲလပ်ကားကပ္ပတိန်ရဲ့ ကျွမ်းကျင်မှုအပေါ် ယုံကြည်စိတ် ချရမယ်ဆိုရင် နိုင်းမြစ်အတွင်းမှာ အေးဆေးပျော်ရွှင်စွာ ရွက်လွှင့်နိုင်မယ့် အတွေ့အကြုံကို ရရှိနိုင်မှာဖြစ်ပါတယ်။
(၆) ဘီးဘန်အယ်လ်မိုလပ်ခ်
ဒီနေရာဟာ လက်ခ်ဇာမြို့၊ သီးဘီးစ် ရှေးဟောင်းနယ်မြေမှာ တည်ရှိပါတယ်။ တစ်ချိန်က အီဂျစ်ပြည်ကို သီးဘီးစ်အရပ်ကနေ မင်းပြုအုပ်စိုး သွားကြတဲ့ သီးဘီးစ်ဖာရိုများကို ဂူသွင်းမြှုပ်နှံခဲ့တဲ့နေရာဖြစ်ပါတယ်။ သီးဘီးစ်မင်းတွေဟာ ဒီနေရာမှာ သူတို့ကိုမြှုပ်နှံရင် တမလွန်ဘ၀မှာ သူတို့ရဲ့နတ်ဘုရားများနဲ့တွေ့ဆုံရမယ်လို့ ယုံကြည်မျှော်လင့်ကြပါတယ်။ ဒီနေရာမှာ တူတန်ခမန်ဘုရင်ရဲ့ဂူကို ၁၉၂၀ခုနှစ်တွေမှာ ရှာ ဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ တူတန်ခမန်ရဲ့ မံမီရုပ်အလောင်းမြှုပ်နှံထားတဲ့ ရွှေရုပ်တုခေါင်းတလားကိုတော့ ကိုင်ရိုရှေးဟောင်းပြတိုက်မှာ ပြသထားပါတယ်။ ဒါကြောင့် ဒီနေရာဟာ ဘုရင်များရဲ့ ချိုင့်ဝှမ်းလို့ ကျော်ကြားတဲ့အရပ်ပဲ ဖြစ်ပါတယ်။

(၇) စီးဝ အိုအေစစ်
စီးဝအိုအေစစ်ဟာ လစ်ဗျားနယ်စပ်အနီး အနောက်ဘက် သဲကန္တာရမှာ တည်ရှိပါတယ်။ အီဂျစ်ပြည်ရဲ့ အစွန်အဖျားမှာရှိတဲ့ အိုအေစစ်မြို့ လေးဖြစ်ပြီး စီးဝလူမျိုးတွေဟာ ကိုယ်ပိုင်(မွတ်စလင်ကော့ကေးဆပ်)ယဉ်ကျေးမှုနဲ့ နေထိုင်ကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့ဟာ ကိုယ် ပိုင်ဘာသာစကားကို ပြောဆိုပြီး သူတို့ရဲ့ ရိုးရာလက်ဝတ်ရတနာတွေ၊လက်မှုပစ္စည်းလက်ရာတွေဟာလည်း သိမ်မွေ့လှပမှုရှိတယ်လို့ ဆိုပါတယ်။ သီးခြားဖြစ်တည်နေတဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေ၊ ပထ၀ီရေမြေအနေအထားလှပမှုတွေကြောင့် ထင်ရှားတဲ့ အိုအေစစ်မြို့ မှာ ဧည့်သည်တွေ အလည်အပတ်လာရောက်နိုင်ဖို့အတွက် ချောမွေ့တဲ့ခရီးလမ်းနဲ့ လေဆိပ်ငယ်တစ်ခုလည်း ရှိတယ်လို့သိရပါတယ်။

(၈) ဟက်ဟာရာ
ဟက်ဟာရာဟာ အီဂျစ်ပြည်ရဲ့ ထင်ရှားတဲ့ ပင်လယ်နီအပန်းဖြေစခန်းမြို့ဖြစ်ပါတယ်။ သန့်ရှင်းကြည်လင်တဲ့ ပင်လယ်ရေနဲ့ ရှုမောဖွယ် သန္တာကျောက်တန်းအလှကို ပိုင်ဆိုင်တဲ့နေရာဖြစ်ပါတယ်။ စွန့်စွန့်စားစား စနူကာရေငုပ်သမားများနဲ့ ပရော်ဖက်ရှင်နယ် ဒိုင်ဗင်ကစား သမားများ နှစ်သက်ကြတဲ့ ဟက်ဟာရာကမ်းခြေဟာ ဒိုင်ဗင်ထိုးခြင်းနဲ့ ကျော်ကြားတဲ့နေရာလည်း ဖြစ်ပါတယ်။
(၁၀)မိုင်ကျော် ရှည်လျားတဲ့ ကျယ်ဝန်းတဲ့ ပင်လယ်ကမ်းခြေတစ်လျှောက်မှာ တည်းခိုစရာနေရာများ၊ စားသောက်ဆိုင်များ၊ နိုက်ကလပ် များတည်ရှိပြီး မြို့အနှံ့အပြားမှာတော့ ဒိုင်ဗင်စင်တာများ၊ ဒိုင်ဗင်သင်တန်းကျောင်းများ တည်ရှိပါတယ်။ ဒီကမ်းခြေရဲ့ ပင်လယ်ပြင်မှာ Lionfish, Blue spotted Stingray စတဲ့ရှုချင်စဖွယ် ရောင်စုံငါးမျိုးစိတ် အဆန်းအပြားတွေ၊လင်းပိုင်တွေအပြင် ကြောက်မက်ဖွယ် ငါးမန်း မျိုးစိတ်တွေကိုလည်း ရေငုပ်သူတွေဟာ စူးစမ်းလေ့လာကြည့်ရှုတတ်ကြပါတယ်။

ဧည့်သည်တွေဟာ ပင်လယ်ပြင်မှာ အပန်းဖြေစူးစမ်းရတာကို ငြီးငွေ့သွားပြီဆိုရင်တော့ ဟက်ဟာရာဟာ နောက်ထပ်အခွင့်အရေးတစ်ခု ကိုထပ်ပြီးပေးနိုင်ပါတယ်။ အဲဒါကတော့ သဲကန္တာရထဲမှာ အတည်တကျမနေထိုင်ဘဲ လှည့်လည်သွားလာနေထိုင်တဲ့ အာရပ်လူမျိုး ဘက်ဒွင်းန်များနဲ့အတူ ကုလားအုတ်စီးပြီး ကုန်းတွင်းပိုင်းမှာလည်ပတ်နိုင်တာပဲဖြစ်ပါတယ်။

(၉) လက်ခ်ဇာဝတ်ကျောင်းတော်
လက်ခ်ဇာမြို့လယ်မှာရှိတဲ့ ဒီဝတ်ကျောင်းတော်ကတော့ လက်ခ်ဇာမြို့လယ်မှာတည်ရှိတဲ့အတွက် အလည်အပတ်သွားလာရာမှာ ကျန်ခဲ့ဖို့ ခဲယဉ်းလှတဲ့နေရာဖြစ်ပါတယ်။ ဒီကျောင်းတော်ကို အိုပတ်ပွဲတော်ကျင်းပဖို့အတွက် အဓိကရည်ရွယ်ချက်နဲ့ ဘီစီ ၁၄၀၀ ၀န်းကျင်မှာ အမန်ဟိုတယ်(၃) နဲ့ ရေးမီးဆစ်(၂) ဖာရိုများက ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က အခြားသောအုပ်ချုပ်သာများစွာ ဟာလည်း ဒီနေရာမှာ ခရစ်ယာန်ဘုရားရှိခိုးခန်းမများတည်ဆောက်ခဲ့ကြပြီး နောက်ပိုင်းမှာ ဗလီများဖြစ်လာခဲ့ပါတယ်။

ဒီဝတ်ကျောင်းတော်ထဲမှာ တည်ရှိနေဆဲဖြစ်တဲ့ ဗလီတစ်ခုကတော့ ဒီရှေးဟောင်းနေရာရဲ့ ထင်ရှားမှုတစ်ခုပဲဖြစ်ပါတယ်။ ဧည့်သည်တွေ အတွက် လက်ခ်ဇာဝတ်ကျောင်းတော်ကို နံနက် ၉နာရီကနေ ညနေ ၆နာရီအထိ ၀င်ရောက်ခွင့်ပြုထားပြီး ၀င်ကြေးနှုန်းထား သတ်မှတ် ထားပါတယ်။ ဒီကျောင်းတော်ဟာ တစ်မူထူးခြားဆန်းပြားတဲ့ ဗိသုကာလက်ရာတွေနဲ့ ညမီးရောင်အောက်မှာ အလွန်လှပတဲ့အတွက် ညနေခင်းအချိန်များမှာ သာယာစွာလည်ပတ်နိုင်ဖို့ အကြံပြုထားတာ တွေ့ရပါတယ်။

(၁၀) အီဂျစ်ရှေးဟောင်းပြတိုက်
ကိုင်ရိုမြို့မှာတည်ရှိတဲ့ အီဂျစ်ရှေးဟောင်းပြတိုက်ဖြစ်ပါတယ်။ ဒီပြတိုက်ဟာ အီဂျစ်ရောက် ခရီးသည်တွေအတွက် တစ်နေရာတည်းမှာ ခရီးသွားမှတ်တမ်းကို အသေးစိတ်ပြုစုနိုင်ဖို့ အထောက်အကူပြုနိုင်တဲ့နေရာဖြစ်ပါတယ်။
ရှေးဟောင်း အီဂျစ်လူမျိုးတို့ရဲ့ တောက်ပခဲ့တဲ့အချိန်ကာလတွေကို အံ့သြလောက်ဖွယ် တွေ့မြင်မှန်းဆနိုင်မယ့် ရှေးဟောင်းဖန်တီးမှု အသုံးအဆောင်လက်ရာများ၊ မံမီများ၊ ကျောက်ခေါင်းတလားများ၊ မြေထည်အသုံးအဆောင်များ၊ ကျောက်မျက်ရတနာများ၊ တူတန်ခမန် ဘုရင်ရဲ့ ရွှေရုပ်တုခေါင်းတလားနဲ့ ခြေအိတ်၊ အတွင်းခံအ၀တ်အထည်စတဲ့ အသုံးအဆောင် ပစ္စည်းများကို စိတ်ဝင်စားဖွယ်ရာ တွေ့မြင် လေ့လာနိုင်မှာဖြစ်ပါတယ်။

ဒီပြတိုက်ကို နေ့စဉ် နံနက် ၉နာရီကနေ ညနေ ၅နာရီအထိဖွင့်လှစ်ထားပြီး ပြတိုက်နဲ့ ပတ်သက်တဲ့လတ်တလော သတင်းအချက် အလက်များကို သိရှိလိုသူ ဧည့်သည်တွေဟာ the Egyptian museum ၀က်ဘ်ဆိုက်မှာ ၀င်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရှိရပါတယ်။

အီဂျစ်ရှော့ပင်း
အီဂျစ်စတိုင်လ် အသုံးအဆောင်ပစ္စည်းတွေနဲ့ ရောင်းတန်းဝင်အနုပညာလက်ရာ ပစ္စည်းလေးတွေကို စိတ်ဝင်စားသူ ဧည့်သည်တွေ အတွက်တော့ အီဂျစ်မှာ ဈေးဝယ်ထွက်ခြင်းဟာ နိဗ္ဗာန်ဘုံပဲလို့ဆိုပါတယ်။ ဒီလို အဖိုးနှုန်းချိုသာတာမျိုးတွေအပြင် အရည်အသွေးမြင့် ပစ္စည်း အသုံးအဆောင်မျိုးတွေကိုလည်း တစ်ခါတစ်ရံ ဈေးဆစ်ထားသလို ချိုသာတဲ့ နှုန်းထားမျိုးနဲ့ ၀ယ်ယူရရှိနိုင်ပါသေးတယ်။
ဧည့်သည်တွေ စိတ်ကြိုက်ဝယ်ယူမှုများကြတဲ့ပစ္စည်းတွေကတော့ အီဂျစ်စတိုင်လ် ဖယောင်းပုဆိုးများ၊ ကော်ဇောများ၊ အရည်အသွေးမြင့် အီဂျစ်ချည်ထည်များ၊ သားရေထည်ပစ္စည်းများ၊ ရောင်းချဝယ်ယူခွင့်ရှိတဲ့ ရှေးဟောင်းပစ္စည်း(ရှေးခေတ်ရဲ့ အကြွင်းအကျန်အမွေအနှစ်များ တရားမ၀င်အရောင်းအ၀ယ်လုပ်ခြင်းကိုတော့ အီဂျစ်မှာလည်း ဥပဒေနဲ့တားမြစ်ထားပါတယ်)၊ ကျူရိုးနဲ့ပြုလုပ်ထားတဲ့ ရှေးခေတ်အီဂျစ် ပက်ပီးရပ်စ်(ကျူရိုးကိုခွဲပြီး ရုပ်ပုံစာရေးထားတဲ့ ကျူပေလွှာ)၊ အီဂျစ်နိုင်ငံ ထုတ်ရေမွှေး၊ အီဂျစ်နိုင်ငံထွက် ဆေးဖက်ဝင်သစ်ဥသစ်ဖုများနဲ့ ဟင်းခပ်အမွှေးအကြိုင်များပဲဖြစ်ပါတယ်။
အီဂျစ်ပြည်မှာ ရာသီချိန်ခါ
အီဂျစ်ပြည်ရဲ့ ရာသီဥတုဟာ ယေဘုယျအားဖြင့် နွေလတွေမှာ ခြောက်သွေ့ပူပြင်းပြီးဆောင်းကာလတွေကတော့ အပူအအေးသင့်တင့် မျှတမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။
ဒီဇင်ဘာနဲ့ ဇန်န၀ါရီလ နှစ်လကတော့ တစ်နှစ်ပတ်လုံးမှာ အအေးဆုံးနှစ်လပဲဖြစ်ပါတယ်။
နိုဝင်ဘာလမှ မတ်လအထိဟာ အီဂျစ်ကို အလည်အပတ်ထွက်ဖို့အတွက် သက်တောင့်သက်သာရှိစေမယ့် အချိန်တွေဖြစ်ပါတယ်။ အပူ ချိန်ဟာ ၆၀နဲ့၈၀ဒီဂရီဖာရင်ဟိုက်ကြားမှာရှိပြီး ညအချိန်မှာအေးပေမဲ့ နေ့ဘက်တွေမှာတော့ နေသာမြဲဖြစ်ပါတယ်။ အဲဒီအချိန်ဟာ နိုင်း မြစ်ဝှမ်းမှာလည်း မိုးရွာသွန်းမှု မရှိတဲ့အတွက် ခရီးသည်တွေအနေနဲ့ စိုစိုစွတ်စွတ် သွားလာရတဲ့ဒုက္ခကနေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

မတ်လကနေ မေလအတွင်းမှာတော့ ဖုန်ထူတဲ့ဒဏ်ကို ခံစားရမှာဖြစ်ပါတယ်။ တကယ်လို့ခရီးသည်ဟာ ၁၀၀ဒီဂရီအထက်ကို ရောက် သွားတတ်တဲ့ အပူဒဏ်ကို ခံနိုင်ရည်ရှိမယ်ဆိုရင်တော့ နွေရာသီဟာ အီဂျစ်ကို အလည်အပတ်လာရောက်ရာမှာ ကုန်ကျစရိတ်သက်သာ စေမယ့် အချိန်ပဲဖြစ်တယ်လို့ ညွှန်းဆိုထားတာတွေ့ရပါတယ်။

အီဂျစ်ခရီးမှာ ပျောရွှင်စေဖို့
အီဂျစ်ပြည်မှာ သက်သောင့်သက်သာအလည်အပတ် သွားလာနိုင်ဖို့အတွက် အရောင်ဖျော့ဖျော့နဲ့ ချည်သားပွပွအ၀တ်အထည်တွေို့ (အထူးသဖြင့် နွေရာသီမှာ) ၀တ်ဆင်ဖို့အတွက် အကြံပြုထားပါတယ်။ အီဂျစ်ပြည်ရဲ့ ရာသီဥတုနဲ့သင့်တော်တဲ့ အ၀တ်အထည်တွေ ကိုလည်း ဧည့်သည်တွေဟာ ခရီးရောက်ရှိလာချိန်မှာ နီးစပ်ရာဆိုင်များ၊ ဈေးများမှ အလွယ်တကူဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အီဂျစ်ဟာ မွတ်စလင်တိုင်းပြည်ဖြစ်တဲ့အတွက် ၀တ်စားဆင်ယင်ရာမှာ အမျိုးသမီး၊ အမျိုးသာများအားလုံး ဘောင်းဘီတို၊ စကတ်တိုစတဲ့ အတိုအပြတ်များ ၀တ်ဆင်ခြင်းမပြုဖို့အတွက် ကန့်သတ်ထားတာတွေ့ရပါတယ်။
ဧည့်သည်တွေဟာ ပိရမစ်တွေ ၀တ်ကျောင်းတော်ကြီးတွေဆီ အလည်အပတ်သွားရောက်ရာမှာတော့ သောက်ရေဘူး၊ နေကာမျက်မှန်နဲ့ ဖုန်ဝင်တဲ့ဒဏ်ကို ကာကွယ်နိုင်ဖို့အတွက် မျက်စဉ်းဆေးဘူးများကို မပါမဖြစ်ယူဆောင်သွားသင့်ပါကြောင့် အီဂျစ်ပြည်သွား ခရီးသည် များကို အကြံပြုလိုက်ရပါတယ်။

Credit: People Magazine.

(ဘ၀မှာဖြစ်နိုင်မဖြစ်နိုင်တော့မသိပါဘူး စိတ်ကူးယဉ်ထားတာတော့ရှိနေပါတယ်။ ပိုက်ဆံများရှိလို့ကတော့ သွားလည်မယ် လို့ဆုံးဖြတ်ထားတဲ့ အိုဗာစီးအလည်အပတ်ခရီးစဉ်လေးတွေရှိသည်ပေါ့နော်။ အဲဒီ့ထဲကမှ အီဂျစ်ပြည်လေးအကြောင်း ကူးယူဖော်ပြလိုက်ပါတယ်နော်။)

No comments: