Tuesday, March 22, 2011

ကမ်းလှမ်းချက်ကိုတည်ဆောက်ခြင်း

လုပ်ငန်းငယ်ကလေးတွေကလည်း ကြော်ငြာနဲ့ မကင်းနိုင်ဘူး။ ဒါပေမဲ့ လုပ်ငန်းကြီးတွေလို ကြော်ငြာကို အားပါးတရမသုံးနိုင်ကြဘူး။ ဒီအခါမှာ လက်ကမ်းကြော်ငြာလိုဟာမျိုးနဲ့ ကျေနပ်ကြရတယ်။ အဲဒီလက်ကမ်းကြော်ငြာတွေမှာ မဖြစ်မနေပါရမယ့် အင်္ဂါရပ်တွေရှိ နေတယ်။ မိမိကို သတိပြုမိရုံ၊ ကျေနပ်ရုံလောက်နဲ့ ကြော်ငြာကို ကျေနပ်မနေသင့်ဘူး။ ကြော်ငြာကို ကြော်ငြာပေးတဲ့ စာရွက်ဖြစ် သင့်တယ်။

 

ကြော်ငြာဂုရုဆရာသမားတွေရဲ့ အဆိုအမိန့်တွေအရ လုပ်ငန်းငယ်ရဲ့ ကြော်ငြာငယ်မှာ မဖြစ်မနေပါသင့်တဲ့အချက်တွေမှာ ပထမ တစ်ချက်က ဈေးနှုန်းဖြစ်ပါတယ်။ ဈေးနှုန်းကို မရှက်မကြောက်ဖော်ပြပေးရမယ်။ ပရိသတ်ကဈေးနှုန်းကို ဂရုမစိုက်ဘူးလို့ထင်ရင်မှားမယ်။ ၀ယ်ယူခြင်းတစ်ခုရဲ့ အဆုံးသတ်ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဈေးနှုန်းကို သိရပြီးမှဆုံးဖြတ်ချက်ချကြတယ်။ (ဆစ်လို့ရရင် ဆစ်ကြည့်ပြီးမှ ချတယ်။) လက်ကမ်းကြော်ငြာဟာ ၀ယ်ပါလို့ ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ ဒီတော့ ဈေးနှုန်းကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြရ မယ်။ တစ်ကျပ်သားဈေးလား တစ်ပိဿာဈေးလားဆိုတာ ကွဲပြားဖို့လိုတယ်။ ပြီးတော့ ကိုယ်ကမ်းလှမ်းတဲ့ကုန်စည်မှာ ဖြစ်ဖြစ်၊ ၀န်ဆောင် မှုမှာဖြစ်ဖြစ် အပိုဆောင်းပြီး ပေးထားတာရှိရင်လည်း တစ်ပါတည်းဖော်ပြပေးရမယ်။ ကိုယ့်ကမ်းလှမ်းတဲ့ကိစ္စမှာ အချိန်ကိုအသိပေးဖို့လို ရင် အချိန်ကိုလည်း မလွဲမသွေဖော်ပြပေးရမယ်။ ဥပမာ - သင်တန်းပေးတဲ့ ၀န်ဆောင်မှုအဖို့ သင်တန်းဖွင့်ရက်၊ သင်မယ့်အချိန်စတာတွေ ကို အကြမ်းအားဖြင့်တော့ ဖော်ပြပေးရမယ်။ ဆိုင်ဖွင့်ချိန်နဲ့ ဆိုင်ပိတ်ရက် (ဥပမာ - တင်္နလာနေ့မှအပ နေ့တိုင်းဖွင့်သည်) စတာတွေ အသိပေးရမယ်။

 

ဝယ်ယူသူကို ရွေးချယ်ခွင့်အမျိုးမျိုးရှိနေအောင် ဖန်တီးပေးထားတာတွေ ကြော်ငြာမှာ ဖော်ပြပေးရမယ်။ ရောင်းတာက ပစ္စည်းတစ်မျိုး တည်း ဆိုရင်တောင် အထုပ်ကြီး၊ အထုပ်လတ်၊ အထုပ်သေး စသဖြင့် ရွေးစရာရှိအောင် ရှာကြံဖန်တီးပေးထားရမယ်။ ၀ယ်ယူသူဟာ ရွေး ရမှကျေနပ်တဲ့ သဘာဝရှိတယ်။ ထုပ်ပိုးပစ္စည်းကိုလည်း တစ်ဖန်ပြန်သုံးလို့ရတာမျိုး သုံးလို့ရရင် သုံးပေးရမယ်။ မြေကမ္ဘာစိမ်းလန်းရေး အတွက် တစ်ဖန်ပြန်လည်သုံးစွဲကြပါလို့ ကမ္ဘာတစ်လွှားမှာ နှိုးဆော်တိုက်တွန်းတာတွေမပေါ်ခင်ကတည်းက ကျွန်တော်တို့ဆီမှာ တစ်ဖန် ပြန်လည်သုံးစွဲခဲ့ကြတယ်။ အအေးဘူးခွံကို ရေဘူးအဖြစ် တစ်ဖန်ပြန်သုံးတာမျိုးကိုလုပ်နေကျ ဖြစ်နေပါတယ်။ ဒီလိုတစ်ဖန်ပြန် သုံးခွင့်ရ လိုက်တာဟာ မြေကမ္ဘာစိမ်းလန်းရေးအတွက် သာမက ၀ယ်ယူသူအနေဖြင့် အဆစ် ရလိုက်တဲ့ခံစားမှုကိုရရှိစေတယ်။ အအေးကို သောက် ပြီးချိန်မှာ ရေထည့်စရာ ဘူးတစ်ဘူးအဆစ်ရလိုက်တဲ့အတွက် ကျေနပ်မှုတစ်ခုရရှိစေတယ်။

 

ဝယ်ယူသူကို ရွေးချယ်ခွင့်ပေးတာမှာ ၀ယ်လို့ရနိုင်တဲ့နေရာ ရွေးချယ်ခွင့်တွေကိုလည်း များများစားစားပေးရမယ်။ တစ်ဘက်စီးနင်းမဖြစ် စေရဘူး။ ရောင်းချင်တဲ့သူအဆင်ပြေသလို စီစဉ်ထားတဲ့နေရာမှာပဲ လာဝယ်ပါဆိုတာမျိုး မဖြစ်သင့်ဘူး။

 

မေးချင်တာရှိရင် မေးမြန်းဖို့အတွက် ဆက်သွယ်ရန်လိပ်စာကိုလည်း ဖော်ပြပေးရမယ်။ လက်ကမ်းကြော်ငြာဆိုတာမျိုးက နေရာများများ မရတတ်ဘူး။ ဒီတော့ စာတိုက်လိပ်စာကို လိုအပ်မယ်ထင်ရင်ဖော်ပြပါ။ ဆက်သွယ်ရန်ဖုန်းကိုတော့ မဖြစ်မနေ ဖော်ပြပေးဖို့လိုပါတယ်။ အဲဒီဖုန်းလိုင်းအားနေတတ်တဲ့ဖုန်း ဖြစ်ဖို့လည်းလိုပါတယ်။ ပြီးတော့ ဖုန်းဖြေတဲ့သူက အပြောအဆိုကောင်းဖို့လည်း လိုပါတယ်။ ၀င်လာ တဲ့ ငါးကို ပလိုင်းထဲ ထည့်လိုက်နိုင်ဖို့ အရေးကြီးပါတယ်။

ဒိုဂျေဆန်း

Ref: Business Magazine – Vol.11, No.1, January, 2011

No comments: