Friday, July 4, 2008

Kids are......

ကလေးငယ်တွေဟာ ကမ္ဘာပေါ်မှာသနားစဖွယ် အဖိနှိပ်ခံရဆုံးပါ။ အပြစ်ကင်းစင်ပြီး ချစ်စဖွယ်အလွန်ကောင်းတဲ့ ကလေးငယ်တွေကို ဖိနှိပ်ချုပ်ချယ်သူတွေဟာ ဘယ်သူတွေလဲ၊ သူတို့ကို အလွန်ချစ်ပါတယ်ဆိုတဲ့ မိဘတွေပါပဲ။
ယနေ့ ကလေးငယ်တွေက သူတို့ရဲ့မှီခိုအားထားရာ မိဘများရဲ့မသိနားမလည်မှုကြောင့် အနှိမ်ခံဘ၀.... အသုံးချခံဘ၀ကိုရောက်နေပါတယ်။ ယနေ့ခေတ်မှာ....မိဘတွေရဲ့ ကြောက်မက်ဖွယ်လောဘ ကြောင့် ကလေးငယ်တွေဟာ အရွယ်နဲ့မမျှအောင် နှိပ်စက်ညှဉ်းပန်းခြင်းတွေ ခံနေရပါတယ်။
မိဘတွေဟာ...သူတို့မဖြစ်ခဲ့တဲ့ ရည်မှန်းချက်အကြွေးတွေအတွက် ကလေးတွေကို အတင်းအဓမ္မဆပ်ခိုင်း တာရက်စက်လွန်းပါတယ်။ တစ်ကိုယ်ကောင်းဆန်လွန်းပါတယ်။ မိဘတွေဟာ သူတို့ရက်စက်လို့ ရက်စက်မှန်းလည်းမသိပါဘူး။ အစဉ်အလာ...ရိုးရာယုံကြည်မှုတွေအရ မိဘမေတ္တာလို့ထင်နေတာကိုး။
မိဘမေတ္တာကို မျက်နှာပန်းပြပြီး အသက်ဆယ်နှစ်အရွယ်ကလေးငယ်တစ်ယောက်ဟာ အရွယ်နဲ့မမျှအောင် သင်ကြားမှုအမျိုးမျိုးခံနေရပါတယ်။ ကလေးငယ်အတွက်...အလွန်အဖိုးထိုက်တန်ပြီး တစ်ဖန်ပြန်မရနိုင်တော့တဲ့ ဆော့ကစားချိန်လေးတွေ လုံးဝမရှိတော့ပါဘူး။မိဘများက ဒီလိုသင်ကြားမှ ပညာတတ်ကြီးဖြစ်မယ်လို့ ယုံကြည်နေတာကိုး..။ ပညာတတ်ပြီး ခပ်တုံးတုံးဖြစ်နေတဲ့ ကလေးတွေကို မြင်ဖူးပါသလား၊ အဲဒါ....မိဘတေါ အသုံးမကျလို့ပါ။ တကယ်တော့....မိဘဟာ ကလေးကို ချစ်တာမဟုတ်ဘဲ သူ့ကိုယ်သူချစ်တာပါ။ မိဘရည်မှန်းချက်ကြီးလေ....ကလေးအနှိမ်ခံရလေပါပဲ။ မိဘအတ္တကြီးလေ...ကလေးလုံခြုံမှုကင်းမဲ့လေပါပဲ။
မိဘတွေက ငါ့သားသမီးကောင်းစားစေချင်လို့ စေတနာ၊မေတ္တာထားတယ်လို့ထင်မှာပဲ။ ဒါပေမဲ့...အမှန်တကယ် ကလေးငယ်ကိုချစ်တာမဟုတ်ဘဲ သူ့တို့ကိုယ်သူတို့ ချစ်တာပါ။ ကလေးငယ်ထက် သူတို့ ]]အတ္တ}}ဖွံ့ဖြိုးဖို့သာ အဓိကပါ။ သူတို့သားသမီးတွေဘယ်ဂုဏ် ဘယ်အဆင့်အတန်းရောက်နေပြီဆိုတာ လူ့ဘုံအလယ်မှာ ဂုဏ်ယူဝံ့ကြွားချင်ကြတယ်။
မိဘတွေဟာ ကိုယ့်သားသမီးကောင်းစားတာကိုအမှန်တကယ်မြင်ချင်ကြတယ်။ဒါပေမဲ့ ဒီလိုဖြစ်ချင်တာဟာ ကလေးအတွက်မဟုတ်ဘဲ သူတို့အတွက်ပါပဲ။ငါတို့မွေးတဲ့ ကလေးဟာကြီးပွား ချမ်းသာပြီး ပညာတတ်ကြီးဖြစ်နေတယ်ဆိုတာ မြင်ချင်တဲ့အတ္တကြောင့်ပါ။ သေသေချာချာစဉ်းစားကြည့်ရင် မိဘက ကလေးထက်သူတို့ရည်မှန်းချက်ကိုပိုချစ်တာပါ။
ကလေးငယ်တွေအတွက် ငယ်စဉ်ဘ၀ဆော့ကစားချိန်တွေဟာ တန်ဖိုးဖြတ်လို့မရပါဘူး။ သူတို့အတွက် ဆော့ကစားချိန်လေးတွေဟာ နောက်တစ်ခါလည်း ပြန်မရနိုင်တော့ပါဘူး။ဆော့ကစားခြင်းဟာ ကလေးဘ၀အောင်မြင်ရေးအတွက် အကြီးမားဆုံးလျှို့ဝှက်ချက်ပါ။ငယ်စဉ်က ဆော့ကစားဖို့အခွင့်အရေး များများရလေလေ ကလေးထက်မြက်လေပါပဲ။
ငွေကြေးချမ်းသာတဲ့ မိဘတွေဟာ ကလေးထိန်းတွေ၊အိမ်ဖော်တွေ တစ်ပုံတစ်ပင်ကြီးနဲ့ ကလေးကို အရိပ်တကြည့်ကြည့်ထားပြီးမှဲ့တစ်ပေါက်စွန်းထင်းမခံရဘူးလို့ ထင်မြင်ယူဆကြပါတယ်။ ကလေးထိန်းတွေ၊ အိမ်ဖော်တွေနောက်က တကောက်ကောက်လိုက်ပြီး ချုပ်ချယ်နေတာ ကလေးဘ၀ရဲ့ ပင်ကိုယ်ဖွံ့ဖြိုးမှုကို ထိခိုက်ခံရတယ်ဆိုတာ ပညာတတ်ပါတယ်ဆိုတဲ့ မိဘတွေမသိပါဘူး။
မိဘတွေက ချုပ်ချယ်မှုကြီးလေ ကလေးရဲ့ ပင်ကိုယ်ဖန်တီးမှု၊ထက်မြက်မှု ဆုံးရှုံးလေပါပဲ။ ဒီနေ့ခေတ်မှာ ပညာတွေအများကြီးတတ်ပြီး ခပ်တုံးတုံးဖြစ်နေတဲ့ လူငယ်တွေဟာ ငယ်စဉ်က ချုပ်ချယ်မှုကြီးလွန်းလို့ပါ။မိဘတွေဟာ အစဉ်အလာအရ ရိုသေကိုင်းရှိုင်းတဲ့ ကလေးငြိမ်ဝပ်ပိပြားတဲ့ ကလေးကိုမှ ချစ်ခင်ကြတယ်။ မိမိကလေး ကျိုးနွံပြီး လိမ္မာယဉ်ကျေးတာကို ဂုဏ်ယူကြတယ်။ ဒါကြောင့်လည်း ကလေးကို အရွယ်နဲ့မမျှအောင် ကျိုးကျိုးနွံနွံဖြစ်အောင် ဂရုတစိုက်သင်ကြားပေး ကြတယ်။ဒါတွေဟာ ကလေးရဲ့ဖွံ့ဖြိုးမှုကိုထိပါးပြီး အစွမ်းအစနည်းပါးစေတာ မသိကြဘူး။ တကယ်တော့ ကျိုးနွံတဲ့ကုပ်ချောင်းချောင်းကလေးထက် အစွမ်းအစရှိတဲ့ကလေးဟာ ပိုပြီးထက်မြက် ကျွမ်းကျင်လေပါပဲ။ အရွယ်ရောက်လာရင် ကျိုးနွံတဲ့ကလေးထက် အစွမ်းအစရှိတဲ့ ကလေးကအများ ကြီးရှေ့ကိုပိုရောက်သွားမှာပါ။
မိဘတွေဟာ အကင်းပါးပြီး ထက်မြက်တဲ့ ကလေးကိုအမှားတွေ့မှာ စိုးရိမ်တတ်ကြတယ်။ ထက်မြက်တဲ့ ကလေးကိုတော့ အပိုးမကျိုးတဲ့ ကလေးလို့ယူဆကြတယ်။ ကျိုးနွံတဲ့ကလေးကို မိဘစကားနားထောင်ပြီး လိမ္မာယဉ်ကျေးတဲ့ကလေးလို့ ယူဆချင်ကြတယ်။တကယ်တော့ ...ကလေးကျိုးနွံလေ အရည်အချင်းမဲ့ပြီး ပင်ကိုယ်ဗီဇထိပါးလေပါပဲ။
မိဘက ကလေးကို တတ်နိုင်သမျှလွတ်လွတ်လပ်လပ်နေခွင့်ပေးပါ။ ပင်ကိုယ်ဗီဇဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးပါ။ ကလေးအတွက်မထိခိုက်ဘူး အများအတွက်လည်း မထိခိုက်ဘူးဆိုရင်.....ဘာမဆို လုပ်ခွင့်ပေးပါ။ ချုပ်ချယ်မှုနဲ့ သင်ကြားမှု မတူတာကို သတိပြုပါ။
ကလေးနဲ့ မထိုက်တန်တဲ့ သင်ကြားမှုအကြီးကြီးတွေကိုရှောင်ကြဉ်ပါ။ တကယ်တော့ သင်ကြားမှုအကြီး တွေဟာ ကလေးကို အပေါ်ယံသာ တတ်ကျွမ်းစေပြီးကြက်တူရွေးဘ၀ရောက်စေမှာပါ။ ကလေးစိတ်မပါ တဲ့အရာကိုသင်ကြားရင် ဘယ်တော့မှ အမှန်တကယ်မတတ်ပါဘူး။ကလေးက တတ်ဟန်ပြရင်လည်း တကယ်တတ်တာမဟုတ်ဘဲ ကြက်တူရွေး နှုတ်တိုက်ရွတ်သလို ဟန်ဆောင်ပြနေတာပါ။
မိဘတွေက ကလေးငယ်တွေကို ဘုရားရှိခိုးအမျိုးမျိုးသင်၊ယဉ်ကျေးမှုသင်တန်းတွေ တက်ခိုင်းပြီး ဧည့်သည်စုံရင် အလွတ်ရွတ်ပြခိုင်းကြတယ်။ကလေးတတ်တယ်ဆိုပြီး ဂုဏ်ယူချင်ကြတယ်။ တကယ်တော့ ယဉ်ကျေးလိမ္မာတွေဟာ ငယ်ရွယ်လွန်းတဲ့ကလေးတွေရဲ့ ရင်ထဲကိုမရောက်ပါဘူး။ ကြက်တူရွေးနှုတ်တိုက်ရွတ်သလို ရွတ်ပြနေတာပါ။
ဟန်ဆောင်ပကာသနကို အဟုတ်ထင်ရင်တော့ အရွယ်ရောက်လာရင် ကိုယ့်ကလေးပဲ ဒုက္ခရောက်မှာပါ။
မင်းမြတ်သူရ (ပြည်ကြီးတံခွန်စာအုပ်မှ)

No comments: