Sunday, May 20, 2018

ကြက်တောင်ဥပဒေ နှင့်ပါတ်သက်၍ မကြာခဏမေးတတ်သော မေးခွန်းများ

ကြက်တောင်ဥပဒေ နှင့်ပါတ်သက်၍ မကြာခဏမေးတတ်သော  
မေးခွန်းများ ( Frequently ask Questions in Badminton)


ဝိုင်းဝန်းတည်းဖြတ်ပေးတဲ့ ကြက်တောင်အလှုရှင်များဂရုက သူငယ်ချင်းများနဲ့ New Generation Badminton Club က ဆရာဇင်မင်းထွန်းကိုကျေးဇူးတင်ပါတယ်... နည်းပြဆရာနဲ့ဝေး
တဲ့နယ်က ကြက်တောင်ဝါသနာရှင်များအတွက်အထူးရည်ရွယ်
ပါတယ် ..

၁) ပွဲရိုက်နေစဉ် ..ကစားသမားဟာ ပိုက်နဲ့ထိမိရင်ဘာဖြစ်လဲ ?

-  ကစားပွဲအတွင်း ကြက်တောင်ဟာ ကြမ်းပေါ်ကိုမကျခင် ဆိုရင်
ပိုက်ကိုဖြစ်စေ ပိုက်တိုင်ကိုဖြစ်စေ ကစားသမားရဲ့ ရက်ကက် ၊ ခန္ဓာ ကိုယ်အစိတ်အပိုင်းတစ်ခုခု၊ အ၀တ်အစား စသည်တို့နဲ့ထိရင် ....
ဒါဟာအပြစ် ( fault) ပါ။ တဖက်ကစားသမားအမှတ်ရပါတယ်။
အကယ်၍ ကြက်တောင်ဟာ ကြမ်းပေါ်ကျပြီးမှထိရင် တော့အပြစ် မဖြစ်ပါ ...

၂) ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ပိုက်အောက်ကိုကျော်သွားရင် ဥပဒေနဲ့ညီပါလား ?

- ဒါကိုအပြစ်လို့တော့ ဥပဒေမှာဖေါ်ပြမထားပါဘူး.. တစ်ဖက်ကစားသမားကိုတမင်စိတ်အနှောက် အယှက်ဖြစ်အောင် လုပ်တာမျိုးမဟုတ်ပဲ .. ဥပမာ မိမိရဲ့ခန္ဓာကိုယ်ဟန်ချက်ထိန်းရင်း ဖြစ်တာမျိုး ဆိုအပြစ်မဖြစ်ပါဘူး ..

၃) နှစ်ယောက်တွဲပွဲမှာ.. ဆားဗစ်ပေးတဲ့အခါ ကြက်တောင်ဟာ ဆားဗစ်ယူသူဆီမရောက်ပဲ.. သူ့ပါတနာကိုထိရင် ဘာဖြစ်လဲ ?
- ဆားဗစ်ပေးလိုက်တဲ့ကြက်တောင်ဟာ ကွင်းဘက်အမှန်ထဲမှာ ဆားဗစ်ယူသူရဲ့ပါတနာကိုထိရင် သို့မဟုတ်  ဆားဗစ်ယူသူက
မရိုက်မိပဲ၊ သူ့ပါတနာကရိုက်မိရင် (fault)  အပြစ်ဖြစ်ပါတယ်.. ဆားဗစ်ပေးသူအမှတ်ရပါတယ်။ အကယ်လို့ ဆားဗစ်ကွင်းဘက်
မှားပြီး ကြက်တောင်ရောက်သွားလို့ ဆားဗစ်ယူသူရဲ့ပါတနာကို
ထိရင် ဆားဗစ်ယူသူဖက်ကိုအမှတ်ပေးပါတယ်...

၎) နှစ်ယောက်တွဲပွဲမှာဆားဗစ်ကွင်းမှားနေရင်ဘယ်လိုလုပ်သလဲ ?

- ဆားဗစ်ပေးတဲ့သူ ကွင်းဘက်ခြမ်းမှားနေရင် ဒိုင်က နောကတကြိမ် ဆားဗစ်မပေးမှီအထိ (let ပြန်ကစားစေခြင်း ) ပေးပါတယ်။

- ဒိုင်ကလည်းမသိလိုက်ပဲ နောက်တစ်ကြိမ်ဆားဗစ်ပေးပြီး အမှတ် တွေရသွားကြပြီးမှ သတိထား မိရင်တော့ သိသိချင်းကွင်းဘက် ခြမ်းအမှန်ကိုနေရာပြန်ချထားပေးပြီး ရောက်ဆဲအမှတ်ကနေသာ ဆက်လက်ကစားစေပါတယ်။

၅)  နှစ်ယောက်တွဲကစားပွဲတစ်ခုရဲ့ ဆားဗစ်ယူတဲ့အခါ ဆားဗစ်ယူ  မဲ့သူရဲ့ ပါတနာဟာ ဘယ်နေရာ မှာပဲရပ်ရမယ်ဆိုတဲ့ ဥပဒေ တစ် ရပ်ရှိပါလား ?

- ဆားဗစ်ယူမဲ့သူရဲ့ ပါတနာဟာ တစ်ဖက်ကဆားဗစ်ပေးသူ နဲ့ ကိုယ့်ဖက်ကဆားဗစ်ယူသူ နှစ်ယောက်လုံးရဲ့ မြင်ကွင်းကို အ နှောက်အယှက်မဖြစ်ဘူးဆိုရင် သူ့ကွင်းမှာ သူကြိုက်တဲ့နေရာမှာ ရပ်ပြီးနေရာယူနိုင်ပါတယ်.. ဆားဗစ်ယူသူကတော့ သူ့ရဲ့ကွင်းအ ခြမ်းအတွင်းမှာပဲနေရာယူရပါမယ်။

၆) ကစားပွဲအတွင်းမှာ ကစားသမားရက်ကက်လဲကိုင်လို့ရပါလား?
- ရပါတယ်.. ခွင့်ပြုထားပါတယ်..ကစားနေစဉ်အတွင်း ရက်ကက် ကြိုးပြတ်သွားလို့ ကစားသမား ဟာခြင်းထဲကရက်ကက်နောက် တစ်ချောင်းပြေးလဲပြိး ဆက်ကစားတဲ့ပွဲ နိုင်ငံခြားပွဲမှာရှိခဲ့ဘူးပါတယ်။


၇) ကြက်တောင်ဟာ ပိုက်တန်းအပေါ်နားကိုထိပြီးမှတဖက်ကွင်း ထဲလိမ့်ကျသွားရင် ?

- ( In ) ရိုက်တဲ့သူအမှတ်ရပါတယ်

၈) ကြက်တောင်ဟာ ပိုက်တန်းအပေါ်နားကိုထိပြီး ရိုက်တဲ့သူရဲ့ ကွင်းဖက်ထဲကိုလိမ့်ကျရင် ?

- ဒါဟာ ရိုက်တဲ့သူအပြစ် ( fault ) ဖြစ်ပြီး တဖက်ကစား သမားက အမှတ်ရပါတယ်

၉) ကြက်တောင်ဟာ ပိုက်တန်းအပေါ်နားကိုထိပြီး အောက်ပြုတ် မကျပဲ ပိုက်မှာငြိနေရင် ?

-  အကယ်၍ ဆားဗစ်ပေးတဲ့အချက်ဖြစ်နေရင်တော့ အပြစ် ( Fault ) ဖြစ်ပါတယ်.. တစ်ဖက်ကအမှတ်ရပါတယ်။

- အကယ်၍ဆားဗစ်ပေးပြီး ( 14.2.3) လို့တဖက်ကစားသမား က ပြန်ရိုက်လိုက်တဲ့ကြက်တောင် ဟာ ( 14.2.3.1) ပိုက်မှာငြိနေပြီး အောက်မကျပဲတန်းလန်းဖြစ်နေရင် သို့မဟုတ် (14.2.3.2)  ပိုက် ကိုကျော်သွားပြီးတဖက်ကွင်းဖက်က ပိုက်ရဲ့မျက်နှာပြင်မှာငြိနေရင် ..ပြန်စကစားရမဲ့ ( let ) ဖြစ်ပါတယ်..

၁၀) ကြက်တောင်ကို ရက်ကက်ကြိုးနဲ့မရိုက်မိပဲ ဖရိန်နဲ့ ရိုက်မိရင် အပြစ် ( fault ) ဖြစ်လား?

-  ဒါဟာ အပြစ် ( fault ) မဖြစ်ပါ

၁၁) ဆားဗစ်ပေးတဲ့အခါ ကြက်တောင်ကိုလေထဲကိုပစ်မြှောက်ပြီး  မှ ရိုက်ထုတ်တာ ဥပဒေကခွင့်ပြု ပါလား ?

-  ဒါကို ဥပဒေကခွင့်ပြုပါတယ် .. ဒါပေမဲ့ ကြက်တောင်ကိုထိတဲ့
အခိုက်မှာ သတ်မှတ်အမြင့်ထက်ပို မမြင့်စေရတဲ့အပြင် ကြက်
တောင် ရဲ့ အောက်ခြေဖေါ့တုံးကိုအရင်ထိရပါမယ် ..

၁၂) ကြက်တောင်ဟာ မျက်နှာကျက် သို့မဟုတ် ဘေးနံရံကို 
သွားထိရင် အပြစ်ဖြစ်ပါလား ? တစ်နည်းအားဖြင့် ကြက်တောင်
ဟာကွင်းအပြင်ဖက်က လူ သို့မဟုတ် အရာဝတ္ထုတစ်ခုခုကို သွား
ထိရင် အပြစ်ဖြစ်ပါလား ?

- ဒါဟာအပြစ် ( fault ) ဖြစ်ပါတယ် .. ကြက်တောင် ဥပဒေသ
13.3.4 နဲ့ 13.3.6 မှာအတိအကျ ဖေါ်ပြထားပါတယ်


၁၃) ဆားဗစ်ပေးတဲ့အခါ ခါးအောက်နေရာကနေပဲပေးရမယ်ဆို 
တာ ဘယ်နေရာလောက်ပါလဲ ?

ခါးအပေါ်အရမ်းမမြင့်တဲ့အမြင့်ဟာ ခန့်မှန်းရခက်တတ်ပါတယ်။
ပြိုင်ပွဲမှာ ဆားဗစ်ကိုဖမ်းဖို့အတွက် ဆားဗစ်ဒိုင်လူကြီး ( service
judge ) တစ်ယောက်သပ်သပ်ထားရတာကိုကြည့်ရင် ဒီအမြင့် သတ်မှတ်ချက်ဟာ အရေးကြီးကြောင်းသိနိုင်ပါတယ်။ BWF ရဲ့ သတ်မှတ်ချက်အရ ခါးအမြင့်ကို အောက် ဆုံးနံရိုးနေရာ စိတ်ကူး လိုင်းနေရာလို့သတ်မှတ်ပါတယ်။

ကြက်တောင်ကိုမြှင့်ပြီိးကိုင်လို့တော့ရပါတယ်။ ဒါပေမဲ့ ဆားဗစ်စ ပေးတဲ့အချိန် ရက်ကက်နဲ့ထိတဲ့အခိုက်လေးမှာတော့ ခါးအောက် နေရာဖြစ်ရပါမယ်။ ဒါ့အပြင်ကြက်တောင်ရဲ့အောက်ခြေဖေါ့တုံးကို ပဲရက်ကက်နဲ့ရိုက်မိစေရပါမယ်။ အတောင်ကိုရိုက်မိရင် အပြစ်
( fault) ပါ။ BWF ကပြင်ဆင်သတ်မှတ်ဖို့လုပ်နေတဲ့ဆားဗစ်အမြင့် ကတော့ ကြက်တောင်နဲ့ ရက်ကက်စထိတဲ့အခိုက်ဟာ ကြမ်းပြင်  ကနေ ၁.၁၀ မီတာထက်မမြင့်တဲ့ နေရာပဲဖြစ်ရပါမယ်။ ပြိုင်ပွဲမှာ တော့ ဆားဗစ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကိုလိုက်နာရပါမယ်။

၁၄) ဆားဗစ်ပေးတဲ့အခါ ဆာဗစ်ပေးတဲ့သူရဲ့ရက်ကက်အလယ်တိုင် 
 ( shaft ) နဲ့ ခေါင်း ( head) ဟာ ကြက်တောင်ကို ထိတဲ့ အခိုက်မှာ အောက်ဖက်ကိုညွှန်းနေစေရမယ်ဆိုတာရှင်းပြပေးပါ ။

- BWF Badminton law အရ .. တရားဝင်ဆားဗစ်ဖြစ်အောင်
လို့ဆိုရင် ကြက်တောင်နဲ့ ရက်ကက် ထိတဲ့အခိုက်လေးမှာ ဆားဗစ် ပေးတဲ့သူရဲ့ ရက်ကက် အလယ်တိုင် ( shaft ) နဲ့ ခေါင်း ( head ) ဟာ အောက်ဖက်ကိုညွှန်းနေစေရ ပါမယ်။ အောက်ဖက်ကိုညွှန်း တယ်ဆိုတဲအဓိပ္ပါယ် ကတော့ ရက်ကက်ရဲ့ခေါင်းဟာ ရက်ကက်ရဲ့ လက်ကိုင် ( grip) ထက်နိမ့်နေစေ ရပါမယ် ။

၁၅) အကယ်၍ ကြက်တောင်ဟာ ပိုက်တိုင် ( net post) ကိုထိရင် ဘာဖြစ်မလဲ ?

- ပုံမှန် ပိုက်တိုင်ကို ပိုက်လို့ပဲသတ်မှတ်ပြီး၊ မှန်ကန်တဲ့ပိုက်တိုင် ဟာနှစ်ယောက်တွဲဘေးစည်း အပေါ်တည့်တည့်မှာရှိရပါမယ်။
တိုင်ကြီးပြီး အစွန်းထွက်တာမျိုးမရှိရပါဘူး။

အကယ်လို့ ကြက်တောင်ဟာ ပိုက်တိုင်ပေါ်ကျပြီးမှ တဖက်ကွင်း အထဲဖက်ကိုကျတယ်ဆိုရင် နှစ်ယောက်တွဲပွဲအတွက်ဆိုရင် ( In)
ပါ။ ရိုက်တဲ့ဖက်ကအမှတ်ရပါတယ်။ တစ်ယောက်ချင်းပွဲအတွက် ဆိုရင်တော့ ကြက်တောင်ဟာထုံးစံအတိုင်း အတွင်းစည်းရဲ့အထဲ ဖက်ကိုကျမှ ( In) ပါ။ အကယ်လို့ ပိုက်တိုင်ပေါ်ကျပြီး မိမိကွင်း
အထဲ ဖက်ကိုပြန်ကျရင် တစ်ဖက်ကို အမှတ်ပေးရပါတယ်။

လိုင်းနဲ့ပါတ်သက်လို့တော့ လိုင်းကျပ်ဒိုင် ( Line Jduge ) တွေက စောင့်ကြည့်မှာဖြစ်ပြီး၊ အငြင်းအခုံဖြစ်နိုင်စရာရှိတဲ့ဟာမျိုး (အထူးသဖြင့် ကြက်တောင်အောက်ခြေဖေါ့တုံးဟာ လိုင်းကိုထိမထိ ) ဆို တာမျိုးကို အဓိကထားစောင့်ကြည့်မှာဖြစ်ပါတယ်။ ဖေါ့တုံးဟာလိုင်း အပြင်ကိုထိပြီး အတောင်တွေကလိုင်းကိုထိသွားတဲ့ အချက်မျိုးကို အမှတ်မတွက်ပါဘူး။ out ပါ။



By Ajay Kumar..

သူငယ်ချင်းများအားလုံး
ပျော်ရွှင်စွာကြက်တောင်ကစားနိုင်ကြပါစေ...

No comments: