Saturday, May 26, 2018

ကျန်းမာရေး ယိုယွင်းစေသော အလေ့အကျင့်ဆိုး (၈) ခု

(8 Bad Habits that Damage Your Health)


ကျွန်တော်တို့တွေ ဘာရယ်မဟုတ် မသိမသာလုပ်မိနေသော အလေ့အထ၊ အလေ့အကျင့် သို့မဟုတ် ၀သီအချို့ဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတဲ့ အရာတွေထက် ဒုက္ခပိုပေးနိုင်တယ်ဆိုတာ မလေ့ကျက်မိကြပါဘူး။ ကိုယ်စားသောက်မယ့် အစားအသောက်တွေမှာ ဘယ်အရာက ဘာအစိတ်အပိုင်းအတွက်ကောင်းတယ်၊ ဘယ်ဖျော်ရည် ဘယ်လိုဟင်းလျာက ကျန်းမာရေး အထောက်အကူပြု တယ်ဆိုတာမျိုး စေ့ငုစပ်စုဖို့ မစဉ်းစားမိကြပါဘူး။ ကျွန်တော်တို့ ဈေးထဲသွားတယ် မျက်စိထဲမြင်မိတာ အာရုံကျက်မိတာ တွဲစပ်ချက်ပြုတ်လိုက်တယ် ဒါပဲမဟုတ်လား။

ကျွန်တော်တို့ ပြုလုပ်နေထိုင်ဖြစ်နေတဲ့ အမူအကျင့် ၊ လုပ်ဆောင်ဖြစ်နေတဲ့ အလေ့အထတွေဟာ ကျန်းမာ​ရေးကို အန္တရာယ်ရှိစေသော အမှားအယွင်းများလားသိချင်ရင် ရေးသားဖော်ပြမည့် အကျင့်ဝသီများကို ဖတ်ရှုတွေးဆယှဉ်ထိုးကြည့်ပါ။

(၁) ကိုယ့်အချိန်အတော်များများကို တီဗီရှေ့မှာ ကုန်ဆုံးမိနေသလား (Spending most of your time in front of the TV)

ကျွန်တော်တို့တွေဟာ ဆိုဖာလေးပေါ်ထိုင် တီဗီကြည့်ရင်း နာရီတွေ အချိန်တွေ သုံးဖြုန်းရတာ သဘောကျကြပါတယ်။ သက်သောင့်သက်သာရှိတဲ့  စိတ်ခံစားမှု အတွက် ကိုယ့်ကိုယ်ကိုယ် အလိုလိုက် အကြိုက်ဆောင်မှု တစ်ခုပြုလုပ်မိနေတယ်လို့ စာဖတ်သူတွေးသင့်တယ် မယူဆဘူးလားဗျ။ အဲ့သလို အမြဲတစေ တစ်နေရာတည်းထိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုနည်းစေ ပြင်ပ အခြားပတ်ဝန်းကျင်ကို အရွေ့နည်းစေတဲ့အမူအကျင့်ကြောင့် အမျိုးမျိုးသော ကျန်းမာရေး ပြဿနာဖြစ်ရပ်များစီ ရောက်ဖို့ဦးဆောင်သွားနိုင်ပါတယ်။

(၂) အအိပ်အနေနည်းခြင်း (Barely sleeping)

ကျွန်တော်တို့ အများစုက မိမိသွားလာလှုပ်ရှားလုပ်ကိုင်သည့် ပမာဏနဲ့ အနားယူအိပ်စက်သော အချိန်ကာလ မကိုက်ညီ မလုံလောက်ကြတာများပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်လုပ်ချိန်မှာ အလုပ်လုပ်မယ် အလုပ်ချိန်ပြင်ပမှာ ကိုယ်လုပ်ချင်တာလုပ်မယ် လုပ်နိုင်သူလို့ တွေးထင်ကြတာကိုး။ ညဘက် အိပ်ချင်တဲ့အချိန်မှ အိပ်မယ့်သူများ နံနက်​ခင်း အိပ်ရာကအထ နာရီအနည်းငယ်အတွင်း ဘယ်လိုခံစားရလဲ ပျော်ရွှင် တက်ကြွမှု စိတ်အခြေအနေရှိလား အရင်တွေးဆကြည့်ပါ။ အလုပ်လုပ်မယ် အိပ်ချင်မှအိပ်မယ် နောက်တစ်နေ့ အလုပ်သွားမယ်ဆိုတဲ့ ကိစ္စဟာ အချိန်ကာလကြာရှည်မှု မမြဲဘူးဆိုတာ စာဖတ်သူ တွေ့ပါလိမ့်မယ်။ ဒါက စာဖတ်သူဟာ ကိုယ့်ကိုယ်ကိုယ် အားအင်ပြည့်အောင် ဖြည့်စီးဖို့ လိုအပ်နေတယ်လို့ ပြဆိုပါတယ်။

(၃) အသုံးအစွဲလက်လွန်ခြင်း (Overspending)

စိတ်လွတ်ကိုယ်လွတ် ဈေးဝယ်ထွက်ပြီး ပိုက်​ဆံအတော်များများ သုံးစွဲမိတဲ့ အတွေ့အကြုံ စာဖတ်သူမှာ ရှိမယ်ဆိုတာ အသေအချာပြောနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ကိုယ်လိုအပ်လို့ ၀ယ်တာပဲ အဆင်ပြေတယ်လို့ ပြောတယ် မဟုတ်လား။ ဘယ်လိုပဲ ဖြစ်ဖြစ် ၀င်ငွေ ၊ ထွက်ငွေ ၊ စုဆောင်းငွေ၊ ပေးရန်ရှိ ၊ ရရန်ရှိ တွေ တွက်ချက်ရချိန်မှာ ပိုက်ဆံတွေ အလွန်​အကျွံ သုံးစွဲမိတဲ့အတွက် ကြောင့်ကြစိတ် စိတ်ဖိအားတွေ ရမှာပါ။ အဲ့ဒီစိတ်ကြောင့် နဂိုမူလ မရှိသေးသော ကျန်းမာရေးဆိုင်ရာ ရောဂါသစ်တိုးပွားစေရေး ဖြစ်လာပါရော။

(၄) နေလောင်ကာလိမ်းဆေးသုံးဖို့ မေ့ခြင်း (Forgetting sunscreen)

နေရောင်ခြည်မှ UV A တွေ UV B တွေ တရားလွန် မရဖို့ အကာအကွယ် မပါဘဲ အိမ်အပြင်ကို ခြေလှမ်းအစပြုခြင်းသည် နေရောင်ခြည်ကြောင့် အရေပြားပျက်စီးကြောင်း ထင်သာမြင်သာ ရှိစေပါတယ်။ ဘာ​ကြောင့်​လဲဆို​တော့ အရေပြားဆဲလ်တွေ ပျက်ယွင်းလာလေ အသက်​အရွယ်​ ကြီးရင့်မှုနှုန်းမြင့်လေဆိုတာ နေရောင်ခြည်ထဲက ရောင်ခြည်များကြောင့်လို့ ဆိုလိုချင်တာပါ။

(၅) သွားရေစာ ကြိုက်နစ်သက်လွန်းခြင်း (Love affair with junk food)

ကျွန်တော်တို့အားလုံးလိုလို သည်အလေ့အကျင့်နဲ့ ပတ်သက်ပြီး စိတ်ထဲ မသိုးမသန့် အပြစ်ရှိကြသလိုပဲဗျာ။ သည်အစားအစာက အဆီများတယ်၊ အငန်ကဲတယ်၊ အချိုပိုလွန်းတယ်လို့ အတွန့်တက် မပြောနိုင်ကြသလို အဲသည်ကနေ ကျန်းမာရေးအတွက် ဘာဆိုးကျိုးတွေ ကပ်ပါလာသလဲဆိုတာ သတိမပြုမိကြပါဘူး။ စာဖတ်သူတို့အနေနဲ့ သည်အလေ့အကျင့်ကို အပြောင်းအလဲ ဖြစ်ချင်ရင် ရလွယ် ပေါများသယောင်ထင်ရသော အရံသင့်စား မုန့်ပဲသွားရေစာတွေအစား အိမ်လုပ် မုန့်လေးတွေ၊ အသီးအနှံ နှင့် အရွက်သုပ်လေးတွေလိုမျိုး ရွေးချယ်စရာဖြစ်အောင် ပြုလုပ်ပြင်ဆင်စားသောက်သင့်ပါတယ်။

(၆) ရေဓာတ်ဖြည့်ပေးဖို့ မေ့လျော့ခြင်း (Forgetting to hydrate)

ရေကို လုံလောက်စွာမသောက်ခြင်းကြောင့် ရေဓာတ်ကုန်ခမ်းခြင်း၊ အာရုံစူးစိုက်မှု ​လျော့ပါးခြင်း၊ အစာမကြေဖြစ်ခြင်းနှင့် မကြာခဏ ခေါင်းကိုက်ခြင်းတို့လို ကျန်းမာရေး ပြဿ နာများ အများအပြား ပေါ်ပေါက်လာနိုင်ပါတယ်။ နေ့တစ်နေ့ကို အနည်းဆုံးတော့ ရေ ၆ဖန်ခွက်ကနေ ၈ဖန်ခွက်သောက်သင့်ပြီး ဖြစ်နိုင်ရင် သည့်ထက်ပိုသောက်လို့ရပါတယ်ခင်ဗျ။ ဥပမာ - နံနက်အိပ်ရာထ ရေ ၂ ဖန်ခွက်၊ အစာမစားခင်​ နာရီဝက်ကြိုပြီး ရေ ၁ဖန်ခွက်၊ ရေမချိုးခင် ရေ ၁ ဖန်ခွက် ၊ ည အိပ်ကာနီး ရေ ၁ ဖန်ခွက်။

(၇) နံနက်စာ မစားခြင်း(Not having breakfast)

အလုပ်​ကို စောစောစီးစီး သွားရမှာ၊ သွားရေးလာရေး အခက်​အခဲတွေ့မှာ စသည့်ကြောင့်ကြမှုတို့ကြောင့် နံနက်စာ အဆာပြေ တစ်ခုခုကိုတောင် မစားလိုက်တဲ့ အလေ့အထကို ချိုးဖျက်ဖို့လိုပါတယ်။ သည်အလေ့အကျင့်ဟာ နောက်ထပ် စားမည့် အစားအစာ မစားသောက်ခင် ရလွယ်စားလွယ်သော ကျန်းမာရေးနဲ့ မညီသည့် သွားရေစာတွေ စားလွယ်ဖို့ ဖန်​တီးပါတယ်။ ဒါကြောင့် ခပ်စောစောလေး အိပ်ရာထ သို့မဟုတ် ညမအိပ်ခင်လေးမှာ နံနက်​စာအတွက် ပြင်ဆင်ထားရပါမယ်။

(၈) တချိန်လုံး ကြောင့်ကြစိတ်ဝင်နေခြင်း (Staying stressed all the time)

စိုးရိမ်ကြောင့်ကြစိတ် Stress က သိသိသာသာကော မသိမသာကော ကျွန်တော်တို့ကို အကျိုးသက်ရောက်မှု ရှိပါတယ်။ သည်စိတ်ရဲ့ အကျိုးသက်ရောက်မှုများကို ခံစားမိ သတိပြုမိတယ်ဆိုပါက ဘယ်လိုရှင်းထုတ်ပစ်ရမလဲဆိုတာ ကျွန်တော်တို့ နည်းလမ်းရှာသင့်တာပေါ့လေ မဟုတ်ဘူးလား။

Alex Aung (18 May 2018)

Ref: 8 Bad Habits that Damage Your Health by Wellnessbin

No comments: