Friday, December 30, 2016

♬ ကိုယ့်ချစ်ဦး♪

" ကိုယ့်ချစ်ဦး "
==========

                                                 
လေသည် သစ်ရွက်ကြိုကြိုကြားကြားမှ ဖြတ်သန်း၍ ပန်းရနံ့သင်းသင်းကိုဆောင်ကာ အသော့ပြေးသည့်အခါ သေးသေးမှုန်မှုန်ခရေပွင့်များသည် မြေပေါ်သို့ တဖြုတ်ဖြုတ် ကြွေဆင်းကြသည်။ အုန်းလက်များသည်လည်း လေးလေးပင်ပင်နှင့် ဘယ်ညာလွှဲကာ အငြိမ့်စီးနေကြသည်။ မိုးသားပြာပြာနှမ်းနှမ်းများသည်လည်း အနိမ့်သို့ ပြိုဆင်းကာ မြေပြင်ပေါ်က နက်မှောင်သည့်အရိပ်အားလုံးကို ဖျော့တော့မှုန်ရီစေလေသည်။

သည်လို နယုန်လ၏ အထွေးထွေးအေးအေးနံနက်ခင်းမှာ မေသီသည် ကြည်ဆွတ်သည့်နှလုံး၊ ချိုပြုံးသည့်မျက်နှာဖြင့် ခြံထဲသို့ ပြေးဆင်းခဲ့မြဲဖြစ်၏။ မနင်းရက်စရာ မြေကွက်လပ်တစ်စကလေးမှ မကျန်အောင် ကြွေကျထားသည့် ခရေပွင့်အခင်းပေါ်မှာ ကိုယ်ကိုဖော့၍ ဖြတ်ခဲ့မြဲဖြစ်၏။ တွဲလွဲကျသော ဒန်း၏ ထိုင်ခုံကလေးပေါ်သို့ မတ်တပ်ကလေးကျအောင် ပေါ့ပါးစွာ ခုန်တက်လိုက်ပြီးသည်နှင့် တစ်ချက်တည်း ဇောက်ထိုးမိုးမျှော်ဖြစ်အောင် တအားလွှဲကာ စီးမြဲဆော့မြဲဖြစ်ပေသည်။

ယနေ့အဖို့မူကား ဘာကိုမျှ သတိမရသောစိတ်နှင့် ခေါင်းငိုက်စိုက်ကျကာ လေးဆေးနှေးတုံ့စွာသာ လာသည့်လာရိုးလာစဉ်အတိုင်းသာ ခြေက လှမ်းလာသည်။ ရည်ရွယ်ချက်ကား မရှိချေ။ ဒန်းမှ ထိုင်ခုံကလေးပေါ်တွင် တင်ပါးလွှဲထိုင်လိုက်မိကာ တဖြည်းဖြည်း စိတ်လက်မပါ စတင်၍လွှဲရင်း ငိုင်လျက်နေမိသေးသည်။

ခါတိုင်းကဲ့သို့ သီချင်းမျိုးစုံလည်း တစ်ခုပြီးတစ်ခု ဆက်၍မဆိုမိ။ ဒန်းအရှိန်ကြောင့် သစ်ကိုင်းပေါ်မှ ငှက်ကလေးများ လန့်ပြေးသည်ကို ကြည့်၍ ခါတိုင်းနှယ် သဘောတကျလည်း မရယ်မိ။ ဝုတ်ကနဲ လေနဲ့တိုးမိသည့်အခါ အရင်ကဆိုလျှင် ချစ်စရာကောင်းသည့် အရသာကလေးဖြစ်သော်လည်း ယခုမူ ခေါင်းထဲတွင် မူး၍မိုက်၍ လာလေတော့သည်။

ခါတိုင်းလို ဘယ်မှာပျော်နိုင်ပါမည်လဲ။ ခါတိုင်း ခြံထဲသို့ ဆင်းခဲ့ခြင်း၏ ရည်ရွယ်ချက်နှင့် သည်နေ့ဆင်းခဲ့သည့် ရည်ရွယ်ချက်ချင်း တူမှမတူဘဲ။ ခါတိုင်းမူကား ကိုတင်အေး အလုပ်သွားသည်ကို ဒန်းစီးရင်း ဆော့ရင်း စောင့်မည်။ ကိုတင်အေး လာတော့ မြေကြီးနှင့် ဒန်းနှင့်ကပ်သွားစဉ် ခရေပွင့်များကို ကျုံးယူကာ အပေါ်ရောက်သွားလျှင် သူ့ကို တအားပေါက်၍ နောက်မည်။ သူ မေသီ့ဆီလာလျှင်တော့ အိမ်ပေါ်တက်ပြေးမည်။ ပြောချင်တာတွေ မပြောရသဖြင့် သူ ရှုံ့မဲ့၍ပြန်သွားလျှင် မေသီ သဘောကျကာ သိပ်ရယ်တတ်သည်။ မေသီသည် နှစ်ယောက်တည်း နီးနီး အကပ်မခံချေ။ သူ ဘာပြောချင်သည်ကို မေသီ ကြို၍သိပြီးဖြစ်ပေသည်။

ယနေ့မှာဖြင့် သူ မြန်မြန်လာပါစေဟုသာ ဆုတောင်းနေမိတော့၏။ ကိုတင်အေးလာလျှင် မေသီ ထွက်မပြေးပါ။ ကြွက်မကိုလည်း လှမ်းခေါ်မည်မဟုတ်။ ပထမဆုံးအကြိမ် နှစ်ယောက်တည်း နီးနီး အတွေ့ခံပါမည်။ သူပြောမည့် ချစ်စကားတွေကို ပြုံးကာကြည်ကာ နားထောင်ဖို့တော့မဟုတ်။ သူ့မျက်နှာကို စေ့စေ့ကြည့်၍ သူ့စကားတွေကို ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်ဖို့သာ ဖြစ်သည်။

သူတို့နှစ်ယောက် တွေ့ကြုံပုံမှာ မဆန်းလှ။ ငယ်ငယ်က သူနှင့် ကစားဖက်ဖြစ်သည်။ ကြီးတော့ ချစ်သူဖြစ်ကြဖို့ ရှိလေ၏။ သို့သော် မေသီမှာ ကိုတင်အေးကို ချစ်သည်ထက် နောက်ပြောင်လိုစိတ်ကများသဖြင့် အမြဲပင် သူ့ကို အရူးလုပ်လာခဲ့သည်။
သူတို့နှစ်ယောက်မှာ ဘာကိုမျှ ပူစရာမရှိ။ ချစ်သူအဖြစ်နှင့် စခန်းသွားလိုကသွား၊ မြန်မြန်ဆန်ဆန် လက်ထပ်လိုက လက်ထပ်နိုင်သည်။ နှစ်ဦးစလုံးပင် လွတ်လပ်မှုကို ကြိုက်သောမိဘများ၏ သားသမီးများဖြစ်သည်။ ထို့ကြောင့် ဖြူးနေသောလမ်းမှာ မေသီသည် အလျင်စလို ပြေးမသွားလိုချေ။

ကိုတင်အေးကမူ ပိုင်ချင်လေသည်။ စကားစကိုသာရှာကာ အခွင့်ကို ရှာနေ၏။ မေသီ့မျက်နှာကလေး ပြုံးနေသော်လည်း ချစ်စကားကို ကြားလိုလှသေးသည်။ ဒါပေမဲ့ ပါးစပ်ကပြောမှ ချစ်တယ်မမည်ပါဘူး။ သူပြောချင်တာ ပြောရအောင် တစ်နေ့တွင် အခွင့်ပေးမည်ဟု မေသီ စိတ်ကူးထား၏။ အို... မေသီကများ ပြုံးလိုက်ရင်ဖြင့် သူ သိပ်ဝမ်းသာမှာပဲ။ ဖြူစင်တဲ့ ငါးရာနှစ်ဆယ့်ရှစ်နဲ့ပါ ကိုယ့်ချစ်ဦးကို မေသီ ယုယမှာပေါ့။

သည်နေ့ကို ရောက်လာသည့်အခါ မေသီ မျှော်လင့်ထားသလို ပြုံးရကြည်ရတော့မည်မဟုတ်ကြောင်း တွေ့ရလေ၏။ ဒါကတော့ မေသီ့ အပြစ်မဟုတ်၊ ကိုတင်အေး အပြစ်လို့လည်း မဆိုချင်။ မဆိုချင်သည်မှာ ကိုတင်အေး ဘာလုပ်လုပ် အပြစ်မဆိုချင်အောင် ချစ်မိသဖြင့် ဖြစ်လေ၏။ ခွင့်လွှတ်ခြင်းသည် အချစ်၏ အတိုင်းအထွာဖြစ်သည်။ သို့သော် ကိုယ့်ချစ်ဦးကိုဖြင့် မေသီ ဆုံးရလေပြီ။

ညဥ့်ဦးကလေးက ဦးလေးချစ်က ပြောပြသည်။ ကိုတင်အေးက ရည်းစားနဲ့ဆိုပါကလား။ ကောင်မလေးက ခပ်ငယ်ငယ် ဗိုလ်ဆန်ဆန်နဲ့မို့ အမြဲပဲ ရုပ်ရှင်တွဲကြည့်ကြသတဲ့။ သည်စကားကိုကြားစဉ်က မေသီသည် ခုပြန်ပြီး မတွေးဝံ့တော့မိအောင် တုန်လှုပ်သွားသည်။ အထင်ကြီးထားချက်တွေ၊ ယုံကြည့်ချက်တွေ လေထဲသို့ လွင့်ပါသွားတော့သည်။ အချစ်ဦး၏အလှည့်စားခံရမှုသည် မေသီအား ဣနြေ္ဒမဆောင်နိုင်အောင် ထိခိုက်သွားစေလေ၏။ တကယ်ပင် မေသီသည် အင်မတန် နာကြည်းစရာကောင်းအောင် ချစ်ရေးနိမ့်ခဲ့ရပြီ။

အချစ်ဆိုတာ တစ်ဝက်စီခွဲပြီး လူနှစ်ယောက်ကို ပေးလို့ရသလား၊ လူတစ်ကိုယ်မှာ အချစ်စိတ်ဟာ နှစ်ခုသုံးခုများ ရှိလေသလား။ ဤသို့ မေသီသည် အရူးစိတ်ကူးပမာ အဆီအငေါ်မတည့်စွာ စိတ်ထဲမှာ ထပ်တလဲလဲ မေးနေမိလေ၏။ မေသီသည် မျက်ရည်များ ဝဲလာလျက် တစ်ကိုယ်တည်း မဲ့ပြုံးပြုံးမိ၏။ သို့သော် ဘယ်သူ့ကို ပြုံးမိမှန်း သူဘာသာ သူမသိ။ ကိုတင်အေးကိုဖြင့် မမုန်းရက်နိုင်ပါ။ အမှန်မှာ ကိုတင်အေး၏အမူအရာ၊ အပြောအဆို အသွေးအသွင်တို့သည် သူ့အသည်းကို စိုးမိုးနိုင်နင်းနေပေပြီ။

ရက်စက်ပါပေ့ ကိုတင်အေးရယ်ဟု သူ ငိုရှိုက်သည့်တိုင်အောင် ကိုတင်အေး မနက်တိုင်း သူ့ဆီလာသည်ကို သတိရမိသေးသည်။ ချစ်ရိပ်လျှံနေသည့် သူ့မျက်နှာကို မြင်မိသည်။ မေသီ မဲ့ပြုံးပြုံးသည်မှာ လောကကို ဖြစ်သည်။ ဤလောကသည် အူချာလည်အောင် ရူးသွပ်နေပေသည်။ ပုထုဇနော ဥမ္မတ္တကောတို့သည် ချစ်မှု၊ ကြိုက်မှု၊ သွားမှု၊ လာမှု၊ နေမှု၊ ထိုင်မှုတို့ဖြင့် တစ်သက်တာလုံး ကိုယ့်ဒုက္ခကိုယ် ရှာနေကြသည်။ သို့သော် ဘယ်သူတွေ ဘယ်လိုဖြစ်၍ ပျက်ကြသော်လည်း လောကအရှုပ်အထွေးများအနောက်မှာမူ ခွင့်လွှတ်ခြင်းကသာ အရာရာကို ပြီးဆုံးနိုင်ရတော့၏။ လောက၏ အဖြစ်အပျက် ပွေလီလီတို့ကို သုံးသပ်မိလေလေ ဘာကိုမဆို ခွင့်လွှတ်နိုင်လေလေ ဖြစ်တော့သည်။ သူသည် မိမိအချစ်မနိုင်၍တစ်ကြောင်း၊ သူ့ကို ခွင့်လွှတ်လိုက်ရသော်လည်း စိတ်သက်သာရာရမှုကို မဲ့ပြုံးပြုံးခြင်းဖြင့် ယူလိုသေး၏။

ဘယ်နည်းနှင့်မျှ မဖြစ်နိုင်တော့ဟု ဆုံးဖြတ်လိုက်သော်လည်း ကိုယ့်အချစ်ကို မေသီ ချုပ်၍မရချေ။ ချုပ်တည်းဖို့လည်း မကြိုးစား၊ သူ့ကို ချစ်မိသည့်အတွက်ဆိုလျှင် ဘယ်လိုဒုက္ခပါလာလာ မေသီ မထီချေ။ အကြောင်းမှာ သူသည် သူ့အချစ်ဦးမဟုတ်ခဲ့သော်လည်း သူမူကား မေသီ၏ တစ်ယောက်တည်းသော အချစ်ဦးဖြစ်သည့်အတွက် ဖြစ်ပေ၏။ သို့သော် ဘယ်လိုချစ်ချစ် ပင်လယ်တော့ ခြားခဲ့ပါပြီဟု တွေးမိလျှင် သူ့ရင်မှာ တိမ်စင်သည့် ကောင်းကင်လို ဟာ၍ သွားမိလေ၏။
မေသီသည် ပမ်းလျစွာ အိမ်ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သည်နှင့် ကိုတင်အေး ရောက်လာသည်မှာ တစ်ချိန်တည်းဖြစ်၏။

ကိုတင်အေးသည် " ဟေ့ ...  ကောင်မလေး၊ ခရေပန်းတွေ မကြွေတော့ဘူးလား " ဟု လှမ်းအော်၍ ခြေလှမ်းသွက်သွက်နှင့် လာသည်။ မေသီကမူ ပြုံးလည်းမပြုံး၊ ရယ်လည်း မရယ် တွေ၍သာကြည့်နေမိတော့သည်။ သူ့မျက်နှာမှာ အလွန်တရာမှ ချိုပြုံးကြည်ရွှင်ကာ နေလေ၏။ သည်နေ့ မေသီ အိမ်ပေါ်တက်မပြေး။ သူ့ကို တွေ့ရပြန်တော့ တုန်လှုပ်မိသေး။ ကြည့်ပါဦး၊ သူ့မျက်နှာဖြင့် မေသီတစ်ယောက်ကိုသာ ချစ်သလိုပါပဲ။ ကိုတင်အေးသည် စိတ်ဇောကြီးစွာ သူပြောချင်သမျှကို အလောတကြီးပြောလေ၏။ သူ သိပ်ပြီးစိတ်ပါစွာတော့ ပြောသည်။ သူ့အသံမှာ တုန်နေ၏။ မျက်လုံးများမှာ တောက်ပနေ၏။ သူ၏ချစ်စကားများမှာ မှေးမှိတ်အိပ်ပျော်ချင်အောင် သာယာနာပျော်ဖွယ် ကောင်းပါပေသည်။

ကြည့်စမ်း ဗြောင်လိမ်နေလိုက်တာ။ သို့သော် သူ့စကားများကို မေသီ လက်ခံနေရ၏။ ပြုံး၍ကြည်၍ နားမထောင်သော်လည်း သူ့မျက်နှာကို စေ့စေ့ကြည့်ကာ သူ့စကားများကို ဟက်ဟက်ပက်ပက် မရယ်လိုက်နိုင်ချေ။ "ဟင် မေသီ ဘယ့်နှယ်လဲ˝ ဟု သူက မေးလေသည်။ မေသီကား ဘာလုပ်ရမှန်း မသိတော့။ ကိုတင်အေးသည် မေသီ ငြိမ်နေသည်ကို အားမလိုအားမရဖြစ်ကာ ဒန်းကြိုးကို ကိုင်ထားသည်။ မေသီ့လက်ကလေးတစ်ဖက်ကို ဆုပ်လိုက်သည်။
̏
" မေသီ ကိုတင်အေးကို ပြောပါကွယ် "

မေသီသည် ခေါင်းကိုသာ တွင်တွင်ခါလေသည်။ မေသီ ဒါပဲ တတ်နိုင်တော့သည်။ ကိုတင်အေးက သူ့လက်ကို ဆုပ်ကိုင်ကာ သူအချစ်ကို တောင်းနေစဉ်မှာ မေသီ၏ အချစ်ရှိန်သည် ကြောက်မက်စဖွယ် ထ၍ ပေါက်ကွဲလေသည်။ အို... မေသီ ဘာမျှ သတိမရဘဲ နှစ်လိုက်မိလေမလား။ "မေသီ မေသီ" ဟု ကိုတင်အေးသည် အငမ်းမရခေါ်၏။  " မေသီ... မေသီ၊ မေးတာကို ဖြေပါဦး အချစ်ရယ်"

မေသီသည် သည်လိုဆက်နေ၍ အကျိုးမရှိသည်ကို သတိရမိလေ၏။ မိမိ၏လက်များကို ဆုပ်ထားသော ကိုတင်အေး၏လက်ချောင်းများကို တစ်ချောင်းစီ ဖြည်လေသည်။ ကိုတင်အေးသည် မေသီ မျက်စိမျက်နှာပျက်နေသည်ကို မြင်၍ အနည်းငယ် ကိုယ်ရှိန်သတ်ပေးကာ နားမလည်သလို ကြည့်နေ၏။ မေသီသည် သူ့ချစ်ဦး၏မျက်နှာကို မော်၍မကြည့်ဘဲ တစ်ချက်မျှရှိုက်ကာ ဖြည်ညင်းစွာ အိမ်ပေါ်တက်ခဲ့လေ၏။

မေသီ ခြံထဲသို့ မဆင်းသည်မှာ ဆယ်ရက်ရှိသွားပြီ။ မနက် မနက်မှာ ကိုတင်အေးလာပြီး ခေါင်းငိုက်စိုက်နှင့် ပြန်ပြန်သွားသည်ကို မြင်ရပြန်တော့လည်း စိတ်ထဲက မကောင်း။ မေသီသည် ကိုယ့်ကိုယ်ကိုယ်သာ ကျိန်ဆဲမိတော့သည်။
ကိုတင်အေးကို သည်လို အကျိုးမသိ အကြောင်းမသိ ရှောင်နေ၍မပြီး။ သူ့အား စိတ်ထဲရှိသမျှ ဖွင့်ပြီးပြောလိုက်တော့မည်။ ကိုတင်အေးနဲ့ မေသီနဲ့ သည်အကြောင်းကို မေ့လိုက်ကြပါစို့... လို့။

မေသီ ခြံထဲသို့ ဆင်းခဲ့ပြန်၏။ နေ့လယ်နေသည် မိုးသားများကြားမှ ဘွားခနဲပေါ်နေသည်။ သစ်ပင်အားလုံးတို့သည် ကိုယ့်အရိပ်ကို ကိုယ်ပြန်နင်းကာ ရှိသည်။ ခရေပွင့်တို့သည်လည်း နီညိုညိုအရောင်ဖြင့် နွမ်းနေကြပြီ။ ကိုတင်အေးကို ခရေပင်အောက်မှာ တွေ့ရသည်။

"̏ အို... ကိုတင်အေး၊ အလုပ်မသွားဘူးလား "

"̏ ဟင့်အင်း "

"̏ အို... ဘာဖြစ်လို့လဲ "

"̏ ဘာဖြစ်သလဲဆိုတာ တကယ်ပဲ မသိဘူးလား " ဟု သူက မေး၏။ သူ့အသံမှာ ဒေါသသံပါ၏။ မေသီသည် ဘာမျှမဖြေဘဲ ခေါင်းကို ငုံ့လိုက်မိလေသည်။

"̏ အလုပ်မှ မသွားတာ ဘယ်နှရက်ရှိနေပြီ ထင်သလဲ၊ ကိုတင်အေး ဒီမှာလာ အမြဲလာစောင့်နေတာကော မသိဘူးလား˝ ဟု မေးပြီး  " မေသီလုပ်သွားလိုက်တာ ကိုတင်အေးဖြင့် ရူးကျန်ရစ်တာပဲ မေသီရယ်၊ ရက်စက်လိုက်တာ " ဟု သူ နာကြည်းစွာ ညည်းညူလေ၏။

ကိုတင်အေးသည် အံ့သြစွာကြည့်ကာ " မေသီ " ဟု ခေါ်သည်။ မေသီသည် လျလျကလေး ပြုံးလေ၏။

"̏ မေသီဖြင့် ဝမ်းနည်းလို့ မဆုံးပါဘူး၊ သြော်... ကိုတင်အေးဟာ မေသီ့ကို လှည့်စားရက်လိုက်တာလို့၊ ကိုတင်အေး တခြားမိန်းကလေးတစ်ယောက်နဲ့ ချစ်နေလျက်က မေသီ့ကို ဘာဖြစ်လို့ ညှဉ်းဆဲချင်ရတာလဲ၊ ကိုတင်အေးဟာ မေသီ့ကို လိမ်ပြီး ချစ်မယ်ကြံတာပဲ၊ ဒါပေမဲ့ အလိမ်ပေါ်သွားပြီ"

ကိုတင်အေးမှာက မျက်နှာအပျက်ကြီးပျက်ကာ စကားတစ်လုံးမှမဆိုဘဲ နေလေသည်။ ရာဇဝတ်ကောင်ပမာ မျက်နှာထားကျနေ၏။ ကြက်သေသေပြီး ရုတ်ခနဲ တွေဝေနေ၏။ အတန်ကြာမှ မျက်နှာ မသာမယာနှင့်...
̏
ိုတင်အေး မှားတယ် မေသီ "ဟု ဝန်ခံလေ၏။

"̏ မှားတယ်ဆိုရင်လည်း သည်နေရာမှာ သည်ဟာပြီးကြပါစို့ ကိုတင်အေးရယ် "

"̏ အို မပြီးနိုင်ဘူး၊ ကိုတင်အေး မေသီ့ကို ချစ်တယ်"

မေသီ ဝမ်းနည်းပမ်းနည်းပြုကာ ခေါင်းခါလေသည်။ သူ့အမူအရာမှာ လှိုက်လှိုက်လှဲလှဲပင် ဖြစ်နေကြောင်းကို သိသော်လည်း ဟန်ဆောင်ဖို့ စိတ်မကူး၊ ဂရုမစိုက်ပါဘူးဟူသောအနေဖြင့် မထီတရီ နေလိုက်ဖို့ မကြိုးစား။
̏
"ကိုတင်အေးလေ သည်ကမ္ဘာပေါ်မှာ မေသီ့ကိုသာ ချစ်မယ်၊ မေသီ့ကို ချစ်ရမှ အေးမယ်၊ ယုံစမ်းပါ မေသီရယ်၊ မေသီ့အချစ်အတွက်ဆိုရင် ဘာကိုမဆို စွန့်ပြပါ့မယ်၊ အို ဒီလိုမပြုံးပါနဲ့လေ၊ ရင်ခွဲပြရမှာလား၊ ချစ်တာကို ပါးစပ်က မပြောတတ်ဘူး မေသီ "

ကိုတင်အေး၏မျက်နှာမှာ သွေးရောင်ကြွလာသည်။ သူ့ကိုယ်မှာ ယိမ်းယိုင်ကာ မေသီကို မိုးလျက်ရှိလေသည်။ မေသီက

"̏ အို တော်ပါတော့၊ ဘာပြောပြော မေသီတော့ ကိုတင်အေး အချစ်မျိုးကို သိပ်ကြောက်တာပဲ" ဟု ပခုံးတစ်ဖက်တွန့်ကာ လှောင်ရယ်ရယ်ရင်း ပြောလေ၏။

ကိုတင်အေးမှာ ရုတ်တရက် ဘာမှမပြောနိုင်ပဲငိုင်နေလေ၏။

" မေသီ့အတွက် ဘာကိုမဆို စွန့်နိုင်တယ်လို့ ပြောပြီးပါပကောမေသီရယ်။ ကိုတင်အေးမှားခဲ့မိတဲ့အပြစ်ဟာ မကျေနိုင်လောက်အောင်ပဲ ကြီးသလား " ဟု မေးလေ၏။

မေသီက ရယ်လေသည်။

̏
ခုပြောနေတာက ကိုတင်အေးကို အပြစ်ဆိုနေတာ မဟုတ်ဘူး၊ မိန်းကလေးတစ်ယောက်ကို ချစ်တာဟာ အပြစ်မှ မဟုတ်ဘဲ၊ ဒါပေမဲ့ ချစ်မိပြီဆိုရင် သစ္စာရှိရတယ်၊ တည်တံ့ရတယ်၊ အချစ်ဟာ ပေါ့ပေါ့ကလေးမဟုတ်ဘူး၊ ကိုတင်အေး ခုလို လုပ်တာဟာ ဟိုကောင်မလေးအပေါ်ရော မေသီ့အပေါ်မှာရော သက်သက်မတရားလုပ်တာပဲ၊ ကိုတင်အေး ဘာဖြစ်လို့ သည်လောက်မိန်းကလေးတွေကို ဒုက္ခပေးချင်ရတာလဲ၊ မေသီကိုရော ဘာဖြစ်လို့ လိမ်ချင်ရတာလဲလို့ "

အသံမှာ ငိုသံပါသည်။ မေသီ၏ ရင်မှာ ပွင့်ထွက်တော့မလို ပူလျက်ရှိသည်။ မေသီမှာ ကိုတင်အေးနားက ရုတ်ခြည်းထကာ ဝေးဝေးသို့ လွတ်လွတ်ကျွတ်ကျွတ် ပြေးချင်စိတ်ပေါက်လာလေ၏။ ကမ္ဘာ့အစွန်ကိုပဲဖြစ်ဖြစ် ငရဲကိုပဲဖြစ်ဖြစ်...။
တိတ်ဆိတ်ခြင်းသည် များပြားသော အဓိပ္ပာယ်ကို ဆောင်ကာ ရှည်လျားစွာ မင်းမူနေသည်။ မိုးသားများကြားမှ နေသည် ပူလောင်သော အရှိန်အဝါတို့ကို လောင်းသွန်ချသည်တွင် သစ်ရွက်အပေါင်းတို့သည်လည်း ခေါင်းငုံ့ကာ မာန်လျှော့နေကြရှာသည်။ လေသည်လည်း ကွယ်ပျောက်နေပြီလိုလို။

̏" မေသီ ကိုတင်အေးကို နည်းနည်းမှ မချစ်ဘူးလား "ဟု ဖြုန်းကနဲ မေး၏။ မေသီက ဘာမှမပြောဘဲနေလေ၏။

"̏ မေသီ ပြောပါကွယ်၊ မချစ်ဘူးလား "

"̏ မေသီ မပြောနိုင်ဘူး "
̏
" အို ပြောရမယ်၊ မေသီနဲ့ ကိုတင်အေး တစ်နေ့ကွဲကြတောင် ဒါကို ရှင်းရှင်း သိရင် ဖြေနိုင်ဦးမယ်၊ ပြောပါ... မေသီ၊ ကိုယ်တို့က ငယ်လည်း ငယ်သူငယ်ချင်းကွယ်၊ ဘာမှ ဖုံးနေကြစရာ မလိုပါဘူး "

မေသီသည် နှုတ်ခမ်းကို ကိုက်ကာ " ချစ်တော့ ချစ်တယ် " ဟု သံပြတ်နှင့် ဆိုလေသည်။

"̏ တော်ပါပြီ။ ကျေနပ်ပါပြီ၊ ကိုတင်အေး သွားပါတော့မယ် " ဟု ပြော၍ ထွက်သွားမည်ပြုပြီးမှ " မေသီရယ် ကိုတင်အေးကို ချစ်ရက်သားနဲ့ " ဟု တစ်ဝက်တစ်ပျက် ပြောလေသည်။

"̏ အို ထပ်မပြောပါနဲ့တော့၊ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး၊ မေသီ မှန်တာ ပြောလို့ အတင့်ရဲချင်သလား " ဟု ခပ်မြန်မြန်ပြောရင်း စိတ်ထွက်လာကာ

"̏ ကိုတင်အေးဟာ မေသီ့ကို အထင်သေးနေတယ်၊ မေသီ သဘောထားသေးလို့ မဟုတ်ဘူး၊ ကိုတင်အေး ဘယ်ဘဝက ပြန်လာပြန်လာ မေသီ လက်ခံမှာပဲ၊ ဒါပေမဲ့ ဘာမှ အပြစ်မရှိတဲ့ ဟိုမိန်းကလေးကို စွန့်ပြီး မေသီ့ဆီလာမှာတော့ မလိုချင်ဘူး၊ မတရားလုပ်တာကို မေသီ ရှုံးချင်ရှုံးပါစေ၊ အားမပေးနိုင်ဘူး၊ လူတစ်ယောက်ရဲ့ချစ်သူကို မလုချင်ပါဘူး၊ မေသီလေ အချစ်မျက်နှာထက် မိန်းကလေးအချင်ချင်း မျက်နှာကို ပိုငဲ့ချင်စိတ်ရှိတယ်၊ ကိုတင်အေး သူ့ကို မသနားပေမဲ့ မေသီက မရက်စက်ချင်ပါဘူး။ သူ့ကို စွန့်ပါ့မယ်လို့ ပြောရင် မေသီကျေနပ်နေမယ်ထင်တာ ကိုတင်အေး မှားတာပဲ၊ မြင့်မြတ်တဲ့အချစ်ဟာ သစ္စာနဲ့ အမြဲတွဲနေတယ်၊ ကိုတင်အေးဟာ ယောက်ျားကောင်းတစ်ယောက် ပီသပါစေ၊ အချစ်ကို ပေါ့ပေါ့မတွေးပါနဲ့ " ဟု စိတ်လိုက်မာန်ပါ ပြောလေသည်။

ကိုတင်အေးသည် တိတ်ဆိတ်စွာ ထွက်သွားတော့သည်။

မေသီကား ငိုချင်သလို ရယ်ချင်သလိုဖြစ်ကာ ကျန်ခဲ့သည်။ ဖြောင့်မတ်သူသည် လောကရေးရာမှာ ရှုံးနိမ့်တတ်သည်။ သို့သော် တစ်သက်လုံးကား လိပ်ပြာလုံလေတော့သည်။ ဒါသာ အမြတ်ဖြစ်၏။ မေသီသည် အင်မတန်ကို နွမ်းလျစွာ မချိတရိ ပြုံးမိရှာလေ၏။

                                           ကြည်အေး 

                                          တာရာမဂ္ဂဇင်း။
                    အတွဲ ၁၊ အမှတ် ၇၊ စက်တင်ဘာ၊ ၁၉၄၇။

No comments: