Friday, August 19, 2016

ကဏန်းချက်ပြုတ်ပုံအစုံစုံ (Crab Recipes)

ကဏန်းဟင်းလျာမျိုးစုံ


ကဏန်းဆိုတဲ့ လယ်ကဏန်း ကုန်းကဏန်း မွေးမြူရေးကဏန်းမျိုးစုံချက်စားကြတဲ့ ဟင်းလျာတွေမှာ လူမျိုးအလိုက် နေရာဒေသအလိုက် ချက်ပြုတ်ပုံကွဲပြားကြပါတယ်။ အဆီထုတ်ချက်ရင် အရသာလေးပင်တယ် သွေးချိန်မမှန်တဲ့သူတွေဆင်ခြင်စားသောက်ရမယ့်ဟင်းလျာမျိုး ဖြစ်ပါတယ်။

အလွယ်ရတဲ့ လယ်ကဏန်းဟင်းလျာနဲ့ အသားဆူဆူမွေးမြူရေးကဏန်းဟင်းလျာ ပုံစံမတူ အရသာချက်ပြုတ်ပုံမတူတာလေးတွေကို ချက်ပြုတ်နည်းစာအုပ်အစုံကနေ တစ်ဆင့်ကူးပြီး ဖော်ပြလိုက်ပါတယ်။

ကိုရီးယားကဏန်းပေါင်းဟင်း (Ckoatgaetanh) – Spicy Blue Crab Stew
ကဏန်းပေါင်းဟင်း ပူပူစပ်စပ် လန်းဆန်းစေသော ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ အမွှေးနံ့သာကြိုက်သူများကြားခေတ်စားသော ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။
ကဏန်းပေါင်းဟင်းအတွက် ကဏန်းဝယ်ယူရာတွင် အထူးသဖြင့် ကဏန်းအရှင်ဝယ်ယူရမည်ဖြစ်ပြီး ကဏန်းအမကိုပိုအသုံးများပါတယ်။ အမရဲ့ ၀မ်းဗိုက်ပိုင်းသည် အဖြူရောင်သန်းနေတတ်တာကြောင့် ခွဲခြားဝယ်ယူလို့ရနိုင်မှာပါ။

ပါဝင်ပစ္စည်းများ
ကဏန်းအကောင်ကြီးကြီး (အရှည်ရွေးဝယ်ပါ) ၂၅ကျပ်သား၊ ရေ ၆ခွက်၊ မုန်လာဥ ၄စိတ် ၁စိတ်၊ ကြက်သွန်နီ(ပါးပါးလှီးထားပြီး) ၁လုံး၊ ပင်လယ်ရေမှော်သေးသေး ၁ခက်၊ ငရုတ်သီးစိမ်း (ခပ်ပါးပါးလှီးပြီး) ၆တောင့်၊ ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ဇွန်း၊ ကိုရီးယားပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၁ဇွန်း၊ ကြက်သွန်မြိတ်(ခပ်ရှည်ရှည်လှီးထားပါ) ၂စည်း၊ ကြက်သွန်ဖြူ (ပါးပါးလှီးထားပါ) ၅မြွှာ၊ ငရုတ်သီးစိမ်း (အလွှာလိုက် လှီးပြီး) စားပွဲတင်ဇွန်း ၂ဇွန်း၊ လှော်ထားသော နှမ်းစေ့ စားပွဲတင်ဇွန်း ၁ဇွန်း၊ ငရုတ်ကောင်း အနည်းငယ်၊ ဖရုံညွန့် လိုသလောက်၊ ပဲငံပြာရည် လိုသလောက်။

ပြင်ဆင်ချက်ပြုတ်နည်း
အိုးကြီးကြီးတွင် ပင်လယ်ရေမှော်၊ ပဲငံပြာရည်၊ မုန်လာဥနီနှင့် ရေ ၆ခွက်ထည့်ပြီး ပြုတ်ရည်တည်ပါ။
ကဏန်းကို ဆေးကြော၍ အပိုင်းငယ်လေးများဖြတ်ပါ။ ပါးစပ်၊ ပါးဟက်၊ ခြေထိပ်ပိုင်းများ၊ ကဏန်းလက်မထိပ်ရှိ လက်သည်းပိုင်းကို ဖြတ်ပစ်ပါ။
အိုးထဲမှ ပြုတ်ရည်ဆူလာလျှင် ငရုတ်သီးအနှစ် Kochujang၊ ငရုတ်သီးမှုန့် Kochukaru၊ ကြက်သွန်ဖြူနှင့် ပဲငံပြာရည်(ဆန္ဒရှိလျှင်)တို့ကို ထည့်ပါ။
ထို့နောက် ကဏန်းကိုထည့်၍ အဖုံးဖုံးကာ ၁၀မိနစ်ခန့်တည်ပါ။
ကြက်သွန်နီထည့်ပြီး နောက်ထပ် ၁၀မိနစ်ခန့် ထပ်စောင့်ပါ။ကဏန်းကို ဂရုတစိုက်စောင့်ကြည့်ပါ။
ကဏန်းခွံ လိမ္မော်ရောင်ရင့်ရင့် ပြောင်းသွားလျှင် ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်း၊ ဖရုံညွန့်၊ နှမ်းလှော်နှင့် ငရုတ်ကောင်းတို့ကိုထည့်ပါ။

ကဏန်းအသားထောင်း
ပြင်ဆင် - ၂၀မိနစ်
ကြော်လှော် - ၅မိနစ်
ပါဝင်ပစ္စည်းများ
စည်သွပ်ကဏန်းအသား(လတ်လတ်) ၂၅ကျပ်သား၊ အုန်းနို့ ၁၅ကျပ်သား၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ကြက်သွန်နီ(နုပ်နုပ်စဉ်း) ၂ဥ၊ နံနံ/ပူစီနံရွက်(နုပ်နုပ်စဉ်း) စားပွဲတင်ဇွန်း ၂ဇွန်း၊ သံပရာရည် စားပွဲတင်ဇွန်း ၁ဇွန်း၊ ငရုတ်သီးစိမ်း အစေ့ထုတ်(နုပ်နုပ်စဉ်း) ၁တောင့်၊ ငရုတ်ကောင်းအဖြူ (ထုထောင်းပြီး) အနည်းငယ်၊ အသီးအရွက်စုံ တို့စားရန် ၄/၅မျိုး။

ပြင်ဆင်ချက်ပြုတ်နည်း
လက်ကိုင်ရိုးပါ ဒယ်အသေးတစ်လုံးမှာ အုန်းနို့ထည့်ပြီး မီးဖိုမှာ အုန်းနို့ဆူလာအောင် တည်ပါ။ ဆူလာရင် ကဏန်းအသားနဲ့ ဆားကိုထည့် မွှေပြီး ၅မိနစ်လောက် ဆက်တည်ထားပါ။
၅မိနစ်လောက်ကြာပြီဆိုရင် ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်း၊ နံနံ/ပူစီနံ စတဲ့ နုပ်နုပ်စဉ်း ထုထောင်းထားတာတွေနဲ့ သံပရာရည်တို့ကို ထပ်ထည့်ပြီး မွှေပေးပါ။ ခဏနေရင် မီးဖိုကချပြီး အအေးခံပါ။
ကဏန်းအသားထောင်းဟင်းကို ပန်းကန်ငယ်တစ်ခုမှာ သပ်သပ်ထည့်ပြီး မုန်လာဥနီ၊ ငရုတ်ပွ၊ သခွားသီး၊ ပန်းပွင့်စိမ်း၊ ဆလတ်ရိုး စတဲ့ တို့စားနိုင်သော ဟင်းသီးဟင်းရွက်စုံကို ရေဆေး၊ အရွယ်တော်လှီးဖြတ်ပြီး ဘေးကရံကာ တို့မြှုပ်စားရမှာဖြစ်ပါတယ်။
မှတ်ချက်။ ။ အုန်းနို့ကို ပွက်ပွက်ဆူပြီး မလိုင်ပုံစံကွဲမတက်ဖို့ မီးအေးအေးနဲ့တည်ဖို့လိုပါတယ်။ မွှေပေးနေဖို့လည်း လိုပါတယ်။ ကဏန်းသားအစိမ်းနဲ့ ဒီဟင်းလုပ်ချင်ရင် ကဏန်းသားကိုပြုတ်ပြီးမှ ချက်သင့်ပါတယ်။

ဗီယက်နမ် ကဏန်းခေါက်ကြော်
ပါဝင်ပစ္စည်းများ
ကြက်ဥ ၄လုံး၊ ကဏန်းသား ၁၀ကျပ်သား၊ ကြက်သွန်နီ ဥသေး၂လုံး၊ ငါးပြုတ်ရည် စားပွဲတင်ဇွန်း ၂ဇွန်း၊ ငရုတ်သီးစိမ်း ပါးပါးလှီးပြီး ၃တောင့်၊ ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၄ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ဆီ စားပွဲတင်ဇွန်း ၂ဇွန်း။

ပြင်ဆင်ချက်ပြုတ်နည်း
ကြက်ဥကို ဆား၊ငရုတ်ကောင်းတို့ သင့်ရုံထည့်ပြီးမွှေပါ။
ကဏန်းသားများကို အသားချည်းသက်သက် သန့်ထုတ်ပါ။
ဆီတစ်ဝက်ကို အပူပေးပြီး ပါးပါးလှီးထားသော ကြက်သွန်နီနှင့် ငရုတ်သီးကြော်ပါ။
ကဏန်းသားကိုထည့်ပြီး မိနစ်အနည်းငယ်ထားပါ။
ထို့နောက် ငါးပြုတ်ရည်ကို ကဏန်းအသားအပေါ်မှ ဖျန်းပေးပါ။
ကျန်ဆီကို သီးခြားဒယ်အိုးဖြင့် အပူပေးပြီး မွှေထားသောကြက်ဥကို ထည့်ပါ။
ကြက်ဥအပေါ်ယံတင်းလာလျှင် ကဏန်းသားကို ဇွန်းနှင့်ခပ်၍ ကြက်ဥလွှာအလယ်သို့ တဖြည်းဖြည်းချင်းချပေးပါ။

အင်ဒိုနီးရှား ပင်လယ်ကဏန်းဟင်း
ပါဝင်ပစ္စည်းများ
ကဏန်း ၅ကောင်၊ ဆီ စားပွဲတင်ဇွန်း ၁ဇွန်း၊ ကရဝေး ၁ရွက်။ အုန်းနို့ ရေသန့်ဘူး၁ဘူး၊ ကြက်သွန်နီ ၅လုံး၊ ကြက်သွန်ဖြူ ၂မြွှာ၊ မန်ကျည်းရည် စားပွဲတင်ဇွန်း ၁ဇွန်း၊ ငရုတ်သီးနီ ၄တောင့်၊ ချင်း သင့်ရုံ၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ နံနံစေ့ လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ဇီယာ(ထောင်းပြီးသား) လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ချက်ပြုတ်နည်း
ကဏန်းကို သန့်စင်အောင်ဆေး၍ အခွံခွာပြီး အသားကိုထုတ်ထားပါ။
ဒယ်အိုးထဲ ဆီအပူပေးပြီး ဆီကျက်လျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ငရုတ်သီး၊ ကရဝေး အမွှေးအကြိုင်များကို ဆီသတ်ပါ။
အုန်းနို့နှင့် ဆားထည့်၍ ဆူသည်အထိတည်ပါ။
ကဏန်းသားများကိုထည့်ပြီး လှန်ပေးပါ။ အသားကျက်လျှင် စားသုံးနိုင်ပါပြီ။ ကဏန်းသားမှာ အကျက်မြန်ပါသည်။ အကြာကြီးချက်နေဖို့မလိုပါ။

မလေး-စင်ကာပူ ကဏန်းငရုတ်သီးချက်
ပါဝင်သောပစ္စည်းများ
ကဏန်းအရွယ်လတ် ၂ကောင်၊ ဆီ စားပွဲတင်ဇွန်း ၂ဇွန်း၊ ကြက်သွန်နီပါးပါးလှီး ၁လုံး၊ ချင်းပါးပါးလှီး ၁ဥ၊ ကြက်သွန်ဖြူ(ပါးပါးလှီး) ၄မြွှာ၊ ငရုတ်သီးစိမ်း(ပါးပါးလှီး) ၅တောင့်၊ ခရမ်းချဉ်သီးအနှစ် လက်ဖက်ရည်ခွက် ၂ခွက်၊ ရေ လက်ဖက်ရည်ခွက် ၂ခွက်၊ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ဇွန်း၊ ဗီနီဂါ စားပွဲတင်ဇွန်း ၁ဇွန်း။ သကြားညို အနည်းငယ်။

ပြင်ဆင်ချက်ပြုတ်နည်း
ကဏန်းကောင်ကို သေချာစွာရေဆေးပြီး ၂ပိုင်းစီပိုင်းပါ။ အ၀ါရောင်ပါးဟက်များနှင့် ပျော့စိနေသောအစိတ်အပိုင်းများကို အသေအချာ သတိထားဖယ်ရှားပါ။
စားသောက်၍ လွယ်ကူစေရန် လက်မများ၊ အခွံများကိုကွဲကောင် ဓားပြားနှင့်ထုပေးပါ။ မကျေပါစေနှင့်။
ဒယ်အိုးကြီးတွင် ဆီထည့်၍ ဆီပူတွင် ကဏန်းကိုအခွံနီလာသည်အထိ ကြော်ပေးပါ။
ကဏန်းဖယ်ပြီးသော အိုးထဲတွင် ဆီထပ်ထည့်၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ချင်း၊ငရုတ်သီးတို့ကို ၅မိနစ်ခန့်ဆီသတ်ချက်ပါ။
ခရမ်းချဉ်သီးအနှစ်၊ ပဲငံပြာရည်၊ဗီနီဂါ၊သကြား၊ရေတို့ထည့်ပြီး ဆူပွက်လာသည်အထိ ၁၅မိနစ်ခန့်ထားပါ။
ထို့နောက် ကဏန်းထည့်ပြီး ကဏန်းသားဖြူလာသည်အထိ ၁၀မိနစ်ခန့်တည်ပါ။
တည်နေစဉ် အဖုံးကိုမအုပ်ပါနှင့်။

ချက်ပြုတ်ပြသူ - အန်တီမငယ်

No comments: