Friday, August 12, 2016

Chin Traditional Beef & Chicken Salad

ချင်းအမဲသားသုပ် - ချဉ်ပေါင်ဟင်းချို - ငရုတ်ခြောက်ထောင်းနဲ့တို့စရာအစုံ

အမဲသားကိုဆီမပါဘဲနဲ့ သုပ်ပြီးပြန်ထောင်းမယ်၊ အမဲသားပြုတ်ရည်လေးကို ချဉ်ပေါင်ဟင်းချိုအဖြစ်ဖန်တီးမယ်၊ပြီးတော့ ငရုတ်သီးခြောက် ထောင်းထဲကို အမဲသားပြုတ်အနည်းငယ်ထည့်ထောင်းပြီးတော့ကာ တို့စရာအစုံနဲ့အတူ ထမင်းပူပူလေးတွဲဖက်စားကြည့်ရအောင်။

အမဲသားမစားသူများအတွက် ကြက်သားအစားထိုးသုပ်စားနိုင်ပါတယ်နော်။

ချင်းအမဲသားသုပ်
ပါဝင်ပစ္စည်းများ
အမဲမိုးခိုသား ၃၀ကျပ်သား၊ ချင်း(ဂျင်း) အနည်းငယ်၊ ကြက်သွန်ဖြူ ၁၀တက်၊ ဖယ်ဖယ်ရွက် ၂ပင်၊ ရေသန့် ၁.၅လီတာ၊ ဆား အနည်းငယ်၊ အသားမှုန့် ၁ဇွန်း၊ ငရုတ်သီးစိမ်း ၁၀တောင့်၊ ငရုတ်ကောင်းစေ့ ၁၀စေ့၊ ကြက်သွန်နီ ၂လုံး၊ ဆလတ်ရွက် ၁စည်း၊ သံပရာသီး ၁လုံး။

ပြင်ဆင်ချက်ပြုတ်ပုံ
အမဲမိုးခိုသားကိုသန့်စင်ပြီး ချင်း၊ကြက်သွန်ဖြူ၊ဆား၊အသားမှုန့်တို့ဖြင့်ပြုတ်ပါ။
ချင်း၊ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် ငရုတ်ကောင်းစေ့လှော်တို့ကို မညက်တညက်ထောင်းပြီး ကြက်သွန်နီကို ပါးပါးလှီးပြီး ရေစိမ်ထားပါ။
အမဲမိုးခိုသားနူးလျှင် ပါးပါးလှီးပြီး ကျေညက်အောင်ထောင်း၍ အသားမျှင်ထားပါ။
အသင့်မျှင်ထားသော အမဲမိုးခိုသားကို ထောင်းထားသော ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်းစေ့လှော်၊ ကြက်သွန်နီနှင့်ရောသုပ်ပါ။ အရသာကို ဆား၊ အသားမှုန့်ထည့်ပါ။
အမဲမိုးခိုသားသုပ်ကို ညက်အောင်နောက်တစ်ကြိမ်ထောင်းပြီး ဆလတ်ရွက်၊ သံပရာသီးဖြင့် သုံးဆောင်နိုင်ပါသည်။
(အမဲမိုးခိုသားကို အသားမျှင်လုပ် - သုပ် - ပြန်ထောင်းပြီး စားကာနီးမှ သံပရာရည်ဆမ်းပြီးစားနိုင်ပါသည်။)

ချဉ်ပေါင်ဟင်းချို
ပါဝင်ပစ္စည်းများ
အမဲသားပြုတ်ရည် ၁.၅ လီတာ၊်ဆား အနည်းငယ်၊ အသားမှုန့် ၁ဇွန်း၊ ချဉ်ပေါင်ရွက် ၁စည်း။

ချက်ပြုတ်ပုံအညွှန်း
အမဲမိုးခိုသားကို ချင်း၊ကြက်သွန်ဖြူ၊ ဆား၊ အသားမှုန့်၊ ဖယ်ဖယ်ရွက်တို့ဖြင့် အမဲပြုတ်ရည်ပြုလုပ်ပါ။
အမဲပြုတ်ရည်အသင့်ဖြစ်လျှင် ဆား၊ အသားမှုန့်တို့ ထပ်ဖြည့်ပြီး အသင့်သန့်စင်ထားသော ချဉ်ပေါင်ရွက်ကိုထည့်ချက်ပြီး သုံးဆောင်နိုင်ပါသည်။
(ခဏနေက အမဲသားပြုတ်ထားသောရေကို အသုံးပြုနိုင်ပါသည်။)

ငရုတ်ခြောက်ထောင်းနှင့် တို့စရာစုံ
ငရုတ်သီးခြောက် ၂၀တောင့်၊ ကြက်သွန်ဖြူ ၅တက်၊ ဖယ်ဖယ်ရွက် အနည်းငယ်၊ ဆား အနည်းငယ်၊ အမဲမိုးခိုသားပြုတ် အနည်းငယ်၊ သခွားသီး ၂လုံး၊ ခရမ်းချဉ်သီး ၃လုံး၊ ဆလတ်ရွက် ၁စည်း။

ပြင်ဆင်ချက်ပြုတ်ပုံ
ငရုတ်သီးခြောက် ၊ ကြက်သွန်ဖြူနှင့် ဖယ်ဖယ်ရွက်၊ ဆား အနည်းငယ်တို့ကို ညက်အောင်ထောင်းပါ။
အသင့်ပြုတ်ထားသော အမဲမိုးခိုသားကို ပါးပါးလှီးပြီါ် ကျေညက်အောင်ရောထောင်းပါ။
သန့်စင်ထားသော သခွားသီး၊ ခရမ်းချဉ်သီး၊ ဆလတ်ရွတ်တို့နှင့်တွဲ၍ သုံးဆောင်နိုင်ပါသည်။
(ချင်းအမဲသားသုပ်ပြင်ဆင်တုန်းက အမဲမိုးခိုသားပြုတ်အသားမျှင်ထားစဉ် အနည်းငယ်ချန်ထားပြီး ငရုတ်ခြောက်ထောင်းချိန်မှာ ထည့်သုံးနိုင်ပါသည်။)
..................................
Presenter Chef ကိုဆန်နီ

ချင်းကြက်သားသုပ် - မုန့်ညှင်းဟင်းရည် - ချင်းငရုတ်သီးထောင်းနှင့် တို့စရာစုံ
ချင်းရိုးရာဟင်းလျာပြင်ဆင်ချက်ပြုတ်ပုံက ဗမာတွေချက်သလို ဆီသုံးမများပါဘူး။ ဒါက ထူးခြားချက်ဖြစ်ပါတယ်။

ချင်းကြက်သားသုပ်
ပါဝင်ပစ္စည်းများ
ကြက်သား (အကောင်လိုက်) ၁ကောင်၊ ဆား ၁ဇွန်း၊ အသားမှုန့် ၁ဇွန်း၊ ချင်းရည်(ဂျင်းရည်) အနည်းငယ်၊ ကြက်သွန်ဖြူ ၃တက်၊ ငရုတ်သီးစိမ်း ၁၀တောင့်၊ ဖယ်ဖယ်ရွက် အနည်းငယ်၊ ကြက်သွန်နီ ၂လုံး၊ ဆလတ်ရွက် အနည်းငယ်၊ သံပရာသီး ၁လုံး။

ချက်ပြုတ်ပုံအညွှန်း
ကြက်အကောင်လိုက်ကိုသန့်စင်ပြီး ဆား၊ အသားမှုန့် ၊ချင်းရည်အနည်းငယ်တို့နှင့် ကျက်ပြီး နူးအောင်ပြုတ်ထားပါ။
ချင်း၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းနှင့် ဖယ်ဖယ်ရွက်တို့ကို သီးခြားစီညက်အောင်ထောင်းပြီး ကြက်သွန်နီကိုတော့ ပါးပါးလှီးပြီး ရေစိမ်ထားပါ။
နူးအောင်ပြုတ်ထားသော ကြက်သားကို အရိုးထုတ်ပြီး အသားကို အမျှင်လိုက်မွှထားပါ။
အသင့်မွှထားသော ကြက်သားပြုတ်ကို ထောင်းထားသော ချင်း၊ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဖယ်ဖယ်ရွက်တို့နှင့်အတူလှီးပြီး ရေစိမ်ထားသော ကြက်သွန်နီကိုပါရောပြီးသုပ်ပါ။
အရသာကို ဆား၊ အသားမှုန့်အနည်းငယ်ဖြင့် ထိန်းညှိပါ။
အသင့်သုပ်ထားသော ချင်းကြက်သားသုပ်ကို ဆလတ်ရွက် အနည်းငယ်၊ သံပရာသီးတို့ဖြင့် သုံးဆောင်နိုင်ပါသည်။

မုန့်ညှင်းဟင်းရည်
ပါဝင်ပစ္စည်းများ
မုန့်ညှင်းစိမ်း ၃စည်း၊ ကြက်ပြုတ်ရည် ၂လီတာ၊ ဆား ၁ဇွန်း၊ အသားမှုန့် ၁ဇွန်း၊ ကြက်သွန်ဖြူ ၃တက်၊ ချင်းရည် အနည်းငယ်။
ကြက်သားကိုအကောင်လိုက်သန့်စင်ပြီး ဆား၊ အသားမှုန့်၊ ချင်းရည်(ဂျင်းရည်) အနည်းငယ်တို့ဖြင့် ကြက်သားနူးအောင်ပြုတ်ပြီး ကြက်ပြုတ်ရည်ပြင်ဆင်ထားပါ။
ကြက်ပြုတ်ရည်ထဲသို့ အသင့်သန့်စင်ထားသော မုန့်ညှင်းစိမ်းအနည်းငယ် ထည့်ပြုတ်ပြီး ကြက်သွန်ဖြူဓားပြားရိုက်ထည့်ကာ သုံးဆောင်နိုင်ပါသည်။

ချင်းငရုတ်သီးထောင်းနှင့် တို့စရာစုံ
ပါဝင်ပစ္စည်းများ
ငရုတ်သီးစိမ်း ၂၀တောင့်၊ ကြက်သွန်ဖြူ ၅တက်၊ ချင်း(ဂျင်း) အနည်းငယ်၊ ဆလတ်ရွက် ၁စည်း၊ ကြက်သားပြုတ် အနည်းငယ်၊ သခွားသီး ၂လုံး၊ ခရမ်းချဉ်သီး ၃လုံး။

ချက်ပြုတ်ပုံအညွန်း
ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ညက်အောင်ထောင်းပြီး အသင့်ပြုတ်ပြီးအသားမွှာထားသော ကြက်သားအနည်းငယ်ကိုလည်း ထည့်ထောင်းပါ။
အသင့်ထောင်းထားသော ချင်းငရုတ်သီးထောင်းကို သခွားသီး၊ ခရမ်းချဉ်သီး၊ ဆလတ်ရွက် အနည်းငယ်တို့ဖြင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါသည်။
..................................
Presenter Chef ကိုဆန်နီ

No comments: