Friday, August 12, 2016

တောင်​ပြုန်းနတ်​ပွဲနှင့်​ ​ထေရ၀ါဒဗုဒ္ဓဘာသာကိုးကွယ်​သူတို့၏အလွဲများ

တောင်ပြုန်းနတ်ပွဲနှင့် ထေရ၀ါဒဗုဒ္ဓဘာသာကိုးကွယ်သူတို့၏ အလွဲများ
------ ------ ------ ------ ------

အကြင်ပုဂ္ဂိုလ်အား ပြင်းပြင်းထန်ထန် နှစ်သက်ဖွယ်အာရုံတို့သို့ စီးကုန်သော သုံးဆယ့်ခြောက်ပါးသော တဏှာရေအလျဉ်တို့သည်ရှိကုန်၏၊ မှားသောအယူရှိသော ထိုသူတို့ကို ရာဂနှင့်စပ်သော အားကြီးသော အကြံအစည်တို့သည် ဆောင်ယူသွားကုန်၏။

(ဓမ္မပဒပါဠိတော်)

လွန်ခဲ့တဲ့နှစ်ရက်လောက်က မိမိရဲ့ ဇာတိမြို့မှ မိတ်ဆွေဘုန်းကြီးနှစ်ပါး မိမိဆီကို ဖုန်းဆက်လာခဲ့ပါတယ်။ သူတို့ဒကာ၊ ဒကာမတချို့နဲ့ လာမည့်ဝါခေါင်လဆန်းမှစပြီး ကျင်းပမယ့်တောင်ပြုန်းနတ်ပွဲကို လာချင်လို့ပါတဲ့။ အဲဒါ သူတို့လာတဲ့အခါ မိမိကျောင်းမှာတည်း ခိုဖို့ အကူညီတောင်းကြတာပါ။ မိမိလည်း သိပ်သဘောမတွေ့ပေမယ့် မကင်းရာမကင်းကြောင်းမို့ ရောက်လာခဲ့ရင် ကျောင်းထိုင်ဘုန်းကြီးကို လျှောက်ထားပြီး တတ်နိုင်သလောက် ကူညီပေးမယ်လို့ ပြန်ပြောပြီး ဖုန်းချလိုက်ပါတယ်။ သူတို့ပြောကာမှ ပြက္ခဒိန်လှန်ကြည့်မိတော့ တောင်ပြုန်းပွဲကျင်းပဖို့ အတော်လေးကို နီးကပ်နေပြီပဲဖြစ်ပါတယ်။ မိမိစိတ် ထဲမှာတော့ လာပြန်ပြီ လူ့ငရဲပွဲကြီးလို့ မကျေမချမ်းရေရွတ်ခဲ့မိပါသေးတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ညရောက်တော့ လူမှုကွန်ရက်ပေါ်က စတေးတပ်တခုမှာ ထေရ၀ါဒဗုဒ္ဓ ဘာသာဝင်တွေဆိုသူတွေ တောင်ပြုန်းပွဲခေါ် မိန်းမလျာပွဲတော်ကို လည်ပတ်သွားလာနေကြတာဖြစ်သင့်၊ မဖြစ်သင့်ဆိုပြီး မိမိရဲ့ မိတ်ဆွေ ဒကာရင်းတချို့ပါဝင်ရောက်ဆွေးနွေးနေကြပါတယ်။ သူတို့တွေ ငြင်းခုံနေကြရင်းကနေ ထုံးစံအတိုင်း မိမိထံကို မေးမြန်းဖို့ ခြေဦးလှည့်လာခဲ့ကြပါတယ်။ မိမိလည်း ဒီလိုပြဿနာတွေနဲ့ ပတ်သက်ရင် ရေးရ၊ ပြောရပါများတော့ အမှန်တကယ်ကို စိတ်ပျက်ငြီးငွေ့နေပါပြီ။ ဒါပေမဲ့လည်း မိမိဟာ မြတ်စွာဘုရားရှင်ရဲ့သားတော်တပါးဖြစ်ပြီး ဘာသာရေးခေါင်းဆောင်လည်း ဖြစ်သည့်အားလျော်စွာ ရှောင်လွှဲဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် အနားရှိတဲ့သူတွေ စပ်မယ်မှန်းသိသိနဲ့ အမုန်းခံကာ ကျမ်းဂန်နှင့်အညီ ရေးသားဖြေဆိုလိုက်ပါတယ်။

တစုံတယောက်ကို သို့မဟုတ် အဖွဲ့အစည်းတခုကို ရှိခိုးခြင်း၊ ကိုးကွယ်ခြင်း၊ ပူဇော်ခြင်း၊ အရိုအသေပြုခြင်းဟာ ဘယ၊ လာဘ၊ ကုလ၊ အာစရိယ၊ နိဿရဏရယ်ဆိုပြီး ငါးမျိုးရှိပါတယ်။ ဘယ-ဆိုတာ ကြောက်ရွံ့လို့ ကိုးကွယ်ခြင်း၊ လာဘ-ဆိုတာ လာဘ်ပစ္စည်းရချင်လို့ ကိုးကွယ်ခြင်း၊ ကုလ-ဆိုတာ မျိုးရိုးအလိုက် ကိုးကွယ်ခြင်း၊ အာစရိယ-ဆိုတာ ဆရာဖြစ်လို့ ကိုးကွယ်ခြင်း၊ နိဿရဏ-ဆိုတာ သံသရာက လွတ်မြောက်ဖို့ ကိုးကွယ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီကိုးကွယ်ခြင်း ငါးမျိုးမှာ သံသရာကလွတ်မြောက်ဖို့ ကိုးကွယ်ခြင်းဆိုတာ ရတနာသုံးပါးကို ကိုးကွယ်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် မွန်မြတ်တဲ့ ကိုးကွယ်မှုဖြစ်ပါတယ်။ ကျန်တဲ့လေးပါးဟာ ဒီကိုးကွယ်မှုလောက် တန်ဖိုးမရှိပါဘူး။

ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေဖြစ်နေလို့ နတ်တွေကို ကိုးကွယ်ခွင့်၊ ပူဇော်ခွင့်လုံးဝမရှိဘူးလို့မဆိုလိုပါဘူး။ သို့သော် နတ်တွေကို ကိုးကွယ် ပူဇော်ပုံနှင့် ရတနာသုံးပါးကို ကိုးကွယ်ပူဇော်ပုံကွဲကွဲပြားပြားသိထားဖို့ လိုအပ်ပါတယ်။ နတ်တွေကို ပူဇော်တာက လောကီအကျိုးကို အခြေခံပြီး ရတနာသုံးပါးကို ပူဇော်တာက သံသရာက လွတ်မြောက်ဖို့ (နိဿရဏ)ကို အခြေခံပါတယ်။ ဒါကြောင့် ဒီနှစ်ခုမှာ ရတနာသုံးပါးကို ပူဇော်တာက ပိုပြီးဂုဏ်ကြီးပါတယ်။ ဒီလိုမှမဟုတ် လောကီအကျိုးကို ပေးနိုင်တဲ့ နတ်တွေက ရတနာသုံးပါးထက် အကျိုးပေးပိုတယ်ထင်ခဲ့ရင် အဲဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ သာသနာတော်ပျက်စီးသွားပြီ ဖြစ်ပါတယ်။

ထင်ရှားတဲ့ ဥပမာပြရရင် အိန္ဒိယနိုင်ငံတော်ဟာ ဗုဒ္ဓဘုရားရှင် မွေးဖွားရာ၊ သစ္စာလေးပါးသိရှိရာ၊ ပရိနိဗ္ဗာန်စံဝင်တော်မူရာ မဇ္ဈိမဒေသဖြစ်ပြီး သာသနာ့သမိုင်း အလွန်အမင်းထွန်းတောက်ခဲ့တဲ့ နေရာပဲဖြစ်ပါ တယ်။ သို့သော် နောက်ပိုင်းကာလတွေမှာ ယစ်ပူဇော်မှုဝါဒတွေဟာ တခြားဘာသာတွေမှတဆင့် ပြန့်ပွားလာခဲ့ပါတယ်။ ဘယ်လောက်ထိဆိုးဝါးသလဲဆိုရင် ရဟန်းတော်များကိုယ်တိုင် ဘုရားရုပ်ပွားတော်နှင့်အပြိုင် နတ်ရုပ်များကို ကိုးကွယ်ပူဇော်ခဲ့ကြပါတယ်။ လောကီအာရုံကာမဂုဏ်တွေ ကိုခံစားရင်း နတ်တွေကိုပူဇော်ပသပါက မိမိတို့တောင့်တတဲ့ ချမ်းသာခြင်း စည်းစိမ်တွေ မုချရရှိလိမ့်မယ်ဆိုတဲ့ ၀ါဒဟာ တဖြည်းဖြည်း ပြန့်ပွားပြီး လူကြိုက်များလာခဲ့ပါတယ်။ အဲဒီမှာပဲ လာဘ်လာဘကိုမျှော်ကိုးတဲ့ အခိျု့ ရဟန်းတွေဟာ သပိတ်အစား လူဦးခေါင်းခွံများကိုဆောင်းပြီး ဗလိနတ်စာကျွေးခြင်း၊ အင်းအိုင်၊ မန္တာန်စီရင်ခြင်း အစရှိတဲ့ မိစ္ဆာဇီဝအလုပ်တွေကို ပြုလုပ်လာကြပါတယ်။ သာသနာတော်ကြီးအပေါ် နတ်ကိုးကွယ်မှုဆိုတဲ့ အတုအယောင်တွေ လွှမ်းမိုးလာတဲ့အခါ သာသနာတော်ရဲ့ မူလဘူတဖြစ်တဲ့ အိန္ဒိယနိုင်ငံကြီးမှာ စောစောစီးစီးပဲ သာသနာဟာ ပျောက်ကွယ်ခဲ့ရပါတယ်။

ယခုလည်း မိမိတို့နိုင်ငံမှာ ၃၇-မင်းသော နတ်တွေကို ယုံကြည်ကိုးကွယ်နေကြတယ်လို့ လေ့လာသိရှိဖူးပါတယ်။ ဆိုတော့ ဒီနတ်မင်းတွေဟာ သူတော်ကောင်းနတ်တွေလား၊ သူယုတ်မာနတ်တွေလားဆိုတာ သိဖို့လိုအပ်ပါတယ်။ ဘုရှားရှင်ကတော့ သုကမ္မကာရီ- ကောင်းတာကိုလုပ်တယ်။ သုဘာသိတဘာသီ- ကောင်းတဲ့စကားကိုပြောတယ်။ သုစိန္တိတစိန္တီ- ကောင်းတဲ့အကြံကို ကြံတယ်။ အဲဒီလက္ခဏာ သုံးပါးနှင့်ပြည့်စုံရင် သူတော်ကောင်းနတ်တွေ ဖြစ်တယ်လို့ ဟောကြားထားပါတယ်။ ဒီတော့ မိမိတို့နိုင်ငံမှာ ကိုးကွယ် ပူဇော်ပသနေကြတဲ့ နတ်တွေကို ဒီအင်္ဂါရပ်တွေနဲ့ ညှိကြရမှာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ ဒီ ၃၇-မင်းသော နတ်တွေဟာ ၀ိနိပါတိက အသုရာလို့ခေါ်တဲ့ နတ်သေး၊ နတ်မွှား၊ နတ်အငယ်စားတွေပဲဖြစ်ပါတယ်။ မျိုးရိုးအားဖြင့် စတုမဟာရာဇ်နတ်မျိုးဖြစ်ပေမယ့် ဘုမ္မဿိတ ၀ိနိပါတိက နတ်ဖြစ်လို့ လူ့လောကမှာ အမှိုက်ကောက်သမားဟာ လူဖြစ်သော်လည်း လူ့အောက်တန်းစားဖြစ်ရသလို၊ နတ်လောကမှာလည်း သူတို့ဟာ နတ်အောက်တန်းစား၊ နတ်သေး၊ နတ်မွှားတွေပဲ ဖြစ်ပါတယ်။ ဒီလိုနတ်တွေကို ကိုးကွယ် ပူဇော်ခြင်းဟာ ကောင်းကျိုးရဖို့ထက်၊ ဆိုးကျိုးရရှိဖို့က ပိုပြီးအလေးသာပါတယ်။ သူတို့မှာ ဘာမျှကြီးကြီးမားမား ဘုန်းတန်ခိုးမရှိကြပါဘူး။

ယနေ့ခေတ်မှာ တောင်ပြုန်းရှိ ဒီလိုနတ်အောက်တန်းစားတွေရဲ့ ပွဲတော်ကို အကြောင်းပြုပြီး စီးပွားရှာနေတဲ့ နတ်ကတော်တွေ ဒုနဲ့ဒေးရှိ ကြပါတယ်။ အစစ်အမှန် နတ်ကတော်တွေ၊ နတ်ထိန်းတွေလည်း သီလက္ခာန်ပါဠိတော် ဗြဟ္မဇာလသုတ်၊ မဟာသီလအခန်းမှာ အာဒါသပဥှာ၊ ကုမာရိကပဥှာ၊ ဒေ၀ပဥှာဆိုတဲ့ အတတ်ပညာမျိုးကို ဘုရားရှင်က ဟောကြားထားတာရှိလို့ရှိမည်မှာ မလွဲပါဘူး။ သို့သော် တကယ်နတ်သွင်းနတ် ခေါ်နိုင်တဲ့ ပညာရှင်တွေက အလွန်နည်းပါးပါတယ်။ လူတွေကို လှည့်ဖြားပြီး စီးပွားရှာနေတဲ့ နတ်ကတော်တွေ၊ နတ်ထိန်းတွေသာ မှိုလိုပေါက်နေကြတာပါ။ ဒါကြောင့် ဘုရားရှင်က နတ်ကတော်တွေသေရင် ပြိတ္တာဖြစ် တတ်ကြောင်း ဟောကြားခဲ့ဖူးပါတယ်။

နောက်တခါ တောင်ပြုန်းနတ်ပွဲကို သွားရောက်ကြတဲ့ လူအများစုဟာ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ကို ကျင့်သုံး နေထိုင်ကြတဲ့သူတွေပါလို့ ကြွေးကြော်ထားတဲ့ သူတွေပဲဖြစ်နေကြပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာ သာဝင်တိုင်းဟာ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံစွာစောင့်ထိန်းရမှာ အားလုံးအသိပဲ ဖြစ်ပါ တယ်။ ဒီငါးပါးသီလရဲ့ ခေါင်ချုပ်ဖြစ်တဲ့ သုရာမေရာယကံလို့ခေါ်တဲ့ သေရည်အရက်သောက်စားမူးယစ်ခြင်းကို ၃၇-မင်းသော နတ်များနှင့်တကွ မိမိတို့ပါ ပျော်ပျော်ကြီးချိုးဖောက်ဖျက်ဆီးနေကြတာဟာ ပါးစပ်က ဘုရားဘုရားတပြီး လက်က ကားယားကားယားလုပ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

လူမှုရေးရှုထောင့်က ကြည့်မယ်ဆိုပြန် ကလည်း တောင်ပြုန်းနတ်ပွဲမှာ နတ်ကနားတပွဲပေးဖို့က ၁၀ သိန်း ၁၅ သိန်းဝန်းကျင်မှာရှိပါတယ်။ ဒါတောင်သိန်းရာချီကုန်တဲ့ အထက်တန်းစားပွဲတွေ မပါသေးပါဘူး။ ဒီလောက်များတဲ့ ငွေပမာဏကို တရက် နှစ်ရက်အတွင်းမှာ ဖြုန်းပစ်လိုက်ကြတာဟာ အင်မတန်ရူးမိုက်ရာကျပါတယ်။ ဒီလိုနေရာမှာ အကုသိုလ်အဖြစ်ခံပြီး ငွေကုန်ခံမည့်အစား ပရဟိတလုပ်ငန်းတွေ၊ ဒုက္ခရောက်နေတဲ့သူတွေ၊ ဆေးရုံဆေးခန်းတွေမှာ အသုံးပြုလိုက်ရင် ကုသိုလ်လည်းရ စိတ်ကြည်နူးမှုတွေလည်း အတိုင်းမသိရရှိကြမှာ မလွဲပါဘူး။

တဖက်မှာလည်း လူပုဂ္ဂိုလ်တွေတောင် မသွားသင့်၊ မသွားအပ်တဲ့ နေရာကို အချို့သော ရှင်ရဟန်းတွေက အရှက်သိက္ခာမဲ့စွာ သွားရောက်လည်ပတ်နေတာကို တိုင်းသိပြည်သိ မျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်။ အချို့ရှင်ရဟန်းတွေဆိုရင် လိုင်စင်မဲ့ကားတွေ မှာ သာသနာ့အလံကို တလူလူလွှင့်ထူပြီး မိန်းမတွေ၊ မိန်းလျာတွေ တရုန်းရုန်းနဲ့ တောင်ပြုန်းနတ်ပွဲကို ၀င်နွှဲနေကြပါတယ်။ အမှန်တကယ်တော့ ရှင်ရဟန်းဆိုတာ ဒီလိုရှက်ဖွယ်လိလိ ပွဲမျိုးမဆိုထားဘိ သာမန်ဇာတ်ပွဲ၊ အငြိမ့်ပွဲများကိုတောင် မကြည့်ရှုရပါဘူး။ တကယ်လို့ ကြည့်ရှုခဲ့မယ်ဆိုရင် အပြစ်သင့်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတရားတွေနဲ့ ပြည့်နှက်နေတဲ့ လူပုဂ္ဂိုလ်တွေကို သံသရာက လွတ်မြောက်နည်း ဟောကြားပြောပြပေးရမည့် ရှင်ရဟန်းများ ကိုယ်တိုင်က သီလမစင်ကြယ်ဘူးဆိုရင် တပည့်ဒကာ၊ ဒကာမများအတွက် ဆိုဖွယ်မရှိတော့ပါဘူး။

သာသနာတော်ကြီးကို မျက်နှာမငယ်စေချင်ဘူး၊ ဂုဏ်မညှိုနွမ်းစေလိုဘူးဆိုရင် ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ မိမိတို့ကစပြီး သန့်ရှင်းစင်ကြယ်စွာနဲ့ အများကဲ့ရဲ့မည့် အပြုအမူတွေကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ် လူတကာနဲ့ရောထွေးပြီး သူတော်ကောင်းလူဝတ်ကြောင်တွေတောင် မပြုလုပ်တဲ့ ရှက်ဖွယ်လိလိ အလုပ်တွေကို လုပ်ကိုင် နေမယ်ဆိုရင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန် မအပ်စပ်ပါဘူး။ သာသနာ့ဝန်ကိုမထမ်းဘဲ မိမိတို့ရဲ့ မကောင်းတဲ့ဝန်ကို သာသနာကြီးက ပြန်ထမ်းနေရသလို ဖြစ်နေပါလိမ့်မယ်။ ကိုယ်တည်း ဟူသောအကြောင်းကြောင့် ရှင်ရဟန်းကောင်းတို့၏ ဂုဏ်၊ သာသနာ တော်ကြီး၏ဂုဏ်ကို မညစ်နွမ်းစေသင့်ပါဘူး။

နိဂုံးချုပ်ပြောရမယ်ဆိုရင် အချို့သောရှင်ရဟန်းများအပါအ၀င် ထေရ၀ါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြတဲ့ မည်သူမဆို သာသနာတော်ကြီးအသက်ရှည်စေဖို့၊ ဂုဏ်သတင်းမွှေးပြန့်ဖို့ဆို မိမိတို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာ အမြဲတမ်းအောက်မေ့ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။ မကြာမီကျရောက်လာတော့မည်ဖြစ်တဲ့ တောင်ပြုန်းနတ်ပွဲခေါ် မိန်းမလျာပွဲကို သွားသင့်၊ မသွားသင့်ဆိုတာ မိမိချပြခဲ့တဲ့အပေါ်က အချက်အလက်တွေနဲ့ တိုက်ကြည့်ပြီး မိမိတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှေ့ဆက်ပြီးလည်း တောင်ပြုန်းနတ်ပွဲလိုမျိုး အချိန်ကုန်၊ ငွေကုန်ပြီး အကုသိုလ်တွေ တစ်ထောကြီးရမယ့်၊ ဗုဒ္ဓ၀ါဒနှင့်ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီလိုနတ်များ ပူဇော်ပသပွဲမျိုးကို ရှောင်ကြဉ်နိုင်ကြပြီး မိမိတို့၏ အမျိုးဘာသာ၊ သာသနာအကျိုးကို ဆတက်ထမ်းပိုးတိုးတက်စည်ကားအောင် ပြုလုပ်နိုင်ကြပါစေကြောင်း  အလေးအနက်တိုက်တွန်းအပ်ပါတယ်။                            

ဓမ္မသုတေသီ(မန္တလေး)

No comments: