Tuesday, August 2, 2016

Body Weight မြန်​မြန်​ကျချင်​ပါသလား

ဝိတ်မြန်မြန် ကျချင် ပါသလား
မြ၀တီ - မြ၀တီ - ကျန်းမာရေးသတင်း / 5 hours ago
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ၂ဝ ရာခိုင်နှုန်း မြင့်တက်ခြင်းကို အဝလွန်တယ်လို့ ခေါ်ပါတယ်။ BMI (ခေါ်) Body Mass Index တွက်ချက်နည်းဖြင့် အဝလွန်ခြင်း ရှိ၊ မရှိကို (BMI= ခန္ဓာကိုယ် အလေးချိန် ကီလိုဂရမ် ÷ အရပ်အမြင့်မီတာ ၂ )နည်းဖြင့် စစ်ဆေး နိုင်ပါတယ်။

အကယ်၍ BMI အဖြေဟာ ၂၅ နှင့် ၂၉ ဒသမ ၉ဝ ထွက်ရှိပါက ကိုယ်အလေးချိန် ပိုနေတာ ဖြစ်ပြီး BMI အဖြေဟာ ၃ဝ ဖြစ်နေပါက Over Weight (ခေါ်) ကိုယ်အလေးချိန် မြင့်တက်နေပါပြီ။ အကယ်၍ BMI အဖြေဟာ ၃ဝ နှင့် ၄ဝ ကြား ရှိနေပါက Obese (ခေါ်) အဝလွန်နေတာ ဖြစ်ပြီး BMI အဖြေဟာ ၄ဝ နှင့်အထက် ဖြစ်နေပါက Very Obese/ Morbidly Obese (ခေါ်) အဆမတန် ဝနေပြီမို့ အသက်အန္တရာယ် အတွက် စိုးရိမ်ရ ပါတယ်။

အစာအိမ် ဆိုတာ ပါးစပ်မှ သွင်းလာသော အရည်နှင့်အစား အစာမှန်သမျှကို ရွေးချယ်၍လည်း မရ ရှောင်ဖယ် လို့လည်း မစွမ်းတာကြောင့် ဝင်လာသမျှ ပူ၊ အေး၊ ချို၊ ချဉ်၊ ဖန်၊ ခါး၊ စပ် အစားအသောက် အားလုံးကို အစာအိမ်က အမှိုက်ပုံးကြီး သဖွယ် လက်ခံနေရ ပါတယ်။ လူနေမှုပုံစံ တိုးတက် ခေတ်မီလာသည့် အလျောက် Fast Food (ခေါ်) အသင့်စား လွယ်ကူလျင်မြန် အစားအသောက် တို့ကို လက်တစ်ကမ်း လွယ်လင့်တကူ ဝယ်ယူ ရရှိခြင်း၊ အထူးသဖြင့် အခြေခံနှင့် အလယ်အလတ် လူတန်းစားများမှာ အချိန်ကုန်၊ ငွေကုန်ခံပြီး Gym၊ ယောဂ၊ လေ့ကျင့်ခန်း မယူနိုင်ဘဲ စားဝတ်နေရေး အတွက် ရုန်းကန် နေရခြင်း၊ လုပ်ငန်း သဘောသဘာဝ အရ အထိုင်များခြင်း၊ ဆယ်ကျော်သက်နှင့် လူလတ်ပိုင်းများ မှာလည်း ကွန်ပျူတာ၊ ဂိမ်း၊ ချက်တင် တို့ဖြင့် အင်တာနက်ထိုင် အချိန်ဖြုန်းခြင်း များကြောင့် ဝိတ်တက် အဆီပိုလာ ကြပါ တော့တယ်။

ဝလာဖို့ လွယ်ကူသလောက် နဂိုအတိုင်း ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းသိမ်းဖို့ အလွန်ခက်ခဲ ပါတယ်။ ဒါ့အပြင် အဝလွန်ခြင်းကြောင့် နှလုံးသွေးကြောကျဉ်း ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြန်းခြင်း၊ အရိုးနှင့် အရိုးနုများ ပျက်စီး ရောင်ရမ်းခြင်းတို့ အပြင် အူမကြီး ကင်ဆာ၊ ရင်သား ကင်ဆာ စတဲ့ နောက်ဆက်တွဲ ရောဂါများ ခံစား ရနိုင်ပါတယ်။

ကိုယ်လက် လှုပ်ရှားမှု လုပ်ပါ
(၁)     ကိုယ်လက်လှုပ်ရှား အားကစား လုပ်ခြင်းက ကြွက်သားများ ကျစ်လျစ်၍ ဝိတ်ကျစေတဲ့အပြင် နှလုံးနှင့် အဆုတ်ကို အားကောင်းစေခြင်း၊ အရိုး သန်မာစေခြင်း၊ စိတ်ဖိစီးမှု လျော့ကျပြီး နှစ်ခြိုက်စွာ အိပ်မောကျ စေခြင်း၊ မိသားစု မိတ်ဆွေ သူငယ်ချင်းများဖြင့် အတူတူ လေ့ကျင့်ခန်း ကစားခြင်း ကလည်း စည်းလုံး ညီညွတ်မှုကို တိုးပွား လာစေ ပါတယ်။

(၂)     တကူးတက လေ့ကျင့်ခန်းယူဖို့ အချိန်မပေးနိုင်သူများ အနေဖြင့် နိစ္စဓူဝ ပုံမှန် လှုပ်ရှားမှုများကို လေ့ကျင့်ခန်း ဆန်ဆန် ခပ်သွက်သွက် လမ်းလျှောက်ခြင်း၊ လိုရာခရီး မရောက်မီ ဘတ်စ်ကား သုံးမှတ်တိုင်ခန့် ကြိုဆင်းပြီး လမ်းလျှောက်ခြင်း၊ ဓာတ်လှေကား၊ စက်လှေကားများ မသုံးဘဲ ခြေထောက်ဖြင့် အတက် အဆင်း ပြုလုပ်ခြင်း၊ အထိုင်လျှော့ခြင်း၊  ဖြစ်နိုင်လျှင် မတ်တတ်ရပ်၍  အလုပ် လုပ်ခြင်း၊ ယုတ်စွအဆုံး မတ်တတ်ရပ်၍ တယ်လီဖုန်း ပြောခြင်း စသည်ဖြင့် ပုံစံပြောင်းကြည့် လိုက်ပါ။

ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ
(၁)     တစ်ထိုင်တည်း အဝစားခြင်းထက် နည်းနည်းစီ ခွဲ၍ ဗိုက်ပြည့်ရုံသာ မကြာခဏ စားပါ။ အစာကို ကြေညက်အောင် ဝါးစားပါ။ ထို့ပြင် နှမြောစာ၊ အားနာစာ၊ မသဒ္ဓါ ရေစာတို့ကို ရှောင်ပါ။

(၂)     ရေ များများ သောက်ပါ။

(၃)     အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် အရည်ရွှမ်းသော အော်ဂဲနစ် သစ်သီးများ စားပါ။

(၄)     အဆီထုတ်ထားသော နွားနို့၊ ဒိန်ချဉ်၊ ပရိုတင်းပါသော အနီရောင်အသား၊ အဆီများသောငါး၊ အရေခွံ မပါသော ကြက်သား၊ ပဲအမျိုးမျိုး၊ နှံထွက် အစားအစာများ ဖြစ်ကြတဲ့ ဂျုံပေါင်မုန့်၊ ဆန်လုံးညိုတို့ကို စားပါ။

(၅)     အချိုမပါသော လက်ဖက်ရည်နှင့် နို့ကရင်မ်မပါသော ကော်ဖီ သောက်ပါ။

(၆)     စပျစ်ဝိုင် အနီရောင် တစ်နေ့တစ်ခွက် ပုံမှန်သောက်သုံးခြင်း သို့မဟုတ် အရောင်ရင့်ရင့် စပျစ်သီး များကို အစေ့အခွံများပါ ဝါးစားခြင်းကလည်း နှစ်ခြိုက်စွာ အိပ်ပျော်စေပြီး အဆီကျ စေပါတယ်။

(၇)     ကွေကာအုပ် အကြမ်းက ကိုလက်စထရော ပမာဏကို ထိန်းညှိပေးတဲ့ အပြင် အမျှင်ဓာတ်များပြီး အဆာပြေစေလို့ ဖြည့်စွက်စာ အဖြစ် စားပေး နိုင်ပါတယ်။

(၈)     နည်းနည်းလေး စားရုံဖြင့် ပရိုတင်း များများရနိုင်တဲ့ ကြက်ဥက ခန္ဓာကိုယ် ကြွက်သားများကို ကျစ်လျစ် စေပါတယ်။

(၉)     အစိမ်းရောင် ငရုတ်ချိုသီးပွများက ခန္ဓာကိုယ်ဆဲလ်များ ဖွံ့ဖြိုး ကြီးထွားစေပြီး ကယ်လိုရီများကို လျင်မြန်စွာ လောင်ကျွမ်းစေလို့ ကိုယ်ရေစစ်သွား စေပါတယ်။

(၁ဝ)   အနက်ရောင် ချောကလက်များက အဆီများကို လောင်မြိုက်၍ သွေးထဲရှိ ကိုလက်စထရောကို ချပေး ပါတယ်။

ရှောင်ရန် အစားအစာများကို လိုက်နာပါ
(၁)     ပြည့်ဝဆီ တိုက်ရိုက်ပါရှိတဲ့ ကြက်၊ ဘဲ အရေခွံများနှင့် ခြေလေးချောင်းသား အဆီများ၊ ဝက်အူချောင်း၊ စည်သွတ်ဘူး၊ ဟော့ဒေါ့၊ အသားလုံး စသည်ဖြင့် ပြုပြင်ထားသော အရန်သင့် အစားအစာများ၊ အုန်းနို့၊ စားအုန်းဆီများ၊ ထိုအဆီတို့ဖြင့် ချက်ပြုတ်ထားသော ဟင်းလျာများနှင့် ဒိုးနတ် သွားရေစာ တို့ကို ရှောင်နိုင်လေ ကောင်းလေပါပဲ။

(၂)     Margarinese (ခေါ်) ထောပတ်တုများ၊ ကရက်ကာ၊ ကွတ်ကီး၊ ပေါင်မုန့် စသည့် မုန့်ဖုတ် သွားရေစာများ၊ အာလူး အကြွပ်ကြော်၊ ကြက်ကြော် အပါအဝင် ဆီကြော်မုန့် အမျိုးမျိုးတို့ ကလည်း ပြည့်ဝဆီ သွယ်ဝိုက်သောနည်းဖြင့် ပါရှိတဲ့ အတွက် အလွန်အကျွံ မစားသင့်ပေ။

(၃)     ကိုလက်စထရော တက်စေတဲ့ ကြက်ဥ၊ ဘဲဥအနှစ်၊ ကြက်၊ ဘဲ၊ ဝက်၊ အမဲ စသည့် တိရစ္ဆာန် ကလီစာများ၊ အဆီ မထုတ်ထားတဲ့ နွားနို့နဲ့ အဆီ မလိုင်ပြည့် နို့ထွက်ပစ္စည်းများ ဖြစ်ကြသော ထောပတ်၊ ခရင်မ်၊ ချိစ်(ခေါ်) ဒိန်ခဲများ စားသုံးမှု ရှောင်ကြဉ်ကြပါ။

(၄)     သံလွင်ဆီက   နှလုံးကို  အားကောင်း စေသလို ကျန်းမာရေး အတွက် ဘက်စုံ ကောင်းမွန်ပါ သော်လည်း ကယ်လိုရီ များစေတတ်လို့ များများ မစားသင့် ပါဘူး။

(၅)     သစ်ကြားသီး၊ သစ်အယ်သီးများက ဦးနှောက် အားကောင်းစေပေမယ့် အလွန်အကျွံ စားရင် ကယ်လိုရီ မြင့်တက် စေပါတယ်။

(၆)     ထောပတ်ဖြင့် လှော်ထားတဲ့ ပြောင်းဖူး ပေါက်ပေါက်များကိုလည်း သင့်တင့်ရုံလောက် စားပေးပါ။

အိမ်တွင်း ကုထုံးလေးများကို အားကိုးပါ
(၁)     လက်ဖက်စိမ်းက ကိုယ်အလေးချိန် ကျစေတဲ့ အကောင်းဆုံး ဆေးမြီးတို တစ်ခုပါ။ လက်ဖက်စိမ်း ရေနွေးကြမ်း တစ်နေ့ နှစ်ခွက် သောက်ပေးခြင်းဖြင့် အကျိုးထူးကို ခံစားရ ပါလိမ့်မယ်။

(၂)     သက်တမ်း တစ်နှစ်ရှိတဲ့ သဘာဝ ပျားရည် စစ်စစ်က ကိုယ်အလေးချိန်နှင့် အဆီပိုများ ကျစေတဲ့ အကောင်းဆုံး ဆေးတစ်ခွက် ဖြစ်လို့ နံနက်စောစောတွင် ပျားရည်ကို ရေ ခပ်နွေးနွေးဖြင့် သောက်ပါ။

(၃)     ဂေါ်ဖီထုပ်ကလည်း ဝိတ်ကျစေတဲ့ အကောင်းဆုံး ဟင်းသီးဟင်းရွက်လေး ဖြစ်လို့ မကြာခဏ ဟင်းချို ချက်သောက်ပါ။

(၄)     နံနက်စောစော ခရမ်းချဉ်သီး အလုံးလိုက် ဝါးစားခြင်းက သုံးလတာ အတွင်း ပိုလျှံသော အဆီများကို လောင်ကျွမ်း၍ သိသိသာသာ ဝိတ်ကျ စေပါတယ်။

(၅)     ဟင်းမွှေးရွက် ၁ဝ ရွက်ခန့်ကို လေးလကြာ နေ့စဉ် ရက်ဆက် စားပေးခြင်းဖြင့် အကျိုးထူး ခံစားရ ပါလိမ့်မယ်။

(၆)     သံပရာရည်၊ ငရုတ်ကောင်းမှုန့်၊ ပျားရည်တို့ဖြင့် ရောစပ်ထားတဲ့ ဖျော်ရည်ကို တစ်နေ့ တစ်ခွက်နှုန်းဖြင့် လေးလခန့် ကြာအောင် သောက်ပေးပါ။

(၇)     ဂျင်းနှင့် သံပရာသီးစိတ် ထည့်၍ ပြုတ်သောက်ခြင်းက အဆီပိုများ ကျစေတဲ့အပြင် မကြာခဏ အစာစားချင် စိတ်ကို ချိုးနှိမ် ပေးပါတယ်။

(၈)     ပူဒီနာရွက်နှင့်  မုန်လာဥနီတို့က  အဆီကျစေလို့ မကြာခဏ စားပေးပါ။

(၉)     အဆီပိုများ လျင်မြန်စွာ ကျစေရန် ရေနွေးဆူဆူ ခွက်ထဲသို့ သံပရာသီးကို ထက်ခြမ်းခြမ်း အရည်ညှစ်ပြီး အခွံပါ ရောထည့်၍ သောက်ပါ။

(၁ဝ)   အဆီကျ၍ ကိုယ်အချိုးအစား ကျစ်လျစ်စေရန် အတွက် ဂျုံမြက် ဖျော်ရည်ကလည်း အားကိုးလောက် ပါတယ်။ (အသင့်သောက် ဂျုံမြက် (ခေါ်) Wheat Grass ဖျော်ရည်ဘူးများကို City Mart ဆိုင်တွေမှာ ဝယ်ယူ ရရှိ နိုင်ပါတယ်)။   ။

No comments: