Tuesday, October 7, 2014

Facebook မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး(၁၀)ခု



Social Network တွေဖြစ်တဲ့ Facebookတို့ Twitterတို့ဆိုတာ လူတွေနဲ့ဆက်ဆံရာမှာ၊ မိတ်ဆွေအသစ်တွေရှာဖွေရာမှာအသုံးဝင်ကောင်းဝင်ပါလိမ့်မယ်။ ဒါပေမဲ့လူတိုင်းတော့ အဲ့လိုအကျိုးရှိရှိအသုံးချမနေကြပါဘူး။ လူတော်တော်များများအတွက်
Facebook ကို Checkတာဟာ အလုပ်တစ်ခုလိုတောင်ဖြစ်လာနေပါပြီ။ တစ်ချို့သောလူတွေက Likesရဖို့အတွက် Postတွေတင်ကြတယ်။ အခြားသူတွေဘာလုပ်နေမလဲ Facebookပေါ်မှာကြည့်မယ်။ ဘယ်နေရာမှာ ဘာဖြစ်နေလဲကြည့်မယ်။ ဂိမ်းဆော့မယ်။

အစရှိသဖြင့် Facebookကိုအသုံးပြုနေကြပါတယ်။ မြန်မာပြည်မှာကလည်း အင်တာနက်ဆိုတာကို Gtalk, Facebook, Viberနဲ့စသိပြီးသုံးကြတာများပါတယ်။ ဒီတော့ အချိန်တွေဖြုန်းနေလို့ ဖြုန်းမှန်းမသိအောင်ကို Facebookသုံးကြပါတယ်။ သင်ရောအဲ့ဒိအထဲပါနေပြီလား?
ဒါဆိုရင်တော့ သင်ရပ်တန်းကရပ်သင့်ပါပြီ။ သင်Facebookကို ခနခနသုံးမနေဘူးဆိုရင် ဖြစ်လာနိုင်မယ့် အချက်(၁၀)ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

(၁)သင့်ဘ၀ပြန်လည်အသက်ဝင်လာလိမ့်မယ်။

“ပြန်လည်အသက်ဝင်လာမယ်”ဆိုတဲ့ စကားကိုသုံးရတာအကြောင်းရှိပါတယ်။ သင်Facebookကိုကြည့်တဲ့အကြိမ်ရေကိုပြန်တွက်ဖူးပါသလား?
တစ်နေ့မှာ၂၄နာရီရှိပါတယ်။ ၈နာရီကအိပ်ပါတယ်။ ၈နာရီကအလုပ်လုပ်ပါတယ်။ ကျန်တဲ့၈နာရီမှာရော ဘယ်နှကြိမ်လောက် Facebookကို
ကြည့်ပါသလဲ? တနေကုန်အလုပ်မှာလည်း Facebookကြည့်တယ်၊ ကျန်တဲ့ ၈နာရီမှာလည်း Facebookကြည့်တယ်ဆိုရင် သင့်ရဲ့နေစဉ်ဘ၀က
ရှင်သန်သေးရဲ့လား ပြန်စဉ်းစားဖို့လိုပါပြီ။ Facebook မပေါ်ခင်တုန်းကရောသင်ဘာလုပ်ခဲ့လဲ ပြန်စဉ်းစားပါ။ 

သူငယ်ချင်းနဲ့ဖုန်းပြောမယ်၊
သူငယ်ချင်းသို့မဟုတ် မိသားစုနဲ့ မုန့်သွားစားမယ်၊ သို့မဟုတ်တစ်ယောက်ထဲရုပ်ရှင်ကြည့်မယ်၊ သို့မဟုတ်စာဖတ်မယ်၊ ဒါမှမဟုတ်သင်ဝါသနာပါတာတစ်ခုခု လုပ်မယ်။ တစ်ခုခုတော့ သင်လုပ်ခဲ့မှာပါ။ တစ်ချို့ကFacebookကိုအလကားသုံးတာမဟုတ်ဘူး၊ Facebookပေါ်မှာစာဖတ်တယ်လို့ဆိုပါတယ်။
ဟုတ်ပါတယ် Facebookပေါ်မှာအဲ့လိုအကျိုးရှိတာတွေလုပ်တာကိုတော့ အားပေးပါတယ်။ ဒါပေမဲ့ သင်တကယ်ရောစာအကြာကြီးဖတ်ဖြစ်လို့လား?
More….ဆိုတဲ့နေရာကိုနှိပ်လိုက်လို့ စာကြီးကရှည်နေရင်သင်ဖတ်ဖြစ်လို့လား? သတင်းတိုတိုလေးတွေပဲသင်ဖတ်ဖြစ်တာများပါလိမ့်မယ်။

သင်Facebookကိုခဏခဏစိတ်ရောက်နေချိန်မှာ သင်အစာကျွေးမှာကိုစောင့်နေတဲ့ သင့်ရဲ့ခွေးလေးလဲရှိချင်ရှိမယ်။ ဒါမှမဟုတ် သင်နဲ့အတူတူတစ်နေရာရာသွားချင်တဲ့ သူငယ်ချင်းလည်းရှိချင်ရှိမယ်။ သင့်ရဲ့ Social ပိုင်းကောင်းလာတယ်လို့သင်ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်းကသင်အတုအယောင်လောကတစ်ခုမှာပျော်နေတာပါ။ Englishစာလုံးလေးလုံးနဲ့ပေါင်းထားတဲ့ Likeဆိုတဲ့စာလုံးမှာ သင်ပျော်ဝင်နေတာပါ။သင့်ဘေးက သင့်အပေါ်မေတ္တာရှိတဲ့အရာအားလုံး၊ သင့်အတွက်တကယ်အကျိုးရှိတဲ့အရာအားလုံးကိုသင်မေ့နေတာပါ။ သင်တစ်နေရာရာကိုသွားရင်တောင် သင့်ဖုန်းလေးကိုတကြည့်ကြည့်နဲ့ဖြစ်နေပါလိမ့်မယ်။ Facebookခဏခဏသုံးနေတာကိုရပ်ပြီး ပတ်ဝန်းကျင်ကိုတစ်ခါလောက်
စေ့စေ့စပ်စပ်လေးကြည့်လိုက်ပါ။ သင်အများကြီးတိုးတက်လာလိမ့်မယ်။ သင့်ရဲ့သူငယ်ချင်းအရင်းတွေအတွက်၊ သင့်ရဲ့မိသားစုအတွက်
Likeထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့အရာတွေကို လုပ်ကြည့်လိုက်ပါ။

(၂)အလုပ်တွေပိုပြီးလာလိမ့်မယ်။

ဘလော့ဂါတစ်ယောက်အနေနဲ့ ကျွန်တော်တို့အတွေ့အကြုံကိုပြောပြပါ့မယ်။ ကျွန်တော်က အင်တာနက်ကို အချိန်ပြည့်သုံးရပါတယ်။
စာတွေကိုအင်တာနက်ကနေ ရှာဖွေပြီးဖတ်ရှုရပါတယ်။ ကျွန်တော့်ရဲ့ အကြီးမားဆုံးရန်သူကတော့ Social Mediaပါပဲ။ စာဖတ်လိုက်
Facebookကိုကြည့်လိုက်နဲ့ အလုပ်ပေါ်အာရုံစူးစိုက်မှုအားနည်းလာပါတယ်။ Facebookကိုခဏလေးဆိုပြီးကြည့်ရာကနေ ၁၅မိနစ်လောက်
ကြည့်ဖြစ်တဲ့အခါကြည့်ဖြစ်သွားပါတယ်။ အဲဒိအခါမှာ ကျွန်တော့်ရဲ့ Productivity ကသိသိသာသာကျသွားပါတယ်။ စာဖတ်နေရင်းနဲ့
Facebookကိုကြည့်ချင်စိတ်တွေပေါ်လာပါတယ်။ အလုပ်မပြီးတဲ့အတွက် stressများလာပါတယ်။ အရာရာအဆင်မပြေတော့ပါဘူး။ 

ဒါပေမဲ့အချိန်မီပဲ ကျွန်တော်ဖြေရှင်းနိုင်ခဲ့ပါတယ်။ နေ့တစ်နေ့ရဲ့ဘယ်အချိန်မှာ Facebookကိုဖွင့်မယ်ဆိုတာကိုအချိန်ဇယားလုပ်လိုက်ပါတယ်။
အဲ့ဒိနောက်ပိုင်း အလုပ်တွေပိုပြီးလာပါတယ်။ Stressတွေလည်း နည်းလာပါတယ်။ ဒါကြောင့်အလုပ်ချိန်မှာ Facebookသုံးတာကိုဖြစ်နိုင်ရင်
ရှောင်ရှားပါ။ မရှောင်ရှားနိုင်ရင် အချိန်တစ်ခုသတ်မှတ်ပြီး သုံးပါ။ သင့်အလုပ်တွေပိုပြီးလာပါလိမ့်မယ်။

(၃)အခြားအရာတွေမှာ အာရုံစူးစိုက်မှုပိုကောင်းလာပါလိမ့်မယ်။

Facebook ကတက်လာမယ့် Update Statusတွေကို မအိပ်ဘဲ ရူးရူးမိုက်မိုက်စောင့်ဖူးပါသလား? အဲဒိအချိန်တွေကို အခြားမှာသုံးဖို့ရော
စဉ်းစားဖူးပါသလား? အဲ့ဒိ New Statusတွေတက်တာကိုစောင့်နေတဲ့ မိနစ်၃၀လောက်ကို စာအုပ်ဖတ်ဖို့ဖြစ်ဖြစ်စဉ်းစားဖူးပါသလား?
စာအုပ်ဖတ်တာဖြစ်ဖြစ်၊ မနက်ပိုင်းမှာဆိုလည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်တစ်ခုခုလုပ်ကြည့်ပါ။ အခြားအရာတွေပေါ်မှာသင့်ရဲ့အာရုံစူးစိုက်မှုပိုမို ကောင်းလာပါလိမ့်မယ်။

(၄)သင့်သူငယ်ချင်းအစစ်တွေက ဘယ်သူတွေလဲဆိုတာ သင်သိလာပါလိမ့်မယ်။

Facebookပေါ်မှာခင်ရတာအရမ်းလွယ်ကူပါတယ်။ လူတွေရဲ့ postsတွေကို likeပေး commentပေးတယ်ဆိုတာ ပြောပလောက်အောင် အချိန်မကုန်ပါဘူး။
သင်Facebook မသုံးဘဲနေကြည့်လိုက်ပါ။ သင့်ကိုဘယ်နှစ်ယောက်လောက် ဖုန်းဆက်မလဲ၊ သင်နဲ့အပြင်မှာဘယ်သူကတွေ့ပြီး မုန့်အတူတူစားမလဲ
စောင့်ကြည့်လိုက်ပါ။ သင့်သူငယ်ချင်းအစစ်တွေ ပေါ်လာပါလိ့မ်မယ်။

(၅)သင်စွဲလမ်းခဲ့ဖူးတဲ့ Likeဆိုတာ ဘာမှတကယ့်ဘ၀မှာ သုံးမရဘူးဆိုတာသင်သိလာလိမ့်မယ်။

Facebookပေါ်မှာ Likeတယ်ဆိုတာတကယ်တော့ Likeရဲ့ Meaningတောင်ပျောက်နေပါပြီ။ ဓာတ်ပုံမမြင်ရပဲနဲ့လည်း Likeချင်Likeမယ်။ Likeပြန်ရချင်လို့
Likeတာလည်းဖြစ်ချင်ဖြစ်မယ်။တာဝန်ဝတ္တရားအရလုပ်ပေးတဲ့အရာ တစ်ခုတောင်ဖြစ်နေပါပြီ။ ဒါပေမဲ့လူတော်တော်များများက အဲ့ဒါကိုမမြင်နိုင်ကြဘူးဖြစ်နေကြပါတယ်။
ဒါကြောင့်Facebookနဲ့နည်းနည်းခွဲနေကြည့်လိုက်ပါ။ Facebookပေါ်က Likeဆိုတာဘာမှမဟုတ်ဘူးဆိုတာ သင်သိလာပါလိမ့်မယ်။

(၆)လက်တွေ့ဘ၀မှာ ပိုပြီးအောင်မြင်လာလိမ့်မယ်။

Facebookကပေးတဲ့အဓိကပြသနာကတော့ ဘယ်တော့မှFacebookပေါ်မှာလုပ်စရာတွေမကုန်သွားတာပါပဲ။ ကြည့်စရာအသစ်တွေ၊ Likeစရာအသစ်တွေ
သူငယ်ချင်းအသစ်တွေ၊ commentပေးစရာတွေ၊ Shareစရာတွေနဲ့သံသရာလည်နေတာပါ။ ဒါပေမဲ့ အပြင်လက်တွေ့ဘ၀မှာတော့ သင်ပြီးမြောက်အောင်လုပ်ဆောင်နိုင်တာတွေအများကြီးရှိပါတယ်။ စာအုပ်တစ်အုပ်ကိုပြီးအောင်ဖတ်နိုင်ပါတယ်။ ဥယျာဉ်လေးတစ်ခုပြီးမြောက်အောင် အပင်စိုက်နိုင်ပါတယ်။
ပန်းကန်တွေကူဆေးပေးနိုင်ပါတယ်။ Facebookကနေ ခဏထွက်ပြီး အပြင်ဘ၀မှာတစ်ခုခုပြီးမြောက်အောင်လုပ်ဆောင်ကြည့်ပါ။

(၇)Facebook မလိုလားအပ်တဲ့ပြသနာတွေ အေးသွားပါလိမ့်မယ်။
Facebook သုံးတဲ့သူတိုင်းအတွက် သင့်ကိုစောင့်ကြည့်နေတဲ့သူရှိနိုင်ပါတယ်။ အထူးသဖြင့် သင်ကမိန်းကလေးဖြစ်ရင်ပေါ့။ သင့်ရဲ့ဓာတ်ပုံတွေ၊
သင်ရဲ့စိတ်ထဲက လျှို့ဝှက်ချက်တွေအားလုံးကို အလွယ်တကူသိနိုင်ပါတယ်။ သင်က Privacy Settingကိုမြှင့်ထားပေမယ့် Privacy Setttingမမြှင့်ထားတဲ့
သင့်ရဲ့သူငယ်ချင်းတစ်ယောက်က သင့်ကို”မနက်ဖြန် Junction Sqareသွားကြမယ်လို့” tagထားတယ်ဆိုပါဆို့။ သင့်ကိုစောင့်ကြည့်နေတဲ့သူက သင်နဲ့Friendဖြစ်မနေဘူးဆိုရင်တောင် သင့်သူငယ်ချင်းကတစ်ဆင့်သိနိုင်ပါတယ်။ ဒီတော့သင့်ကိုနှောက်ယှက်ချင်တဲ့သူက သင်မနက်ဖြန်ဘယ်သွားမလဲ
သိသွားပြီပေါ့။ ဒါပေမဲ့ သင်Facebookနဲ့ ခပ်ခွာခွာနေရင်တော့ အဲ့ဒိလိုပြသနာတွေကြုံတော့မှာမဟုတ်ပါဘူး။

(၈)သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာလိမ့်မယ်။

လေ့လာတွေ့ရှိချက်တွေအရတော့ Facebookကလူတော်တော်များများကို စိတ်ဒုက္ခပေးလေ့ရှိပါတယ်တဲ့။ သင်postတစ်ခုတင်လို့
Likeနည်းတဲ့အခါ၊ သင့်ပုံတင်လိုက်လို့ Likeနည်းတဲ့အခါ၊ သင့်ကိုယ်သင်ယုံကြည်မှုတွေပါကျဆင်းလာတတ်ပါတယ်။ သင့်ကို
စိတ်ဓာတ်ကျလာစေပါတယ်။ ခနလောက် Facebook နဲ့ဝေးဝေးနေကြည့်လိုက်ပါ။ သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာပါလိမ့်မယ်။

(၉)သင်ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေနဲ့ပက်သက်ပြီး ပိုမိုအကောင်းမြင်လာလိမ့်မယ်။

ဂျာမနီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရတော့ Facebookအသုံးပြုသူတော်တော်များမျာဟာဝန်တိုစိတ်တွေ များလာကြပါတယ်လို့ ဆိုပါတယ်။ Facebookပေါ်မှာသူများတွေတင်ထားတဲ့ အရာတွေကိုကြည့်ပြီး မနာလိုဖြစ်လာကြပါတယ် လို့ဆိုပါတယ်။ သူများတွေတင်ထားတဲ့ဖုန်းအသစ်ပုံ၊ ကားအသစ်ပုံ၊ အိမ်အသစ်ပုံတွေ၊ ချစ်သူတွေတွဲရိုက်ထားတဲ့ပုံတွေ၊ မိသားစုတွေပျော်ရွှင်တဲ့ပုံတွေ ကိုကြည့်ပြီး တစ်ချို့ကမနာလိုဖြစ်တတ်ကြပါတယ်။ Facebook ဆိုတာအရမ်းကြွားလို့ကောင်းတဲ့အရာဖြစ်တာကြောင့် လူတွေကတော့ ကြွားနေမှာပါပဲ။ ဒီတော့ သင်အဲဒိလိုမနာလိုမှုတွေရှိတယ်ဆိုရင် Facebookကနေခနလောက်ထွက်ပြီး သင့်မှာရှိတဲ့ အရာတွေကိုတန်ဖိုးထားကြည့်လိုက်ပါ။

(၁၀)Facebook ဆိုတာကြော်ငြာတွေအများကြီးမြင်နိုင်တဲ့နေရာတစ်ခုထက်မပိုဘူးဆိုတာ သင်နားလည်လာလိမ့်မယ်။Facebookက သင်ကြိုက်နှစ်သက်တဲ့အရာတွေကို မှတ်သားထားပြီး သင်ကြိုက်လောက်မယ့် အရာတွေကိုသင်မြင်ရအောင် ခဏခဏဖော်ပြပေးနေတာပါ။Facebookကတကယ်တော့ သင့်ကိုDataအဖြစ်အသုံးချပြီး စီးပွားရေးလုပ်နေတာပါ။ ဒါကြောင့်မို့လို့ လိုအပ်တာထက်ပိုပြီး Facebookကိုမသုံးစွဲပါနဲ့။

ကျွန်တော်က Facebookကို ပြစ်တင်ရှုတ်ချနေတာမဟုတ်ပါဘူး။ Social Media ဆိုတာတစ်ချိန်ကအရမ်းကောင်းတဲ့ ရည်ရွယ်တစ်ခုနဲ့
ဖြစ်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့အခုတော့သင်ရော၊ ကျွန်တော်ရော Social Mediaတွေကိုယ်တိုင်ရော မူရင်းရည်ရွက်ချက်ဖြစ်တဲ့
မိတ်ဆွေကောင်းအသစ်တွေရရှိဖို့ဆိုတာကို မေ့နေကြပါပြီ။ Facebookဆိုတာ အလုပ်တစ်ခု၊ စီးပွားရေးတစ်ခု၊စွဲလမ်းမှုတစ်ခု ဖြစ်လာပါပြီ။
Facebookကနေ ကောင်းတဲ့အချက်တွေအများကြီးရပါတယ်လို့ သင်ထင်ရင်တော့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို စိတ်အေးအေးလေးထားပြီး

နှိုင်းယှဉ်ကြည့်လိုက်ပါအုံး။ Facebookကို ထာဝရမသုံးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အကျိုးရှိအောင်ပဲသုံးပြီး သင့်ရဲ့အချိန်အများစုကို
အရေးမကြီးတဲ့ကိစ္စတွေမှာမဖြုန်းဖို့ ပြောချင်တာပါ။

Facebokစွဲလမ်းခြင်းရောဂါ အမြန်ဆုံးပျောက်ကင်းကြပါစေ။

မိုးရှင်း(I.M.T)
www.work.com.mm
ref: linkedin

No comments: