Thursday, October 30, 2014

မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ တန်ဆောင်တိုင်ပွဲတော် တချို့အကြောင်းတစေ့တစောင်း




မေသက်ဇင်၊ သိင်္ဂီထွန်း

သီတင်းကျွတ်လပြီးတာနဲ့ ဆီမီးမြိုင်မြိုင်နဲ့ လတန် ဆောင်တိုင်ကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့အတွက် မြန်မာတစ်နိုင်ငံလုံးမှာလည်း တန်ဆောင်တိုင်ပွဲ တော်တွေကို ခြိမ့်ခြိမ့်သဲဆင်နွှဲကြတော့မှာဖြစ်ပါတယ်။
တန်ဆောင်တိုင်လမှာ ကောင်းကင်မှာရှိတဲ့ နက္ခတ် တွေစုံညီစွာရှိနေပြီး ထိုနက္ခတ်တွေကိုပူဇော်တဲ့ တောင် ထိပ်နက္ခတ်ပွဲလို့ ရှေးလူကြီးများကခေါ်တွင်ကြတယ်လို့ လည်း သိရပါတယ်။

''တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ နက္ခတ် တွေစုံပြီး အဲဒီအချိန်ကိုကြည့်ပြီး မြန်မာလူမျိုးတို့ရဲ့ ပြက္ခဒိန်ကိုထုတ်တယ်။ သင်္ကြန်စာကိုထုတ်ကြတယ်။မဲဇလီဖူးသုပ်ဆိုလဲ လပြည့်ည ၁၂ နာရီထိုးမှ ခူးပြီး တစ်ခါတည်းပြုတ်ပြီး သုပ်စားကြတာ''လို့ အသက် ၇ဝ ခန့်ရှိ အဘိုးညိုက ဆိုပါတယ်။

အများစုကတော့ တန်ဆောင်တိုင်ပွဲတော်မှာ ကထိန်ခင်းခြင်း၊ မသိုးသင်္ကန်းရက်လုပ်ခြင်းနဲ့ နှစ်ကျိပ် ရှစ်ဆူဘုရားများ လှည့်လည်အပူဇော်ခံခြင်းတို့ကို ပြု လုပ်ကြပြီး မြန်မာ့ရိုးရာမီးပုံးပျံလွှတ်တင်ပွဲကို စည်ကား သိုက်မြိုက်စွာကျင်းပတဲ့မြို့တွေလည်းရှိပါတယ်။

မြန်မာနိုင်ငံရဲ့ အနယ်နယ်အရပ်ရပ်မှာ ပုံစံဓလေ့ မျိုးစုံနဲ့ကျင်းပကြတဲ့ တန်ဆောင်တိုင်ပွဲတော်တွေထဲက လူသိများအထင်ရှားဆုံးဒေသတွေကတော့ ရှမ်းပြည် နယ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ၊ ပြင်ဦး လွင် တန်ဆောင်တိုင်ပွဲ၊ ပြည်မြို့တန်ဆောင်တိုင်ပွဲနဲ့ ထားဝယ်တန်ဆောင်တိုင်ပွဲတို့ပဲဖြစ်ပါတယ်။

တောင်ကြီးမီးပုံးပျံပွဲတော်
****************************
မီးပုံးပျံပွဲတွေကိုကျင်းပရာမှာ နာမည်အကြီးဆုံးနဲ့ ကမ္ဘာသိ မီးပုံးပျံပွဲကတော့ တောင်ကြီးမီးပုံးပျံပွဲဖြစ်သလို နှစ်စဉ် လူထောင်ပေါင်းများစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပလာကြတာပဲဖြစ်ပါတယ်။

တောင်ကြီးမီးပုံးပျံပြိုင်ပွဲမှာ မြန်မာ့နည်းပညာဖြင့် ပြုလုပ်ထားသော ထူးခြားတဲ့မီးပုံးပျံတွေကို တစ်ဖွဲ့နှင့် တစ်ဖွဲ့အလှပဆုံးဖြစ်အောင် ဖန်တီးပြုလုပ်ပြီး မီးပုံးများ လွှတ်တင်ကာ ယှဉ်ပြိုင်ကြပြီး ဒီပွဲတော်ကို နှစ်စဉ် အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၈ ရက် (တန်ဆောင် မုန်းလဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်)အထိ တောင်ကြီးမြို့ အဝေရာမီးပုံးပျံပြိုင်ကွင်းအတွင်းမှာ ပြုလုပ်ကြတာပဲဖြစ်ပါတယ်။

မီးပုံးပျံပြိုင်ပွဲတွေကို နေ့ရောညပါ စည်ကားစွာ ကျင်းပကြပြီး နာမည်ကြီး မီးပုံးပျံတွေကတော့ ညမီးကြီး နဲ့ စိန်နားပန်တို့ဖြစ်ကာ အရုပ်များပုံစံ ဖန်တီးထားတဲ့ မီးပုံးပျံတွေကိုတော့ နေ့လယ်အချိန်တွေမှာ လွှတ်တင် ကြသလို လှပပြီး အရောင်စုံအရုပ်မီးပုံးများကောင်းကင် ပေါ်ပျံတက်သွားပုံမှာကြည့်ရှုရသူအပေါင်းအတွက် မျက် စိပသာဒဖြစ်စရာပင်ဖြစ်ပါတယ်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကျင်းပချိန်ဟာ တန်ဆောင်တိုင်ကျောင်းပိတ်ရက် အလုပ် ပိတ်ရက်များနဲ့ တိုက်ဆိုင်တဲ့အတွက်လည်း မီးပုံးပျံပွဲ အမီ သွားလာကြသူတွေနဲ့ ပြည်တွင်းခရီးသွားလုပ်ငန်း တွေကလည်း မီးပုံးပျံပွဲပြုလုပ်တဲ့အချိန်ကို ခန့်မှန်းပြီး ပို့ဆောင်ပေးနေတာတွေလည်း ရှိပါတယ်။

မီးပုံးပျံကို ထားဝယ်မြို့သားတစ်ဦးဖြစ်သူ ဦးကျော် ရင်က တီထွင်ခဲ့ခြင်းဖြစ်သလို မီးပုံးပျံဦးကျော်ရင်လို့လည်း ထင်ရှားစွာသိရှိထားကြပါတယ်။

တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ရဲ့ မီးပုံးပျံလွှတ်တင်ခြင်းကိုတော့ ၁၉၄၁ ခုနှစ်ကစတင်ခဲ့ပြီး ၁၉၅၃-၁၉၅၄ ခုနှစ်များမှ စတင်ကာ ပြိုင်ပွဲ ပုံစံပြုလုပ်လာခဲ့ကြတယ်လို့လည်း သိရပါတယ်။

တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်ပွဲတော်မှာ မီး ပုံးပျံပြိုင်ပွဲအပြင် မြို့လုံးကျွတ် ဘုံကထိန်လှည့်လည် ခြင်းများ၊ မီးပဒေသာလှည့်လည်ပွဲ MISS တန်ဆောင် တိုင်ရွေးချယ်ပွဲ၊ အလွတ်တန်းဓာတ်ပုံပြိုင်ပွဲနဲ့ဈေးပွဲတော် များလည်း ပါဝင်ပြီး ယင်းပွဲတော်ကို ကျင်းပလာခဲ့ကြ သည်မှာ ယခုနှစ်ဆိုလျှင် ၇၃ နှစ်တိုင်ခဲ့ပြီဖြစ်သည်။

ထားဝယ်တန်ဆောင်တိုင်ပွဲတော်
***********************************
ထားဝယ်မြို့မှာတော့ နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ခြင်းကို ထားဝယ်မြို့မှာရှိတဲ့ ရွာပေါင်းနှစ်ဆယ့် ရှစ်ရွာက တာဝန်ယူပြုလုပ်ကြပြီး ထားဝယ်မြို့ရဲ့ထင်ရှားတဲ့ ဘုရားတစ်ဆူဖြစ်သော လောကမာရဇိန်ဘုရားမှာ ည လုံးပေါက် အပူဇော်ခံကျင်းပခြင်းဖြစ်ပါတယ်။

တန်ဆောင်မုန်းလဆန်း ၁ ရက်ကစပြီး ရွာနှစ်ဆယ့် ရှစ်ရွာက မိမိတို့ရွာမှာ အပူဇော်ခံထားရှိတဲ့ ဘုရားတွေ ကို ပင့်ဆောင်ပြီး အခြားသောရွာ ၁၅ ရွာကို လှည့် လည်အပူဇော်ခံကြကာ ရွာတိုင်းက ဆီမီးနဲ့ ပန်းတွေကို ဆက်ကပ်လှူဒါန်းကြတယ်လို့ သိရပါတယ်။

''ဘုရားတွေကို လှည့်လည်အပူဇော်ခံဖို့ ည ၈ နာ ရီလောက်မှာစထွက်ပြီး မနက် ၄ နာရီမထိုးခင်မှာ ဘုရားဝင်းထဲကိုပြန်ဝင်ပြီး ဆွမ်းကပ်ပွဲလုပ်ကြရတယ်။အရမ်းကိုကြည်နူးဖို့ကောင်းတဲ့ ဓလေ့လေးတစ်ခုပါ''လို့ ထားဝယ်မြို့ မောင်းမကန်ကမ်းခြေဒေသခံ ကိုအောင်စိန် က ပြောပါတယ်။

တန်ဆောင်မုန်းလဆန်း ၁ဝ ရက်မှ ၁၄ ရက်အထိ လောကမာရဇိန် ဘုရားဝင်းထဲမှာပဲ ဆွမ်းကပ်ပွဲကို ပြု လုပ်ကြပြီး ၁၅ ရက်မှာတော့ မြို့ထဲကို လှည့်လည်အပူ ဇော်ခံပွဲကို ပြုလုပ်ကြပါတယ်။

လှည့်လည်အပူဇော်ခံခြင်း ပြီးဆုံးသွားရင်တော့ လောကမာရဇိန်ဘုရားရဲ့ ဂန္ဓကုဋိတိုက်အတွင်းမှာ ပြန် လည်ကာ အပူဇော်ခံထားရှိပြီး ယခုနှစ်တွင်တော့ နှစ် ကျိပ်ရှစ်ဆူဘုရားပွဲအပြင်ကို ထူးခြားစွာနဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေး အထိမ်းအမှတ် ဗုဒ္ဓပူဇနိယပွဲတော်ကို မြန်မာဘုန်းတော်ကြီးများနဲ့ ထိုင်းနိုင်ငံမှ ဘုန်းတော်ကြီး တချို့က ပူးပေါင်းကျင်းပမှာဖြစ်ပြီး ဆီမီးငါးထောင်နဲ့ မီးပုံးပျံငါးထောင်ကို လွှတ်တင်မယ့်ပွဲတော်ကို ကျင်းပကြ မယ်လို့လည်း သိရပါတယ်။

ညလုံးပေါက်ကျင်းပကြတဲ့ ထားဝယ်တန်ဆောင် တိုင်ပွဲတော်မှာ မြန်မာ့ရိုးရာအိုးစည်ဒိုးပတ်ဝိုင်းများ၊ တိုးန ယားအကအဖွဲ့များနှင့် ဖျော်ဖြေရေးအဖြစ် စတိတ်ရှိုး ပွဲများ၊ ကုန်စည်ပြပွဲများကိုလည်း စည်စည်ကားကား ကျင်းပကြပြီး နှစ်စဉ်ရိုးရာမပျက် ကျင်းပလာခဲ့ကြသော ချစ်စရာ မြန်မာ့ရိုးရာတန်ဆောင်တိုင်ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။

ပြည်တန်ဆောင်တိုင်ပွဲတော်
*******************************
ပြည်မြို့ရွှေဆံတော်ကြီး၏ တန်ဆောင်တိုင်ဘုရား ပွဲတော်မှာလည်း အထူးပင်စည်ကားသိုက်မြိုက်ပြီး ပျော် ရွှင်စရာကောင်းလှပါတယ်။ ရွှေဆံတော်တန်ဆောင်တိုင် ဘုရားပွဲတော်ကြီးကို တန်ဆောင်မုန်းလဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်ထိ ၈ ရက်တိုင်တိုင်ကျင်းပပြုလုပ် ခြင်းဖြစ်ကာ ပဲခူးတိုင်းအနောက်ပိုင်းတွင်ရှိသော မြို့ရွာ များ အထူးပင်မျှော်လင့်တောင့်တစောင့်စားကြရသည့် ပွဲတစ်ခုဟုလည်းဆိုလို့ရမှာ ဖြစ်ပါတယ်။

ယခုနှစ်ရဲ့ ပြည်တန်ဆောင်တိုင်ပွဲမှာ ဗုဒ္ဓပူဇနိယ ပွဲတော်နဲ့ (၁၁၅)ကြိမ်မြောက် မြတ်စွယ်တော်လှည့်လည်ပွဲ ကို ကျင်းပမှာဖြစ်ပြီး ပွဲတော်၌ဖျော်ဖြေရေးအစီအစဉ် များ၊ ယိမ်းအကအလှများဖြင့် တင်ဆက်သွားမှာ ဖြစ် ကြောင်း သိရပါတယ်။

''အစဉ်အလာအရ ပွဲတော်ကြီးကို မပျက်မကွက် ကျင်းပတယ်။ ဖျော်ဖြေရေးတွေရော အစုံပဲတင်ဆက် ပေးတယ်။ဘုရားပွဲစည်ကားဖို့ကိုလဲ ဦးစားပေးလုပ်သလို လုံခြုံရေးကိုလဲ အဓိကထားလုပ်ပါတယ်''လို့ ရွှေဆံတော် စေတီတော်မြတ်ကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ဆိုပါတယ်။
တန်ဆောင်တိုင်ဘုရားပွဲ ကျင်းပပြုလုပ်တဲ့ တန် ဆောင်မုန်းလတွင် ပြည်ရွှေဆံတော်စေတီတော်မြတ် ကြီးအား ဆီမီးကပ်လှုပူဇော်ခြင်းအား ပြုလုပ်မှုမရှိ သော်လည်း တန်ဆောင်တိုင်ဘုရားပွဲလာပြည်သူများ ၏ စေတနာသဒ္ဓါတရားများဖြင့် ကပ်လှူပူဇော်သည့် ဆီမီးများဖြင့် ဘုရားကြီးသည် အထူးပင်သပ္ပာယ်ကြည် ညိုဖွယ်ကောင်းလှကြောင်း သိရပါတယ်။

ဘုရားပွဲလာ ဧည့်ပရိတ်သတ်တွေ နားခိုနိုင်ဖို့အ တွက်လည်း ရိပ်သာခန်းမဆောင်တွေနဲ့ ထူးရိပ်သာ ဆောင်များထားရှိပြီး ရွှေဆံတော်ဘုရားအနောက်ဘက် စောင်းတန်းအဆုံး ကွင်းပြင်ကြီးမှာလည်း ဘုရားပွဲလာ ပြည်သူများကို ဧည့်ခံဖို့အတွက် ပြည်မြို့ဇာတ်အဖွဲ့ဆယ် ဖွဲ့ကို ငှားရမ်းကာ အခမဲ့ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိ ရပါတယ်။

ရွှေဆံတော်ဘုရားကြီး၏ တန်ဆောင်တိုင်ပွဲတော် မှာ အထူးခြားဆုံးနဲ့ အလွန်ပျော်စရာကောင်းပြီး စည် ကားတဲ့အချိန်မှာ မြတ်စွယ်တော် လှည့်လည်ပွဲပဲဖြစ် ပါတယ်။ ယခုနှစ် ပြည်တန်ဆောင်တိုင်ပွဲတော်မှာ မြတ် စွယ်တော်ကို ဘုရားရင်ပြင်တော်ပေါ်မှာသာ လက်ယာ ရစ်သုံးကြိမ်ရစ်ပတ်အပူဇော်ခံသွားမည်ဖြစ်ပါတယ်။

ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်
*************************************
ပြင်ဦးလွင်ဆောင်တိုင် မီးထွန်းပွဲတော်နဲ့ (၁ဝ)နှစ် ပြည့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို နိုဝင်ဘာ ၃ ရက်က နေ ၇ ရက်အထိ မဟာအံ့ထူးကံသာဘုရားဝင်းထဲမှာ ကျင်းပပြုလုပ်သွားမှာဖြစ်သလို နာမည်ကျော်တေးသံရှင် တွေနဲ့ မော်ဒယ်တွေက ပွဲတော်လာ ဧည့်ပရိသတ်တွေကို ဖျော်ဖြေသွားမှာဖြစ်ပြီး ယခုနှစ်တန်ဆောင်တိုင်ပွဲတော် မှာ မီးပုံးပျံဆုကြေးတွေကိုလည်း တိုးမြှင့်ပေးအပ်ဖို့လည်း ရှိတယ်လို့ သိရပါတယ်။

''အခုနှစ်က (၁ဝ)နှစ်ပြည့်လဲဖြစ်တဲ့အတွက် ယခင် နှစ်တွေထက်ပိုပြီး ထူးထူးခြားခြားဖြစ်အောင်လုပ်မယ်။ ပွဲဈေးဆိုင်တွေဆိုရင် အရင်က ၂ဝဝ နဲ့ ၃ဝဝ ကြားပဲရှိ ပေမယ့် ခုနှစ်မှာတော့ ၄ဝဝ လောက်ထိကို တိုးငှားသွား ဖို့စီစဉ်ထားတယ်။ ဖျော်ဖြေရေးမှာဆိုရင်လဲ တကယ့် နာမည်ကြီးတီးဝိုင်းတွေ၊ အဆိုတော်တွေကို ငှားထား တယ်။ ပွဲတော်လာပရိသတ်တွေ သဘောကျကြမှာပါ'' လို့ ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဘယ်လိုပင် ကွဲပြားသော်လည်း စိတ်ဝင်စားစရာ ကောင်းပြီး ချစ်စရာကောင်းတဲ့ မြန်မာတို့ရဲ့ရိုးရာပွဲတော် လေးတွေဖြစ်သလို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်း ပလာခဲ့ကြတာဖြစ်ပါတယ်။ ။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments: