Tuesday, October 21, 2014

လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ သင်တန်းများ အရှိန်မပျက် ဆက်လက်ရှင်သန်စေလို



- DEMOCRACY Today သတင်းစာ၊ အတွဲ(၁)၊ အမှတ် (၂၂၆)၊

- အောက်တိုဘာလ (၂၁)ရက်၊ အင်္ဂါနေ့။

ပညာရေးကဏ္ဍသည် နိုင်ငံတိုင်းအတွက် မရှိမဖြစ်အရေးပါသော ကဏ္ဍတစ်ခုဖြစ်သည်။ အထူးသဖြင့် ပြုပြင်ပြောင်းလဲမှုများကိုအရှိန်အဟုန် မြှင့်ဆောင်ရွက်နေသာ နိုင်ငံတစ်နိုင်ငံတွင် ပို၍ပင် အရေးပါလှပေသည်။ မြန်မာနိုင်ငံ တွင် ပညာရေးကဏ္ဍ၌ ခါးပြတ်ခဲ့ရသည်။ တတ်သိပညာရှင်များ ဆုံးရှုံးခဲ့ရသည်။ အနာဂတ် နိုင်ငံအတွက် များစွာသော ကောင်းကျိုးများကို ဆောင်ကျဉ်း ပေးနိုင်မည့် လူငယ်မျိုးဆက်သစ်များ ထွက်ပေါ်မှုသည်လည်း များစွာနည်းပါးခဲ့ရသည်။

ပညာရေးစနစ် အဆင့်မြင့်လာသည့် နိုင်ငံသည် နောင်တစ်ချိန်တွင် မလွဲမသွေ ပညာရေး၏ကောင်းကျိုးကို ခံစားရလေ့ရှိသဖြင့် ပြုပြင်ပြောင်းလဲရေးကို လုပ် ဆောင်နေသည့် တာဝန်ရှိသူများ အနေဖြင့်လည်း ပညာရေးကဏ္ဍကိုပြုပြင်ပြောင်း လဲရာတွင် ခိုင်မာသော မူဝါဒများဖြင့် ချမှတ်ဆောင်ရွက်သင့်ပေသည်။

ပြုပြင်ပြောင်းလဲလိုက်သည့်ကဏ္ဍများအနက် တချို့သော ကဏ္ဍများသည်ရေတိုအ တွင်း အကျိုးခံစားရနိုင်သော်လည်း တချို့သော ကဏ္ဍများက ရေရှည်မှာသာ ခံစားခွင့် ရရှိမည်ဖြစ်သည်။ ထိုသို့ ရေရှည်မျှော်ကိုးပြီး လုပ်ဆောင်ရသည့် ကဏ္ဍတွင် ပညာရေးသည် ထိပ်ဆုံးမှ ပါဝင်နေသည်။ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့် အညီ ယခုအခါ သမာရိုးကျ အခြေခံပညာ၊ အဆင့်မြင့်ပညာ သင်ကြားမှုတို့ဖြင့်သာ မလုံလောက်တော့ဘဲ အသိပညာ၊ အတတ်ပညာများကို မည်သို့ရရှိနိုင်မည်ကိုနည်း လမ်းများရှာဖွေပြီး လူကြီး၊ လူငယ်မရွေး၊ ဘဝတိုးတက်မှုအတွက် ပညာရေးကိုစဉ်ဆက် မပြတ် လေ့လာသင်ယူလျက်ရှိကြသည်။

ပညာရေးစနစ်ဆိုရာတွင် အတန်းစာပညာရေး သာမက ကျောင်းပြင်ပပညာရေးအထူးသဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ပညာရပ်များကို မြန်မာနိုင်ငံတွင် ပိုမို လေ့လာသင်ကြား နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးရန်လိုအပ်သည်။ ပညာရေးကို စဉ်ဆက် မပြတ် လေ့လာလိုသူများရှိခြင်းကပင် တစ်ဦးချင်းအတွက်ရော၊ နိုင်ငံတော်အတွက်ပါ ရေရှည် မှာ အကျိုးဖြစ်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် လူငယ်များအနေဖြင့်ယခင်က ဘွဲ့ တစ်ခုရလျှင် အလုပ်ရရှိရန် လွယ်ကူသော်လည်း ယခုအခါ ခေတ်၏တောင်းဆိုမှု အရ ဘွဲ့တစ်ခုနှင့်ပင် မလုံလောက်တော့သည်ကို တွေ့လာရသည်။ သို့အတွက် လူငယ် များက လိုအပ်သောပညာရေးကို ထပ်မံဆည်းပူးလာကြရသည်။

ရန်ကုန်တက္ကသိုလ်သည် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ HRD ဒီပလိုမာသင် တန်းများစွာကို ပို့ချသည့်နေရာဖြစ်သည်။ ငွေကြေးသက်သာရုံသာမက လုပ်ငန်းချိန် ပြင်ပတွင်ပါ တက်ရောက်နိုင်သည် ထိုသင်တန်းများသည် လုပ်ငန်းခွင့်ဝင်နေကြသော လူကြီးလူငယ်ဝန်ထမ်းများအတွက်သာမက အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသည့် လူငယ်များအတွက်ပါ များစွာအကျိုးပြုနေသည့်သင်တန်းများလည်းဖြစ်သည်။

ယခု ကာလတွင် အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းနှင့် ကုမ္ပဏီတချို့တွင် အဆိုပါ HRD သင်တန်းဆင်းလူကြီးလူငယ်အချို့သည် ၄င်းဌာန၊ အဖွဲ့အစည်းများ၏ ဦး ဆောင်သူရာထူးအချို့တွင်ပင် တာဝန်ယူထားကြသည်ကို တွေ့ရှိရမည်ဖြစ်သည်။

သို့သော် ယခုရက်ပိုင်းက ရန်ကုန်တက္ကသိုလ်တွင်ဖွင့်လှစ်နေသည့် ထိုသင်တန်း များအားလုံး ရပ်ဆိုင်ရဖွယ်ရှိနေသည်ဆိုသော သတင်း တစ်ခုထွက်ပေါ်လာသည်။ ယခင်က သင်တန်းကြေး ၇၅ရာခိုင်းနှုန်းကို နိုင်ငံတော်သို့ပေးသွင်းကာ ၁ဝရာခိုင်နှုန်း ကို သင်ကြားပေးဆရာ၊ ဆရာမများကို အချိုးကျခွဲဝေပေးပြီး ကျန် ၁၅ရာခိုင်နှုန်းကို ကျောင်းရန်ပုံငွေအဖြစ် ထားရှိခဲ့ရာမှ ယခုနှစ်မှစတင်ကာ ထိုရာခိုင်နှုန်းအားလုံးကို နိုင်ငံတော်သို့ပေးသွင်းရမည် ဆိုသည့်အတွက် ထိုသင်တန်းများအားလုံး ရပ်ဆိုင်းရမည့် အလားအလာနှင့် ကြုံတွေ့နေရကြောင်းသိရသည်။

ယခင်ကမြန်မာနိုင်ငံတွင် လူ့စွမ်း အားအရင်းအမြစ်ဆိုင်ရာ HRD ဒီပလိုမာသင်တန်းများ သင်ကြားဖွင့်လှစ်နိုင်မှု အလွန်နည်းပါးခဲ့သည်။ ထိုစဉ်က ဖွင့်လှစ်ထားသည့် သင်တန်း အများစုသည်လည်း ငွေကြေး တတ်နိုင်သူများ အတွက်သာဖြစ်ခဲ့သည့်အတွက် လူတန်းစားအားလုံးကို ကိုယ်စား မပြုခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။

သို့သော် ယခုအခါ ရန်ကုန်တက္ကသိုလ်တွင် လူ တန်းစားအားလုံးကို ကိုယ်စားပြုဖွင့်သော ထိုသင်တန်းများ ရပ်ဆိုင်းရတော့မည် ဆိုသည့် အခြေအနေကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်စိစစ်ပြီး ရှဥ့်လဲ လျှောက်သာ၊ ပျားလည်းစွဲသာဆိုသော အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်မှသာ လျှင် မြန်မာနိုင်ငံတွင် များစွာလိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးပွား လာမည်ဖြစ်ပါကြောင်း ဒီမိုကရေစီတူဒေးသတင်းစာက အကြံပြုရေးသားလိုက်ရပါ သည်။

အယ်ဒီတာ (အောက်တိုဘာ ၂ဝ၊ ၂ဝ၁၄)

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments: