Friday, October 24, 2014

သတင်းလေးတွေ


လူ့အခွင့်အရေးကာကွယ်တဲ့ အမျိုးသမီးကွန်ရက် N-Peace ဆု ဒီနေ့ရမယ်

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP ရဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ ဌာနက ချီးမြှင့်တဲ့ N-Peace Awards ငြိမ်းချမ်းရေး ဆုကို မြန်မာ နိုင်ငံက ဒေါ်နော်အုန်းလှနဲ့ မသန္တာတို့ ဦးဆောင်ပါဝင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက် အဖွဲ့ကို ဒီနေ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။

အဆိုပါ ကွန်ရက်အဖွဲ့ ရရှိတာကတော့ Thinking outside the box ရှေးရိုး ဓလေ့ ထုံးတွေ ဘောင်တွေ ကနေ တိုးထွက် စဉ်းစား နိုင်တယ် ဆိုတဲ့ ကဏ္ဍဍမှာပါ။

အဲဒီ့ ကွန်ရက် အဖွဲ့ဟာ မြန်မာနိုင်ငံ မှာ လက်ရှိ တွေ့ကြုံ နေရတဲ့ ခွဲခြား ဆက်ဆံ ခံရမှုတွေ ၊ မတရားမှု တွေနဲ့ ပတ်သက် လို့ ကိုင်တွယ် ဖြေရှင်း ပေးနေတဲ့ အပြင် လယ်လုပ်သူ လယ်ပိုင်ခွင့်တွေ အတွက်ပါ ဆောင်ရွက် ပေးနေတာ ဖြစ်တယ် လို့ UNDP အာရှ-ပစိဖိတ် ဆိုင်ရာ ဌာနက ကျားမ မရွေး ပါဝင်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ပိုင်းဆိုင်ရာ အစီအစဉ် ကျွမ်းကျင်သူ မစ္စ ရာဒီကာ ဘေရုရီယား က ပြောပါတယ်။

အခုချီးမြှင့်တဲ့ N-Peace Awards တွေကို ပြီးခဲ့တဲ့ ၂၀၁၁ က စတင် ချီးမြှင့်ခဲ့တာ ဖြစ်ပြီး၊ အာရှ နိုင်ငံတွေ မှာ ငြိမ်းချမ်းမှု တည်ဆောက်ရေး အတွက် အောက်ခြေကနေ အမျိုးသားအဆင့် အထိ အပြောင်းအလဲ တွေ ဖြစ်လာဖို့ ကြိုးပမ်း ဆောင်ရွက် နေသူတွေကို အသိအမှတ်ပြု ချီးမြှင့်ပေးတဲ့ ဆုပါ။

အများ ပြည်သူရဲ့ အွန်လိုင်းက မဲပေး ရွေးချယ်မှု နဲ့ ကျွမ်းကျင်သူ ပညာရှင်တွေ ပါတဲ့ ရွေးချယ်ရေး အဖွဲ့တွေ ကနေ ကဏ္ဍဍအလိုက် ရွေးချယ် ချီးမြှင့်ကြ တာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် မြန်မာ အပါအဝင် ဖိလစ်ပိုင်၊ အာဖဂန် နစ္စတန် ၊ အင်ဒိုနီးရှား၊ နီပေါ နဲ့ ပါကစ္စတန် တို့ က လူပုဂ္ဂိုလ် တဦးချင်းနဲ့ အဖွဲ့အစည်းတွေ ကနေ ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။

ဒီနှစ် အတွက် N-Peace ဆုကို တဦးချင်း အနေနဲ့လည်း မြန်မာ နိုင်ငံက တိုင်းရင်းသား အရေးလှုပ်ရှားသူ မိခင်ခင်ကြူ နဲ့ နိုင်ငံရေး အကျဉ်းသူ ဟောင်း တဦးဖြစ်တဲ့ မဝေဝေနု တို့လည်း ရရှိခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်ဆဲဖြစ်တဲ့ နှုတ်ခမ်းမွေးပိုင်ရှင်များ

နှုတ်ခမ်းမွှေးထူထူထားတာဟာ အိန္ဒိယအမျိုးသားတွေအဖို့ ယောက်ျားပီသတဲ့ လက္ခဏာအဖြစ် သတ်မှတ်ခဲ့တာ ကြာပါပြီ။ ဒါဟာ တချိန်က ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားတဲ့ သင်္ကေတတခုပါ။ အမျိုးဇာတ်အနိမ့်ဆုံးသူတွေကတော့ လုံးဝနှုတ်ခမ်းမွှေးထားခွင့် မရှိပါဘူး။ တခြားဇာတ်တွေကတော့ နှုတ်ခမ်းမွေးကို လေးကိုင်းချပြီး ထားခွင့်ရှိပါတယ်။ အခုခေတ်မှာတောင် အိန္ဒိယနိုင်ငံမှာ နှစ်တိုင်းပဲ အကောင်းဆုံးနှုတ်ခမ်းမွှေးပိုင်ရှင်ကို ရွေးချယ်တဲ့ပြိုင်ပွဲတွေ ကျင်းပကြပါတယ်။

အသက် ၆၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရမ်ဆင်းချော်ဟန်ဟာ သူနှုတ်ခမ်းမွေးကို တသက်လုံး “သ” လာခဲ့သူပါ။ သူ့နှုတ်ခမ်းမွေးအတွက် တနေ့ကို အနည်းဆုံး ၂ နာရီလောက် အချိန်ပေးတယ်လို့ ပြောပါတယ်။

“ကျုပ်က အုန်းဆီ၊ သဘာဝထောပတ်နဲ့ မက်မွန်ဆီသုံးပြီး နှုတ်ခမ်းမွေးသတယ်။ တခါတရံတော့ သံလွင်ဆီ သုံးတယ်။ ဒီလောက်ရှည်တဲ့ နှုတ်ခမ်းမွေးထားနိုင်တဲ့ လျှို့ဝှက်ချက်ကတော့ ကျုပ်က ဘယ်တော့မှ ဆပ်ပြာမသုံးဘူး။ အဲဒီအစား ရွှံ့ပဲသုံးတယ်။”

သူ့နှုတ်ခမ်းမွေးက သူတန်ဖိုးအထားရဆုံးပိုင်ဆိုင်မှုပါပဲလို့ ဆိုပါတယ်။ “ကျုပ်က ကျောင်းမှာကတည်းက နှုတ်ခမ်းမွေး စထားခဲ့တာ။ လုံးဝ မရိတ်ဘူး” လို့ ရမ်က ပြောပါတယ်။

၂၀၁၀ ခုနှစ်မှာတော့ ကမ္ဘာ့အရှည်ဆုံးနှုတ်ခမ်းမွေးပိုင်အဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်ဆုကို ချီးမြှင့်ခံရပါတယ်။

“အဲ့တုန်းက ကျုပ်နှုတ်ခမ်းမွေးက 14 ပေ (4.29 မီတာ) ရှည်နေပြီ။ ခုကျတော့ ပိုရှည်နေပြီ။ ၁၈ ပေကျော် ကျော်တော့ ရှိမှာပေါ့” လို့ ရမ်က ဆိုပါတယ်။

သူ့နှုတ်ခမ်းမွေးက ၅ မီတာခွဲ ရှိပါတယ်။ ရမ်ရဲ့ဇနီး အရှာချော်ဟန်ဟာ သူနဲ့လက်ထပ်ခါစက သူ့နှုတ်ခမ်းမွေးကို ဖြတ်ပစ်စေချင်ခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ ခင်ပွန်းကြောင့် သူလည်း ဂုဏ်တက်ခဲ့ရပြီလို့ ပြောပါတယ်။

“ကျမခင်ပွန်းရဲ့ နှုတ်ခမ်းမွေးကြောင့် ကျမတို့တမိသားစုလုံး နာမည်ကျော်ခဲ့ပါတယ်။ ကျမရော ကျမကလေးတွေပါ သူ့နှုတ်ခမ်းမွေးအရှည်ကြီးကို ကူပြီးဖြီးသင်ပေးခဲ့ရတာ။ တပတ်ကို တခါလောက် ကူလျှော်ပေးရတယ်။ သိပ်ရှည်လွန်းတော့ တယောက်လောက်က ‘မ’ ပေးထားရတယ်” လို့ အရှာက ပြောပါတယ်။

ရမ်ရဲ့မျက်နှာပေါ်ကအမွေးအမှင်တွေကြောင့် ဘောလီးဝုဒ်နဲ့ ဟောလီဝုဒ်ရုပ်ရှင်တွေမှာ ၀င်ရောက်သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ “Octopussy” ဆိုတဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကားထဲမှာပါ။ ဒီကနေ့ခေတ်မှာတော့ သူတို့ ဇနီးမောင်နှံဟာ ဒေသတွင်း နှုတ်ခမ်းမွေးပြိုင်ပွဲတွေမှာ အခြားသော နှုတ်ခမ်းမွေးချစ်သူတွေကို အားပေးနေပါပြီ။

ကိုတာမြို့ထဲက နှုတ်ခမ်းမွေးပြိုင်ပွဲတခုဖြစ်တဲ့ ဒူဆယ်ဟရာပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ အသက် ၅၈ နှစ်အရွယ် ပရာကက်ရှ်ရမ်ဟာ မိုင် ၁၀၀ ကို ခရီးနှင်လာခဲ့ရပါတယ်။ သူ့နှုတ်ခမ်းမွေးရဲ့ကြံ့ခိုင်မှုကို အကဲဖြတ်ဒိုင်တွေကို ပြချင်နေတာလို့ ပရာကက်ရှ်က ပြောပါတယ်။

“ကျနော်က လူတွေကို ကျနော့်နှုတ်ခမ်းမွေးရဲ့သန်စွမ်းမှုကို ပြချင်တာပါ။ ဒီနေ့မှာ ကျနော့်နှုတ်ခမ်းမွေးနဲ့ ၁၅ ကီလိုဂရမ် လေးတဲ့ မြေးမလေးကို ချိတ်ဆွဲပြီး သရုပ်ပြသွားမှာပါ။ ကျနော်က နှုတ်ခမ်းမွေးကို ခြောက်နေအောင်ထားတယ်။ ဘာဆီမှမလိမ်းဘူး။”

ဒါပေမယ့် ပြိုင်ပွဲမှာ အနိုင်ရသွားသူကတော့ အသက် ၅၈ နှစ်အရွယ် ဒက်ဗ်ကာရန်ဂူအာဂျာ ဖြစ်ပါတယ်။ နက်မှောင်ပြီး ထူထဲတဲ့အတွက် သူ့နှုတ်ခမ်းမွေးဟာ အကောင်းဆုံးပဲလို့ ဒိုင်တွေက ဆိုပါတယ်။

နှုတ်ခမ်းမွေးထားတဲ့ ဓလေ့ဟာ အိန္ဒိယနိုင်ငံမှာ လျော့နည်းစပြုလာပါပြီ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အမျိုးသမီးတွေက သူတို့ရဲ့ အမျိုးသားတွေ နှုတ်ခမ်းမွေးရိတ်ထားတာကို ပိုပြီးနှစ်လာကြပါတယ်။

ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေသူအားလုံးဟာ အသက် ၅၀ ကျော်တွေပါ။

ဒက်ဗ်ကာရန်ကတော့ နောက်မျိုးဆက်တွေလည်း နှုတ်ခမ်းမွေးထားတာကို မြတ်နိုးကြလိမ့်မယ်လို့ မျှော်လင့်ထားသလို ဒါဟာ ကျန်းမာခြင်းရဲ့ သင်္ကေတပဲလို့ ယုံကြည်ထားကြောင်း ပြောပါတယ်။

“ကျနော်က လူတိုင်းကို ပြောပါတယ်။ ကျန်းမာရေးအတွက် ကျနော့်ဆီမှာ အခမဲ့ အကြံဉာဏ်တောင်းနိုင်ပါတယ်လို့” လို့ ဒက်ဗ်ကဆိုပါတယ်။

အေးရှားကောလင်း အစီအစဉ်အတွက် အိန္ဒိယနိုင်ငံ ကိုတာမြို့နယ်မှ ဂျက်စဗင်ဒါဆက်ဂဲလ်က သတင်းပေးပို့တာဖြစ်ပါတယ်။

DVB

ဗြိတိသျှကောင်စီမှ တစ်ဦးလျှင် မြန်မာကျပ်ငွေ ၁၉၂ သိန်း ခန့်အထိ ရရှိနိုင်မည့် IELTS Scholarship များ ၂၀၁၅ ခုနှစ်တွင် ပေးမည်

ဗြိတိသျှကောင်စီ မြန်မာနိုင်ငံမှ IELTS Scholarship များကို ၂၀၁၄ ခုနှစ်တွင် စတင်ပေးအပ်ခဲ့ရာ ယခုလာမည့် ၂၀၁၅ ခုနှစ်တွင်လည်း ဗြိတိသျှကောင်စီ မြန်မာ မှ IELTS Scholarship ကို အမျိုးအစား နှစ်မျိုးသတ်မှတ်၍ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ ပထမ တစ်မျိုးမှာ မြန်မာနိုင်ငံတွင် နေထိုင်သော ကျောင်းသား နှစ်ယောက်အား တစ်ဦးလျှင် စတာလင် ပေါင် ၂၀၀၀ (မြန်မာကျပ်ငွေ ၃၂ သိန်းခန့်) ပေးသွားမည် ဖြစ်ပြီး ဒုတိယ တစ်မျိုးမှာ အရှေ့အာရှ နိုင်ငံများရှိ British Council များမှ စုပေါင်းချီးမြှင့်သော Regional IELTS Scholarship ဖြစ်ကာ အရှေ့အာရှ နိုင်ငံများမှ ထူးချွန်ကျောင်းသား ငါးဦး ရွေးချယ်ကာ တစ်ဦးလျှင် ဗြိတိသျှ ပေါင် ၁၂,၀၀၀ (မြန်မာကျပ်ငွေ ၁၉၂ သိန်း ခန့်) စီ ပေးသွားမည့်အစီအစဉ် ဖြစ်ပါသည်။

ဖတ်ရှုလေ့လာရန် link -  http://www.myanmar-network.net/forum/topics/ielts-scholarship 

No comments: