Monday, August 5, 2013

ဂျာနယ်အစုံက ဟင်းချက်နည်းများ (၃)



အခုနောက်ပိုင်း ဂျာနယ်အတော်များများက သုတရသအပြင် စားသောက်တဲ့ကိစ္စတွေမှာပါ ၀ါယမ စိုက်ထုတ်လာတာတွေ့ရပါတယ်။ ကျန်းမာစွာနေထိုင်စားသောက်ရေးဆိုတဲ့အမြင်နဲ့ထင်ပါရဲ့။ ကျွန်တော့်အမြင် လူမျိုးတစ်မျိုးချင်းစီအလိုက် ဟင်းချက်ပုံစနစ်ကွဲပြား ကြတာကို တွေ့နေရသလို အရသာခံစား စားသောက်ကြပုံလည်း မတူညီကြတာတွေ့ရပါတယ်။

အမဲသား ဆိတ်သားတွေကို အိန္ဒိယလူမျိုးတွေက ပိုင်ပိုင်နိုင်နိုင်ချက်ပြုတ်နိုင်ကြသလို၊ ၀က်သားလိုအသားမျိုးကိုတော့ တရုပ်လူမျိုးတွေက ကျွမ်းကျင်စွာ ဟင်းလျာအမျိုးမျိုးအဖြစ်ဖန်တီးနိုင်ကြပါတယ်။ အသားရဲ့နုညံ့မှု အနံ့မွှေးကြိုင်မှု ဟင်းလျာပွဲတွေရဲ့အပြင်အဆင်တွေက အသားတစ်မျိုးတည်းကိုပဲ ပြိုင်တူချက်ကြဦး ချက်ပုံမတူညီကြပါဘူး။
 ကျွန်တော် ဟင်းလျာချက်ပြုတ်ပုံတွေကို ကူးယူ စုဆောင်းဖြစ်တာမှာ တကူးတကန့်ရှာဖွေထည့်သုံးရမယ့် ဟင်းလျာတွင်ထည့်သုံးသော ပါဝင်ပစ္စည်းတွေနဲ့ဆိုရင် ကူးဖို့လက်တွန့်တတ်ပါ သည်လို့။

ကျွန်တော် ငယ်ငယ်ကတည်းက စွဲစွဲမြဲမြဲစားတာက ကြက်သား၊ ကြက်ဆိုရင် တစ်ကောင်လုံးစားပါတယ်။ ပြီးတော့ ကြက်ဥ၊ဘဲဥ ပြုတ်စား တယ်၊ကြော်စားတယ် သုပ်စားတယ်ဗျ။ အသားတွေဆိုရင်လည်း ပြုတ်ကျော်ကြွပ်ကြွပ်လေးကို ထမင်းဖြူလေးနဲ့စားရတာကိုပိုနှစ်သက်ပါ တယ်။ ထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူးနော်။ 

(၁) ငါးနာနတ်သီးဟင်း
ပမာဏ - ၄ ဦးစာ
ပြင်ဆင်ချိန် - ၃၀ မိနစ်
ချက်ပြုတ်ချိန် - ၂၅ မိနစ်

ပါဝင်ပစ္စည်းများ
ငါး ၅၀၀ ဂရမ်၊ နာနတ်သီး အလုံးသေး ၁လုံး၊ မန်ကျည်းမှည့်အနှစ် ဟင်းစားဇွန်း ၁ဇွန်းခန့်ကို ရေ 125 မီလီလီတာ (၁ဖန်ခွက်) နှင့်စိမ်ထားပြီး အရည်ညှစ်ယူထားပါ၊ ဆီ ဟင်းစားဇွန်း ၂ဇွန်း၊ ဆား ကော်ဖီဇွန်း ၁ဇွန်း၊ ရေ ၁လီတာ၊

ဟင်းအနှစ်ပြုလုပ်ရန်
ကြက်သွန်နီဥသေး ၁၀လုံး (ထောင်းထားပါ)၊ ငရုတ်သီးအရှည်တောင့် (အမှည့်အနီရောင်) ၆တောင့် (အစေ့ထုတ်ထားပါ)၊ ချင်း လက် တစ်ဆစ်ခန့် (ထောင်းထားပါ)၊ ပုစွန်ငါးပိ ဟင်းစားဇွန်း ၁/၂ဇွန်း၊ စပါးလင် ၂ပင်(အတွင်းပိုင်းနုသောအလွှာများကိုသာယူပါ၊ထောင်း ထားပါ)၊ ရေ ၁၂၅ မီလီလီတာ (ဖန်ခွက် ၁ခွက်စာခန့်)

ပြင်ဆင်ချက်ပြုတ်ပုံ
နာနတ်သီးကို အခွံနွှာ၊ လေးစိတ်စိတ်ပြီး အလယ်အူတိုင်ဖယ်ပစ်ကာ အတုံးသေးများတုံးထားပါ။
ဟင်းအနှစ်ပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေပါ။ ဆီကို ဒယ်အိုးထဲအပူပေးပြီး ၄င်းအနှစ်များကို ၃မိနစ်ခန့် အနံ့မွှေးလာ သည်အထိကြော်ပါ။ မန်ကျည်းမှည့်အနှစ်အရည်၊ နာနတ်သီးစိတ်လေးများ၊ဆားနှင့် ရေထည့်ပြီး ဆူပွက်အောင်တည်ပါ။ ဆူပွက်လာပြီး လျှင် အပူချိန်အနည်းငယ်လျှော့ချပြီး နာနတ်သီးစိတ်လေးများ ကျက်လာသည်အထိ မီးအေးအေးနှင့် နှပ်ပြီးချက်ပါ။

ပြီးလျှင် ငါးထည့်ပါ။ ငါးကျက်သည်အထိ (၁၀မိနစ်ခန့်)ချက်ပါ။

(၂) ငါးရခိုင်ချက် (ချက်ပြုတ်သူ - အန်တီမီးမီး)
ပါဝင်ပစ္စည်းများ

ကကတစ်ငါး(သို့) ငါးကွန်းရှပ်ငါး ၄၀ကျပ်သား၊ ချင်း လက်တစ်ဆစ်၊ ပဒဲကော လက်တစ်ဆစ်၊ ကြက်သွန်ဖြူအကြီး ၅မြွှာ၊ ကြက်သွန်အနီ ၂လုံး၊ ငရုတ်သီးအနီ/အစိမ်းတောင့် ၅၀တောင့်၊ ကုလားအော်သီး ၃တောင့်၊ မျှင်ငါးပိ(သို့) ငပိစိမ်းစားအချို ကွမ်းသီးလုံးခန့်၊ နနွင်းမှုန့် အနည်းငယ်၊ သံပရာရည် စားပွဲတင်ဇွန်း ၂ဇွန်း၊ နံနံပင် အနည်းငယ်၊ ကြက်သားအမှုန့် အနည်းငယ်၊ ကင်းမွန်ငံပြာရည်အချို စားပွဲတင်ဇွန်း ၁/၃။

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်
ငါးအကောင်လိုက်သန့်ရှင်းအောင်ပြုလုပ်ပြီး အသားချည်းလွှာယူထားပါ။ အနေတော်ပိုင်းဖြတ်ပါ။ နနွင်းမှုန့်နဲ့နယ်ထားပါ။
ချင်း၊ပဒဲကော၊ကြက်သွန်အဖြူ၊အနီ၊ငရုတ်သီးအစိမ်းတောင့်တို့ကို ညက်နေအောင်ထောင်းပါ။

နံနံပင်ကိုသဲများစင်အောင်ဆေးပြီး ပိုင်းဖြတ်ထားပါ။

မျှင်ငါးပိကို ရေအနည်းငယ်နဲ့ ဖျော်ထားပါ။

မတူးမကပ်တဲ့ဒယ်ကို အသုံးပြုပါ။ ဒယ်ကိုအပူပေး၍ မျှင်ငပိအရည်ကိုလောင်းထည့်ပါ။ ပြီးရင် ထောင်းထားတဲ့ကြက်သွန်၊ ငရုတ်သီးအနှစ် တွေကိုထည့်၍ မွှေပေးပါ။ မီးအရှိန်မပြင်းစေရန် သတိပြုပါ။ 

ဟင်းအနှစ်များ ကောင်းကောင်းကျက်သွားလျှင် ရေသန့်ရေကို ဖန်ခွက်ကြီး ၂ခွက်စာခန့်ထည့်၍ ဆူပွက်လာတဲ့အထိချက်ပါ။
ဟင်းရည်ဆူပွက်လာမှ ငါးအသား၊ ကြက်သားအမှုန့်၊ ငံပြာရည်၊သံပရာရည်တို့ကိုထည့်ချက်ပေးပါ။ ငါးအသားကနူးလွယ် ကျက်လွယ်ပါတယ်။ ဟင်းအရည်ကို မနည်းမများလေး အနေးအထားမှာ ထားချက်ပါ။ ၁၀မိနစ်လောက်ချက်ပေးပြီးရင် နံနံပင် အရွက်လေး အုပ်ခတ်ပေးကာ မီးဖိုပေါ်က ချပေးပါ။

ချို၊ချဉ်၊စပ်၊မွှေး ရှူးရှူးရှဲရှဲအရသာ ငါးဟင်းလေးကို ပူပူနွေးနွေးစားသုံးပါ။ မိုးရာသီအေးအေးမှာ ချွေးထွက်သွားအောင် ချက်စားကြည့်ပါ။

မှတ်ချက်။  ။ ဆီလုံးဝမသုံးထားတဲ့ ဟင်းလျာဖြစ်ပါတယ်။

(၃) ကြက်၊ဘူးသီးသောက်ဆမ်း (ချက်ပြုတ်သူ - အန်တီမီးမီး)

ပါဝင်ပစ္စည်းများ
ကြက်သား ၂၅ကျပ်သား၊ ဘူးသီး အသေး ၁စိတ်၊ ကြက်သွန်ဖြူ ၅မြွှာ၊ ကြက်သွန်နီ ၂လုံး၊ ငရုတ်သီးအပွအနီတောင့် ၃တောင့်၊ နံနံပင် အနည်းငယ်၊ ခရမ်းချဉ်သီး ၃လုံး၊ပဲပိစပ်ဆီ ၂ကျပ်ခွဲသား၊ ကြက်သားအမှုန့် စားပွဲတင်ဇွန်း ၁/၃၊ကင်းမွန်ငံပြာရည် စားပွဲတင်ဇွန်းတစ်ဝက်၊ ငရုတ်သီးစိမ်း ၃တောင့်။

ပြင်ဆင်ချက်ပြုတ်ပုံ
ကြက်သားကိုအနေတော်အတုံးလေးများ တုံးပြီး သန့်စင်အောင် ပြုလုပ်ထားပါ။ ကြက်သွန်အနီ၊အဖြူ၊ငရုတ်သီးအပွအနီတောင့်တို့ကို ညက်အောင်ပြုလုပ်ပေးပါ။ ခရမ်းချဉ်သီးကို သဲများစင်အောင် ရေဆေးပြီး ပိုင်းဖြတ်ထားရန်၊ ငရုတ်သီးစိမ်းကို ထက်ခြမ်းခွဲပေးပါ။

မတူးမကပ်တဲ့ ဒယ်ထဲတွင် ဆီထည့်၍အပူပေးပါ။ ဆီပူလာရင် ထောင်းထားတဲ့ ငရုတ်သီးအနှစ်ကို ဆီသပ်ပါ။ မွှေပေးပါ။ ပြီးရင် ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်း၊ငံပြာရည်၊ ကြက်သားအတုံးများ၊ ကြက်သားအမှုန့်တို့ကိုထည့်ပြီး သမအောင်မွှေကာ ခဏလုံးချက်ပါ။ ပြီးရင် အသားနူးကျက်ရန်အတွက် ရေကိုဖန်ခွက်ကြီး ၃ခွက်စာထည့်ချက်ပေးပါ။

ဟင်းကို ဆူပွက်လာတဲ့အထိနဲ့ ဟင်းအရည်တစ်ဝက်လောက်ကျန်တဲ့အနေအထားဆိုရင် ကျက်ပါပြီ။ နံနံပင်များ အုပ်ခတ်ပေးကာ မီးဖို ပေါ်က ချလို့ရပါပြီ။ ထမင်းနဲ့ ဆမ်းပြီးစားနိုင်သလို အရည်သောက်အဖြစ်နဲ့လည်း သောက်သုံးနိုင်ပါတယ်။

ပူပူနွေးနွေးစားမှ ဟင်းရဲ့အရသာကို အကောင်းဆုံးစားသုံးနိုင်မှာပါ။

No comments: