Monday, August 19, 2013

အမည်ခံ စီးပွားရေးနှင့် အရင်အမူ အကျင့်အတိုင်း ရှိနေသူများ



လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် စီးပွားရေး တံခါးဖွင့်မှုနဲ့အတူ စီးပွားရေး ပုံစံသစ်ကို သွားဖို့အတွက် ဆောင်ရွက် နေပေမယ့် အချို့က ယခင်အစိုးရ လက်ထက်က အတိုင်း ပုံသဏ္ဌာန် မမှန်တဲ့ စီးပွားရေး ပုံစံတွေကိုသာ ဆက်လက် လုပ်ဆောင် နေမှုတွေက နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုတွေကို နှောင့်နှေးအောင် လုပ်ဆောင်သကဲ့သို့ ဖြစ်နေပါတယ်။

အကွေ့အ၀ိုက် စီးပွားရေး
အစိုးရ တာဝန်ရှိသူတွေဟာ နိုင်ငံအနေနဲ့ အခြားဒေသတွင်း နိုင်ငံတွေထက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတယ်လို့ ၀န်ခံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေကို ခေတ်နှင့်အညီ ပြင်ဆင်မှုတွေ ရှိခဲ့ပေမယ့် ရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့ နေရာမှာ မသမာတဲ့ နည်းတွေနဲ့ ဆောင်ရွက်မှုတွေ ရှိနေပါသေးတယ်။ မသမာနည်းတွေမှာ နည်းလမ်း တစ်ခုကတော့ အမည်ခံ စီးပွားရေး ဆောင်ရွက်မှုတွေပါပဲ။

ယခင်အာဏာရှင် အစိုးရ လက်ထက်တုန်းက အကြောင်း အမျိုးမျိုးကြောင့် စီးပွားရေး လုပ်ငန်းတွေ လုပ်ဆောင်ကြရာမှာ သမားရိုးကျ စီးပွားရေး လုပ်ဆောင်မှုမျိုးထက် အကွေ့အ၀ိုက်တွေ လုပ်နည်းကိုင်နည်း အသစ်တွေနဲ့ လုပ်ဆောင် ခဲ့ကြပါတယ်။ အခွင့်အလမ်းရှိတဲ့ စီးပွားရေး လုပ်ပိုင်ခွင့် အားလုံးဟာ အာဏာရှိသူတွေနဲ့ သူတို့နဲ့ နီးစပ်သူတွေ လက်ထဲမှသာ ရှိနေတာကြောင့် ပြင်ပက ရင်းနှီးမြှုပ်နှံ လိုသူတွေဟာ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေကို အမည်ခံပြီး စီးပွားရေး ကုမ္ပဏီတွေ ထူထောင်လုပ်ကိုင် ကြတာဟာ ယခင်အစိုးရ လက်ထက်မှာ မဆန်းခဲ့တဲ့ ဖြစ်ရပ်ပါ။ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေဟာ ကုမ္ပဏီတွေမှာ နာမည်လေး ခံပေးရုံနဲ့ ကုမ္ပဏီရဲ့အကျိုးအမြတ်ကို တနင့်တပိုးရလေ့ ရှိကြပါတယ်။ ဒီလိုနာမည်ခံ ကုမ္ပဏီတွေ ရင်းနှီးလုပ်ကိုင် ကြရာမှာ ပြည်တွင်းအပြင် ပြည်ပက ရင်းနှီးမြှုပ်နှံ သူတွေလည်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ အမည်ခံ လုပ်ကိုင်ရာမှာ တချို့က တရားမ၀င် နည်းလမ်းက ရလာတဲ့ ငွေကြေးတွေကို ငွေဖြူအဖြစ် ပြောင်းလဲပြီး ရင်းနှီးမြှုပ်နှံ ခဲ့ကြသလို ပြည်ပက ရင်းနှီးမြှုပ်နှံသူ အချို့ကလည်း နိုင်ငံသားတွေကို ပေးထားတဲ့ အခွင့်အလမ်းတွေကို ရယူနိုင်ဖို့ အမည်ခံရယူတာ တွေလည်း ရှိခဲ့ပါတယ်။

အမည်ခံ စီးပွားရေးများ၏ လက်တံ
ပြည်တွင်းက အမည်ခံ ရင်းနှီးမြှုပ်နှံဖို့ ဆောင်ရွက်သူတွေမှာ နယ်စပ်ဒေသက လာတဲ့သူတွေဟာ အများဆုံး ဖြစ်ခဲ့ပြီး ပြည်ပနိုင်ငံတွေမှာလည်း တရုတ်အပါအ၀င် ဒေသတွင်း နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေက အမည်ခံ ရင်းနှီးမြှုပ်နှံနေတာ ဖြစ်ပါတယ်။ ဒီလို အမည်ခံ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး မြန်မာ့ရင်းနှီး မြှုပ်နှံမှု ကော်မရှင်က ယခင်အစိုးရ လက်ထက်က အမည်ခံ စီးပွားရေး လုပ်ဆောင်သူတွေ အနေနဲ့ တရားဝင် အမည်ပြောင်းလဲ ခြင်းတွေကို ပြုလုပ်ဖို့ နှိုးဆော်မှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုနှိုးဆော်မှုတွေ ရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ စီးပွားရေး လုပ်ငန်းတွေမှာ အမည်ခံ စီးပွားရေးတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မကြာမီက ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေး တစ်ရပ်မှာ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက မြန်မာနိုင်ငံက အပ်ငွေအပေါ်ရတဲ့ ဘဏ်တိုးနှုန်းဟာ နိုင်ငံတကာ ဘဏ်တိုးနှုန်းထက် မြင့်မားနေတဲ့ အတွက် စင်ကာပူ၊ ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များ အနေဖြင့် (နိုင်ငံသား အမည်ခံများ အပါအ၀င်) ပြည်တွင်း ဘဏ်များမှာ ၀င်ရောက်ကစားမှု ရှိနေတယ်လို့ ပြောကြားခဲ့ရာ အမည်ခံ စီးပွားရေးတွေရဲ့ လက်တံဟာ စီးပွားရေး ကဏ္ဍမှာ ဘယ်လောက်ထိ သက်ရောက်နေသလဲ ဆိုတာစီးပွားရေး စီမံခန့်ခွဲသူတွေ အနေနဲ့ စဉ်းစားသုံးသပ်ကြဖို့ လိုပါတယ်။



ဈေးကွက်စီးပွားရေးစနစ် ပီပြင်ဖို့ ဆောင်ရွက်ရာမှာ ယခင်ပုံသဏ္ဌာန် မမှန်ခဲ့တဲ့ စီးပွားရေးပုံစံ အသွင်အပြင်တွေ မရှိစေဖို့ လိုပါတယ်။ စီးပွားရေး ကုမ္ပဏီတွေ ထူထောင် လုပ်ကိုင်ရာမှာ စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့နဲ့၊ ထူထောင်မယ့် ကုမ္ပဏီတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက် ပိုင်ဆိုင်မှု တင်ပြချက်တွေကို သေချာစိစစ်နိုင်ခြင်းဖြင့် အမည်ခံ စီးပွားရေး ဆောင်ရွက်မှုတွေကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ အမည်ခံမှုတွေမှာ ပါဝင်ပတ်သက်တဲ့ သူတွေကို ဖော်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်...



ပုံသဏာန် အမျိုးမျိုး
အမည်ခံ စီးပွားရေးတွေဟာ ပုံသဏ္ဌာန် အမျိုးမျိုးရှိနေပြီး ကုမဏီပိုင်ရှင်အဖြစ် နာမည်ခံစေခြင်း၊ ဖက်စပ်ကုမ္ပဏီအဖြစ် ထူထောင်ခြင်း အပါအ၀င် စိုက်ပျိုးရေး လုပ်ငန်းများတွင် အရင်းအနှီး ထုတ်ပေးပြီး ဒေသခံများကို အမည်ခံကာ လုပ်ခသာပေးပြီး စိုက်ပျိုးစေခြင်း (ပြည်ပက တရုတ်လုပ်ငန်း ရှင်များက ပြည်တွင်းတွင် ဖရဲသီးများ စိုက်ပျိုးခြင်း)၊ ပြည်တွင်းထွက် ပဲများကို ပြည်ပလုပ်ငန်းရှင် များက ပြည်တွင်း ကုမ္ပဏီ နာမည်ဖြင့် ၀ယ်ယူခြင်း (အိန္ဒိယကုမ္ပဏီများက ပြည်တွင်းပဲ ဈေးကွက်တွင် နာမည်ခံ ကုမ္ပဏီများဖြင့် ပဲဝယ်ယူခြင်း) ကဲ့သို့ အမည်ခံ စီးပွားရေး ပုံစံတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အမည်ခံ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ပစ်မှတ်ဖြစ်လာတာက ပြည်တွင်း အိမ်ခြံမြေ ဈေးကွက်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေး တံခါးဖွင့်ဖို့ ကြိုးစားလာတာနဲ့အမျှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဖို့ အားယူနေတဲ့ အခြေအနေမှာ ရင်းနှီးမြှုပ်နှံသူတွေမှာ ကိုယ်တိုင်ရင်းနှီး မြှုပ်နှံသူတွေထက် အမည်ခံ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်မှာ အလုံးအရင်းနဲ့ ၀င်ရောက်နေတာ ဖြစ်ပါတယ်။

နိုင်ငံ၏ ဦးတည်ချက်နှင့် မကိုက်ညီ
အမည်ခံ စီးပွားရေးတွေဟာ နိုင်ငံရဲ့ စီးပွားရေးအတွက် အရေးပါတဲ့ အခွန်အကောက် တံတိုင်းတွေကို ကျော်လွားနိုင်ဖို့ ဆောင်ရွက်လေ့ရှိပြီး ရင်းနှီးမြှုပ်နှံမှု ပုံစံအရလည်းပုံ သဏ္ဌာန် မမှန်တာကြောင့် ဈေးကွက် စီးပွားရေးစနစ်ကို အကောင်အထည်ဖော်မှုအပေါ် သက်ရောက်မှု ရှိစေပါတယ်။ ဘဏ်လုပ်ငန်းတွေမှာ ငွေကြေးကစား မှုတွေကြောင့် နိုင်ငံအတွင်း ငွေကြေးလည်ပတ် မှုတွေကိုပါ ထိခိုက်နိုင်တာ ဖြစ်တာမို့ စီးပွားရေး စီမံခန့်ခွဲရာမှာ သတိပြု ဆောင်ရွက်သင့်တာ ဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ် ပီပြင်ဖို့ ဆောင်ရွက်ရာမှာ ယခင်ပုံသဏ္ဌာန် မမှန်ခဲ့တဲ့ စီးပွားရေးပုံစံ အသွင်အပြင်တွေ မရှိစေဖို့ လိုပါတယ်။ စီးပွားရေး ကုမ္ပဏီတွေ ထူထောင် လုပ်ကိုင်ရာမှာ စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့နဲ့၊ ထူထောင်မယ့် ကုမ္ပဏီတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက် ပိုင်ဆိုင်မှု တင်ပြချက်တွေကို သေချာစိစစ်နိုင်ခြင်းဖြင့် အမည်ခံ စီးပွားရေး ဆောင်ရွက်မှုတွေကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ အမည်ခံမှုတွေမှာ ပါဝင်ပတ်သက်တဲ့ သူတွေကို ဖော်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုအမည်ခံ စီးပွားရေး လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှု ရနေဆဲ ဖြစ်တာနဲ့ ပတ်သက်ပြီး လက်ရှိ ဥပဒေအပိုင်းက အားနည်းမှု ရှိနေတာလား၊ အုပ်ချုပ်ရေးပိုင်းက ပါဝင်ပတ်သက်မှုတွေ ရှိနေသလား ဆိုတာ လေ့လာကြဖို့ လိုပါတယ်။ အခွင့်ထူးခံဖို့ အတွက် ယခင်ကလို အာဏာပိုင်တွေနဲ့ နီးစပ်သူတွေရဲ့ နာမည်သုံးပြီး စီးပွားရေး လုပ်ဆောင်တဲ့ လုပ်ရပ်မျိုးတွေဟာ ဒီနေ့လို ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးဆီကို သွားနေတယ်ဆိုတဲ့ နိုင်ငံရဲ့ ဦးတည်ချက်နဲ့ မကိုက်ညီတော့ပါဘူး။

သမ္မတပြောသည့် အရင်အမူအကျင့်သာ ရှိနေသူများ
နိုင်ငံတော် သမ္မတက ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်က ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ၀န်ကြီးများနဲ့ နေပြည်တော် နိုင်ငံတော် သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ရာ ပြီးခဲ့တဲ့လ ၃၀ အတွင်းမှာ အစိုးရဌာန အချို့နဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းဝင် အချို့ရဲ့ ပြုပြင်ပြောင်းလဲ အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် အားနည်းခြင်း၊ အဂတိ လိုက်စားတာတွေကြောင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ အပါအ၀င် ဌာနဆိုင်ရာ အရာရှိ အချို့ကို တာဝန်မှ အနားပေးခြင်း၊ ပြောင်းရွှေ့ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရတယ်လို့ ပြောကြားခဲ့ပြီး နိုင်ငံတော်အဆင့် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီကို သီးခြားဖွဲ့စည်းပြီး မိမိကိုယ်တိုင် ဦးအောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

သမ္မတရဲ့ ပြောကြားချက် အရတော့ အရင်အမူ အကျင့်တွေအတိုင်း လုပ်ဆောင်နေသူတွေ အများကြီး ရှိနေဆဲဆိုတာ တွေ့နိုင်ပါတယ်။ သမ္မတပြောသလို ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ဖို့ အားနည်းတာတွေနဲ့ အဂတိ လိုက်စားမှုတွေဟာ စီးပွားရေးကို ပုံသဏ္ဌာန်ကျကျ မလုပ်ချင်သူတွေအတွက် အခွင့်အရေးပေးသလို ဖြစ်ခဲ့သလားဆိုတာ စဉ်းစားစရာပါ။ စီးပွားရေး တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့အတွက် နှောင့်နှေးအောင် ပြုလုပ်နေသူတွေကိုတော့ ထိထိရောက်ရောက် အရေးယူကြရမှာ ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ ပွင့်လင်းမြင်သာမှုရှိပြီး ခေတ်နဲ့လျော်ညီတဲ့ စီးပွားရေးဆိုင်ရာ အခင်းအကျင်းကို ဖန်တီးပေးရမှာဖြစ်ပြီး စီးပွားရေးပုံစံ မခိုင်မာသေးမီ အမြတ်ထုတ်ဖို့ ကြိုးစားနေသူ တွေကိုလည်း ဟန့်တားကြဖို့ လိုအပ်မှာ ဖြစ်ပါတော့တယ်။

Written by သစ်ထွဋ်

No comments: