Friday, August 9, 2013

HIV ကူးစက်ခံရသူများအတွက် Second Line အဆင့် ARV ဆေး မလုံလောက်



တစ်နိုင်ငံလုံးရှိ HIV ကူးစက်ခံထားရသူ အမျိုးသမီးများအတွက် စက်ချုပ် အတတ်ပညာ သင်တန်းဖွင့်မည်
 အနယ်နယ်အရပ်ရပ်ရှိ HIV/AIDS ပိုး ကူးစက်ခံထားရသူ အမျိုးသမီးများ အတွက် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန် စက်ချုပ်အတတ်ပညာ သင်တန်းကို ယခုလအတွင်း ဖွင့်လှစ် နိုင်ရန်စီစဉ်ထားကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ထံမှ သိရသည်။

လက်ရှိတွင် HIV/AIDS ပြုစုစောင့်ရှောက်ရေးဂေဟာ ဖွင့်လှစ်ထားသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက တောင်ဒဂုံရှိဂေဟာတွင် သင်တန်းများဖွင့်လှစ် ထားသော်လည်း ယခုပြုလုပ်မည့် သင်တန်းသည် တစ်နိုင်ငံလုံးမှ HIVပိုး ကူးစက်ခံထားရသူ မည်သူမဆို တက်ရောက် သင်ကြားနိုင်မည် ဖြစ်ကြောင်းပြောသည်။

''ံHIV ကူးစက်ခံထားရသူတွေ နောင်တစ်ချိန်မှာ လက်မှုပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင် ရည်ရွယ်ထားပါတယ်။ ရောဂါလဲကူးစက်ခံရ၊ အတန်းပညာလဲ မရှိရင် စားဝတ်နေ ရေးအတွက် ရပ်တည်ဖို့ အခက်အခဲ ရှိနိုင်တယ်''ဟု ဒေါ်ဖြူဖြူသင်းကဆိုသည်။

သင်တန်းများကို အသုတ်လိုက် ဖွင့်လှစ်သွားမည်ဖြစ်ရာ တစ်သုတ်လျှင် ၂ဝ သာ တက်ရောက်ခွင့် ရှိမည်ဖြစ်ကြောင်း၊ တက်ရောက်လိုသူများ အနေဖြင့် လျှောက်လွှာ တင်ရမည်ဖြစ်ကာ အမှန်တကယ် တက်ရောက်နိုင်သူ များကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း နေ၊ စား စရိတ်ငြိမ်း စီစဉ်ထားပြီး အခြေခံ စက်ချုပ်ပညာနှင့်အတူ ကိန်းဂဏန်းတွက်ချက်တတ် သူများကို အဆင့်မြင့် စက်ချုပ်နည်းများ သင်ကြားပေးသွား မည်ဖြစ်ကြောင်း၊ HIV ကူးစက် ခံထားရသူ အမျိုးသမီးများ အနေဖြင့် စက်ချုပ်ပညာဖြင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းအသက်မွေး နိုင်ရန်နှင့် ပြင်ပ အလုပ်နေရာများတွင် အလုပ်ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
HIV ကူးစက် ခံထားရသူ အမျိုးသမီးများ ကွန်ရက်မှ ဘဏ္ဍာရေးမှူး ဒေါ်ချောစုက ''စက်ချုပ်အတတ်ပညာ သင်တန်းက နေစရိတ်၊ စားစရိတ်ငြိမ်း စီစဉ်ပေးမယ်ဆိုတော့ ကျွန်မတို့ ကွန်ရက်ကတက်ချင်တဲ့ သူတွေများတယ်။ 

သင်တန်းလျှောက်လွှာတွေယူပြီး လျှောက်ဖို့ စီစဉ် နေပါတယ်''ဟုပြောသည်။ တက်ရောက်လိုသူများ အလွယ်တကူ လျှောက်လွှာရရှိနိုင်ရန် ပြည်တွင်းရှိ NGO များနှင့် အခြားလူမှုရေး အဖွဲ့အစည်း များသို့ လျှောက်လွှာ များ ဖြန့်ဝေထားပြီး ဆက်လက်ဖြန့်ဝေနေဆဲ ဖြစ်ကြောင်း သိရသည်။

The Union Daily


မြန်မာနိုင်ငံ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း အသိပညာပေး

 မြန်မာနိုင်ငံ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား မဟာဗျူဟာ စိမံကိန်း ၂ဝ၁၁-၂ဝ၁၅ (National Strategic Plan on HIV/AIDS) အကြောင်း ပိုမို သိရှိစေရန်နှင့် (PLHIV) များ၏ လူမှု ကူညီရေး လုပ်ငန်းများ အားကောင်း လာစေရန် ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်သူ့ ဆေးရုံကြီးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ အောင်ကျော်မင်း၊ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်း၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသန့်၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကျော့သာစိန်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံ (HIV) ဖြင့် နေထိုင်သူများ အသင်းမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းက အဖွင့် အမှာစကား ပြောကြားပြီး အမျိုးသား ခုခံ အားကျ ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ပြည့်ဖြိုးစံက အမျိုးသား စီမံကိန်း (၂ဝ၁၁-၂ဝ၁၅) အကြောင်းကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ မြန်မာနိုင်ငံ (HIV) ဖြင့် နေထိုင်သူများ အသင်း (ကွန်ရက်) ဥက္ကဋ္ဌက မြန်မာ နိုင်ငံ၏ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်းများ အောင်မြင်မှု ရရှိစေရန် အတွက် လူထု အခြေပြု အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးပြီး တက်ရောက် လာကြသူများမှလည်း အကြံပြု ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။


HIV ကူးစက်ခံရသူများအတွက် Second Line အဆင့် ARV ဆေး မလုံလောက်

 မြန်မာနိုင်ငံတွင် Second Line အဆင့် ARV ဆေးသောက်သုံးနေရသည့် HIV ကူးစက်ခံထားရ သူများအတွက် ဆေးမလုံ လောက်သည့် အခက်အခဲများရှိနေကြောင်း Myanmar Positive Group (MPG) ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။

“၀ယ်သောက်ဖို့ တတ်နိုင်ရင်တောင် ဈေးကွက်ထဲမှာ ဆေးမလုံလောက်တဲ့ အခက်အခဲ ရှိနေတယ်။ ဆေးဈေးနှုန်းတွေက ကြီးတော့ ကိုယ့်ဘာသာ ၀ယ်သောက်ရင်းကနေ မတတ်နိုင်တော့လို့ NGO တွေဆီကို ဆက်သွယ် တောင်းခံ လာကြတာလည်း ရှိတယ်” ဟု ဦးမျိုးသန့်အောင်က ဧရာဝတီသို့ ပြောသည်။

Second Line ARV ဆေးသည် တလလျှင် ၈ သောင်းကျော်မှ ၃ သိန်းကျော်အထိ တန်ဖိုးအသီးသီး ရှိပြီး၊ ဈေးကွက်အတွင်း အလွယ်တကူ မရနိုင်ကြောင်း MPG မှ သိရသည်။

“လူနာတွေက ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို ၀ယ်သောက်တယ်။ များသောအားဖြင့် အဲဒီဆေးတွေက ဈေးကြီးတယ်။ NGO တွေက ပေးနေတဲ့ဆေးတွေလို အများသောက်လို့ အဆင်ပြေတဲ့ နှုန်းနဲ့ ဆေးဝါးတွေလည်း ရှိပေမယ့် လူတွေက မသိတာ၊ ရောဂါဖြစ်နေတာကို လူသိမှာ ကြောက်တာတွေကြောင့် ကျိတ်မှိတ်ပြီး ဒီလိုပဲ ရပ်တည်နေရတာတွေ ရှိကြတယ်” ဟု ဦးမျိုးသန့်အောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် Second Line ဆေးဝါး သောက်သုံးနေရသည့် HIV Positive ဦးရေမှာ ၃ ဒဿမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း အကြားတွင် ရှိကြောင်း ပြီးခဲ့သည့် မတ်လတွင် ပြုလုပ်ခဲ့သည့် National AIDS Program နှစ်ပတ်လည်အစည်းအဝေး ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်းနှင့် တရုတ်တို့မှ ARV ဆေးဝါးကုထုံးဖြင့် ကုသခံခဲ့ပြီး မြန်မာပြည်တွင်းသို့ ပြန်လည် ရောက်လာသော HIVပိုးရှိသူများကို ယှဉ်လျှင် တရုတ်နိုင်ငံမှ ပြန်ဝင်လာသူများသည် Second Line အဆင့် ဆေးဝါး ကုသခံရမှုနှုန်း ပိုများကြောင်း MPG မှ သိရသည်။

“တရုတ်ကပြန်ဝင်လာတဲ့ HIV Positive တွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်က Second Line ဖြစ်နေတယ်။ တရုတ်ရဲ့ ဆေးဝါး ကုထုံးက မကောင်းဘူး။ သူတို့နိုင်ငံက ထုတ်တဲ့ ဆေးတွေနဲ့ပဲ ကုတယ်။ ပြီးတော့ တရုတ်နဲ့ မြန်မာက ပေးတဲ့ ဆေးအမျိုးအစား ချင်းလည်းမတူဘူး။ ဒါကြောင့် ဟိုမှာသောက်လာတဲ့ဆေးက ဒီရောက်ရင် ပြန်ပြောင်းရတယ်” ဟု ဦးမျိုးသန့်အောင်က ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံ၏ HIV ကာကွယ်ကုသရေးနှင့် နောက်ဆက်တွဲ စောင့်ရှောက်ရေး လုပ်ငန်းများသည် ဟန်ချက်ညီပြီး အစိုးရ၏ပူးပေါင်း ပါဝင်မှု အားကောင်းကြောင်း သူကဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ARV ဆေးဝါး လိုအပ်နေသေးသည့် HIV ပိုးရှိသူ တသိန်းနှစ်သောင်းကျော် အတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Global Fund) ၏ စံအရ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်းတွင် ရောဂါပိုးရှိသူများ၏ ၈၅ ရာခိုင်နှုန်းအထိ ဆေးဝါး တိုးမြှင့် ပေးနိုင်ရန် ရည်မှန်းထားကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ သိရသည်။

မြတ်စုမွန်
New Collection - HIV ကူးစက်ခံရသူများအတွက် Second Line အဆင့် ARV ဆေး မလုံလောက် 

No comments: