Sunday, August 4, 2013

"မှန်တဲ့ဘက်ကပဲ လိုက်ချင်တယ်"



Written by နေထွန်းနိုင်၊ ကျော်ဇင်ဝင်း

 

လက်ရှိအချိန်တွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲခဲ့ပြီး ပြည်သူ့လွှတ်တော်မှ အတည်ပြုထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းတွင် စာနယ်ဇင်းကောင်စီ (ယာယီ)မှ ပြင်ဆင်ပေးရန် တင်ပြထားသည့် အချက်များ မပါဝင်သည့်နည်းတူ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲသော သတင်းမီဒီယာ ဥပဒေကိုလည်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ပယ်ချပြီး လွှတ်တော်သို့ မတင်ပေးနိုင်ကြောင်း အကြောင်းပြန်ထားသည်။ ပြန်ကြားရေး ၀န်ကြီးဌာန၏ ကတိဖောက်ဖျက်မှုကြောင့် ပြဿနာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ ဝေဖန်ချက်များလည်း ထွက်ပေါ်နေသဖြင့် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ သိရှိနိုင်ရန်အတွက် ဥပဒေ ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၅၀ ကျော် လုပ်ကိုင်ခဲ့သူ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်အေးအား ဇူလိုင် ၃၁   ရက်က တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဘယ်သူက တာဝန်ပေးအပ် ခဲ့တာပါလဲ။ သမ္မတကြီးနဲ့ နီးစပ်မှုရှိလို့ ဒါမှမဟုတ် ပြန်ကြားရေးဝန်ကြီးနဲ့ နီးစပ်မှုရှိလို့ ဥက္ကဋ္ဌတာဝန် ပေးအပ်ခြင်း ခံခဲ့ရတာလား။ ဒီတာဝန်ကို ထမ်းဆောင်ဖို့ ဘယ်လိုဖြစ်လာသလဲ ဆိုတာကို ရှင်းပြပေးစေ လိုပါတယ်။

ဖြေ။ သတင်းစာ ဖတ်ကြည့်တော့မှ ပါလာတာ သိရတယ်။ အဲဒီအချိန်မှာ ကျွန်တော်က တရားရုံးချုပ်က အနားယူပြီးနေပြီ။ အသက်ကလည်း ၇၀ ကျော်နေပြီ။ အဲဒါနဲ့ ကျွန်တော်စဉ်းစားတယ်။ ဒီအသက်အရွယ်မှ လုပ်လို့ရှိရင်တော့ တာဝန်က အသစ်ပေါ့နော်။ ကြောက်တာတော့ မကြောက်ပါဘူး။ ဒါပေမဲ့ ဖြစ်ပါ့မလားပေါ့။ သားသမီးတွေကလည်း မလုပ်စေချင်ဘူး။ အေးအေးဆေးဆေး တရားဓမ္မနဲ့ နေရမယ့် အချိန်ဆိုတော့  ပထမ နေပြည်တော်ကိုတက်ပြီး သမ္မတကြီးကိုပဲ မေတ္တာရပ်ခံရမလား။ မလုပ်ပါရစေနဲ့လို့။ ဒါပေမဲ့ တစ်ဖက်က ကျွန်တော် ဒုတိယရှေ့နေချုပ်တို့၊ တရားရုံးချုပ် တရားသူကြီး ပင်စင်ပေးထားတာ ရှိပါတယ်။ နိုင်ငံရေး ပင်စင်ပေါ့။ အတွေ့အကြုံနဲ့ လုပ်စေချင်လို့ တာဝန်ပေးတာပဲဆိုပြီး လုပ်မယ်ဆိုတဲ့အခါ ဦးအောင်ကြည် ခေါ်တွေ့တုန်းကလည်း အန်ကယ်ကြီးလုပ်ပါ။ တတ်နိုင်သလောက် ကျွန်တော်တို့လည်း ၀ိုင်းကူပါ့မယ်ဆိုပြီး လုပ်ဖြစ်တာ။ ဘာမှ အဆက်အသွယ် မရှိဘူး။ ကျွန်တော့်ရဲ့ ဟိုတုန်းက အတွေ့အကြုံတွေကို နှစ်ခြိုက်ပြီးတော့ သမ္မတကြီးကပဲ တာဝန်ပေးတယ် ထင်တယ်။ သမ္မတကြီးက န၀တ တက်ခါစတုန်းက ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ အခန်းမှာ တာဝန်ခံ။ ဒုတိယ ဗိုလ်မှူးကြီးပဲ ရှိသေးတယ်။ ကျွန်တော်က ဒုတိယရှေ့နေချုပ် ဖြစ်နေပြီ။ အဲဒီမှာ အမြဲတမ်းသွားပြီး ဥပဒေကိစ္စတွေ ရှင်းပြရတယ်။ သမ္မတကြီးကို ဗိုလ်မှူးကြီး ဘ၀ကတည်းက ကျွန်တော်သိတယ်။ ကျွန်တော်ဥပဒေဆွဲတာလည်းသိတော့ လုပ်ပုံကိုင်ပုံတွေ ဒါတွေကို သူသိမြင်ပြီး ရွေးလိုက်တာ ဖြစ်မယ်။

မေး။ စာနယ်ဇင်း အမြုတေကောင်စီ ဖွဲ့တုန်းကလည်း ဥက္ကဋ္ဌ တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ အဲဒီအချိန် ပြန်ကြားရေးဝန်ကြီးက ဦးကျော်ဆန်း ဖြစ်ပါတယ်။ ဦးကျော်ဆန်းနဲ့ ရင်းနှီးလို့ ဒီတာဝန်ကို လက်ခံရရှိ ခဲ့တာလား။
ဖြေ။ ကျွန်တော် ဒုတိယရှေ့နေချုပ်တုန်းက သတင်းထုတ်ပြန်ရေး အဖွဲ့မှာ တစ်ခါတစ်လေ သွားပြီးရှင်းရတယ်။ ပြည်ထဲရေးကဖွဲ့တဲ့ ကော်မတီတွေမှာ အများကြီး လုပ်ရတယ်။ သတင်းထုတ်ပြန်ရေးမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ထုတ်ပြန်ရင် ကျွန်တော့်ကိုခေါ်တယ်။ နောက်တစ်ခါ ငွေဖြူငွေမည်း ဥပဒေတွေ ထုတ်ပြန်ရင် အဲဒီသတင်းစာ ရှင်းလင်းပွဲတွေမှာ ကျွန်တော့်ကို ခေါ်တယ်။ အဲဒီဟာပဲ ရှိတယ်။ ကျန်တဲ့အချိန်တွေမှာ နှစ်ဦးချင်း သူ့ရုံးခန်းထဲမှာ တွေ့တာမျိုး တစ်ခါမှ မရှိဘူး။ ဦးအောင်ကြည်နဲ့လည်း မတွေ့ဖူးဘူး။ သူ့ကို ရုပ်မြင်သံကြားမှာ မြင်ဖူးနေတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတာတွေကြည့်ပြီး သူတော့ တော်တော်အောင်မြင်အောင် လုပ်နိုင်တယ်ဆိုပြီး လေးစားခဲ့ပါတယ်။

ဒီအသက်အရွယ် ရောက်ရင်တော့ မှန်တဲ့ဘက်ကပဲ လိုက်ချင်တယ်။ သတင်းမီဒီယာ ဥပဒေ ဆိုတာလည်း ကျွန်တော်တို့ အဖွဲ့အစည်းအတွက် မဟုတ်ဘူး။ ကျွန်တော်တို့ ဒီမှာပါတဲ့ လူတွေရဲ့ အကျိုးလည်း မဟုတ်ဘူး။ ပြန်ကြားရေး အကျိုးလည်း မဟုတ်ဘူး။ အားလုံး ပြည်သူလူထုရဲ့ သတင်းလွတ်လပ်ခွင့်အတွက် နှစ်ပေါင်းများစွာ အကျိုးပြုနိုင်တဲ့ ဥပဒေတစ်ခု ဖြစ်စေချင်တယ်။ အဲဒါလေးကို ကျွန်တော်တို့က ရည်ရွယ်ပြီး လုပ်နေတာ။ သူတို့နှောင့်နှေးအောင် လုပ်မယ်ဆိုရင်တော့ သမိုင်းမှာ ဘယ်သူတရားခံ ဖြစ်မလဲ . . . . .

မေး။ အခုချိန်မှာ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ကတိဖျက်မှု အပါအ၀င် ပုံနှိပ်မီဒီယာ ဥပဒေကြမ်း ကိစ္စရပ်ကို အကြောင်းပြုပြီး အစိုးရနဲ့ ဂျာနယ်လစ်တွေ ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါပြီ။ လက်ရှိအခြေအနေကို ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ကျွန်တော်တို့ ၂၄ ရက်နေ့က နေပြည်တော်ကို သွားကြတယ်။ အတွင်းရေးမှူး အပါအ၀င် ရှစ်ယောက်သွားကြတယ်။ သူတို့ ပြည်သူ့လွှတ်တော်မှာ တင်လိုက်တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေဟာ သူတို့နဲ့ ဆွေးနွေးတုန်းက ဖျက်ပါမယ်။ မထည့်တော့ပါဘူးဆိုတဲ့ အချက်တွေ အကုန်ပြန်ပါတယ်။ ကျွန်တော်တို့က ဒါကိုဦးတည်ပြီး တွေ့ခွင့်တောင်းလိုက်တော့ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ခေါ်လိုက်တာပါ။ စာနဲ့ပေနဲ့ ဖိတ်လိုက်တယ်။ ဘယ်နေ့အရောက်လာပါ။ သွားလိုက်တယ်။ အဲဒီမှာ တစ်နာရီခွဲလောက် တင်ပြခွင့်ရတယ်။ ဘာကြောင့် ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကို ကန့်ကွက်ရသလဲ။ နောက်တစ်ချက် စာနယ်ဇင်းသမားတွေကို ဟိုတုန်းကလို "မှတ်ပုံတင်အရာရှိ" က နှိပ်ကွပ်တဲ့ ပြဋ္ဌာန်းချက်တွေ ပြန်ပါတယ်။ အဲဒါကို ကျွန်တော်တို့ လက်မခံပါဘူး။ ကျွန်တော်တို့နဲ့ ပြန်ကြားရေးက ညွှန်ချုပ်တွေနဲ့ ဆွေးနွေးတဲ့ ဖျက်ပါမယ်ဆိုတဲ့ အချက်တွေ ပြန်ပါလာတယ်။ ဒါတော့ မကောင်းပါဘူးလို့ ကျွန်တော်တို့ တင်ပြတယ်။ နောက်ဆုံး အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက လက်ခံတယ်။ သေသေချာချာ သဘောပေါက်ပြီး သူတို့ဘက်က အပြန်အလှန် ဆွေးနွေးတယ်။ အဲဒီလို သွားတဲ့အခါ သူရဦးအေးမြင့်တို့ စာပေ၊ ယဉ်ကျေးမှုနဲ့ အားကစား ကော်မတီက ပြည်သူ့လွှတ်တော်က အဲဒါပြီးရင် တွေ့ချင်ပါတယ်ဆိုလို့ ကျွန်တော်တို့ သွားလိုက်တယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ သူရဦးအေးမြင့်ရယ်၊ ပြန်ကြားရေး ဒုဝန်ကြီးနှစ်ပါးနဲ့ လွှတ်တော်ကော်မတီတွေရဲ့ အဖွဲ့ဝင်တွေရယ်၊ အကြံပေး အဖွဲ့တွေနဲ့ တွေ့တဲ့အခါ သူရဦးအေးမြင့်က ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကို ဘာမှမပြောတော့ဘူး။ ကျွန်တော်တို့ သတင်းမီဒီယာ ဥပဒေကို ဘယ်လိုသဘောထားသလဲဆိုတာ သူရှင်းပြပါတယ်။ အဲဒီမှာ ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကနေပြီးတော့ ကျွန်တော်တို့ တင်လိုက်တဲ့ ဥပဒေမှာ ၅၁ ချက်ကို လက်ခံပြီး ၁၇ ချက်ကို လက်မခံဘူးဆိုတာ ရှင်းပြတယ်။ ရှင်းပြပြီးတော့ PSM (အများပြည်သူ ၀န်ဆောင်မှု ဥပဒေမူကြမ်း) ကို Power Point နဲ့ပြဖို့ ပြင်ဆင်ထားပြီးသား၊ သူတို့က စားပွဲထိပ်မှာ ထိုင်တယ်။ 

ကျွန်တော်တို့က သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်တယ်။ ပြီးတော့ Power Point တွေထိုးပြီး ကျန်တဲ့ ကော်မတီဝင်တွေကို ရှင်းပြတယ်။ ကျွန်တော်တို့ ဘက်ကလည်း ကျွန်တော်တို့ အလှည့်ရောက်တော့ အဲဒီ ၁၇ ချက်ဟာ ကျွန်တော်တို့ ရေးဆွဲတဲ့ အချိန်မှာ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ပေးဖို့ ခံယူထားတဲ့ အချက်တွေ ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ပြဋ္ဌာန်းတဲ့ ဥပဒေတွေထဲမှာ ပါတဲ့ ဥပမာ ကောင်စီဝင် တစ်ယောက်ကို လုပ်ငန်းတာဝန် ဆောင်ရွက်တဲ့အခါမှာ သဘောရိုးနဲ့ ဆောင်ရွက်ရင် သူ့ကို တရားမကြောင်း ဥပဒေအရ မစွဲရဘူးလို့ ဥပဒေထဲမှာ ပြဋ္ဌာန်းထားတယ်။ ဟိုးတစ်နေ့ကထွက်တဲ့ ကော်မရှင် ဥပဒေထဲမှာလည်း ဒီအချက် ပါတယ်။ နောက်တစ်ခုက ဒီလိုလုပ်ငန်း ဆောင်ရွက်တဲ့အခါမှာ ဖြေရှင်းရမယ့် ညှိနှိုင်းရေး ကော်မတီ ကျွန်တော်တို့မှာ ရှိတယ်။ အငြင်းပွားလို့၊ တိုင်လို့ရှိရင် ခေါ်ရတာပေါ့။ ခေါ်နိုင်အောင် လုပ်ငန်းဆောင်ရွက်တဲ့အခါ ကောင်စီဝင်တွေဟာ ပြည်သူ့ဝန်ထမ်း ဖြစ်တယ်ဆိုတာ ရာဇသတ်ပုဒ်မ ၂၁ အရ လုပ်ရမယ်ဆိုတာ ရှိပါတယ်။ အဲဒါတွေက ဒီမှာပြဋ္ဌာန်းထားပြီး ဘာကြောင့် ကျွန်တော်တို့ကျမှ ကန့်ကွက်သလဲ။ ပြီးခဲ့တဲ့ အလုပ်သမား ဥပဒေ၊ လူမှုဖူလုံရေး ဥပဒေမှာ ဒါတွေအကုန်ပါတယ်။ အဲဒါ ဘာကြောင့်ကန့်ကွက်သလဲ။ တမင် ကျွန်တော်တို့ကို နှေးကွေးအောင် လုပ်တယ်လို့ ယူဆပါတယ်။ အဓိက အချက်က သတင်းမီဒီယာနဲ့ ပတ်သက်ရင် ကျွန်တော်တို့ကောင်စီဟာ တစ်ခုတည်းသော ကောင်စီဖြစ်ရမယ်။ လိုင်စင်ပေးတာ မဆိုင်ဘူး။ သတင်းမီဒီယာနှစ်ခု အငြင်းပွားရင် သတင်းမီဒီယာ ကောင်စီက တစ်ခုတည်း ရှိရမယ်လို့။ တစ်ခုတည်း ဆိုတာကို သူတို့က လက်မခံဘူး။ ဘာကြောင့် လက်မခံလဲဆိုတော့ PSM မှာ ကောင်စီတစ်ခုထောင်ဖို့၊ အဲဒါကြောင့် သူတို့က လက်မခံဘူး။ ဇွတ်ငြင်းတယ်။ နောက်ဆုံးကျတော့ ၁၇ ချက်ကို မပြင်ရင် သူတို့မပေးနိုင်ဘူးဆိုတာ ဖြစ်လာတာပေါ့။ သူရဦးအေးမြင့်ကလည်း သူတို့လက်မခံရင် ဘယ်လိုလုပ်ကြမလဲဆိုပြီး ဒါဖြင့်ကျွန်တော်တို့ စဉ်းစားမယ်။ သူရဦးအေးမြင့်တို့ ကော်မတီကပဲ တင်မလား။ ကျွန်တော်တို့ တခြားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးကပဲ တင်မလားဆိုတာ ပြောတယ်။ လွှတ်တော်ကိုယ်စားလှယ်ကပဲ တင်လို့ရတယ်။ 

ကျွန်တော်တို့က တင်လို့မရဘူး။ အဲဒါကိုပဲ မကြာခင် နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီး အကြံဥာဏ်ယူမယ်။ ကျွန်တော်တို့ကတော့ ၀န်ကြီးပြောတဲ့ ကတိအရဆိုရင် ပုံနှိပ်ထုတ်ဝေရေး ဥပဒေနဲ့ သတင်းမီဒီယာ ဥပဒေကို တစ်ပြိုင်နက်တည်း တင်ပေးမယ်။ နှစ်ခုပေါင်းတင်ရင်လည်း လွှတ်တော်က ပေါင်းသွားမယ်။ ခွဲချင်လည်း ခွဲမယ်ဆိုပြီး။ အဲဒီဟာ ကတိကို သူတို့ကဖျက်တယ်။ နောက်ဆုံး နိုင်ငံရေး အဖွဲ့အစည်း တစ်ခုက (လွှတ်တော်ကို) တင်ပေးရင်လည်း တင်ပေး။ မတင်ပေးဘူးဆိုရင်လည်း သမ္မတကြီးဆီ၊ သမ္မတကြီးကတစ်ဆင့် တင်ပေးဖို့အထိ ကျွန်တော်တို့ ဆုံးဖြတ်ထားတယ်။

မေး။ အခုဖြစ်နေတဲ့ ကိစ္စမှာ နှစ်ပိုင်း ရှိနေပါတယ်။ ပထမပိုင်းက ပြန်ကြားရေး ၀န်ကြီဌာနက ရေးဆွဲခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဂျာနယ်လစ် အားလုံးက ကန့်ကွက်ထားတယ်။ စာနယ်ဇင်း ကောင်စီကလည်း ပြင်ဆင်ပေးပါဆိုတဲ့ အချက်တွေကို ပြောခဲ့ပါတယ်။ ပြင်မပေးခဲ့ပါဘူး။ ဒုတိယပိုင်းက စာနယ်ဇင်းကောင်စီ (ယာယီ)က ဥပဒေ ပညာရှင်တွေ၊ ဂျာနယ်လစ်တွေ၊ အခြားတတ်သိ ပညာရှင်တွေနဲ့ ရေးဆွဲခဲ့တဲ့ သတင်းမီဒီယာ ဥပဒေကို လွှတ်တော်ကို တင်ပေးပါလို့ ပြန်ကြားရေး ၀န်ကြီးဌာနကို ပြောပါတယ်။ အချက် ၁၇ ချက်ကို မပြင်တဲ့အတွက် တင်မပေးဘူး။ တင်ခဲ့ရင်လည်း အဆင့်ဆင့် ကန့်ကွက်မယ်လို့ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ သဘောထားကို ဘယ်လိုသုံးသပ် ပါသလဲ။

ဖြေ။ ဒါကတော့ တမင်နှောင့်နှေးအောင် လုပ်တာလား။ သူတို့ စိတ်ရင်းတော့ မသိဘူးပေါ့လေ။ ပြိုင်တူတင်ပေးမယ်၊ မတင်ဘူးဆိုတာ သူတို့ကတိ ဖောက်ဖျက်တာပဲလား။ သူတို့သတင်းစာတွေထဲ၊ ဆောင်းပါးတွေထဲမှာ ပါပါတယ်။ ကျွန်တော်တို့ကတော့ သဘောရိုးပဲ။ ဒီမှာပါတဲ့ ကော်မတီဝင် ၁၀ ဦးဆိုလည်း ၁၀ ဦး။ အကုန်ပင်စင်စားကြီးတွေပါ။ စီးပွားရေးသမား ပါတယ်။ အနုပညာ စာပေပါတယ်။ ဂျာနယ်လစ် အဖွဲ့အစည်းတွေ ပါတယ်။ အကုန်ပါပါတယ်။ ဒီလူတွေဟာ ဒီအသက်အရွယ် ရောက်ရင်တော့ မှန်တဲ့ဘက်ကပဲ လိုက်ချင်တယ်။ သတင်းမီဒီယာ ဥပဒေ ဆိုတာလည်း ကျွန်တော်တို့ အဖွဲ့အစည်းအတွက် မဟုတ်ဘူး။ ကျွန်တော်တို့ ဒီမှာပါတဲ့ လူတွေရဲ့ အကျိုးလည်း မဟုတ်ဘူး။ ပြန်ကြားရေး အကျိုးလည်း မဟုတ်ဘူး။ အားလုံး ပြည်သူလူထုရဲ့ သတင်းလွတ်လပ်ခွင့်အတွက် နှစ်ပေါင်းများစွာ အကျိုးပြုနိုင်တဲ့ ဥပဒေတစ်ခု ဖြစ်စေချင်တယ်။ အဲဒါလေးကို ကျွန်တော်တို့က ရည်ရွယ်ပြီး လုပ်နေတာ။ သူတို့နှောင့်နှေးအောင် လုပ်မယ်ဆိုရင်တော့ သမိုင်းမှာ ဘယ်သူတရားခံ ဖြစ်မလဲ။ အဲဒါကိုတော့ အများပြည်သူက ဆုံးဖြတ်မှာပဲ။
မေး။ ပြန်ကြားရေးက ကတိဖျက်ပြီး လွှတ်တော်ကို တင်လိုက်တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် အတည်ပြုခဲ့ပါတယ်။ ပြင်ဆင်တာတစ်ချို့ ရှိပေမဲ့ မူရင်းထက် ပိုဆိုးသွားတာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် စာနယ်ဇင်းကောင်စီ (ယာယီ)က ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး လက်မခံနိုင်ကြောင်း ထပ်ပြောခဲ့ပါတယ်။ ဒါကို အစိုးရသတင်းစာတွေကတစ်ဆင့် ပြန်ကြားရေးက ပြန်ရှင်းပါတယ်။ ပြန်ရှင်းတဲ့ အချက်တွေထဲမှာ မှန်တာတွေ ပါသလို၊ ချန်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ပြန်ကြားရေး ၀န်ကြီးဌာန ထုတ်မရှင်းဘဲ ချန်ထားခဲ့တဲ့ အချက်တွေက ဘာတွေပါလဲ။

ဖြေ။ ကျွန်တော်တို့ ပြင်ခိုင်းတဲ့ အချက်တွေပေါ့။ သူတို့လွှတ်တော်မှာ တင်တဲ့အခါ ကျွန်တော်တို့က "မှတ်ပုံတင်အရာရှိ" ဆိုတာကို ဥပဒေမှာ မထည့်သင့်ဘူး။ သူတို့ထပ်ထည့်တယ်။ ဒါကို သူတို့ထည့်တာ မဟုတ်ပါဘူးလို့ ပြောတယ်။ နောက်တစ်ခါ ဒီဥပဒေကြီး တစ်ခုလုံးကို ၀န်ကြီးကနေပြီးတော့ ဆန္ဒရှိလို့ဆိုရင် ဒီဥပဒေနဲ့ မသက်ဆိုင်ရဘူးဖြစ်တဲ့ အဖွဲ့အစည်းတွေ သတ်မှတ်နိုင်တယ်။ ဒါဟာ ၆၂ ဥပဒေရဲ့ ပုဒ်မ၊ တော်လှန်ရေး ကောင်စီက ပြဋ္ဌာန်းတဲ့ ဥပဒေပုဒ်မကို ပြန်ထည့်တယ်။ ကျွန်တော်တို့က ပြန်ဆွဲတော့ ဒါကြီးဖျက်ပေးပါဆိုပြီး ဒီမှာဆွေးနွေးတော့ ဖျက်ပေးပါမယ်ဆိုပြီး အဲတာ ပြန်ထည့်တာကြီးက တော်တော်ကို ဆိုးပါတယ်။ နောက် "မှတ်ပုံတင်အရာရှိ" နဲ့ "မှတ်ပုံတင်အရာရှိ" ရဲ့ လုပ်ငန်းတွေကို ပြန်ထည့်တာ။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။

မေး။ စာနယ်ဇင်းကောင်စီ (ယာယီ) ကရေးတဲ့ ပုံနှိပ်မီဒီယာ ဥပဒေကြမ်းမှာ ပြန်ကြားရေး ၀န်ကြီးဌာနက တောင်းဆိုတဲ့ အချက် ၅၁ ချက်ကို ပြင်ပေးပြီးပြီ။ ၁၇ ချက်ကို ပြင်မပေးနိုင်တော့ဘူးလို့ ပြောထားပါတယ်။ နောက် ဒီဥပဒေကို ဥပဒေပညာရှင်တွေ၊ စာပေပညာရှင်တွေ၊ ဂျာနယ်လစ်တွေနဲ့ ၅ ကြိမ်တွေ့ဆုံပြီး ရေးခဲ့တယ်။ သတင်းစာရှင်းလင်းပွဲ ၂ ကြိမ် ပြုလုပ်ပြီး အကြံဥာဏ်တွေ ယူခဲ့တယ်။ ဥရောပ၊ အာရှ၊ အိန္ဒိယ၊ အာဆီယံနိုင်ငံတွေက ဥပဒေပေါင်း ၂၀ ကျော်ကို လေ့လာပြီး ရေးခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာ စံနှုန်းနဲ့ ရေးထားတဲ့ ဥပဒေတစ်ရပ်ကို ပြန်ကြားရေး ၀န်ကြီးဌာနက ဘာကြောင့်လက်မခံ ရတာပါလဲ။

ဖြေ။ သူတို့ဒါကို လက်ခံလိုက်ရင် သူတို့သတင်းစာတွေ အပေါ်မှာ အရင်တုန်းက လုပ်ခဲ့တဲ့ ချုပ်ကိုင်မှုက လုပ်လို့မရဘူးဆိုတဲ့အမြင် ဖြစ်ရင်ဖြစ်သွားမှာပေါ့။ သူတို့ကိုယ်တိုင်က သမ္မတကြီးရဲ့ စတုထ္ထမဏ္ဍိုင်မူအရ သူတို့လုပ်ချင်တယ်လည်း ပြောတယ်။ ကျွန်တော်တို့ကလည်း အဲဒီမူအရ ရေးတယ်။ ဒါကို မလုပ်ချင်ဘူးဆိုတော့ သူတို့ထဲမှာ ဘယ်လိုရည်ရွယ်ချက်တွေ ရှိသလဲ ဆိုတာတော့ ဘုရားမှ သိမှာပဲ။

မေး။ ပုံနှိပ်မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေးက လွှတ်တော်ကို တင်မပေးဘူး ပြောတဲ့အတွက် လွှတ်တော်ကို တိုက်ရိုက်တင်ဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ တင်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ် မတွေ့သေးဘူးလို့ သိရပါတယ်။ ဒီအခြေအနေကို ဘယ်လိုဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ။ ကျွန်တော်တို့က ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းအရ ဘယ်သူ့သွားတင်ပေးပါလို့ ပြောရင်တော့ ရတာပေါ့။ ဒါကလည်း ကျွန်တော်တို့က နိုင်ငံရေး အဖွဲ့အစည်းတွေက နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဦးဆောင်တဲ့သူတွေ၊ အဲဒီအဖွဲ့အစည်းတွေရဲ့ အာဘော်ကိုလည်း လိုချင်တယ်။ သူတို့ရဲ့ စိတ်သဘောထားက ကျွန်တော်တို့အပေါ် ဘယ်လောက်အထိ အမြင်ရှိသလဲဆိုတာ လိုချင်တယ်။ ဒါကြောင့် ကျွန်တော်တို့က စနေနေ့ (သြဂုတ် ၃ ရက်)မှာ ဒီအဖွဲ့အစည်းတွေကိုဖိတ်ပြီး သူတို့ရဲ့အမြင်ကို ယူမှာပါ။ တင်ပေးမယ့်သူတော့ ရှိပါတယ်။ အမှန်ကတော့ ပြန်ကြားရေးဝန်ကြီးရဲ့ အရင်တုန်းက ကတိနဲ့ သူရဦးအေးမြင့်တို့ရဲ့ သူတို့တင်ပေးပါမယ်ဆိုတဲ့ ကတိက သူတို့ လူကြီးလူကောင်း ကတိပဲ။ ကျွန်တော်တို့က ယုံတယ်။ နောက် ကျွန်တော်တို့ရေးထားတဲ့ အထဲမှာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေမှာ ဘာမှတိုင်းပြည်ကို ထိခိုက်မှာ မဟုတ်ဘူး။ "အီလက်ထရောနစ် မီဒီယာ" ဆိုတာနဲ့ "အင်တာနက် မီဒီယာ" ဆိုတဲ့နေရာမှာ ဒါလေးကို အငြင်းပွားတာ လေးချက်ပါ။ ကျွန်တော်တို့က "အီလက်ထရောနစ် မီဒီယာ" ဆိုတာ နောက်ပိုင်းမှာ အကုန်ပေါ်လာမယ့် ဟာတွေပါပဲ။ သူတို့က ဒါမဟုတ်ဘူးတဲ့။ "အင်တာနက် မီဒီယာ" ပဲ ဖြစ်သင့်တယ်တဲ့။ ဒါကို ပြင်ပါဆိုတော့ အဲဒီမှာ လေးချက်ကသွားပြီ။ နောက်တစ်ခါ ဒီဥပဒေတစ်ခု အသစ်ပြဌာန်းရင် အရင်ရှိရင်းစွဲ ဥပဒေ ပယ်ဖျက်ရမယ်ဆိုတာ ဒါလုပ်ထုံးပဲ။ မြန်မာပြည်မှာ ခေတ်အဆက်ဆက်က နှစ်ပေါင်းများစွာ လုပ်ခဲ့တာ။ ဒါကို သူတို့က မထည့်သင့်ဘူး။ သူတို့ရေးတဲ့ ပုံနှိပ်ဥပဒေမှာ ထည့်ပြီးပြီးဆိုပြီး ပြောတယ်။ နောက်ကျွန်တော် စောစောကပြောခဲ့တဲ့ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ "မီဒီယာကောင်စီ" တစ်ခုတည်း ရှိရမယ်ဆိုတာ။ နောက်ပြီး ပိုဆိုးတာတစ်ခုက ကျွန်တော်တို့ ကောင်စီဝင် အသစ်ပေါ့လေ။ ဖွဲ့တဲ့အခါ အများဆန္ဒနဲ့ တင်မြှောက်တာ ကော်မတီဝင်၊ ဥက္ကဋ္ဌ အကုန်လုံးပေါ့လေ။ 

ဒီအဖွဲ့အစည်း ဖွဲ့စည်းပြီးတဲ့အခါ ဒီအဖွဲ့အစည်းကို မအောင်မြင်အောင် နှောင့်ယှက်ဖျက်ဆီးတဲ့ လူတွေပေါ်လာရင် ကော်မတီကနေ ဆုံးဖြတ်ပြီးတော့ ဒီလူကိုထွက်ဖို့၊ ပယ်ဖျက်ဖို့ သမ္မတကြီးဆီ တင်နိုင်တယ်ဆိုတာ။ အဲဒီဟာ မထည့်ပါနဲ့လို့ ပြောတယ်။ အဲတာပြီးခဲ့တဲ့ ရက်ပိုင်းက ပြဌာန်းခဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင် ဥပဒေမှာ အဲဒီအတိုင်း သုံးပုံတစ်ပုံက ဆုံးဖြတ်ရင်တဲ့ အဲဒီကော်မတီဝင်ကို ထုတ်ပစ်ရမယ်လို့ ရေးထားတယ်။ ကျွန်တော်တို့အပေါ်ကို ဘယ်လောက်များ မညီမမျှပေါ့လေ။ ကျွန်တော်ကတော့ ဥပဒေသမား တစ်ယောက်အနေနဲ့ ဒီလိုပဲ မြင်ပါတယ်။ ဟိုးရှေးက ဥပဒေတွေပြန်ကြည့် ရေးခဲ့တာတွေအများကြီးပါပဲ။

မေး။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ (ယာယီ)ကို ပြည်သူ့လွှတ်တော် အားကစား ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ကော်မတီနဲ့ ၄ ကြိမ်တွေ့ခဲ့ပါတယ်။ စာနယ်ဇင်းကောင်စီ (ယာယီ)က ပြင်ဆင်ဖို့ တင်ပြခဲ့တဲ့ အချက်တွေကို လိုက်လျောပြီး တင်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဥပဒေကြမ်းကို အတည်ပြုပြီးချိန်မှာ သိပ်အရေးမကြီးတဲ့ အချက်ငါးချက်ကိုပဲ ပြင်ပေးခဲ့ပါတယ်။ အများစုကို ဥပဒေကြမ်း ကော်မတီက ပြင်ခဲ့ပါတယ်။ ဒါကြောင့် သတင်းလွတ်လပ်ခွင့်အပေါ် လွှတ်တော်ရဲ့ သဘောထားကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။ ဘယ်လိုယူဆ ပါသလဲခင်ဗျ။
ဖြေ။ ဒါကိုတော့ သူရဦးအေးမြင့်လည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ သူတို့အမှတ်တမဲ့ ဖြစ်သွားလို့ သေချာမဆွေးနွေးမိတာဆိုပြီး။ နောက်ပိုင်း သူတို့ဆီ ပြန်တက်လာရင် သေချာဆွေးနွေး ပါမယ်ဆိုပြီး သူတို့ပြောခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ ပြန်ကြားရေးနဲ့ ညှိပြီးပြီဆိုတဲ့ သဘောထားမျိုးဖြစ်အောင် ပြန်ကြားရေးဘက်က တင်ပြသွားတဲ့ အခါကျတော့ သူတို့က ထင်မှာပဲ။ ကျွန်တော်တို့က လွှတ်တော်ကို မတက်ရတဲ့ အခါကျတော့ မသိဘူးလေ။ အဲတာကြောင့် သူတို့လက်ခံမိတာပါလို့ ပြောတယ်။ အခု အမျိုးသားလွှတ်တော်က တင်မယ်။ တင်တဲ့အခါ သူတို့ဆီ ပြန်ရောက်တဲ့အခါ သူတို့အလေးအနက်ထား စဉ်းစားမယ်လို့ ပြောပါတယ်။ လွှတ်တော်ဆိုတာကတော့ ဥပဒေပြုတဲ့အခါမှာ အမြင့်ဆုံး အဖွဲ့အစည်းကိုး။ သူတို့ကို ဒါပြင်ပါ၊ ထည့်ပါလို့ ကျွန်တော်တို့ ပြောခွင့်မရှိပါဘူး။ သူတို့ တကယ့်တကယ်ကို လွတ်လပ်ခွင့် ရှိတယ်ထင်ရင် သူတို့လည်း နိုင်ငံခေါင်းဆောင်တွေပဲ။ စတုထ္ထမဏ္ဍိုင် ပီပြင်တယ်ထင်ရင် သူတို့လည်း ထည့်ကြမှာပါပဲ။ ကျွန်တော်ကတော့ အဲဒီလိုပဲ ခံယူပါတယ်။

မေး။ ဥက္ကဋ္ဌက တရားရေး၊ ဥပဒေပြုရေး ကိစ္စရပ်တွေမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ပြီး ဒုတိယရှေ့နေချုပ် ဘ၀မှာလည်း ဥပဒေများစွာကို ရေးဆွဲခဲ့ပါတယ်။ ဥပဒေ ရေးဆွဲရေး အတွေ့အကြုံများစွာ ရှိထားသူ တစ်ယောက်အနေနဲ့ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ လုပ်ရပ်တွေကို ဘယ်လိုထင်မြင် မိပါသလဲ။
ဖြေ။ သူတို့ ဥပဒေတစ်ခု ဆွဲတယ်ဆိုတာ ကျွန်တော် ပြည်သူ့ခေတ်မှာ ရေးဖူးတယ်။ ဥပဒေ ဆွဲတယ်ဆိုတာ အများကြီး အချက်အလက်တွေ ရှိတယ်။ အခြေခံဥပဒေကို မဆန့်ကျင်ရဘူးတို့။ သူများအကျိုးကို မထိခိုက်ရဘူးတို့။ ပြည်သူတွေအကျိုးကို မထိခိုက်ရဘူးတို့၊ ရှိရင်းစွဲ ဥပဒေအပေါ်မှာပဲ ဥပဒေရဲ့ လုပ်ပိုင်ခွင့်ကို မထိခိုက်ရဘူးတို့၊ အများပြည်သူရဲ့ အကျိုးကို ဦးတည်ရမယ်တို့၊ အများကြီး ကျွန်တော်ရေးထားပါတယ်။ ဥပဒေရဲ့ တကယ့်ပြဋ္ဌာန်းချက်တွေ၊ ရှေ့နေချုပ်ရုံးရဲ့ ပြဋ္ဌာန်းချက်တွေ၊ ဥပဒေသမား တစ်ယောက်အနေနဲ့ကတော့ ကျွန်တော်တို့ရေးတဲ့ ဥပဒေဟာ အများပြည်သူအကျိုး ထိခိုက်မယ်လို့တော့ ကျွန်တော်မတွေ့မိဘူးလေ။ ကျွန်တော် ဥပဒေတွေ အများကြီး ရေးခဲ့တာပဲ။ နောက်ပြီး အခြေခံဥပဒေကို ဆန့်ကျင်တယ် ဆိုတာလည်း တစ်ခုမှ မတွေ့မိဘူး။ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်ကို ဆန့်ကျင်တယ်၊ မဆန့်ကျင်ဘူး ဆိုတာကတော့ သူတို့ရဲ့ ခံစားချက်ပါပဲ။

မေး။ အကယ်၍များ ပြန်ကြားရေး ၀န်ကြီးဌာနက တင်သွင်းတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို လက်ရှိအနေအထားအတိုင်း ပြင်ဆင်ချက် မလုပ်တော့ဘဲ လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုလိုက်မယ်။ စာနယ်ဇင်းကောင်စီ (ယာယီ)က တင်သွင်းတဲ့ သတင်းမီဒီယာ ဥပဒေကြမ်းကိုလည်း ပြန်ကြားရေးက အဆင့်ဆင့် ကန့်ကွက်လို့ လွှတ်တော်နှစ်ရပ်မှာ ဆွေးနွေးမှု မပြုလုပ်နိုင်ခဲ့ဖူးဆိုရင် သတင်းလွတ်လပ်ခွင့်ရဲ့ အနာဂတ် အလားအလာက ဘယ်လိုဖြစ်လာ နိုင်မလဲ။

ဖြေ။ အများပြည်သူရဲ့ ထင်မြင်ချက်က၊ နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီ သွားတယ်ဆိုရင် အားလုံးသိကြပါတယ်။ ဥပဒေပြု၊ အုပ်ချုပ်ရေးနဲ့ တရားဥပဒေတင် မကပါဘူး။ စတုထ္ထမဏ္ဍိုင်ဆိုတဲ့ ဒီသုံးဦးကို ညှိနှိုင်းပြီးတော့ ပြည်သူလူထုကို အမှန်ကို ထောက်ပြနိုင်တဲ့ အဖွဲ့အစည်း ရှိရမှာပေါ့။ PSM ဆိုတာ ဒါပါပဲ။ သူက ပြည်သူလူထု သိသင့်သိထိုက်တာတွေကို ပေးရမယ်။ အစိုးရလုပ်ငန်း ကောင်းတယ်ချည်း ပြောလို့မရဘူး။ သူတို့မှာ မှားတာရှိရင် ထောက်ပြရမယ်။ အမှန်ဖြစ်အောင် ပြောရမယ်။ ကျွန်တော်တို့ရဲ့ ဥပဒေထဲမှာလည်း ကျွန်တော်တို့ရဲ့ သတင်းမီဒီယာ သမားတွေဟာ ကိုယ့်ကျင့်ဝတ်အတိုင်း တိတိကျကျ လိုက်နာရမယ်။ သတင်းထောက်ကလည်း သတင်းထောက်ရဲ့ကျင့်ဝတ် လိုက်နာရမယ်။ စာရေးဆရာက စာရေးဆရာကျင့်ဝတ်၊ ထုတ်ဝေသူက ထုတ်ဝေသူကျင့်ဝတ်၊ အဖွဲ့အစည်းလိုက်ထားတဲ့ ကျင့်ဝတ်တွေကို လိုက်နာရမယ်။  ဒီကျင့်ဝတ်တွေ ဖောက်ဖျက်ပြီဆိုရင် ဥပဒေ ပြဋ္ဌာန်းချက်အရ အရေးယူရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ လက်လွတ်စပယ် ရေးရမယ် မပါပါဘူး။ နောက်ဆုံး ကျွန်တော်တို့ ဘယ်လောက်အထိ ရေးထားသလဲဆိုတော့ နိုင်ငံတော်ရဲ့ ငြိမ်ဝပ်ပိပြားမှုကို ထိပါးတဲ့ အမှုဆိုရင် တစ်ခါတည်းကို ရှိရင်းစွဲ ဥပဒေနဲ့ကို ထောင်ဒဏ်အမြင့်ဆုံး ပြစ်ဒဏ်တွေ ချနိုင်တယ်။ လွတ်လပ်စွာနဲ့ တရားရုံးက ဆုံးဖြတ်နိုင်တယ်။ အဲလိုတွေ ထည့်ထားပါတယ်။ ကျွန်တော်တို့ ဥပဒေရဲ့ သွားတဲ့ပုံစံပါ။ စတုထ္ထမဏ္ဍိုင် ပီပြင်အောင် လုပ်တယ်ဆိုတာ တစ်ချို့က လွှတ်တော်မှာ ပြောကြတာပေါ့လေ။ သတင်းစာတွေက လွတ်လပ်ခွင့်ရတိုင်း မတရား ရေးနေကြတယ်။ ဟုတ်လား။ ပုဂ္ဂလိက ဟာတွေရော။ ပုဂ္ဂလိကဟာတွေက မရေးဘူး။ လူ့အခွင့်အရေးအရ သူထိန်းရမယ့် ကျင့်ဝတ်တွေက အများကြီး လာမှာပဲ။ သတင်းထောက်တွေလည်း လာမယ်။ ပုံနှိပ်တွေလည်း လာမယ်။ စာရေးဆရာတွေလည်း လာမယ်။ မဂ္ဂဇင်းဂျာနယ်တွေလည်း လာမှာပဲ။ ဒါတွေက အများကြီးလုပ်ရမယ့် ကိစ္စတွေပါ။ ဒါကို ခြုံမိအောင် ဥပဒေထဲမှာ အကုန်ရေးလို့ မရဘူး။ ဒါတွေကြောင်းထားပြီးတော့ သူ့အဖွဲ့အစည်းနဲ့သူ ပြဋ္ဌာန်းရမယ်။ ကျွန်တော်တို့ ကောင်စီကနေ ညှိနှိုင်းပြီးတော့ ပြဋ္ဌာန်းရမယ်ဆိုတာ ရေးထားပြီးသားပါ။ ကျွန်တော်တို့ကတော့ စတုထ္ထမဏ္ဍိုင် ပီပြင်အောင် ရေးဆွဲထားတဲ့ ဥပဒေလို့ ခံယူထားပါတယ်။ ဒါကိုမှ လက်မခံဘူးဆိုရင်တော့ အများပြည်သူက နိုင်ငံတော်ရဲ့ အခြေအနေပေါ့လေ။ နိုင်ငံတကာကလည်း စောင့်ကြည့်နေပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ သတင်းလွတ်လပ်ခွင့် ဘယ်လောက်အထိ ရှိလဲဆိုတာ အားလုံးက စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့က ဘယ်လိုဖြစ်မယ်ဆိုတာ မပြောချင်ပါဘူး။ သူတို့ရဲ့ သုံးသပ်တဲ့အပေါ်မှာ သွားတည်မှာပါ။

မေး။ နောက်ဆုံးမေးခွန်းကတော့ စာနယ်ဇင်းကောင်စီ (ယာယီ)မှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေ ဘယ်လောက်အထိ ညီညွတ်မှု ရှိသလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ကျွန်တော်တို့က လွတ်လပ်စွာ ပြောခွင့်ရှိတယ်။ ပြောကြတာကတော့ အပြန်အလှန်၊ ဒေါက်တာသိန်းမြင့်လည်း ပြောတာပဲ၊ ကိုကျော်မင်းဆွေလည်း ထပြောတယ်။ ကိုတင်ထွန်းဦးတို့ လာရင်လည်း သူတို့က ဒါလေးလိုပါတယ်ပြော။ တစ်ယောက်က ဒါတော့မလုပ်သင့်ဘူး။ ဒါဖြင့် ဆုံးဖြတ်၊ သူတို့ကို ဆုံးဖြတ်ခိုင်းတယ်။ အများသဘော တူတယ်ဆိုရင် လက်ခံ။ နောက်ဆုံး ဘာလောက်အထိဆိုရင် ဒီအစည်းအဝေးမှာ အဖွဲ့ဝင်အားလုံး ဆုံဖို့မလွယ်ဘူးလေ။ ကျွန်တော်နဲ့ တက်တဲ့လူတွေရဲ့ ဆုံးဖြတ်ချက်ဟာ အများသဘောတူတယ် ဆိုလို့ရှိရင် အဖွဲ့ရဲ့ ဆုံးဖြတ်ချက် ဆိုတာကို လက်ခံရမယ်ဆိုတာ အားလုံးက ညီညီညွတ်ညွတ် သဘောတူထားတယ်။ ဒီမိုကရေစီ စနစ်အရ ပြောခွင့်ရှိရမယ်။ ဥက္ကဋ္ဌ သဘောတစ်ခုတည်းနဲ့ ဘာမှလုပ်ခွင့် မရှိရဘူး။ ဒီဥပဒေ ဆွဲတုန်းကများ တစ်ယောက်ချင်း ပုဒ်မ ၁၊ ပြောကြ၊ ဥပဒေ ပညာရှင်တွေကလည်း ပြောတယ်၊ ရှေ့နေတွေကလည်း ပြောတယ်။ တရားသူကြီးဟောင်း အငြိမ်းစားတွေကလည်း ပြောတယ်။ ရှေ့နေချုပ်ရုံးက ဥပဒေ ပညာရှင်တွေကလည်း ပြောကြတယ်။ အကုန်လုံး ပြောတာပဲ။ ကောင်းပြီ ဘယ်လိုရေး၊ နှစ်ဘယ်လိုရေး၊ အားလုံး အများသဘောတူ ဒီမိုကရေစီ နည်းအရ ပြောတာပဲ။ နောင်ကိုလည်း ဒီပုံစံ သွားမှာပဲ။ နောင်မှာလုပ်တဲ့ ဥပဒေတွေကိုလည်း အများသဘောတူ ဆုံးဖြတ်ရမယ်ဆိုတာ လုပ်ထုံးလုပ်နည်းတွေ အများကြီး ကျွန်တော်တို့ ရေးမှာပါပဲ။

မေး။ အခြားဖြည့်စွက် ပြောကြားလိုတာများရှိရင် ပြောစေချင်ပါတယ် ခင်ဗျ။
ဖြေ။ ကျွန်တော်တို့သွားတဲ့ ရည်ရွယ်ချက်တွေ ဆိုလို့ရှိရင်လည်း လုပ်ငန်းချင်တူရင် မတူတာတွေ အသာဖယ်ထား၊ တူတာတွေ လက်ခံရမယ်ဆိုတာ ခဏခဏ လူကြီးတွေ ပြောနေတာပဲ။ ကျွန်တော်တို့က ဒီမိုကရေစီနိုင်ငံ သွားနေတဲ့အခါမှာ ကောင်စီက သွားချင်တဲ့ သတင်းလွတ်လပ်ခွင့်နဲ့၊ ကျင့်ဝတ်သိက္ခာနဲ့ စာနယ်ဇင်းတွေ ဖြစ်လာဖို့ လိုသလို ပြန်ကြားရေးက ဒါကို တကယ်လိုချင်တယ်ဆိုရင် ဘာမှလက်မခံနိုင်စရာ အကြောင်းမရှိဘူး။ ဒါကိုတော့ ရေရှည်မှာ နိုင်ငံရေး အဖွဲ့အစည်းတွေရော လွှတ်တော်မှာကျန်တဲ့ တပ်မတော် အဖွဲ့အစည်းတွေ ရောပေါ့လေ။ အဖွဲ့အစည်းတွေက ဒါကိုသဘောပေါက်သွားလို့ရှိရင် ရှောရှောရူရူ ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်။

ကိုယ်ရေးအကျဉ်း
ဦးခင်မောင်အေးသည် ၁၉၃၃ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး မိထ္ထီလာဇာတိ ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် B.Sc(BL) ဘွဲ့ ရရှိခဲ့ပါသည်။ ၁၉၅၅ ခုနှစ်တွင် နယ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေး ၀န်ထမ်းအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ကချင်ပြည်နယ် တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌတာဝန်ကို စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် တရားရုံးချုပ်၌ ညွှန်ကြားရေးမှူးချုပ်၊  ၁၉၈၈ ခုနှစ်တွင် တရားရုံးချုပ် တရားသူကြီး၊ ၁၉၈၉ ခုနှစ်တွင် ဒုတိယရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ဒုတိယ ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ဥပဒေ မြောက်မြားစွာကို ရေးဆွဲခဲ့သူ ဖြစ်ပါသည်။ ၂၀၀၂  ခုနှစ်တွင် တရားရုံးချုပ် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အငြိမ်းစားယူခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ၀ဏ္ဏကျော်ထင်ဘွဲ့ ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဖွဲ့စည်းချိန်မှ ယခုအချိန်အထိ ကောင်စီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။

Credit: http://www.news-eleven.com 

No comments: