Wednesday, August 21, 2013

မြန်မာနိုင်ငံ HIV/AIDS ကုသမှု အလားအလာကောင်း



HIV/AIDS ဝေဒနာရှင် တစ်ထောင်ကို အေအာရ်တီဆေး အခမဲ့ထောက်ပံ့
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ HIV/AIDS ဝေဒနာရှင် တစ်ထောင်ကို အေအာရ်တီဆေး အခမဲ့ထောက်ပံ့လျက် ရှိကြောင်း စစ်ကိုင်းတိုင်း AIDS တိုက်ဖျက်ရေးအဖွဲ့ ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းက ပြောကြားသည်။
အေအာရ်တီဆေး တိုက်ကျွေးသည့် နေရာများမှာ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မုံရွာဆေးရုံကြီး အပါအဝင် ရွှေဘို၊ စစ်ကိုင်း၊ ဟုမ္မလင်း၊ ကလေး၊ တမူးမြို့တို့တွင် တိုက်ကျွေးလျက်ရှိပြီး မကြာခင် အချိန်တွင် ရေဦးနှင့် ချောင်းဦးမြို့ တို့တွင်လည်း ဆက်လက် တိုးချဲ့သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၁ ခုနှစ်မှ စတင်၍ အေအာရ်တီဆေးကို အခမဲ့တိုက်ကျွေးခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မည်သည့်နေရာတွင် နေထိုင်သူမဆို HIV/AIDS ရောဂါဝေဒနာ ကူးစက်ခံရပါက မိမိဆန္ဒအလျောက် ဆေးဝါး ကုသခွင့် ရှိကြောင်း၊ အဆိုပါဆေးများကို ကျန်းမာရေးဝန်ကြီးဌာန မုံရွာဆေးရုံကြီး ခုခံအားနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့နှင့် UNION INGO အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မုံရွာဆေးရုံကြီးမှ တာဝန်ရှိ ဆရာဝန်တစ်ဦးက ဆိုသည်။
“အရင်က ဆဲလ်အရေအတွက် ၃၅၀ အောက်ရောက်မှ အေအာရ်တီဆေးပေးတာ၊ အခု ဆဲလ်အရေအတွက် ၅၀၀ အောက်ပါ အေအာရ်တီဆေး တိုက်ဖို့ဆောင်ရွက်နေပါတယ်” ၎င်းကပင် ထပ်မံပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လူနာများအနေနှင့် အေအာရ်တီဆေးကို အခမဲ့ရရှိသော်လည်း ဓာတ်ခွဲစစ်ဆေးမှုများ လုပ်ဆောင်ခြင်းနှင့် ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ရသည့်အခါ ရက်အနည်းငယ် ကြာမြင့်သည့်အတွက် ရပ်ဝေးမှ ဝေဒနာသည်များ အတွက် မုံရွာမြို့တွင် လာရောက် ကုသချိန်တွင် နေရေးထိုင်ရေးမှာ အခက်အခဲ ဖြစ်နေရကြောင်း ဝေဒနာသည် အချင်းချင်း ရိုင်းပင်းကူညီရေး အဖွဲ့တွင် ပါဝင်သည့် ဝေဒနာရှင် အမျိုးသား တစ်ဦးက ပြောကြားသည်။

မုံရွာ၊ သြဂုတ် ၁၇
The Voice WeeklyHIV/AIDS ဝေဒနာရှင် တစ်ထောင်ကို အေအာရ်တီဆေး အခမဲ့ထောက်ပံ့ 

ဧရာဝတီတိုင်း ဒေသကြီး၌ HIV/AIDS အထူး ဂရုစိုက်ရမည့် ပစ်မှတ်ဖြစ်လာနိုင်ကြောင်း
 မြန်မာနိုင်ငံ ပင်လယ်ကမ်းနား ဒေသဖြစ်သော ဧရာဝတီတိုင်း ဒေသကြီး၌ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရ အထူး ဂရုစိုက်ရမည့် နေရာဖြစ်လာကြောင်း မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ဖြစ်သော UNDP နှင့် မြန်မာ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ သန်းစိန်က နိုင်ငံတကာ သုတေသန ပြုချက်များအရ သတိပေး ပြောကြားခဲ့သည်။

ဧရာဝတီတိုင်း ဒေသကြီးမှာ ရေလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် အထူးသတိထားရန် လိုအပ်နေပြီး ယင်း ရေလုပ်သားများမှာ ထိုင်းနိုင်ငံ ရနောင်းဒေသသို့ သွားရောက်၍ ငါးရောင်းချရာတွင် အကာအကွယ်မဲ့ လိင် ဆက်ဆံမှုများကြောင့် HIV/AIDS ရောဂါများ ကူးစက်နိုင်ပြီး အထူးဂရုပြု နေထိုင်ခြင်းဖြင့် ထိုရောဂါများကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သော UNDP ၏ သြဂုတ် ၁၂ ရက်က ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်း ဒေသကြီးတွင် ယင်းရောဂါရှိနိုင်သော အချက်များစွာရှိနေပြီး ထိုရောဂါ ရရှိလာပါက လူမှုဘဝ များစွာကို ထိခိုက်စေနိုင်ကြောင်း သိရသည်။ အဆိုပါဒေသကို ပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ကျန်းမာရေး ဖောင်ဒေးရှင်းကလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါ သတိထားရမည့် နေရာများစွာ ရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် အဆိုပါ ရောဂါ ဖြစ်ပွားမှုများသော မူဆယ်ဒေသကို ပညာပေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ ကြောင်း UNFPA အဖွဲ့၏ သတင်း ထုတ်ပြန်ချက် များအရ သိရသည်။ နယ်စပ်မြို့များတွင် ယင်း ရောဂါကို ရှောင်တိမ်းနိုင်ရန် အတွက် အထူးသတိထားရန် လိုအပ်ကြောင်း ဒေါက်တာ သန်းစိန်က ဆက်လက်ပြောကြား ခဲ့သည်။

ရန်ကုန် သြဂုတ် ၁၄


HIV ဝေဒနာရှင် တစ်ဦး မြန်မာပြည်အနှံ့ စက်ဘီးဖြင့် ဟောပြောမည်

 အိတ်ခ်ျအိုင်ဗွီ ရောဂါနှင့် ပတ်သက်၍ အသိပညာ ပေးခြင်းများအား စက်ဘီးဖြင့် မြန် မာပြည်အနှံ့ လိုက်လံဟောပြောမည့် အိတ်ခ်ျအိုင်ဗွီဝေဒနာရှင်တစ်ဦးအား နာရေး ကူညီမှုအသင်း (ရန်ကုန်) မှ ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
စက်ဘီးဖြင့် မြန်မာနိုင်ငံ အနှံ့သို့ လိုက်လံဟောပြောမည့် ခုခံအား ကျဆင်းနေသည့်ဝေဒနာရှင် အမျိုးသား (ကိုဝင်းမောင်-အမည်လွှဲ) မှာ စက်ဘီးဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ သွားရောက်မည် ဖြစ်ပြီး မြန်မာ တစ်ပြည်လုံးရှိ မြို့ နယ်အသီးသီးမှ နာရေး ကူညီမှုအသင်းအဖွဲ့ အားလုံးက ကူညီသွားမည် ဖြစ်သည်။

''ကျွန်တော်တို့ နာရေးကူ ညီမှုအသင်းက အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင် တစ်ဦးကို မြန်မာပြည်အနှံ့ စက်ဘီးနဲ့ လှည့်လည် ဟောပြောနိုင်အောင် ကူညီပေး သွားပါမယ်။ မြန်မာပြည် အနှံ့ကိုသွားပြီး တိုင်းရင်းသား ပေါင်းစုံနဲ့ တွေ့ဆုံကာ ဟောပြောနိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။ သူအသုံးပြုမယ့် တောင်တက် စက်ဘီးတန်ဖိုးငွေကိုလဲ လှူဒါန်းသွားမယ်။ သူလိုအပ်မယ့် စားသောက်ဖွယ်ရာနဲ့ ငွေကြေးတွေကို မြို့နယ် အသီးသီးက နာရေး ကူညီမှု အသင်းတွေက ကူညီပေးသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ စီစဉ် နေတုန်းပဲ ရှိပါတယ်'' ဟု နာရေးကူ ညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

အိတ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ခံနေရသူများသည် အေအိုင်ဒီအက်စ် အဆင့်သို့ မရောက်ရှိသေးချိန်တွင် သာမန်လူများကဲ့သို့ သွားလာပြီး အလုပ်လုပ်ကိုင် နိုင်ကြောင်းနှင့် အေအိုင်ဒီအက်စ် ဝေဒနာ စတင်ခံစားရသောအခါ အလုပ်အကိုင်များ မလုပ်နိုင်တော့သဖြင့် ထောက်ပံ့ကြေးငွေဖြင့်သာ ရပ်တည်နေရကြောင်း သိရသည်။

''အရင်တုန်းကတော့ ကျွန်မလဲ အလုပ်လုပ်နိုင်ပါတယ်။ အခု ရောဂါပိုး တွေ့ပြီးနောက်ပိုင်းမှာ အေအိုင်ဒီအက်စ်ဖြစ်လို့ အေအာရ်တီဆေး သောက်နေရပါတယ်။ ဘာအလုပ်မှ မလုပ်နိုင်ဘူး။ လှူမယ့်သူကိုပဲ စောင့်နေရတယ်။ ကျွန်မမှာ သားလေးရှိတယ်။ သူ့ ကို ကိုယ်ဝန်ဆောင်ရင်း သွေးစစ်တော့မှ ရောဂါပိုးတွေ့မှန်း သိတာ။ သားလေးမှာတော့ ရောဂါပိုးမရှိဘူး။ ကျွန်မနေခဲ့တဲ့ မေတ္တာရှင် ဂေဟာမှာတော့ ရောဂါဖြစ်နေ သူ ၁၀ဝ လောက်ရှိတယ်'' ဟု ယုဇန ဥယျာဉ်မြို့တော်နေ အေအိုင်ဒီအက်စ် ဝေဒနာရှင် မပန်းဆီ (နာမည်လွှဲ) က ပြောသည်။
လက်ရှိ အခြေအနေတွင် အေအိုင်ဒီအက်စ် ဝေဒနာရှင်များ အတွက် နိုင်ငံတော်မှ အေအာရ်တီဆေးများကို အခမဲ့ပေးထားပြီး ရောဂါဝေဒနာ ခံစားနေရကာ အလုပ်မလုပ်နိုင်သော ဝေဒနာရှင်များသည် အလှူရှင် များ၏ ထောက်ပံ့ကြေးများကို မျှော်လင့်နေကြောင်း သိရသည်။

သူသူထက်လွင်၊ ရန်ကုန်၊သြဂုတ် (၁၈)
Yangon Media Group - HIV ဝေဒနာရှင် တစ်ဦး မြန်မာပြည်အနှံ့ စက်ဘီးဖြင့် ဟောပြောမည် 

မြန်မာနိုင်ငံ HIV/AIDS ကုသမှု အလားအလာကောင်း
 မြန်မာနိုင်ငံတွင်း HIV/AIDS ရောဂါဝေဒနာ တိုက်ဖျက်ရေး လုပ်ငန်းတွေ အတွက် နိုင်ငံတကာ အကူအညီတွေ ဒီနှစ်အတွင်း ပိုမို ရရှိလာနေ တာကြောင့် ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ သိပ်မကြာခင် အနာဂတ်မှာ မြန်မာနိုင်ငံတွင်း ဒီရောဂါ ဖြစ်ပွားမှုတွေ သိသိသာသာ လျော့ကျသွားနိုင်တယ်လို့ ကျွမ်းကျင်သူတဦးက ပြောပါတယ်။ HIV ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုတွေ လျော့ကျအောင် ဆောင်ရွက်တဲ့နေရာမှာ အစိုးရအနေနဲ့ အဓိက အခန်းကဏ္ဍကနေ ပံ့ပိုးပါဝင်ဖို့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

သိပ်မကြာခင်က ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ စစ်တမ်းတခုမှာတော့ မြန်မာ အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံတချို့မှာ HIV ရောဂါ ဖြစ်ပွားမှုတွေ သိသိသာသာ လျော့ကျလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို လျော့ကျ လာတယ် ဆိုတဲ့ တိုင်အောင် ဒီရောဂါကြောင့် သေဆုံးမှုတွေဟာ မြန်မာနိုင်ငံတွင်း သေဆုံးမှု စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်း ရှိနေတုန်းပဲလို့ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်တက္ကသိုလ်က ကျန်းမာရေးသုတေသနအဖွဲ့ Health Metrics and Evaluation က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ဖော်ပြ ထားတာပါ။

လက်ရှိ မြန်မာနိုင်ငံတွင်း HIV ရောဂါ ဖြစ်ပွားမှု အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ် လူထုကျန်းမာရေးဌာန ညွှန်ကြားရေးမှူး Chris Beyrer က အခုလို ပြောပါတယ်။

“လက်ရှိ အခြေအနေမှာတော့ HIV/AIDS ရောဂါ ခံစားနေရပြီး ရောဂါကုသမှု ခံယူဖို့ လိုအပ်နေသူတွေ၊ ကုသမှု လုံးဝ မရကြတဲ့သူတွေ မြန်မာနိုင်ငံထဲမှာ အများအပြား ရှိနေတုန်းပါပဲ။ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း HIV ရောဂါသည်တွေအတွက် ARV ဆေးနဲ့ တခြား လိုအပ်တဲ့ ဆေးဝါး ငွေကြေးအကူအညီ လုံလုံလောက်လောက် မရှိတာ၊ နောက် လူနာတွေအနေနဲ့ အများပြည်သူသုံး ဆေးပေးခန်းတွေကိုပဲ အားကိုးရတဲ့အခါ ရောဂါ အတော်ကျွမ်းတဲ့ အဆင့်ကိုရောက်မှပဲ အရေးပေါ် ကုသမှုလိုတဲ့ အခြေအနေလို့  သတ်မှတ်ပြီး ဆေးဝါးကုသမှု ရကြတာမျိုးတွေ ရှိနေတုန်းပါ။ ဆိုတော့ ဒီရောဂါ ခံစားနေရပြီး ဆေးဝါးကုသမှု မရကြသူတွေ အများအပြား ရှိနေတုန်းဖြစ်ပါတယ်။”

ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာက အကူအညီတွေ ပိုပြီးတော့ ရလာနေတာကတော့ အားတက်စရာ ဖြစ်တယ်လို့ Chris Beyrer က ပြောပါတယ်။

“မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ အပြောင်းအလဲကတော့ မြန်မာနိုင်ငံကို ကျန်းမာရေးဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ၊ ကနေဒါ အကူအညီပေးရေး အဖွဲ့တွေ ပါဝင်တဲ့ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေ Three MDG Fund တွေ မြန်မာနိုင်ငံကို အကူအညီတွေ ပိုပေးဖို့ ကတိပြု ပြောလာတာတွေ ရှိပါတယ်။ ကျနော်တို့ သိထားသလောက် လာမယ့် ၅ နှစ်တွင်း ဒေါ်လာ သန်း ၃၅၀ လောက် မြန်မာနိုင်ငံကို ပေးဖို့ရှိနေပါတယ်။”

“ဒီ အကူအညီတွေကြောင့် HIV၊ တီဘီနဲ့ ငှက်ဖျားရောဂါ ကုသမှုတွေ ပိုပြီးတော့ ရှိလာမှာပါ။ ဒါ့အပြင် Global Fund အဖွဲ့ဟာလည်း မြန်မာနိုင်ငံထဲကို ပြန်လည် ၀င်ရောက်လာနေပါပြီ။ ဒေါ်လာ သန်း ၁၆၀ လောက် အကူအညီတွေ ပေးဖို့ရှိပါတယ်။ ဒီလို နိုင်ငံတကာ အကူအညီတွေ အားလုံးပေါင်းလိုက်ရင် ရောဂါသည် သိန်းနဲ့ချီအတွက် ကုသမှုတွေ ပေးလာနိုင်မှာပါ။ ဒါက တကယ့်ကို ၀မ်းသာစရာပါ။ ခုချိန်မှာ ဆေးဝါးကုသမှု မရကြတဲ့ HIV ဝေဒနာသည်တွေအတွက် ကုသမှုတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။”

နိုင်ငံတကာ အကူအညီတွေ အများအပြား ၀င်ရောက်လာတာကြောင့် မြန်မာနိုင်ငံအနေနဲ့ HIV ရောဂါကြောင့် သေဆုံးမှုတွေ လျော့ ကျအောင် ဆောင်ရွက်နိုင်တဲ့ မျှော်လင့်ချက်တွေ ရှိပေမဲ့လို့၊ ဒီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေ အောင်မြင်ဖို့မှာ အစိုးရပိုင်းက ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း Chris Beyrer က ပြောပါတယ်။ ကျန်းမာရေးကဏ္ဍမှာ ပြုပြင် ပြောင်းလဲမှုတွေ ဆောင်ရွက်လာဖို့ ကတော့ အဓိက အရေးကြီးဆုံး ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။

“ကျန်းမာရေး ကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံထဲက ဝေဒနာရှင်တွေ အများအပြားဟာ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဆေးဝါးကုသမှု ခံယူနေကြတာ ဖြစ်ပါတယ်။ ဒါက ရေရှည်အတွက်တော့ အာမခံချက် မရှိပါဘူး။ အများပြည်သူ အသုံးပြုနိုင်တဲ့ ကျန်းမာရေး ပြုစု စောင့်ရှောက်မှုတွေကို ပိုပြီးတော့ အားကောင်းလာအောင် အစိုးရအနေနဲ့ လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ဆင်းရဲနွမ်းပါးသူတွေအနေ နဲ့ ပြည်သူပိုင် ဆေးရုံဆေးခန်းတွေကနေ တဆင့် ဆေးဝါးကုသမှု ခံယူနိုင်ဖို့ လိုပါတယ်။ HIV ရောဂါသည် အများစုဟာ ဆင်းရဲနွမ်းပါးကြပါတယ်။ ဒါကြောင့် ARV ဆေးဝါးကို အလကား ဒါမှမဟုတ် ဈေးသက်သက်သာသာနဲ့ ရရှိနိုင်ဖို့က အရေးကြီးပါတယ်။”

ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတချို့ ရှိလာခဲ့ချိန်ကစလို့ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုတွေ နဲ့အတူ နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေကိုလည်း မြန်မာနိုင်ငံ ပိုပြီး ရရှိလာနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့လို့ တကယ့် လက်တွေ့ လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ အာဏာပိုင်တွေရဲ့ ပိတ်ပင်တားဆီးမှုတွေ၊ ကန့်သတ်ချက်တွေကြောင့် အကူအညီ ပေးရေးလုပ်ငန်းတွေ မလိုအပ်ဘဲ နှောင့်နှေးရတာတွေတော့ ရှိနေတုန်းပဲလို့လည်း Chris Beyrer က ပြောသွားပါတယ်။

မြန်မာနိုင်ငံတွင်း HIV ရောဂါကို တိုက်ဖျက်ရေး လုပ်ငန်းတွေ ထိရောက်ဖို့မှာ ဒီအခြေအနေတွေကို ပြောင်းလဲနိုင်ဖို့ အရေးကြီးတယ်လို့လည်း Chris Beyrer က ပြောသွားပါတယ်။

မခင်ဖြူထွေး
Myanmar News Hub - မြန်မာနိုင်ငံ HIV/AIDS ကုသမှု အလားအလာကောင်း 

No comments: