Sunday, August 25, 2013

ဘားမိစ်ပိုင်သွန်




ဘားမိစ်ပိုင်သွန်ဆိုတဲ့ နာမည်ကို တစ်ကမ္ဘာလုံး မသိတဲ့သူ မရှိသလောက်ပါဘဲ။ အမေရိကန် နိုင်ငံထဲမှာ ဆိုရင်တော့ ဘားမိစ်ပိုင်သွန်ဆိုတဲ့ နာမည်ကို ကြားလိုက်ရုံနဲ့ လမ်းသွားနေတဲ့ လူတွေရဲ့ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားကြမှာပါ။ ဒီနာမည်ဟာ အဲဒီလောက်ထိ အရှိန်အ၀ါ ကြီးမားလွန်းလို့ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို "မြန်မာစပါးအုံး" လို့ အမည်မပေးဘဲ ဘားမိစ်ပိုင်သွန်လို့ အမည်ပေးလိုက်ရတာ ဖြစ်ပါတယ်။

ဘားမိစ်ပိုင်သွန်ရဲ့ မူလဇာတိမြေဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမြွေဟာ မွေးရပ်ဇာတိမှာ နာမည်မကြီးဘဲ အမေရိကားမှာ နာမည်သွားကြီး နေပါတယ်။ နာမည်ကြီးဆို ဒီမြွေဟာ တဖြည်းဖြည်းနဲ့ အခြားတိရစ္ဆာန်တွေကို သာမက လူသားတွေကိုပါ အန္တရာယ်ပေးစ ပြုလာနေပြီကိုး။ လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက အမေရိကန်တောင်ပိုင်းက ဖလော်ရီဒါပြည်နယ်မှာ အိမ်မှာမွေးထားတဲ့ ဘားမိစ်ပိုင်သွန် တစ်ကောင်ဟာ ညအချိန် သူ့ကိုထည့်ထားတဲ့ သံတိုင်ကီထဲက လွတ်ထွက်လာပြီး မြွေပိုင်ရှင်ရဲ့ နှစ်နှစ်သမီးလေးကို  ညှစ်သတ်သွားခဲ့ပါတယ်။ နောက်ပြီး ၂၁.၅.၁၃ ရက်နေ့က အဲဒီဖလော်ရီဒါ ပြည်နယ်မှာပဲ ဖမ်းမိတဲ့ ဘားမိစ်ပိုင်သွန် တစ်ကောင်ဟာ ၁၈ ပေအရှည်ရှိပြီး ရင်ကိုခွဲလိုက်တဲ့အခါ အထဲမှာ သမင်တစ်ကောင် မျိုထားတာကို တွေ့ရပါတယ်။

အစတုန်းကတော့ ဖလော်ရီဒါမှာ ဒီမြွေအမျိုးအစားတွေ မရှိပါဘူး။ သူ့ရဲ့အရေခွံဟာ အင်မတန်မှ လှပပြီး အရောင်ကလည်း ဆွဲဆောင်မှု ရှိလွန်းတဲ့အတွက် အမေရိကန်တွေဟာ ဒီမြွေတွေကိုဝယ်ပြီး အိမ်မှာအလှမွေး ခဲ့ကြပါတယ်။ အဆိပ်မရှိတဲ့အတွက် ဂရုစိုက်စရာ မလိုဘူးလို့ ခပ်ပေါ့ပေါ့ သဘောထားပြီး မွေးမြူခဲ့ကြခြင်းကလည်း ပြဿနာရဲ့ အရင်းခံ တစ်ခုပါပဲ။ ဒီမြွေဟာ အလွန်ဖွံ့ထွားနှုန်း မြန်တဲ့အတွက် အိမ်မှာအကောင် သေးသေးလေး ၀ယ်မွေးပြီး ကောင်းကောင်းကျွေးထား လိုက်မယ်ဆိုရင် တစ်နှစ်အတွင်းမှာ ခုနစ်ပေအထိ ရှည်လာနိုင်ပါတယ်။ အသက်လေးနှစ်အရွယ်မှာ ၁၂ ပေအထက်ထိ ရှည်လာနိုင်ပြီး သက်တမ်းကလည်း နှစ်ပေါင်းနှစ်ဆယ်ကျော်ထိ ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဘားမိစ်ပိုင်သွန်ဟာ ရေကူးအင်မတန်မှ ကျွမ်းကျင်ပြီး ရေအမြဲရှိနေတဲ့ နေရာမျိုးနားမှာသာ နေထိုင်လေ့ ရှိပါတယ်။ ဒါ့ကြောင့် မြက်ခင်းပြင်စိမ့်မြေ၊ ရွှံ့တော၊ ကျောက်တောင်တွေရဲ့ ခြေရင်း၊ သစ်တောထူထပ်တဲ့ နေရာနဲ့ မြစ်ဘေးတွေမှာ သူ့ကိုတွေ့ကြရပါတယ်။ ဒီမြွေဟာ သစ်ပင်လည်း တက်နိုင်တဲ့အပြင် သူ့ရဲ့အမြီးနဲ့ ခန္ဓာကိုယ်ဟာ သားကောင်ကို ရစ်ပတ်ပြီး ညှစ်သတ်တဲ့နေရာမှာ ကြောက်ခမန်းလိလိ စွမ်းအားကြီးမား ပါတယ်။

အရင်တုန်းကတော့ ဖလော်ရီဒါ ပြည်နယ်မှာ ဒီမြွေမျိုးတွေ မရှိခဲ့ပါဘူး။ လူတွေက ဒီမြွေတွေကို အလှမွေးလာရင်း နောက်တော့ သူတို့ကိုထားဖို့ သံတိုင်ကီတွေ ဆောက်လုပ်ရတာက ဈေးကြီး၊ အစားကြီးတဲ့ ဒီမြွေကို ကျွေးရမွေးရတဲ့ နေရာမှာလည်း အကုန်အကျက များသမို့ ဆက်မမွေးနိုင်ကြတော့ဘဲ သင့်တော်ရာ ရေစပ်နွံစပ်တွေနားမှာ သွားလွှတ်ကြရာက မမျှော်လင့်ဘဲ ပြဿနာ တက်ခဲ့ရတော့ တာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ သာမန်အားဖြင့် မြွေဆိုတာ တစ်နှစ်တစ်ခါ ဥလေ့ရှိပြီး ဒီမြွေအမျိုးအစား အမတစ်ကောင်ရဲ့ အသိုက်ထဲမှာ အများဆုံး တွေ့ခဲ့ရဖူးတဲ့ မြွေဥအရေအတွက်က ၈၃ လုံးတောင် ရှိတာဆိုတော့ ဘယ်လောက် အပွားမြန်လိုက်မလဲဆိုတာ စဉ်းစားလို့တောင် မကြည့်ရဲပါဘူး။ ဒါ့ကြောင့်လည်း အခုဖလော်ရီဒါ ပြည်နယ်မှာ ဒီမြွေမျိုး တစ်သိန်းရှစ်သောင်းလောက်တောင် ရှိနေပြီလို့ ဆိုပါတယ်။ ဒီမြွေတွေ ဆက်မပွားနိုင်အောင် တားဆီးကာကွယ်ရေး အဖွဲ့တွေကို ဖွဲ့ကြရပါတယ်။ ကြွက်တွေဖမ်းပြီး နောက်ကျောပေါ်မှာ အသံလွှင့် ကိရိယာတွေ တပ်ပေးကြပါတယ်။ နောက်ဒီကြွက်ဟာ အချိန်တိုအတွင်း 
ခရီးတစ်မိုင်လောက် ပေါက်နေတာကို တွေ့ရပါတယ်။ နောက်အဲဒီအသံလွှင့်နေတဲ့ နေရာလိုက်သွားပြီး ဖမ်းမိတဲ့ ဘားမိစ်ပိုင်သွန် တစ်ကောင်ရဲ့ရင်ကို ခွဲကြည့်တဲ့အခါ အထဲမှာ အဲဒီကြွက်ကို ပြန်တွေ့ရလို့ ရင်မောကြရပါတယ်။ ဒီမြွေဟာ ငှက်မျိုးစုံ၊ ရှဥ့်၊ တောကြောင်၊ ၀ံအငယ်စား၊ ကြွက်၊ ခရု၊ သမင်နဲ့ ငါးပေအရှည်ရှိတဲ့ မိကျောင်းငယ်ကအစ အကုန်စားပါတယ်။ ဖလော်ရီဒါမှာ ရှိသမျှအကောင် အကုန်ကုန်တာပါပဲ။ ဒါ့ကြောင့် ဘားမိစ်ပိုင်သွန် ချောက်အိပ်မက်တွေ မက်နေကြရပြီး အခုဘားမိစ်ပိုင်သွန် တစ်ကောင်ကို အလှမွေးတာမိရင် ထောင်ဒဏ်ခုနစ်နှစ်၊ ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ငါးသိန်းဒဏ်ရိုက်ဖို့အထိ တချို့သတ်မှတ်ထားတဲ့ နေရာတွေမှာ အမိန့်တွေ ထုတ်ထားရပါပြီ။

လက်ရှိ အခြေအနေမှာ ကိုယ့်နိုင်ငံ ဘယ်လိုအခြေအနေမှာပဲ ရှိနေရှိနေ တစ်နေ့နေ့ တစ်ချိန်ချိန်ရောက်ရင် ဘားမိစ်ပိုင်သွန်ကို လူတွေမထီမဲ့မြင် မပြုရဲကြသလို ကိုယ့်နိုင်ငံသားတွေကို အများက အထင်ကြီးလေးစား ကြရတဲ့ ဘ၀မျိုးကို ရောက်လာလိမ့်မယ်လို့ ရင်ထဲမှာ အာရုံရနေ မိတာကတော့ အမှန်ပါပဲ . . . . .

အခု မြွေမဟုတ်တဲ့ ဘားမိစ်ပိုင်သွန်တစ်မျိုး အမေရိကားမှာ ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ MMA (Mixed Martial Arts) လို့ခေါ်တဲ့ ခြောက်မြှောင့်ပုံသဏ္ဌာန် သံဆန်ခါဝိုင်း အတွင်းမှာ ငါးမိနစ်သုံးချီ သူသေကိုယ်သေ အနိုင်ထိုးသတ်ရတဲ့ ပွဲမျိုးတွေမှာ ထိုးသတ်ရတဲ့ လက်ဝှေ့သမား တစ်ဦးပါပဲ။ သူ့ကို လူတွေက "ဘားမိစ်ပိုင်သွန်" လို့ အသိများကြပြီး သူ့မူရင်း နာမည်ကတော့ "အောင်လဆန်း" (Aung La Nsang) ဖြစ်ပါတယ်။ အောင်လဆန်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့သူပါ။ အသက် ၂၈ နှစ်ရှိပြီး အရပ် ၆ ပေ ၁ လက်မ ကိုယ်အလေးချိန် ၁၇၅ ပေါင် ရှိပါတယ်။ အောင်လဆန်းဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က အမေရိကားကို ရောက်လာပြီး ၁.၅.၂၀၀၅ ရက်နေ့က အဲဒီလို ကြေးစားလက်ဝှေ့ပွဲမျိုးကို စတင်ထိုးသတ် ခဲ့တာပါ။ ၂၁ ပွဲ ထိုးရာမှာ ၁၃ ပွဲနိုင်ပြီး ရှစ်ပွဲရှုံးတဲ့စံချိန် ရှိခဲ့ပါတယ်။ ၁၇.၈.၂၀၁၃ မှာ "ရှက်ဒရစ်ဂွတ်ဒရစ်ခ်ျ" (Shedrick Goodridge) လို့ခေါ်တဲ့  အမေရိကန် နိုင်ငံသား အာဖရိကနွယ်ဖွား တစ်ဦးနဲ့ ယှဉ်ပြိုင်ထိုးရတော့မယ်ဆိုတာ သိလိုက်ရတော့ သြဂုတ်လ ၁၆ ရက်နေ့ညမှာ ကိုယ်အိပ်လို့တောင် မပျော်ခဲ့ပါဘူး။ ဂွတ်ဒရစ်ခ်ျဟာ အောင်လဆန်းထက် အသက်ငါးနှစ်ငယ်ပြီး အရပ်တစ်လက်မ ပိုရှည်တဲ့အပြင် နှစ်ပေါင်လည်း ပိုလေးပါတယ်။ ဂွတ်ဒရစ်ခ်ျပုံကိုကြည့်ပြီး ကိုယ့်လူရှုံးတောင်မှ မြင်မကောင်း ရှုမကောင်းလောက်အောင် သွေးသံရဲရဲ ပက်ပက်စက်စက်နဲ့တော့ မရှုံးပါစေနဲ့လို့ ဆုတောင်းခဲ့မိတာ အမှန်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒီလက်ဝှေ့ပွဲမျိုး ကြည့်ရတာ တစ်ခါတစ်ခါ အမဲပေါ်တဲ့ နေရာနား ရောက်သွားသလို ခံစားရတတ်လို့ပါပဲ။

တခြားနိုင်ငံကို ကိုယ်စားပြုပြီး ထိုးနေတာ ဖြစ်ပေမယ့် သူဟာကိုယ့်နိုင်ငံသား ကချင်တိုင်းရင်းသား လူရွယ်တစ်ဦးဆိုတော့ သူ့အပေါ် သံယောဇဉ် မဖြစ်ဘဲ ဘယ်နေနိုင်လိမ့်မတုံး။ နောက်ပြီးသူက အမေရိကားမှာ နာမည်ကြီးတဲ့ ဘားမိစ်ပိုင်သွန်ဆိုတဲ့ နာမည်ကို ယူထားတဲ့သူလေ။ ကြော်ငြာထဲမှာလည်း ရင်ဘတ်မှာ ဘားမိစ်ပိုင်သွန်ဆိုတဲ့ စာတမ်းပါတဲ့ အင်္ကျီကြီးနဲ့။ နောက်က သူ့အဖွဲ့သားတွေကလည်း အဲဒီစာတမ်းမျိုးပါတဲ့ ဆိုင်းဘုတ်တွေကို လက်ထဲမှာ ကိုင်ထားကြလို့။

တကယ်ထိုးတော့ ဒုတိယအချီ တစ်မိနစ်နဲ့ လေးဆယ့်လေးစက္ကန့်မှာပဲ အောင်လဆန်းဟာ ပြိုင်ဘက်ကို အနိုင်ရရှိ သွားပါတယ်။ ပြိုင်ဘက်ရဲ့ နောက်ကျောဘက်ကနေပြီး မေးအောက်က လည်ပင်းကို လက်နှစ်ဖက်နဲ့ အသေညှစ်ထားရတဲ့ နည်းမျိုးနဲ့ ပြိုင်ဘက်ကို အနိုင်ရသွားတာပါ။ ဒီသတ်ကွက်မျိုးကို သူအင်မတန် ပိုင်ပါတယ်။ နောက်ကနေ တစ်ဖက်လူရဲ့ခါးကို ခြေထောက်နှစ်ဖက်နဲ့ခွပြီး ချုပ်ထားနိုင်ဖို့ အရင်ကြိုးစား ရတာပါ။ ပြီးတော့ ပြိုင်ဘက်က အရှုံးပေးရတဲ့အထိ ပြိုင်ဘက်ရဲ့ လည်ပင်းကို နောက်ဘက်ကနေ လက်နှစ်ဖက်နဲ့ စပါးအုံး တစ်ကောင်လို အသေညှစ်ထားရတာ ဖြစ်ပါတယ်။ ပြိုင်ဘက်က မခံနိုင်တော့လို့ သူ့ခန္ဓာကိုယ်ကို ပဲဖြစ်ဖြစ် ကိုယ့်ခန္ဓာကိုယ်ကိုပဲဖြစ်ဖြစ် ကြမ်းပြင်ကိုပဲဖြစ်ဖြစ် လက်ဝါးနဲ့ပုတ် အချက်ပြတဲ့ အချိန်ဟာ ပွဲသိမ်းတဲ့ အချိန်ပါပဲ။ အခုတစ်ခါမှာလည်း ဂွဒ်ဒရစ်ခ်ျဟာ ဖလော်ရီဒါပြည်နယ်က ပေ ၂၀လောက် အရှည်ရှိတဲ့ ဘားမိစ်ပိုင်သွန်တစ်ကောင် သူ့နောက်ကျောပေါ် ရောက်သွားသလို ခံစားသွားရ ရှာပါတယ်။ အောင်လဆန်းဟာ ဒီပုံစံမျိုးနဲ့ပဲ ပြိုင်ဘက်အပေါ် အများဆုံး အနိုင်ယူခဲ့တာပါ။ ဘားမိစ်ပိုင်သွန်လို ပြိုင်ဘက်ကိုညှစ်ပြီး အနိုင်ယူတာမျိုးကို လူတွေက သဘောကျလွန်းလို့ သူဖွင့်ထားတဲ့ လက်ဝှေ့သင်တန်းကို လာတက်နေသူတွေ တစ်ရာနီးပါးလောက်တောင် ရှိနေပြီလို့ သိရပါတယ်။ အောင်လဆန်းနဲ့ ဂွဒ်ဒရစ်ခ်ျတို့ ယှဉ်ပြိုင်တဲ့ပွဲကို ကိုယ်တိုင်မကြည့်ရပေမယ့် အဲဒီအချိန်မှာ ပရိသတ်ကြီးက "ဘားမိစ်ပိုင်သွန်.. ဘားမိစ်ပိုင်သွန်..." လို့ ဘယ်လောက်များ အော်ဟစ်အားပေး နေကြမလဲဆိုတာ မျက်စိထဲမှာ မြင်ယောင်နေမိပါတယ်။

အားကစားဟာ လူမျိုးတစ်မျိုးရဲ့ စိတ်ဓာတ်ကို အများဆုံး မြှင့်တင်ပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။ နိုင်ငံတကာ အားကစားလောက တစ်နေရာမှာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုတဲ့ ထူးချွန်သူ အားကစားသမားတစ်ယောက် ပေါ်လာဖို့ဆိုတာ မလွယ်ပါဘူး။ အောင်လဆန်းဟာ အခုလက်မှတ်ထိုးထားခဲ့တဲ့ နှစ်နှစ်စာချုပ် သက်တမ်းကုန်ရင် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ထိုးတော့မယ်ဆိုတာ သိရလို့ ၀မ်းသာရပါတယ်။

အခုလက်ရှိ အခြေအနေမှာ ကိုယ့်နိုင်ငံ ဘယ်လိုအခြေအနေမှာပဲ ရှိနေရှိနေ တစ်နေ့နေ့ တစ်ချိန်ချိန်ရောက်ရင် ဘားမိစ်ပိုင်သွန်ကို လူတွေမထီမဲ့မြင် မပြုရဲကြသလို ကိုယ့်နိုင်ငံသားတွေကို အများက အထင်ကြီးလေးစား ကြရတဲ့ ဘ၀မျိုးကို ရောက်လာလိမ့်မယ်လို့ ရင်ထဲမှာ အာရုံရနေ မိတာကတော့ အမှန်ပါပဲ။

မြန်မာလူမျိုးဟာ  ပင်ကိုသဘာဝ အကျင့်စရိုက်အရ ခြောက်ပြစ်ကင်းသဲလဲစင်တော့ မဟုတ်ပါဘူး။ ချို့ယွင်းချက် အားနည်းချက်တွေ ရှိပါတယ်။ ဒါပေမဲ့ အစွမ်းအစလည်း ရှိပါတယ်။ တစ်ခါတစ်ရံများဆိုရင် ကျန်တဲ့လူ အတော်များများထက်တောင် သာပါပေတယ်ဆိုတဲ့ လုပ်ဆောင်မှုတွေလည်း ရှိပါတယ်။ ချို့ယွင်းချက် အားနည်းချက် ရှိတယ်ဆိုတဲ့ အထဲမှာ အကြောင်းအရာ တစ်ခုကို ဂဃနဏ အသေးစိတ် နားလည်အောင် လုပ်ဆောင်တဲ့ နေရာမှာတော့ အတော်အားနည်းတယ်လို့ ပြောရပါမယ်။ အကြောင်းအရာ ကိစ္စတစ်ခုကို အသေအချာ အရင်မလေ့လာ မစူးစမ်းဘဲ လုပ်ငန်းကို အလျင်စလို စချင်တဲ့စိတ်တွေက သိပ်များနေပါတယ်။ အခုတလော ဒီလိုကိစ္စမျိုးတွေ နေရာတော်တော် များများမှာ တွေ့နေရလို့ သတိထားမိတာပါ။ နိုင်ငံကို အခြေခံအုတ်မြစ် ခိုင်မာအောင် စတင်ကြိုးစားနေတဲ့ ကာလမှာ ဒီအားနည်းချက်ကို သဘောပေါက်ပြီး ပြုပြင် လိုက်ကြမယ်ဆိုရင်ဖြင့် တစ်နေ့မှာ ဘားမိစ် ပိုင်သွန်ဟေ့လို့ ဆိုလိုက်တာနဲ့ အသံကြား တဲ့လူတွေရဲ့ ခြေလှမ်းတွေ တုံ့ခနဲဖြစ်သွား ကြမှာ အသေအချာပါပဲ။

No comments: