Friday, February 1, 2013

လူရှုပ်တွေကို သတိထား



“လေကောင်းလေသန့်တွေရဖို့ ပြတင်းတံခါးဖွင့်လိုက်ပြီဆိုရင် ယင်ကောင်တွေ ၀င်လာမယ်ဆိုတာကိုလည်း ကြိုတွက်ထား ရမယ်” -တိန့်ရှောင်ဖိန်

အထက်ပါ စကားစုသည် တရုတ်နိုင်ငံအပေါ် သြဇာကြီးမားသော ခေါင်းဆောင်တစ်ဦးဖြစ်သူ တိန့်ရှောင်ဖိန်က သူ့နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ၁၉၈၀ အစောပိုင်းနှစ်များအတွင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ရသော မြန်မာနိုင်ငံတွင်လည်း လေကောင်းလေသန့်ဟု ဆိုနိုင်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိလာစေရန် ပြတင်းတံခါးတစ်ခုအဖြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (FDI) ကို ၂၀၁၂ နိုဝင်ဘာလဆန်းက ပြည်ထောင်စုလွှတ်တော်တွင် ပြဋ္ဌာန်းခဲ့သည်။ လက်တွေ့ကျသော ရင်းနှီးမြှုပ်နှံမှုများရရှိရန်အတွက် နည်းဥပဒေကို ယခုလကုန်တွင် ပြဋ္ဌာန်းတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကဆိုသည်။ အခွင့်အလမ်းနှင့် အရင်းအမြစ်များ ကြွယ်ဝဆဲ အပျိုစင်နိုင်ငံ မြန်မာနိုင်ငံသို့ အမှန်တကယ် တာဝန်သိစွာ ရင်းနှီးမြှုပ်နှံသူများ ၀င်လာကြတော့မည်။ ၎င်းတို့အပြင် ယင်းပြတင်းတံခါးအဖွင့်တွင် လိမ်လည်အမြတ်ထုတ်မည့်သူ များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ပြည်တွင်းသို့ ၀င်ရောက်လာမည်မှာ မလွဲဧကန်ဖြစ်သည်။

စီမံခန့်ခွဲမှုအလွဲများကြောင့် ရာစုနှစ်ထက်ဝက်ခန့် ဖရိုဖရဲဖြင့် ရုန်းကန်ခဲ့ရသော မြန်မာ့စီးပွားရေးလောကသည် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကြောင့် ကမ္ဘာတစ်ဝန်းမှ စီးပွားရေးလုပ်ငန်းကြီးများ၏ ဈေးကွက်အသစ်အဖြစ် စန်းပွင့်လျက်ရှိသည်။ လူဦးရေသန်းထောင်ချီရှိသော အာရှအင်အားကြီး တရုတ်နှင့် အိန္ဒိယအကြားတွင် တည်ရှိသော ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းနေသည့် ဈေးကွက်အသစ်ဖြစ်သည့် မြန်မာနိုင်ငံကို လာရောက်စီးပွား ရေးလုပ်ကိုင်ရန်အတွက် လုပ်ငန်းရှင်များရော လိမ်လည်သူများပါ မျက်စိကျလျက်ရှိသည်။

“သူတို့က ကိုယ့်ထက်လည်တယ်။ လုပ်တတ်ကိုင်တတ်တယ်။ နိုင်ငံခြားလုပ်ငန်းရှင်တွေပါလာရင် လူလိမ်တွေပါလာမှာပဲ။ သတိထားဖို့ လိုတယ်” ဟု ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှ ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက မှတ်ချက်ပြုသည်။

ရင်းနှီးမြှုပ်နှံမှုများကို အကြောင်းပြပြီး ခြေရှုပ်မည့်သူများမှာ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ အဆင်သင့်မဖြစ်မီ အချိန်တွင်ပင် ၎င်းတို့က ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။ ပထမဆုံး အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်ကလည်း တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံထဲသို့ ၀င်ရောက်ရန် ကမ္ဘာတစ်ဝန်းမှ လူရှုပ်များ ဘန်ကောက်မြို့ရှိ ဟိုတယ်များတွင် စောင့်ဆိုင်းနေကြောင်း ၂၀၁၁ ခုနှစ်တွင် သတင်းဌာနတစ်ခုနှင့်တွေ့ဆုံစဉ် ပြောကြားသတိပေးခဲ့သည်။

လွန်ခဲ့သော ရာစုနှစ်တစ်ဝက်နီးပါး အချိန်တွင် အစိုးရနှင့် နီးစပ်သူများသာ တရင်းတနှီးရှိခဲ့ သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုသည်ကို မြန်မာနိုင်ငံတွင် မကြာမီ အချိန်အတွင်းတွင် ပြည်သူလူထုနှင့် စတင်ထိတွေ့ရတော့မည်ဖြစ်သည်။ ယင်းအပြောင်းအလဲကာလတွင် နိုင်ငံတကာဆက်ဆံမှုတွင် အတွေ့အကြုံရှိပြီးဖြစ်သော အစိုးရ အဆက်ဆက်နှင့် ပနံသင့်သူများထက် သာမန်လူများမှာ ကမ္ဘာ လှည့်လိမ်လည်သူများ၏ ပစ်မှတ်ဖြစ်ရန် ပိုမိုနီးစပ်နေကြောင်း စီးပွားရေးလုပ်ငန်း ကျွမ်းကျင်သူများက ဆိုသည်။ နိုင်ငံခြားသားကို အထင်ကြီးတတ်သူများ၊ လောဘကြီးပြီး ယုံလွယ်သူများမှာ လိမ်လည်ခံရရန်အတွက် သေချာသလောက် ရှိနေကြောင်း ၎င်းတို့ကဆိုသည်။

“ဒီကလူတွေဖြစ်လေ့ရှိတာ နိုင်ငံခြားသားဆို အလိုလိုနေရင်း ကြောက်နေတတ်တယ်။ အရမ်းကိုလေးစားနေတာ။ ဘယ်ကသူမှန်းတောင် မသိဘဲနဲ့ သူတို့ပြောတဲ့အရာတွေကို အထင်ကြီးပြီး သူတို့က ဘာမှတောင်လုပ်ပြစရာမလိုဘူး။ ကိုယ်ကသွားပြီး ရင်းနှီးမြှုပ်နှံဖို့ သွားပေးတာမျိုးတွေလည်းရှိတယ်” ဟု ထူးထရေးဒင်းမှ ဒါရိုက်တာဦးရဲမင်းဦးကပြော သည်။

နိုင်ငံရပ်ခြားမှလာရောက် ရင်းနှီးမြှုပ်နှံမည့်သူများသည် မြန်မာနိုင်ငံရှိ ကုမ္ပဏီ (သို့မဟုတ်) လူပုဂ္ဂိုလ်များဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မည်ဆိုပါက ၎င်းတို့ ပူးပေါင်းမည့်အဖွဲ့အစည်း၏ နောက်ကြောင်းရာဇ၀င်နှင့် ငွေကြေးခိုင်မာမှု အပါအ၀င် အချက်အလက် အစုံအလင်ကို သေချာလေ့လာမှု ပြုလုပ်လေ့ရှိသော်လည်း မြန်မာနိုင်ငံသားများမှာ ယင်းအချက်တွင် အားနည်းလေ့ရှိကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး အတွေ့အကြုံရှိသော ရှေ့နေများကပြောသည်။ တစ်ဖက်မှလာရောက် ဆက်သွယ်သူများ၏ ခိုင်မာမှုနှင့် နောက်ကြောင်းရာဇ၀င်ကို သေချာမစုံစမ်းဘဲ ယုံလွယ်မှုကြောင့် လိမ်လည်ခံခဲ့ရမှုများ အတိတ်ကာလတွင် အများအပြား ရှိခဲ့ကြောင်း ၎င်းတို့ကပြောသည်။

“ကိုယ်နဲ့ပူးပေါင်းမယ့်သူဟာ တကယ်ရှိရဲ့လားဆိုတာ အရင်လေ့လာရမယ်။ တချို့ဆို လိပ်စာကတ်ထဲမှာတော့ အကြီးကြီးတွေ ရေးထားတယ်။ ဒေါက်တာတို့ ဘာတို့နဲ့။ တကယ်လည်း ဟုတ်ချင်မှ ဟုတ်မယ်။ ဒီလို လိမ်နေတာပဲ။ တချို့ဆို လိပ်စာကတ်ထဲမှာပဲ ကုမ္ပဏီကရှိတာတို့၊ Laptop ထဲမှာပဲ ကုမ္ပဏီက ရှိတာတို့နဲ့ အလိမ်ခံရတာ အများကြီးဘဲ” ဟု နိုင်ငံတကာစီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဥပဒေဆိုင်ရာ ၀န်ဆောင်မှုများ၊ အကြံဉာဏ်များ ပေးနေသည့် KELVIN C.H.I.A Law Firm မှ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ)က ပြောသည်။

စေ့စပ်သေချာသော လေ့လာဆန်းစစ်မှု မပြုလုပ်ဘဲ ယုံလွယ်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သောကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ် ရသလို ဥပဒေကြောင်းအရ ၎င်းတို့က အသာစီးရထားမှုကို မသိရှိဘဲ စာချုပ်စာတမ်းများ လွယ်လွယ်ချုပ်ဆိုမှုကြောင့် ဆုံးရှုံးမှုများ ပေါ်ပေါက်ရသည်များလည်းရှိကြောင်း ၎င်းကဆိုသည်။

“နိုင်ငံခြားသားနဲ့လုပ်ရင် လက်မှတ်ထိုးမမှားဖို့က အရေးကြီးတယ်” ဟု ဒေါက်တာမောင်မောင်လေးကဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အကြောင်းပြုပြီး ပြည်သူများ လိမ်လည်မှုမခံရစေရန်အတွက် အစိုးရက ဦးစားပေး အစီအစဉ် တစ်ရပ်အဖြစ် ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။ လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများ၏ လုပ်ရပ်များကို စောင့်ကြည့်မှုများ၊ သတင်းအချက်အလက် ထုတ်ပြန်မှုများကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်သင့်ကြောင်း ၎င်းတို့က ဆိုသည်။

ယခင်အစိုးရများလက်ထက်က ချမှတ်ခဲ့သော မူဝါဒအချို့နှင့် လက်တွေ့လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်နေမှုများအကြား ကွာဟချက်များကို အသုံးချပြီး လိမ်လည်မှုများပြုလုပ်ခြင်းများကို သင်ခန်းစာယူပြီး ပြည်သူများ မနစ်နာစေရေးအတွက် အစိုးရဘက်မှ အလေးထားဆောင်ရွက်သင့်ကြောင်း ၎င်းတို့ကဆိုသည်။ ယခင်ကာလများတွင် ချမှတ်ခဲ့သည့် ပို့ကုန်ရှိမှ သွင်းကုန်တင်သွင်းခွင့်ရမည်ဆိုသည့် မူဝါဒတွင် လက်တွဲလုပ်ဆောင်သည့် နိုင်ငံခြားသားများ၊ လိမ်လည်မှုကို ပြည်တွင်းလုပ်ငန်းရှင်များ မကြာခဏ ခံစားခဲ့ရကြောင်း ကိုယ်တွေ့ကြုံသူများကဆိုသည်။

“အဲဒီတုန်းက ဒေါ်လာနှစ်သန်းလောက်ပါသွားတယ်။ ဒါကို အစိုးရအကြီးအကဲကိုတိုင်တော့ အမည်ပျက်စာရင်းပဲ လုပ်ပေးတယ်။ ငွေကတော့ ဆုံးသွားတယ်” ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးဖြစ်သူ ဒေါက်တာဦးမောင်မောင်လေး ကပြောသည်။

တိုင်းပြည်အတွင်း အမြစ်တွယ်နေသော အဂတိလိုက်စားမှုများကလည်း ကမ္ဘာလှည့်လိမ်လည်သူများအတွက် အသာရစရာ အချက်တစ်ခု ဖြစ်လာနိုင်ကြောင်း လေ့လာသူများက ဆိုသည်။ အဂတိလိုက်စားမှုကြောင့် လိမ်လည်သူများ လွယ်လွယ်ကူကူပင် ထွက်ပြေးလွတ်မြောက်ခြင်း၊ မဆိုသလောက်သော ပြစ်ဒဏ်သာခံရခြင်း၊ ကုမ္ပဏီလုပ်ငန်းအတုများ ပေါပေါများများ တည်ထောင်နိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်သောကြောင့် ယင်းအချက်ကို အလေးထားကိုင်တွယ်ရန် အရေးကြီးကြောင်း နယ်ပယ်အသီးသီးက ပညာရှင်များကပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC) ဘက်ကမူမသမာမှုများ ပြုလုပ်ပါက ထိထိရောက်ရောက် အရေးယူမည်ဟု ဆိုသည်။ လုပ်ပိုင်ခွင့်ချပေးထားသော ကုမ္ပဏီများကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု MIC က ဆိုသည်။

“အရင်တုန်းက ဒီလိုကွင်းဆင်းစစ်ဆေးခဲ့တာတို့၊ အရေးယူတာတို့ မရှိခဲ့ဘူး။ ဒါကြောင့် ဒါကို အဓိကလုပ်မယ်” ဟု MIC မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အကြောင်းပြုပြီး လိမ်လည်မှုမခံရစေရေးအတွက် ယုံကြည်လွယ်ခြင်း၊ အားနာခြင်း၊ အထင်ကြီးခြင်းတို့ကို ခေတ္တမေ့ထားကာ ကိုယ်နှင့်တွဲလုပ်မည့်သူများအကြောင်း ခရေစေ့တွင်းကျလေ့လာခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ဦးသန်းမောင် (စစ်တွေ)က ပြောသည်။

“အမေးအမြန်းမခံရင်တော့ လိမ်တဲ့ကုမ္ပဏီ၊ တကယ်မရှိတဲ့ ကုမ္ပဏီဖြစ်ဖို့ ၇၅ ရာခိုင်နှုန်းလောက် သေချာနေပြီ” ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အတူ မကြာမီကာလပိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုများကြောင့် ရရှိလာမည့် အကျိုးအမြတ်များဟူသော လေကောင်းလေသန့်များနှင့်အတူ ကမ္ဘာလှည့်လိမ်လည်သည့် ယင်ကောင်များလည်း ၀င်လာတော့မည်ဖြစ်သည်။ နှစ်ပေါင်းများစွာ နိုင်ငံတကာနှင့် ဆက်ဆံရေးကင်းကွာနေရသော ပြည်သူများအတွက် လေကောင်းလေသန့်များ ခံစားရမည်လား၊ သို့တည်းမဟုတ် ယင်ကောင်များ၏ ဒဏ် ခံစားရမည်လားဆိုသည်မှာ မကြာမီကာလအတွင်း အဖြေပေါ်မည်ဖြစ်ပါသည်။

ရေးသားသူ- သတင်းအဖွဲ့ - 7Day News Journal

No comments: