Tuesday, February 12, 2013

ဖေဖော်ဝါရီ အလွမ်း


 
`ဖေဖော်ဝါရီ´၊ရောက်လာပြီတည့်
ဇာနည်အောင်ဆန်း၊ပြည်ချစ်ပန်း၏
ပွင့်လန်းထုံညက်၊ဆယ့်သုံးရက်ကို
ဘယ့်တွက်မေ့နိုင်ပါမည်နည်း။

ယခုခါဝယ်၊များလူငယ်တို့
ဆယ်ကိုသုံးစွန်း၊မေ့နိုင်လွန်းကြ
ရွှန်းရွှန်းဝေဆာ၊ပြောကြပါသည်
လာမည်ထိုရှေ့၊`ချစ်သူနေ့´တဲ့
ဇာနည်ကိုမေ့၊လစ်လျူရှုပေ့ကွယ်။

`ချစ်သူ´ချစ်သူ၊ခေတ်လူငယ်ကို
ပြစ်ယူဖွယ်ဟု၊ဆိုသမှုလျှင်
မပြုချင်လည်း၊ရင်ထဲမကောင်း
ခါမနှောင်းခင်၊သိစေချင်မိ
ဖခင်အောင်ဆန်း၊ပြည်ချစ်ပန်းကို
လွမ်းကြပါစေ၊ချစ်သူတွေ…
တမ်းတပါလေ၊ခေတ်လူတွေ။

ကြည့်စမ်းပကွယ်..
မြန်မာ့မြေပေါ်၊ကျူးကျော်စော်ကား
နယ်ချဲ့များကြောင့်၊နင်းပြားဘဝ
ကျွန်ဖြစ်ကြပေ၊မြန်မာတွေ..
နွံနစ်ရလေ၊မြန်မာပြေ။

သိစမ်းကြကွယ်..
ဘ၀နွံနစ်၊ကျွန်ဖြစ်ဇာတ်လမ်း
သက်တမ်းရှည်ကြာ၊ဘယ်ခါလွတ်ပါ့
မြန်မာ့သောင်ကမ်း၊အမှောင်လွှမ်းချိန်
အောင်ဆန်းဇာနည်၊ပေါ်ခဲ့ပြီတည့်
ခိုင်ကျည်စိတ်ဓါတ်၊မွန်မြင့်မြတ်ခဲ့
ထွတ်မြတ်တဲ့ပြည် ချစ်ကြမည်..
လွတ်လပ်တဲ့ပြည် ဖြစ်ရမည်..။

နေ့ညမပြတ်-
လွတ်လပ်ဖို့ရေး၊အမြဲတွေးကြံ
သွေးမာန်ဇာတိ၊အမြဲရှိခဲ့
သတ္တိထွန်းပြောင်၊သခင်အောင်ဆန်း
ရှေ့တန်းကိုထွက်၊အသက်သေစေ
တို့ပြေတို့မြေ၊တို့ပိုင်စေကြောင်း
ကြေညာမောင်းလည်း၊သောင်းသောင်းညံခဲ့
ကျောင်းနံရံပွင့်မယ့် အော်သံပေး..
ဒေါင်းအလံလွှင့်တဲ့ တော်လှန်ရေး..။

တွေးဆထပ်ထပ်-
လွတ်လပ်ဖို့ပဲ၊အမြဲကြံစည်
ဂျပန်ပြည်သွား၊ကျောင်းသားအရွယ်
လူငယ်ထက်မြက်၊အသက်အစိတ်
သုံးကျိတ်ရဲဘော်၊လက်တွဲခေါ်ပြန်
တော်လှန်ဖို့ရေး၊စစ်သွေးကြွခဲ့
မြန်မာ့တပ်မတော်၊ထွန်းပေါ်တောက်လျှမ်း
အောင်ပန်းရာချီ သရဖူဆောင်း..
အောင်ဆန်းဇာနည် သူရဲကောင်း..။

ဖြစ်စမ်းချင်သည်
ဖခင်အောင်ဆန်း၊ပြည်ချစ်ပန်းကို
ခေတ်စမ်းလူငယ်၊တုယူဖွယ်ပ
ဘယ်ဝန်ဘယ်တာ၊ဘယ်ခါထမ်းထမ်း
စွမ်းစွမ်းတမံ၊တို့နိုင်ငံတွက်
တိုးတက်ရစ်ဖို့၊ကြိုးစားလေ..
မျိုးဆက်သစ်တို့၊နိုးကြားစေ။

သစ်ဆန်းချင်သည်
ဖခင်အောင်ဆန်း၊ပြည်ချစ်ပန်း၏
စွမ်းရည်ဂုဏ်ထူး၊ဖေ့ကျေးဇူးကို
ဦးတင်ထွတ်မြတ်၊မမေ့အပ်ဖို့
သတ်မှတ်ချင်ပေ့၊`အဖေနေ့´ဟု
ယနေ့မှသည်၊ကမ္ဘာတည်စေ
အဖေဇာနည် တစ်သက်လုံးမမေ့
ဖေဖော်ဝါရီ၊ဆယ့်သုံးနေ့…။ ။
 

-------------------------မင်းတံခွန်-----

No comments: