Wednesday, February 6, 2013

ကျန်းမာရေး ၅ နှစ် စီမံကိန်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ပူးပေါင်းဆောင်ရွက်မည်


မြန်မာနိုင်ငံသည် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့် ပူးပေါင်း၍ လာမည့် ၅ နှစ် အတွက် ကျန်းမာရေး စီမံကိန်းများကို အကောင်အထည်ဖော် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြထားသည်။ ကျန်းမာရေး ၀န်ကြီး ဒေါက်တာ ဖေသက်ခင်က နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေး၌ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မည့် ၂၀၁၁-၂၀၁၆ စီမံကိန်း ရည်မှန်းချက်ကို အောင်မြင်အောင် အကောင် အထည် ဖော်ကြရန် တိုက်တွန်းခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာက ရေးထားသည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) နှင့်လည်း ပူးပေါင်းကာ ၂၀၁၂-၂၀၁၅ ကျန်းမာရေး၊ လူဦးရေ၊ HIV/AIDS နှင့် ကျားမ တန်းတူ အခွင့်အရေး ဆိုင်ရာများနှင့် ပတ်သက်ပြီး ၄ နှစ်စီမံကိန်းကို အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိကြောင်း၊ UNFPA အနေဖြင့် မြန်မာနိုင်ငံနှင့် ဆောင်ရွက် ရာတွင် ၂၀၁၂ ခုနှစ် ဇူလိုင်လက အမေရိကန် ဒေါ်လာ ၂၉.၅ မီလီယံ ထည့်ဝင် သုံးစွဲရန် သဘောတူထားကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့နှင့်လည်း ပူးပေါင်းကာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ကလေးဖွံ့ဖြိုးရေး ၅ နှစ် စီမံကိန်းကို အကောင် အထည် ဖော်လျက်ရှိကြောင်း သိရသည်။

ယင်း ပူးပေါင်း လုပ်ဆောင်မှုများသည် အခြေခံအားဖြင့် ကလေးသူငယ်ဖွံ့ဖြိုးရေး၊ ရေသန့်ရရှိရေး၊ သဘာဝ ၀န်းကျင် သန့်ရှင်းရေး၊ တကိုယ်ရည် သန့်ရှင်းရေး၊ ပညာရေး၊ ကျားမ ညီတူညီမျှ ဆက်ဆံခွင့် ရရှိရေး၊ HIV/AIDS နှင့် လူမှုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုများ ပါဝင်ကြောင်း သိရသည်။
ဧရာဝတီ - ကျန်းမာရေး ၅ နှစ် စီမံကိန်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ပူးပေါင်းဆောင်ရွက်မည်

HIV နဲ့ နေထိုင်သူတွေမှာ ဆေးမတိုးတဲ့ ရောဂါတွေ ဖြစ်လာဖွယ်ရှိ

HIV နဲ့ လူနာတစ်ယောက် (ဘွဲ့တော့ ရတယ်၊ ပညာတတ်မတတ်တော့ မသိဘူး) လာပြတယ်။ သူရောဂါ ရှိမှန်းကို HIV အထူးကုက ရှင်းပြပြီးသား။ ဆေးရုံတက်ဖို့ လိုတော့မှ ကျနော်နဲ့ ပြပြီး တက်တာ။ သူ HIV အတွက် ဆေးသောက်ချင် တယ်တဲ့။ သောက်လဲ သောက်ရမဲ့ အနေအထားကိုး။ ဆေးရုံက ဆင်းပြီး ၅ ရက်နေရင် ပြန်ပြပါ။ အဲဒီအချိန်မှာ ညွှန်ကြားမယ်လို့ ပြောလိုက်တယ်။ ပြန်လာပြတော့ HIV ဆေးတွေ သူစသောက်နေပြီတဲ့။ ကျနော့် မျက်လုံးပြူး သွားတယ်။ မူလဆရာဝန်ကြီး HIV အထူးကုနဲ့ ပြန်ပြဖြစ်လို့လား ဆိုတော့ မဟုတ်ပါဘူးတဲ့။ မကွေး သွားဝယ်လိုက်တာတဲ့။
ပြပါဦးလို့ ပြောတော့ HIV ဆေး ၂ မယ်ထဲ ၂ မျိုးထဲ ပါတဲ့ဆေး (၃ မျိုး ၃ မယ် သောက်ရမယ်ဆိုတာလဲ သိဟန်မတူ)။ ဒါနဲ့ ဘယ်သူပေးလိုက်တာလဲလို့ မေးကြည့်တော့ နာမည်ကြီး ဆေးဆိုင်ပိုင်ရှင် ကိုယ်တိုင်ပါတဲ့။ ၂ မျိုး ၃ မျိုး ထုတ်ပြလိုက်သေး သတဲ့ (လုံချည် အဆင်ရွေး သလို ကြိုက်တာယူဆိုတဲ့ သဘောမျိုး)။

လူနာတွေ ပြည်သူတွေ မသိတာ ထားတော့။ Part 2 ကျောင်းသားလေးတွေကို မကြာခဏ ကြုံရင် မေးကြည့်မိတယ်။ “Amoxicillin (Amoxil) ဆိုတဲ့ ဆေးဟာ လူနာဘာသာ ဆေးဆိုင်မှာ ကြိုက်သလို ၀ယ်သောက်ခွင့် ရှိတဲ့ (OTC = Over The Counter) ဆေးလား။ ဆရာဝန် ညွှန်ကြားချက်ပါမှ ၀ယ်သောက်ရတဲ့ (Prescription Only Medication) ခေါ် သမားကိုင်ဆေးလား”
ရင်ကွဲလောက်တဲ့ အဖြေပေးတယ်။ “ (OTC = Over The Counter) ဆေး” ပါတဲ့။ နောက်ဆုံးနှစ် ဆေးကျောင်းသား ဆရာဝန်လောင်းလေးတွေက ညီညီညွတ်ညွတ် ကျယ်ကျယ်လောင်လောင်ကြီး ဖြေကြတယ်။ Pharmacology က မသင်ဘူးလား ဆိုတော့ သင်ဘူးတဲ့။ ကျနော်က “ဒါဆို စာလုံးဝ မတတ်တဲ့ လူတစ်ယောက်က အဲဒီဆေးကို ဘယ်ရောဂါမှာ ဘယ်နှစ်ကြိမ် ဘယ်နှစ်ရက် သောက်ရမယ် ဆိုတာ သူသိနိုင်သလား” လို့ ထောက်ပြရပါတယ်။

ကျနော်တို့ နိုင်ငံမှာ ဘယ်ဆေးတွေက ကြိုက်သလို ၀ယ်သောက်ခွင့်ရှိတဲ့ (OTC = Over The Counter) ဆေး၊ ဘယ်ဆေးတွေကတော့ သမားကိုင်ဆေး (Prescription Only Medication) ဆိုတာ ပညာပေးဖို့လည်း လိုပြီ။ ထိမ်းချုပ်တဲ့ စနစ်လည်း လိုပါပြီ။ အဲလိုမလုပ်ရင် ဆေးမတိုးသော ရောဂါတွေ မြန်မာပြည်က စပါတော့မယ်။
Daily Online News - HIV နဲ့ နေထိုင်သူတွေမှာ ဆေးမတိုးတဲ့ ရောဂါတွေ ဖြစ်လာဖွယ်ရှိ

No comments: