Tuesday, February 12, 2013

မြန်မာကလေးများနေ့ သတ်မှတ်ခြင်းနဲ့ပတ်သက်လို့


 
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈ နှစ်ပြည့် မွေးနေ့ဖြစ်သည်။ ထိုသို့ မြန်မာလူထု တစ်ရပ်လုံး၏လေးစားအတုယူဖွယ်ကောင်းသော၊ စာပေအနုပညာကို မြတ်နိုးလေသော၊ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် နိုင်ငံရေးတွင် ဘ၀ကိုနစ်မြုပ်ထားလေသော၊ မိသားစုနှင့် ပြည်သူပြည်သားများအပေါ်တွင်စေတနာမေတ္တာတရား ကြီးမား လေသော၊ အနစ်နာခံတတ်ပြီး ခေါင်းဆောင်စိတ်အပြည့်အ၀ရှိသောဗိုလ်ချုပ်အောင်ဆန်းကို လေးစားဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ကို အမှီပြုကာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို ကလေးများနေ့ဟု သတ်မှတ်ခဲ့ကြလေသည်။
ကလေးများနေ့အဖြစ် ဗိုလ်ချုပ်မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို သတ်မှတ်ခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင် ကလေးများနေ့ကို နှစ်ပေါင်းများစွာ အမေ့လျော့ခံဖြစ်နေခဲ့သည်။ကလေးများနေ့ကို အစိုးရကျောင်းများ၌ ကျင်းပခြင်းမရှိဘဲ ဗိုလ်ချုပ်မွေးနေ့ ကျင်းပခြင်းနှင့်အတူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တွင်သာကျင်းပခဲ့သည်။

“ကလေးများနေ့ (ဗိုလ်ချုပ်မွေးနေ့)ကို ၁၉၉၆ခုနှစ်ကတည်းစပြီး နှစ်တိုင်းကျင်းပခဲ့တယ်။ ဒီနှစ်မှာကလေးစာပေပြိုင်ပွဲတွေ၊ ဥာဏ်ရည်ပြိုင်ပွဲတွေကျင်းပဖို့ရှိပါတယ” ဟု NLD ပညာရေးကွန်ရက်မှအဖွဲ့ဝင်ဖြစ်သူ ဦးသိန်းလွင်က ပြောဆိုသည်။
“ဒီကလေးများနေ့မှာ ဗိုလ်ချုပ်သီချင်းဖြစ်တဲ့အာရှသူရဲကောင်းသီချင်းဆိုပြိုင်ပွဲရယ်၊ ဗိုလ်ချုပ်မိန့်ခွန်းပြိုင်ပွဲရယ် ကျင်းပမှာပါ။ ကလေးတွေက NLD ပညာရေးကွန်ရက်က ကလေးတွေရယ်၊အပြင်က ကလေးတွေရယ် အစုံဝင်ပြိုင်ကြမှာပါ။ အသက် ၁၂ နှစ်အောက်ကလေးတွေ ပြိုင်ကြမယ်။ ဗိုလ်ချုပ်မိန့်ခွန်းပြိုင်ပွဲမှာဆိုရင် မိန့်ခွန်း သုံးခုပေးထားတဲ့အထဲက ကလေး တွေပြိုင်ရမှာပါ” ဟု ၎င်းက ကလေးများနေ့ကျင်းပမည့်အကြောင်းပြောပြသည်။

မြောက်ဥက္ကလာရှိ အမေ့အိမ် ပညာဒါနစာသင်ကျောင်းတွင်လည်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကလေးများ နေ့ကိုကျင်းပခဲ့လေသည်။ ကျောင်းသား၊ ကျောင်းသူလေးများ ပညာရည်တိုးတက်မှု ဥာဏ်စမ်းပြိုင်ပွဲများကျင်းပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီ၊သင်ရိုးကဗျာရွတ် သရုပ်ဖော်နှင့် အောင်ဆန်းဇာနည် ကဗျာရွတ် သရုပ်ဖော်ပြိုင်ပွဲများ ကျင်းပပြီးဆုများချီးမြှင့်ခဲ့ကြောင်း အွန်လိုင်းစာမျက်နှာများတွင် ဖော်ပြထားသည်။
“ဒီကနေ့ကို ကလေးများနေ့လို့ ဘာလို့သတ်မှတ်လဲဆိုတာ ပြောပြချင်ပါတယ်။ အမေတို့နိုင်ငံက ကလေးတွေက မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ ဘယ်လိုဖြစ်သင့်တယ်၊ဘယ်လိုစိတ်ဓာတ်မျိုးထားသင့်တယ်ဆိုတာကို နားလည်အောင်လို့ ဒီနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်တာပါ။
အခု ဒီကဗျာလေးမှာ ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား ဆိုတာမှာ ဇာနည်ဆိုတာ အာဇာနည်ကနေလာတာ အာဇာနည်ဆိုတာ  အိန္ဒိယကလာတဲ့ အဓိပ္ပာယ်အရပြောရရင် မျိုးရိုးကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ တချို့ကမျိုးရိုးဆိုတာ အလွယ်စဉ်းစားလိုက်လို့ရှိရင်တော့ မိဘ၊ မိသားစုကောင်းတယ် မြင့်တယ်လို့ သတ်မှတ်ကြတယ်။ အမေတို့ တကယ့် အာဇာနည် တကယ့်မျိုးရိုးကောင်းတယ်ဆိုတာ စိတ်ထားမှန်ကန်ပြီးစိတ်ထားဖြူစင်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်လို့ ဒီလိုပဲ အမေတို့က သတ်မှတ်တယ်။ ဒါကြောင့်မို့လို့ ကလေးများနေ့ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာလုပ်တယ်ဆိုတာ ကလေးများက တကယ်ကို မြင့်မြတ်တဲ့စိတ်ထားတွေထားနိုင်အောင်လို့ ဖြစ်တယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ကလေးတွေက ကလေးများနေ့ကို လာလို့ရှိရင် မုန့်စားရမယ်။ လက်ဆောင်လေးတွေရမယ်။ပြိုင်ပွဲလေးတွေဝင်မယ်။ ဒီလိုပျော်တာလည်းမှန်ပါတယ်။ အမြဲပဲစဉ်းစားရမှာက ဘာဖြစ်လို့ကလေးတွေကို ဒီလိုပျော်အောင် လုပ်သလဲဆိုတာက ကလေးတွေကို ပျော်အောင်လုပ်ပြီးတော့အမှန်ပြောရရင် မှန်မှန်ကန်ကန် သင်ပေးချင်လို့။ ကျောင်းကိုသွားရရင် ပျော်တဲ့ကလေးတွေရှိတယ်။ကျောင်းသွားတာပျော်ကြရဲ့လား။ တချို့ကလည်း ပျော်တယ်။ တချို့ကလည်း မပျော်ဘူး။ ကျောင်းသွားတာပျော်မှ စာသင်ယူလို့ရမယ်။ ကျောင်းမှာမပျော်လို့ရှိရင် စာသင်ယူလို့မရဘူး။ ဒါကြောင့်မို့ အမေတို့ ကနေပြီးတော့ ကလေးများနေ့မှာ ကလေးတွေကို ပျော်အောင်လုပ်တဲ့ရည်ရွယ်ချက်ကတော့ ကလေးတွေကို မှန်မှန် ကန်ကန် သင်ခန်းစာတွေ သင်ပေးချင်လို့ပဲ။
ဒီလိုဘာဖြစ်လို့ ကလေးများနေ့လုပ်လဲ။ ကလေးတွေဟာ ဘယ်လိုလူကြီးတွေ ဖြစ်လာစေချင်သလဲဆိုတာကို အမေတို့က ပြချင်လို့ ဒီလိုကလေးများနေ့ လုပ်ရတာဖြစ်ပါတယ်။ ဒါကြောင့်ကလေးတွေဟာ ကလေးများနေ့မှာ ပျော်ပျော် ရွှင်ရွှင်နဲ့ နေကြပါ။ စားရတာလည်း ကောင်း ကောင်းစားပါ။ ရတဲ့လက်ဆောင်တွေအတွက်လည်းဝမ်းသာကြပါ။ ပြိုင်ပွဲဝင် တဲ့ကလေးတွေလည်းဆုရကြပါစေ။ ဒါပေမဲ့ ဘယ်တော့မှ မမေ့ရမယ့်ကိစ္စကတော့ ဒီကလေးလေးတွေဟာ တစ်ချိန် တစ်ခါမှာ အမေတို့ရဲ့နိုင်ငံကို အကျိုးပြုရမယ့်ကလေးလေးတွေ၊ နိုင်ငံအတွက် အလုပ်လုပ်ရမယ့်ကလေးတွေမို့ ဒီလို အလုပ်လုပ်ရမယ့် လူကြီးတွေဖြစ်လာရမယ်ဆိုတာလည်း မမေ့ပါနဲ့”ဟုဒေါ်အောင်ဆန်းစုကြည်က ကလေးများကို ဦးတည်ပြောကြားခဲ့သည်။

Credit: The Voice Weekly Journal – Vol.9/No.6, 11 Feb 2013

No comments: