Thursday, January 31, 2013

လူနာသုံးရာဆံ့ HIV/AIDS Prevention & Care Centre တည်ဆောက်မည်


HIV/ AIDS ရောဂါ ဝေဒနာရှင်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများအား ဘာသာရေးနှင့် နှီးနွယ်ကုသနိုင်
  ကမ္ဘောဒီးယား နိုင်ငံတွင် HIV/AIDS ရောဂါ ဝေဒနာ ခံစားနေရသူများအား လူအများက ယနေ့ခေတ်တိုင် ၀ိုင်းပယ်ထားကြပြီး အပြစ်သားများ သဖွယ် ဆက်ဆံမှုများ ရှိနေဆဲ ဖြစ်သည်။ ၄င်းတို့အား အများစုက လူ့အသိုင်းအ၀ိုင်းမှ ဖယ်ထားကြပြီး လူမှုရေးကိစ္စ အတော်များများတွင် ဆက်သွယ်မှု လုံးဝဖြတ်တောက် ထားကြသည်။ ထိုသို့ ပြုမူမှုများကြောင့် ရောဂါဝေဒနာ ခံစားနေရသူများ အတွက် စိတ်ပိုင်းဆိုင်ရာများစွာ ထိခိုက်ကြရပြီး သာမန် အသက်ရှင်နေထိုင်မှု အနေအထားထက် ပိုမို ဆိုးရွားမှုများ ခံစားခဲ့ကြရသည်။

ယခုအခါ ကမ္ဘောဒီးယား အစိုးရက UNICEF အဖွဲ့နှင့် ပူးပေါင်းကာ ဗုဒ္ဒ အယူဝါဒနှင့်အညီ လေ့ကျင့် ကုသမှု အစီအစဉ်တစ်ရပ် (Buddhist Leadership Initiative) အား အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိ ရသည်။ ယင်းအစီအစဉ်အရ ရောဂါကုသရေး စင်တာများ ထူထောင်လျက် နိုင်ငံတွင်းရှိ ရဟန်းသံဃာ (၅၀၀၀၀) ကျော်ခန့်မှ ဦးစီးကာ ရောဂါဝေဒနာ ခံစားနေရသူများအား စိတ်ပိုင်းဆိုင်ရာ ကုသမှုများ ပြန်လည် ပြုလုပ်ပေးပြီး သာမန် လူ့နေထိုင်မှု အခြေအနေသို့ ရောက်ရှိစေရန် ဘာသာရေးအရ ကုစားပေးမည် ဖြစ်ရာ HIV/AIDS ရောဂါဝေဒနာ ရှင်များအတွက် သတင်းကောင်းပင် ဖြစ်သည်။

Source : BBC
MRTV-4 - HIV/ AIDS ရောဂါ ဝေဒနာရှင်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများအား ဘာသာရေးနှင့် နှီးနွယ်ကုသနိုင် 

လူနာသုံးရာဆံ့ HIV/AIDS Prevention & Care Centre တည်ဆောက်မည်
 HIV/AIDS Prevention & Care Centre မှ လူနာသုံးရာကျော် တက်ရောက် ကုသနိုင်မည့် ဆေးကုသဂေဟာသစ် တစ်ခုကို ဒဂုံမြို့နယ် (အရှေ့)၊ အမှတ် ၆ ရပ်ကွက်တွင် တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဂေဟာသစ်ကို အရှေ့ဒဂုံမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ခါတော်မှီလမ်း၊ မြေကွက်အမှတ် ၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂ တို့တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ပေ ၄၀ ပေ ၁၀၀ ကျော် ကျယ်ဝန်းသည်ဟု သိရသည်။၎င်းဂေဟာ တည်ဆောက်ရန် မြေနေရာကို မေတ္တာရှင် ရွှေပြည်သာ ဆရာတော်မှ လှူဒါန်းထားခြင်းဖြစ်ပြီး ဂေဟာတည်ဆောက်ရန် ကျပ် သိန်း ၃၀၀၀ ၀န်းကျင် ကုန်ကျမည်ဖြစ်သည်။

လက်ရှိတွင် HIV/AIDS စင်တာနှစ်ခုကို တောင်ဒဂုံနှင့် မြောက်ဒဂုံ မြို့နယ်များအတွင်း ဖွင့်လှစ်ထားရှိပြီး တက်ရောက်ကုသသူ ဦးရေ ၂၆၁ ဦး ရှိပြီဖြစ်ကြောင်း၊ လာရောက်ကုသသူများတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊  ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ အများဆုံးဖြစ်ကာ မိသားစုအလိုက် လာရောက် ကုသသူများလည်း ရှိကြောင်း သိရသည်။

အဆိုပါ စင်တာနှစ်ခု၌ တက်ရောက်ကုသသူ ဦးရေမှာ ၂၀၁၀ ခုနှစ်တွင် တစ်နေ့ပျှမ်းမျှ ဦးရေ ၈၀ ကျော်ခန့်ရှိရာမှ ၂၀၁၂ ခုနှစ်အတွင်း တစ်နေ့ပျှမ်းမျှဦးရေ ၃၀၀ ကျော် ရှိလာခြင်းကြောင့် သုံးနှစ် အတွင်း လေးဆ နီးပါးခန့် မြင့်တက်လာခဲ့ကြောင်း သိရသည်။

HIV/AIDS Prevention & Care Centre သည် ၂၀၀၄ ခုနှစ်မှ စတင်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အပါအ၀င် လူငယ်ကိုးဦးမှ စတင်ဖွဲ့စည်းကာ HIV/AIDS ရောဂါပိုးရှိသူ မည်သူမဆို ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလအထိ လာရောက် ကုသသူ အရေအတွက်မှာ ငါးသောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ၄င်း HIV/AIDS Prevention & Care Centre ကို ဒဂုံမြို့သစ်တောင်ပိုင်း၊ ၁၈ ရပ်ကွက်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဗိုလ်ရွှေဗျိုင်းလမ်းတို့တွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
Eleven - လူနာသုံးရာဆံ့ HIV/AIDS Prevention & Care Centre တည်ဆောက်မည် 

“အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသော မိဘမဲ့ ကလေးများ အတွက် လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ ဖွင့်လှစ်”

ကမ္ဘာ့ ကပ်ရောဂါဆိုးကြီး ဖြစ်သော အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ် ဝေဒနာသည် ကလေးငယ်များနှင့် ယင်းရောဂါပိုး၏ ဆိုးကျိုးများ သက်ရောက်မှုခံစားနေ ရသော ကလေးငယ်များအတွက် နွေးထွေးသည့် သီးသန့်ဂေဟာ တစ်ခုဖြစ်သော သုခရိပ်မြုံ (မန္တလေး) လူငယ်ဖွံ့ဖြိုး ရေးပရဟိတဂေဟာကို ဇန်န၀ါရီလ ၁၉ ရက်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါဂေဟာ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံ မိဘမဲ့ ကလေးငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်ပြီး မိသားစုပုံစံဖြင့် နေထိုင်ကြီးပြင်းသွားနိုင်ကြ စေရန်ဖြစ်ကြောင်း မန္တလေး သုခရိပ်မြုံ ပရဟိတဂေဟာ ဥက္ကဋ္ဌ ဒေါက်တာ ကိုကိုလေးက ပြောသည်။

"ဒီဂေဟာမှာ အသက်တစ်နှစ်ခွဲက နေ ၁၂ နှစ်ထိရှိတဲ့ ကလေးတွေကို မိဘ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စာချုပ် စာတန်းနဲ့ အပြီးအပိုင် မွေးစားပါတယ်။ တစ်ပတ်တစ်ခါ အိမ်ကိုပြန်တာမျိုးလည်း လက်မခံပါဘူး။ အသက်တစ်နှစ်ခွဲ အောက် ကလေးတွေကိုလည်း လက်မခံပါဘူး။ ကလေးက သိပ်ငယ်လွန်းရင် အလုပ်လည်း ပိုလာနိုင်ပါတယ်။ နောက်ပြီးအသက် ၁၂ ကျော်တဲ့ကလေး တွေကလည်း အပြင်ကမကောင်းတဲ့ အကျင့်တွေ ပါလာနိုင်ပြီး ဒီမှာရှိတဲ့ ကလေးတွေကို အဲဒီ အကျင့်စရိုက်တွေ ကူးစက်နိုင်တဲ့အတွက် လက်မခံပါဘူး "ဟု ၎င်းက ဆိုသည်။

သုခရိပ်မြုံဂေဟာက လက်ခံစောင့်ရှောက်ပေးမည့် ကလေးများမှာ အမိ၊ အဖနှစ်ဦးစလုံး မရှိတော့သည့် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသည့် ကလေး ငယ်များ၊ အမိ (သို့) အဖတစ်ဦးရှိ သော်လည်း ကိုယ်တိုင်ဝေဒနာ ခံစားနေရ သောကြောင့် ကလေးငယ်အားစောင့် ရှောက်ရန် အခြေအနေမရှိသည့် အိပ်ခ်ျအိုင်ဗီ ကူးစက်ခံနေရသည့် ကလေးငယ်များနှင့် အခြေအနေအရ ပြုစုစောင့် ရှောက်ရန် လိုအပ်နေသည့် ရောဂါသည် ကလေး ငယ်များဖြစ်ကြောင်း သိရသည်။
"ဒီဂေဟာမှာ ရှိတဲ့ ကလေးတွေရဲ့ ကျောင်းပညာရေးကိုလည်း ဆရာ၊ ဆရာမတွေထားပြီး သင်ကြားပေးမှာပါ။ အနုပညာရပ်တွေ၊ လက်မှုပညာတွေကို သင်ကြားပေးနိုင်အောင် ကြိုးစား သွားမှာ ဖြစ်ပါတယ်။ ကျောင်း မှာ ရှိနေတဲ့ ကလေးတွေရဲ့စာသင်ချိန်၊ အိပ်ချိန်နဲ့ ကစားချိန် တွေကို စနစ်တကျဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။
ကလေးငယ်များ စိတ်အပန်းပြေစေရန်၊ ပြည်သူအများနှင့် ပူးပေါင်းပါဝင် လုပ်ဆောင်တတ်စေရန် အခြေအနေများ ဖန်တီးပေးခြင်းနှင့် ပြင်ပခရီးစဉ်များ စီစဉ် ပို့ဆောင်ပေးခြင်းများကိုလည်း ဆောင်ရွက် သွားမည်ဖြစ် သည်။
သုခရိပ်မြုံဂေဟာသည် ၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အလှူငွေကျပ် ၈၁၃ သိန်း လက်ခံ ရရှိပြီးဖြစ်သည်။ သုခရိပ်မြုံ လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ၌ လက်ရှိတွင်မိဘမဲ့ အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ်ဝေဒနာသည် ကလေး ၁၁ ဦးရှိ နေကြောင်းနှင့် ယင်းဂေဟာမှာ ပြည်ကြီး တံခွန်မြို့နယ်၊ ဘုံပျံတောရ၊ မြ၀တီမင်းကြီး တိုက်အတွင်းတွင် တည်ရှိကြောင်း သိရသည်။

မြန်မာတိုင်း - “အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသော မိဘမဲ့ ကလေးများ အတွက် လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ ဖွင့်လှစ်” 

No comments: