Thursday, January 10, 2013

ရှာလကာရည်ဖြင့် သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးသည့် နည်းလမ်းသစ်


ကိုယ်ခံစွမ်းအားစနစ် တိုးမြှင့်ခြင်းဖြင့် ကင်ဆာရောဂါ တိုက်ဖျက်နိုင်ဖွယ်ရှိ
ကင်ဆာရောဂါနှင့် HIV ရောဂါများကို တိုက်ခိုက်နိုင်သော ဆဲလ်များကို ဓာတ်ခွဲခန်း၌ စမ်းသပ် တွေ့ရှိပြီးနောက် ၎င်းဆဲလ်များသည် ရောဂါများကို တိုက်ဖျက်ရာ၌ အသုံးဝင်နိုင်ဖွယ် ရှိသည်။

သဘာဝအားဖြင့် ၎င်းဆဲလ်များသည် အရေအတွက် အနည်းငယ်သာ တွေ့ရှိရ သော်လည်း လူနာ တစ်ဦးထံသို့ ၎င်းဆဲလ် အရေအတွက် အများအပြားကို ထည့်သွင်းပေးခြင်းဖြင့် ကိုယ်ခံစွမ်းအား စနစ်ကို အရှိန်မြှင့်တင် ပေးနိုင်ဖွယ် ရှိသည်ဟု မျှော်မှန်းရသည်။

အဆိုပါ အချက်အလက်များအား ဂျပန်သုတေသီ တစ်ဦးက Cell Stem Cell ဂျာနယ်တွင် ဖော်ပြထားသည်။ စမ်းသပ် တွေ့ရှိသော ရလဒ်များသည် အလားအလာ ကောင်းမွန်သော်လည်း အဆိုပါ ရောဂါ ကုထုံး သည် ဘေးအန္တရာယ် ကင်းရှင်း၍ စိတ်ချရသည်ကို ပြသရန် လိုအပ်လိမ့်မည် ဖြစ်ကြောင်း ကျွမ်းကျင် သူများက ပြောကြားထားသည်။ သုတေသီများသည် cytotoxic T- cell ဟု ခေါ်သော သွေးဖြူ ဆဲလ်တစ်မျိုးကို စွမ်းအား မြှင့်တင်ခဲ့ကြသည်။ ၎င်းဆဲလ်သည် သာမန် ဆဲလ်များ၏ မျက်နှာပြင်ပေါ်တွင် ရောဂါပိုး ဝင်ရောက်မှု (သို့မဟုတ်) ကင်ဆာ ဖြစ်ပွားမှုကို ဖော်ထုတ်နိုင်ပြီး ၎င်းရောဂါပိုးနှင့် ကင်ဆာဆဲလ်အား မှတ်သား ထားရှိသည်။ ရောဂါပိုး (သို့မဟုတ်) ကင်ဆာဆဲလ်အား မှတ်သား ထားပြီးနောက် ၎င်းဆဲလ်က ရောဂါပိုးများအား တိုက်ဖျက်မှု လုပ်ငန်းကို စတင်နိုင်သည် ဟုလည်း သုတေသီများက သုံးသပ်ခဲ့ကြသည်။

တိုကျို တက္ကသိုလ်နှင့် Riken သုတေ သနဌာနရှိ ဓာတ်မတည့်မှုနှင့် ရောဂါပြီးစနစ် ပညာရပ် ဆိုင်ရာအဖွဲ့များသည် T-cells များကို ပိုမိုဖန်တီး ပြုလုပ်နိုင်ရန် အတွက် အဆင့်မြင့် ပင်မဆဲလ် နည်းပညာများကို အသုံးပြုခဲ့ကြသည်။ အဖွဲ့ တစ်ဖွဲ့သည် လူနာတစ်ဦး၏ အရေပြား ကင်ဆာရောဂါကို အဓိကထား တိုက်ဖျက်သွားမည့် T-cells များကို ထုတ်ယူခဲ့ပြီး အခြားအဖွဲ့ တစ်ဖွဲ့ကမူ HIV ဗိုင်းရပ်စ်ပိုး အတွက် ပစ်မှတ်ထား တိုက်ဖျက်သွားမည့် T-cells များကို ထုတ်ယူခဲ့သည်။

အဆိုပါ T-cells များကို ပင်မဆဲလ်များ အတွင်း ထည့်သွင်းပြီးနောက် ဓာတ်ခွဲခန်း အတွင်း၌ မွေးမြူခြင်းဖြင့် ဆဲလ်များ အများအပြား တိုးပွားလာနိုင် ပေသည်။ ထိုကဲ့သို့ တိုးပွားလာသည့် ဆဲလ်များမှ T-cells အား ပြန်လည် ထုတ်ယူခြင်းဖြင့် ၎င်း T-cells များသည် ကင်ဆာ သို့မဟုတ် HIV ရောဂါတို့အား တိုက်ဖျက် နိုင်သည့် စွမ်းရည်များ ရှိသည်။

အဆိုပါ T-cells များသည် လူတို့အတွက် အန္တရာယ်ရှိ၊ မရှိဆိုသည်နှင့် ၎င်းဆဲလ်များက ကင်ဆာဆဲလ်ကို တိုက်ဖျက် နိုင်မည် ဆိုပါက ရောဂါ မတူသော အခြား ကင်ဆာများတွင် မည်ကဲ့သို့ ဖြစ်လာ နိုင်သည်ကို မသိရှိ နိုင်သေးပေ။ နောက်တစ်ဆင့် အနေဖြင့် T-cells များသည် ခန္ဓာကိုယ်ရှိ အခြားဆဲလ်များကို တိုက်ခိုက်ခြင်း မပြုဘဲ ကင်ဆာဆဲလ် များကိုသာ ရွေးချယ် တိုက်ဖျက်နိုင်ခြင်းရှိ၊ မရှိဆိုသည်ကို စမ်းသပ် သွားမည် ဖြစ်သည်။ ။

မြဝတီ
Royal Hero - ကိုယ်ခံစွမ်းအားစနစ် တိုးမြှင့်ခြင်းဖြင့် ကင်ဆာရောဂါ တိုက်ဖျက်နိုင်ဖွယ်ရှိ

ရှာလကာရည်ဖြင့် သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးသည့် နည်းလမ်းသစ်

အိန္ဒိယနိုင်ငံရှိ ဆရာဝန်များက ရှာလကာရည်ကို အသုံးပြုထားသော သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှု အခြေအနေရှိ မရှိ စမ်းသပ်ရန် နည်းလမ်းသစ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ပုံမှန်အားဖြင့် သားအိမ်ခေါင်း ကင်ဆာကို ဖြစ်ပွားစေနိုင်သည့် ပုံမှန်မဟုတ်သော ဆဲလ်များကို သားအိမ်အတွင်းမှ ခြစ်ယူ၍ စမ်းသပ်ရခြင်းဖြစ်ရာ ထိုစစ်ဆေးစမ်းသပ်မှုမှာ ငွေကုန်ကြေးကျများပြားပြီး အထူးပြုလုပ်ထားသော ကိရိယာများလည်း လိုအပ်သည်။ ထို့ကြောင့် အိန္ဒိယဆရာဝန်များ၏ ယခုတွေ့ရှိသော ရှာလကာရည်အသုံးပြု နည်းလမ်းသစ်မှာ အထောက်အကူပြုလာနိုင်ဖွယ် ရှိသည်။

သားအိမ်ခေါင်း ကင်ဆာသည် အမေရိကန်နိုင်ငံတွင် အခြားသောရောဂါများထက် အမျိုးသမီးများကို ပိုမိုသေဆုံးစေနိုင်သော ရောဂါတစ်ခုဖြစ်သည်။ အမေရိကန်နိုင်ငံ၌ pap smear ဟုခေါ်သော ရောဂါစမ်းသပ်မှုကို ဆယ်စုနှစ် တစ်ခုကြာ သုံးစွဲလာခဲ့ကြခြင်း ဖြစ်သည်။ ထိုစမ်းသပ်မှုဖြင့် စောစီးစွာစစ်ဆေးပြီး ကုသမှုခံယူကြရသည်။ အိန္ဒိယတွင်မူ တစ်နှစ်လျှင် အမျိုးဦးရေ တစ်သောင်းခန့်မှာ သားအိမ်ခေါင်း ကင်ဆာကြောင့် အသက် ဆုံး၇ှုံးနေကြရသည်။

လေ့ကျင့် သင်ကြားပေးထားသူများ၊ ကောင်းမွန်သော ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာများ လိုအပ်သည့် pap smear စမ်းသပ်မှုမှာ အိန္ဒိယတွင် အများအပြား အသုံးပြုနိုင်လေ့ မရှိသော်လည်း မိမိတို့ အနေဖြင့် မိန်းမသားတို့၏ အသက်ကို မဆုံးရှုံးစေလိုကြောင်း မွမ်ဘိုင်းမြို့ရှိ တာတာ မန်မိုရီရယ်ဆေးရုံမှ ကင်ဆာအထူးကု ဒေါက်တာ ဆူရန်ဒြာ သျှတ္တရီကဆိုသည်။ ၎င်းပြသနာကို ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်နှင့် အခြား တက္ကသိုလ်များရှိ သိပ္ပံပညာရှင်များက ဈေးသက်သာ၍ အလွယ်တကူပြုလုပ်နိုင်သော ရိုးရှင်းသည့် စမ်းသပ်နည်းတစ်ခုဖြင့် အဖြေထုတ်ခဲ့ကြသည်။

အက်ဆီတစ်အက်စစ်ခေါ် ရှာလကာရည်ဖြင့် စမ်းသပ်ရသော ထိုနည်းလမ်းတွင် လျှပ်စစ်စွမ်းအား လုံးဝမလိုပေ။ ယင်းစမ်းသပ်မှုတွင် သန့်စင်သော ရှာလကာရည်အား အမျိုးသမီး၏ သားအိမ်ခေါင်းဝသို့ ဂွမ်းစနှင့် သုတ်ပေးပြီး တစ်မိနစ်ခန့် ကြာသောအခါ၌ ရောဂါပိုးရှိလျှင် သားအိမ်ခေါင်းဝမှာ အဝါရောင်သို့ ပြောင်းလဲသွားသည်ကို တွေ့ရသည်။ 

ထိုသို့ ပြောင်းလဲသွားခြင်းသည် ကင်ဆာဖြစ်စေနိုင်သောရောဂါပိုးများ ရှိနေခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။ ထိုကဲ့သို့ အမျိုးသမီး လိင်အင်္ဂါကို စမ်းသပ်စစ်ဆေးမှုသည် အခြားသော ဈေးကြီးသည့် စမ်းသပ်မှုများထက် ပိုမိုကောင်းမွန်ကြောင်း သက်သေပြနိုင်ခဲ့ကြသည်။ အကယ်၍ ယခုစမ်းသပ်မှုမှာ အလုံးစုံအောင်မြင်ပြီး ဆက်လက် ကျင့်သုံးနိုင်မည်ဆိုပါက အိန္ဒိယနိုင်ငံရှိ အမျိုးသမီး ထောင်ပေါင်းများစွာတို့၏ အသက်ကို ကယ်တင်ပေးနိုင်မည်ဖြစ်သည်။

Source: BBC
Planet - ရှာလကာရည်ဖြင့် သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးသည့် နည်းလမ်းသစ် 

No comments: