Wednesday, January 2, 2013

ပြောသင့်လား မပြောသင့်ဘူးလား ??


မင်းမှာ ပါးစပ်ဖျားကနေ ထွက်ကျကာနီး လျှို့ဝှက်ချက်ကြီး တစ်ခုရှိနေပါသလား။ ဘယ်လိုအခြေအနေမျိုးမှာ လျှို့ဝှက်ချက်ကို ဖွင့်ပြောဖို့ အိုကေလဲ။ ဘယ်လို အခြေအနေမျိုးမှာဆိုရင်တော့ ဆိတ်ဆိတ်နေတာ အကောင်းဆုံးလဲဆိုတာ ကြည့်ကြရအောင်။

သူငယ်ချင်းရဲ့ကျော်ကြားမှုကို မနာလိုဖြစ်နေရင်
ဖွင့်မပြောပါနဲ့

မနာလိုခြင်းက မကောင်းပါဘူး။ သူငယ်ချင်းတွေကြားထဲ မနာလိုရင် ပိုဆိုးပါတယ်။ မင်းသူငယ်ချင်းက အရမ်းကိုပေါ်ပြူလာဖြစ်ပြီး မင်းကိုကျတော့ လူသိပ်မသိလို့ စိတ်ကသိကအောက်ဖြစ်နေပါသလား။ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ကာ ကိုယ်မတတ်နိုင်တဲ့ ကိစ္စအပေါ် အချိန်ရော အင်အားပါ ဖြုန်းတီးနေမှုကို ရပ်တန့်လိုက်ပါ။ (သူ့အပေါ်မနာလိုတဲ့ အရိပ်အယောင်တွေ၊ ပြောစကားတွေ မလုပ်မိ မပြောမိပါစေနဲ့။ သူငယ်ချင်း အချင်းချင်း မျက်နှာပျက်ရပါလိမ့်မယ်။)
အဲဒီအစား မင်းမှာရှိတဲ့ ကောင်းတဲ့အချက်တွေအပေါ် အာရုံပြုကာ ကိုယ့်ကိုယ်ကို အကောင်းမြင်ကြည့်ပါ။ သူငယ်ချင်းအပေါ် မနာလိုဖြစ်ပြီး သူ့ကိုလိုက်ပြီး တုပမနေပါနဲ့။ ကိုယ်လုပ်စရာရှိတာလုပ် ကိုယ့်ပုံစံနဲ့သာ ကိုယ်နေပါ။ လူတွေက မင်းကိုလည်း သတိထားမိလာပါလိမ့်မယ်။

သူငယ်ချင်းရဲ့ပါတီပွဲကို မသွားနိုင်တဲ့အပေါ် ဆင်ခြေတစ်ခုပေးမိခဲ့ရင်
ဖွင့်ပြောလိုက်ပါ

သူငယ်ချင်းတွေကို လိမ်ညာခြင်းက လုံးဝမကောင်းပါဘူး။ တစ်ဖက်လူအနေနဲ့ အမှန်ကိုလုံးဝမသိလောက်ဘူးလို့ မင်းအနေနဲ့ ရာနှုန်းပြည့်သေချာနေရင်တောင်မှ မလိမ်သင့်ပါဘူး။ အဖြစ်မှန်ကို တစ်ချိန်မှာသိသွားမှာပါပဲ။ သူ့အလိုလိုသိသွားမှ မျက်နှာပျက် ရပါလိမ့်မယ်။ သူ့ပွဲကို မင်းသွားချင်စိတ်မရှိလို့လား။ ဒါမှမဟုတ် တခြားသူငယ်ချင်းတွေနဲ့လျှောက်လည်နေလို့လား။ သူ့ပွဲကိုမသွား တဲ့အတွက် အကြောင်းပြချက်ကောင်းတစ်ခုတော့ ရှိရပါမယ်။ အမှန်အတိုင်းလည်းဖြစ်ဖို့လိုပါတယ်။ ဒါဆို သူ့ပွဲကိုမင်းမလာဖြစ်တဲ့ အပေါ်သူနားလည်ပေးမှာပါ။ မရေရာတဲ့ဆင်ခြေလွှာတွေနဲ့ လျှောက်ညာနေရင်တော့ သူ မင်းကို အဲဒီလိုလုပ်ရင်ကော မင်း ဘယ်လို ခံစားရမလဲဆိုတာ စဉ်းစားကြည့်ပါ။

ချစ်သူရဲ့သူငယ်ချင်းကို အမိုက်စားလို့ထင်နေရင်
ဖွင့်မပြောပါနဲ့

အဲဒါမျိုးကလျှို့ဝှက်ထားရမယ့်အရာပါ။ ချစ်သူအချင်းချင်းပွင့်ပွင့်လင်းလင်းရှိရမယ်ဆိုပေမယ့် သူ့သူငယ်ချင်းက အရမ်းမိုက်တယ်ဆိုတဲ့ အကြောင်းကိုတော့ သူ့ကိုသွားမပြောသင့်ပါဘူး။ သူ့စိတ်ထဲ မနာလိုစိတ်၊ သ၀န်တိုစိတ်တွေ မလိုအပ်ဘဲ ဖြစ်ပေါ်လာနေပါ့မယ်။ သူ့သူငယ်ချင်းက ဘယ်လိုချမ်းသာတာ၊ ဘယ်လိုကြည့်ကောင်းတာ စတာတွေကို စိတ်ထဲရှိရှိ၊ မရှိရှိ မပြောပါနဲ့။ တစ်မျိုးတစ်မည်ထင် သွားပြီး ချစ်သူချင်းနားလည်မှု လွဲနိုင်ပါတယ်။ အဲဒီသူငယ်ချင်းနဲ့တည့်ပြီး သူငယ်ချင်းလို စိတ်ပဲရှိတယ်ဆိုရင် သူ့ကောင်းကြောင်းတွေကို မင်းချစ်သူရှေ့ ချီးမွမ်းခန်းတွေ ဖွင့်မနေပါနဲ့။ ကိုယ့်စိတ်ထဲမှာပဲ ထားပါ။

သူငယ်ချင်းရဲ့ မွေးနေ့ဂါဝန်ကြီးက အူကြောင်ကြောင်နိုင်တယ်လို့ ထင်မိရင်
ဖွင့်မပြောပါနဲ့

ဟုတ်ပါပြီ။ သူ့ဂါဝန်ကြီးက တကယ်ပဲ အူကြောင်ကြောင်ဖြစ်နေတယ်ပဲ ထားပါတော့။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မှမတူတာ။ သူ့မွေးနေ့ပွဲကို သူကြိုက်တာ သူဝတ်ပါစေ။ သူ့ပွဲမှာသူထင်ပေါ်ချင်လို့ ၀တ်တာလည်းဖြစ်မှာပေါ့။ သူနဲ့အတူတူ ဓာတ်ပုံတွေရိုက်ဖို့ ရှက်မနေပါနဲ့။ ဒီလိုဝတ်ရဲတဲ့သတ္တိရှိတဲ့ သူ့ကိုတောင် ကြံဖန်ပြီး ချီးကျူးရဦးမှာပါ။ သူ့ကိုသွားပြီးလည်း ဝေဖန်မနေပါနဲ့။

ရီပို့ကတ်ကိုမိဘတွေကိုမပြခဲ့ရင်
ဖွင့်ပြောလိုက်ပါ

ကျောင်းမှာ ရီပို့ကတ်ထွက်လာတဲ့အခါ ရမှတ်တွေမကောင်းလို့ ခေါင်းအုံးအောက်မှာ ၀ှက်ထားရတာ ရက်ပေါင်းများစွာ ကြာနေပါ သလား။ ဒီလိုဝှက်ထားတာဟာ ခဏတော့ ကောင်းပေမယ့် တစ်နေ့ကျရင်တော့ ရီပို့ကတ်ထွက်မှန်း မင်းမိဘတွေ သိလာမှာပါပဲ။ အဲဒီကျမှ ပိုပြီး ဆူခံမိနေပါဦးမယ်။ အမှတ်တွေက မင်းရရှိထားသလောက်၊ မင်းမိဘတွေကို ပြောပြလိုက်ပါ။ ဒီလိုမှမဟုတ်ဘဲ ရီပို့ကတ်ကို ၀ှက်ထားတဲ့အခါ မိဘတွေ သိလာတဲ့တစ်နေ့ကျ မင်းကို တခြားအရာတွေမှာပါ အယုံအကြည်မရှိဘဲ ဖြစ်နေတော့မှာပါ။

ချစ်သူက မကြင်နာတတ်သူလို့ထင်ရင်
ဖွင့်ပြောလိုက်ပါ

ချစ်သူအချင်းချင်း တစ်ယောက်အကြိုက်ကို တစ်ယောက်သိနေဖို့ လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ဖွင့်ပြော သင့်ပါတယ်။ မင်းရဲ့ချစ်သူက မင်းကို ဂရုမစိုက်ဘူး။မကြင်နာဘူးလို့ထင်ရင် ဖွင့်ပြောလိုက်ပါ။ ရစ်သလိုတော့ မဖြစ်စေနဲ့ပေါ့နော်။ ပြီးတော့ ၂၄ နာရီလုံးလုံး အချိန်ပြည့် ကြင်နာနေရမယ်ဆိုရင်လည်း မဟုတ်သေးဘူးပေါ့နော်။ ဒီတော့ မင်းသဘောကျတဲ့ သူ့အပြု အမူတွေကို အရင်စပြီး ချီးကျူးပြီးမှ မင်းဘာလိုချင်သလဲ။ ဘယ်လိုဂရုစိုက်တာ ခံချင်သလဲဆိုတာ အေးအေးဆေးဆေးပြောပြ။ ဒါမှ သူနားလည်ပြီး အရင်ကထက်ပိုပြီး ဂရုစိုက်လာမှာပါ။

Credit: The Chic Magazine Jan 2013

No comments: