Friday, January 4, 2013

ပြည်ကြီးငါးချိုချဉ်စပ်၊ဘဲသားနဲ့ကြံမဆိုင်ဟင်းရည်၊ပန်းပွင့်အဖြူအစိမ်းသုပ်


ဒီတစ်လ ဆရာမလမင်းမိုမိုရဲ့ ဟင်းအတွဲအစပ်လေးက ပြည်ကြီးငါးချိုချဉ်စပ်ရယ်၊ ဘဲသားနဲ့ကြံမဆိုင်ဟင်းရည်လေးရယ်၊ ပန်းမုန်လာ အဖြူ အစိမ်း နှစ်မျိုးကို ခရမ်းချဉ်သီး၊ ငရုတ်ပွတို့နဲ့သုပ်ထားတဲ့ အဖြူအစိမ်းသုပ်လေးရယ် တွဲစပ်ချက်ပြုတ်ပြတားပါတယ်။ 

ပြည်ကြီးငါးချိုချဉ်စပ်
လိုအပ်သောပစ္စည်းများ

ပြည်ကြီးငါးအရွယ်လတ် ၃၀ကျပ်သား၊ ဆီ သုံးကျပ်သားခန့်၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ နှစ်မွှာ၊ ငရုတ်သီးအနီတောင့် ခြောက် - ခုနှစ်တောင့်၊ ရှောက်ရွက် ငါး-ခြောက်ရွက်၊ ချီတိုငရုတ်ဆီ (Chitto) စားပွဲဇွန်းနှစ်ဇွန်း၊ ချီတိုခရမ်းချဉ်ဆော့စ် စားပွဲဇွန်းနှစ်ဇွန်း၊ ပုစွန်ငံပြာ ရည် အနည်းငယ်၊ ဆား အနည်းငယ်၊ နနွင်းမှုန့် အနည်းငယ်၊ ဟင်းခတ်မှုန့် 
အနည်းငယ်။

ချက်ရန်ကြာမြင့်ချိန် - ၂၅ မိနစ်

-       ပြည်ကြီးငါးကို ကိုယ်ထည်နှင့် ခြေ၊လက်ပိုင်းဖြုတ်၍ သန့်စင်ပါ။ လက်တံလေးတွေရဲ့ အလယ်ဗဟိုနေရာမှာပါတဲ့ ၀တ်ဆံကို ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။

-       ကိုယ်ထည် အကြီး၊ အသေးကိုလိုက်ပြီး အနေတော်အပိုင်းလေးတွေ ပိုင်းဖြတ်ပါ။ ကိုယ်ထည်အသားတွေပေါ်မှာ လေးထောင့် ကွက်ရ်ာလေးတွေကို ဓားပါးလေးနဲ့ မပြတ်အောင်မွှန်းပေးပါ။

-       ဒယ်အိုးကို မီးဖိုပေါ်မှာအပူပေးပြီး ပြည်ကြီးငါးတွေကို ဆားနဲနယ်ကာ ဒယ်အိုးပူထဲ ခဏမျှထည့်လှော်ပါ။

-       ရေအဖြူရောင်တွေ ထွက်လာတဲ့အခါ ရေကိုသွန်ပြီး ပြည်ကြီးငါးတွေကိုပါ ရေအေးနဲ့ပြန်ဆေးပါ။

-       ကြက်သွန်ဖြူ/နီတို့ကို ညက်အောင်ထောင်းပြီး ဆီသတ်ပါ။ နနွင်းမှုန့်ထည့်ပါ။ ဆီသေရင် ပြည်ကြီးငါးတွေ ထည့်ပါ။
-       ဆီမှာ ခဏကြာကြာ မွှေချက်ပြီးမှ ရေနည်းနည်းထည့်ပါ။

-       အပေါ့အငန်မြည်းကြည့်ပြီးမှ ဟင်းခတ်မှုန့်နည်းနည်းနဲ့ ငံပြာရည်ကို လိုသလောက်ထည့်ပါ။
-       ငရုတ်သီးအနီရှည်တွေကို အရှည်လိုက် ခြမ်းထည့်ပါ။ ရှောက်ရွက်ထည့်ပါ။

-       ရနံ့မွှေးလာတဲ့အခါ ခရမ်းချဉ်သီးဆော့စ်နဲ့ ငရုတ်ဆီထည့်မွှေပေးပါ။ အရည်ခပ်ပျစ်ပျစ်လေးချပါ။

ဘဲသားနှင့် ကြံမဆိုင်ဟင်းရည်
လိုအပ်သောပစ္စည်းများ

ဘဲအကောင်သေး တစ်ခြမ်း၊ ကြံမဆိုင် ၁၅ကျပ်သားခန့်၊ ကြက်သွန်နီ သုံးဥ (ခြမ်းထားပါ)၊ ကြက်သွန်ဖြူ လေးမြွာ၊ ချင်း နှစ်လက်မခန့် နှစ်တုံး(ထုထားပါ)၊ပဲငံပြာရည်အကြည် စားပွဲဇွန်း နှစ်ဇွန်း၊ ပဲငံပြာရည်အနောက် တစ်ဇွန်း၊ ငရုတ်သီးစိမ်း ၁၀တောင့်၊ သကြား အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်။

-       ဘဲသားကို နှစ်သက်သလိုတုံးပါ။ ဒယ်အိုးထဲမှာ ဘဲသားနဲ့ ချင်းနှစ်လက်မခန့်ကို ထုပြီး ရေမြုပ်ရုံထည့်တည်ပါ။

-       ရေဆူပွက်လာရင် နှစ်မိနစ်ခန့်ထားပြီး ရေတွေကို အားလုံးသွန်ပစ်လိုက်ပါ။

-       Pressure Cooker ပေါင်းအိုးမှာ ပါဝင်ပစ္စည်းတွေ အားလုံးတစ်ပြိုင်နက်တည်း ထည့်ပြီး ရေကို အပေါ်ယံမှာ လက်သုံးလုံးခန့် မြင့်အောင်ထည့်ပါ။

-       အိုးကို သေချာပိတ်ပြီး မိနစ်သုံးဆယ်ခန့်ချက်ပါ။

-       အိုးချပြီး အရသာမြည်းပါ။ ရေကို အလိုရှိသလောက်ထည့်ပါ။ ရေများနေရင် အဖုံးဖွင့်ပြီး မိမိလိုသလောက်အထိ ခမ်းအောင် ချက်ပါ။

ပန်းပွင့်အဖြူအစိမ်းသုပ်
လိုအပ်သောပစ္စည်းများ

ပန်းပွင့်အဖြူ၊ ပန်းပွင့်အစိမ်း(ဘရိုကိုလီ)၊ ငရုတ်ပွတစ်တောင့်(ပါးပါးလှီး)၊ ခရမ်းချဉ်သီးအစိမ်း နှစ်လုံး(ပါးပါးလှီး)၊ ငရုတ်သီးဖတ်ပါသော ယိုးဒယားငရုတ်ဆီ စားပွဲဇွန်း သုံးဇွန်း၊ မရောနိစ် စားပွဲဇွန်း သုံးဇွန်း၊ ဆား အနည်းငယ်။

ကြာမြင့်ချိန် - ၁၀ မိနစ်

-       ပန်းပွင့်နှစ်မျိုးစလုံးကို အနေတော်လှီးဖြတ်ပြီး ခဏမျှ ရေနွေးဖြောကာ ရေအေးပြန်စိမ်ပါ။

-       ရေစစ်ပြီးရင် ငရုတ်ပွ၊ ခရမ်းချဉ်သီးတို့နဲ့ ရောကာ ငရုတ်ဆီ၊ မရောနိစ်၊ ဆား သင့်တင့်ရုံထည့်ပြီး ဖွဖွနယ်ပေးပါ။

-       မြန်မြန် ပြင်ဆင်နိုင်တဲ့ သက်သတ်လွတ် ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။

No comments: