Friday, December 7, 2012

HIV/AIDS ဝေဒနာရှင်များ အတွက် ART ဆေးဝါးဖြန့်ဝေမှု နှစ်ဆ တိုးမြှင့်ရန်လို


HIV ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ
British Council နဲ့ New Zero အနုပညာပြခန်းတို့ ပူးပေါင်း စီစဉ်တင်ဆက်သည့် Charity Art Fair For People Living With HIV ပညာပေး ပျော်ပွဲရွှင်ပွဲနှင့် အနုပညာပြပွဲ ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ကမ္ဘာ့ HIV နေ့ဖြစ်သော ဒီဇင်ဘာလ ၁ ရက်နေ့ နှင့် ၂ ရက်နေ့တို့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် ပန်းချီပြခန်း များ၊ HIV ပညာပေး လက်ကမ်း စာစောင်ဝေငှမှုများနှင့် အနုပညာ တင်ဆက်မှုများကို ကန်တော်ကြီး တစ်ဝန်းလုံး၌ ပြုလုပ်ခဲ့ပြီး ဂီတ ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁ ရက် နေ့တွင် Rock နှင့် Pop ဂီတများ နှင့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဟစ်ဟော့ပ်နှင့် ရက်ဂေး ဂီတများကို ဖျော်ဖြေခဲ့ကြသည်။

ဒီဇင်ဘာ ၁ ရက် ရော့ခ်ဖျော် ဖြေပွဲနေ့တွင် ဇော်ဝင်းထွဋ်မှ စ၍ မြန်မာပြည်ရှိ ရော့ခ် တေးသံရှင်အား လုံးနီးပါး ပါဝင်ခဲ့ကြပြီး ဒီဇင်ဘာ ၂ ရက်နေ့ ဟစ်ဟော့ပ် ပွဲနေ့တွင် ဟစ်ဟော့ပ် အဖွဲ့ပေါင်းစုံ ဖျော်ဖြေခဲ့သည်။ အဆိုပါပွဲမှ ရရှိသော ငွေများကို HIV ဂေဟာများ၊ မိဘမဲ့ ကျောင်းများသို့ သွားရောက်လှူဒါန်းကြမည် ဖြစ်ကြောင်း သိရသည်။
Popular - HIV ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ 

HIV/AIDS ဝေဒနာရှင်များ အတွက် ART ဆေးဝါးဖြန့်ဝေမှု နှစ်ဆ တိုးမြှင့်ရန်လို

မြန်မာနိုင်ငံတွင် HIV/AIDS ဝေဒနာရှင်များအား ဆေးဝါးဖြန့်ဝေမှုမှာ ၄၀ ရာခိုင်နှုန်းရှိရာမှ လာမည့်နှစ်နှစ်အတွင်း  နှစ်ဆ ထပ်မံတိုးမြှင့်ပေးသင့်သည်ဟု နောင်ချိုမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၌ ကျင်းပပြုလုပ် သည့် World AIDS Day အခမ်းအနားတွင် ဒေါက်တာစိန်စိန်သိန်းက အကြံပြုပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ဆေးဖြန့်ဝေပေးမှု ၂ဆ တိုးမြှင့်ပေးရန်အတွက် လိုအပ်ရခြင်းမှာ မြန်မာနိုင်ငံတွင် HIV/AIDS ဝေဒနာရှင် များစွာရှိသည့်အနက်မှ ဆေးမရရှိသေးသူ တစ်သိန်းနှစ်သောင်းခန့် ရှိနေခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။

“ဘာကြောင့်ဆေးကို ၂ ဆ တိုးပြီး ဆေးဖြန့်ဝေ သင့်သလဲဆိုရင် ဆေးမရရှိသေးတဲ့ လူတွေ တစ်သိန်း၂ သောင်းရှိနေတယ်၊ နှစ်စဉ်လည်း သေဆုံးတဲ့ ဝေဒနာရှင် ၂ သောင်း လောက်ရှိနေလို့ အခုလိုပြောရတာပါ” ဟု ဒေါက်တာ စိန်စိန်သိန်းက ပြောသည်။

မြန်မာနိုင်ငံတွင် HIV ပိုးကူးစက်ခံရသူ ၇သိန်းခန့် ရှိပြီး တစ်နေ့လျှင် (၂၁) ဦးနှုန်းဖြင့် ကူးစက်မှုခံနေရကြောင်း၊ AIDS  ဝေဒနာရှင် များအနေဖြင့် ဆေးလုံလောက်စွာ မရရှိခြင်းကြောင့် နှစ်စဉ် (၂ သောင်းခန့် သေဆုံး လျှက်ရှိကြောင်း သိရသည်။
HIV ကူးစက်ခံရမှုများတွင် ရာခိုင်နှုန်းအများစုမှာ မူးယစ်ဆေးအား အကြောထဲသို့ သုံးစွဲခြင်းဖြင့် (၄၃) ရာခိုင်နှုန်း ၊ ပြည့်တန်ဆာမှ (၃၂) ရာခိုင်နှုန်းအထိရှိသည်ဟု မှတ်တမ်းများအရ သိရသည်။

“ရှမ်းပြည်နယ်မှာ HIV ကူးစက်မှု အများဆုံး ဧရိယာထဲမှာ တစ်ခုအပါအ၀င်ဖြစ်တယ်၊ ယနောင်းတို့ မယ်ဆိုင်တို့ ထွက်သွားတဲ့ တိုင်းရင်းသူတွေ ရွှေလီတို့ ကြယ်ခေါင်တို့ ဖြတ်သွားတဲ့ တိုင်းရင်းသူတွေဟာ ငွေကို လွယ်လွယ်ရှာတတ်နေပြီဖြစ်တယ်၊ “ ဟု ရှမ်းပြည်နယ်မှ ဒေသခံတိုင်းရင်းသူ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ပါဟတ်ရပ်ကွက်၌ ဒီဇင်ဘာ (၁) ရက်နေ့က World AIDS Day အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၀ ခုနှစ်တွင် ကမ္ဘာပေါ်၌ HIV ကူးစက်ခံရမှုနှုန်းမှာ ၃၆.၁ သန်းရှိကြောင်း ၄င်းထဲတွင် အာရှပစိဖိတ် နိုင်ငံများမှာ ကူးစက်ခံရမှုနှုန်း ၇၀.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း အင်တာနက် ဝက်ဆိုက်ဒ်များမှ ဖော်ပြချက်များအရ သိရှိရသည်။
ကမ္ဘာပေါ်တွင် HIV ကူးစက်မှု အမြင့်မားဆုံးနိုင်ငံများ၌ မြန်မာနိုင်ငံသည် တတိယအဆင့်၌ ရှိနေပြီး ပထမအဆင့်တွင် ကမ္ဘောဒီးယား၊ ဒုတိယတွင် ထိုင်းနိုင်ငံတို့ ဖြစ်သည်။
မြစ်မခ - HIV/AIDS ဝေဒနာရှင်များ အတွက် ART ဆေးဝါးဖြန့်ဝေမှု နှစ်ဆ တိုးမြှင့်ရန်လို 

မြန်မာနိုင်ငံတွင် AIDS ရောဂါကြောင့် တစ်နာရီတွင် လူ ၂ ဦးနှုန်းသေဆုံး

မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်ရောဂါကြောင့် တစ်နာရီတွင် လူ ၂ ဦးနုန်း သေဆုံးပြီး၊ တစ်ရက်တွင် အယောက် ၅၀ ၀န်းကျင်ခန့် သေဆုံးသော အခြေအနေမှ သုည အခြေအနေသို့ ကျဆင်းအောင်ပြုလုပ် မည်ဖြစ်ကြောင်း လူထု အခြေပြုကွန်ရက် (၇) ခုမှ ဦးဆောင်ကျင်းပသော ကမ္ဘာ့အေအိုင်ဒီအက်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိသူများ ကွန်ရက်မှ ဒေါ်ခိုင်မာဆွေက ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိသူများကွန်ရက်၏ စစ်တမ်းအရ ရောဂါပိုးရှိသူများ၏ ၃၀ ရာခိုင်နုန်းသည် ရပ်ရွာကျေးရွာ ကိစ္စများတွင် ပါဝင်ခွင့် မရရှိခြင်းများ၊ ၁၅ ရာခိုင်နုန်းသည် မိသားစုများ၏ အခန်းကဏ္ဍတွင် ပါဝင် ပတ်သက်ခွင့် မရရှိခြင်းများနှင့် ၄၁ ရာခိုင်နှုန်းသည် အလုပ်ခန့် အပ်ရန် ငြင်းဆန်ခံရခြင်းနှင့် လုပ်ဖော်ကိုင်ဖက်များ၏ ခွဲခြားဆက်ဆံ ခံရမှုများကြောင့် အိတ်(ခ်ျ)အိုင်ဗွီရော ဂါခံစားနေရသူများသည် ကိုယ့်ကို ကိုယ် သက်သေချင်စိတ်နှင့် မိမိကိုယ်ကို အပြစ်ရှိသူအဖြစ် ခံစားနေရကြောင်း သိရှိရသည်။

''ခွဲခြားဆက်ဆံမှုတွေ ရှိနေသ၍ ကာကွယ်တားဆီးရေးနဲ့ ကုသရေးတွေမှာ အခက်တွေ့နိုင်ပါတယ်။ သူတို့ကိုယ်သူတို့ အိတ်(ခ်ျ)အိုင်ဗွီပိုးရှိကြောင်း ဖွင့်မပြောရင်လည်း ပတ်ဝန်းကျင်မှာ အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် ဖွင့်ပြောလာဖို့နဲ့ ကာကွယ်ရေးတွေ ထိထိရောက်ရောက်လုပ်နိုင်ဖို့၊ ကုသရေးတွေ ပိုပြီး လုပ်နိုင်အောင်လို့ ခွဲခြားဆက်ဆံမှုတွေ မရှိဖို့ လိုအပ်ပါတယ်'' ဟု ဒေါ်ခိုင်မာဆွေက ဆက်လက် ပြောကြားခဲ့သည်။

နှစ်စဉ် အသက် ၁၅ နှစ် နှင့်အထက် လူပေါင်း ၈၀၀၀ ခန့်သည် အိတ်(ခ်ျ)အိုင်ဗွီပိုး ကူးစက်ခံနေရကြောင်း ပညာရှင်များက ခန့်မှန်းကြသည်ကိုလည်း သိရသည်။ မြန်မာနိုင်ငံတွင် နေ့တစ်နေ့ကို အရွယ်ရောက်ပြီးသူပေါင်း ၂၀ ကျော်သည် ယင်းရောဂါပိုးကူး စက်ခံနေရကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင် ဗွီပိုးရှိသူများကွန်ရက်ကို ၂၀၀၆ ခုနှစ်က စတင်
တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ အိတ်(ခ်ျ)အိုင်ဗွီ၊ အေအိုင်ဒီအက်ဖြင့် အသက်ရှင်နေထိုင်သူများ၏ အခန်းကဏ္ဍ ကို မြှင့်တင်ပေးခြင်း၊ အိတ်(ခ်ျ)အိုင်ဗွီပိုးရှိသူများ အချင်းချင်းဆက်သွယ်ပေးခြင်း၊ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိသူများ၏ ကိုယ့်အားကိုယ်ကိုးအဖွဲ့များကို ဖွံ့ဖြိုးတိုးတက် စေခြင်းဖြစ်ကြောင်း သိရှိရသည်။
Eleven - မြန်မာနိုင်ငံတွင် AIDS ရောဂါကြောင့် တစ်နာရီတွင် လူ ၂ ဦးနှုန်းသေဆုံး 

1 comment:

Anonymous said...

ဗဟုသုတလေးအဖြစ် ဖတ်သွားခဲ့တယ်နော်